အခန်း ၃၅၅
Vol. 36 Ch. 355
အခန်း (၃၅၅) အရုပ်စစ်ပွဲ - ၈
“မင်းတို့ စဉ်းစားလို့ ပြီးကြပြီလား”
ဇိုရိုမှာ အနည်းငယ် စိတ်မရှည်ဖြစ်နေပုံရသည်။
“တစ်ဖက်ကို လေးယောက်စီပဲ၊ အဲဒီလောက် ရှုပ်ရှုပ်ထွေးထွေး လုပ်နေစရာ မလိုပါဘူး... တကယ်လို့ ဟီမူရာဆန်ပိုင်းက မတိုက်ချင်ဘူးဆိုရင် ငါပဲ အဲဒီထဲကနှစ်ယောက်ကို တာဝန်ယူလိုက်မယ်”
“ဒါဆို ငါ့ကိုပါ ထည့်တွက်လိုက်ပါဦး”
ဆိုဂိုက လေသံပျော့ပျော့ဖြင့် ပြောလာသည်။
“ဇိုရိုဆန်၊ မင်းက ဓားသုံးလက်စတိုင်သမား မဟုတ်ဘူးလား၊ တစ်ယောက်နဲ့ သုံးယောက်ဆိုရင်လည်း မင်းအတွက် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး”
“မင်း ဒီကိုဘာလာလုပ်တာလဲ ကောင်လေး”
ဇိုရိုက အော်ဟစ်လိုက်သည်။
“ဟေး၊ မင်းက ဘာလို့ ရုတ်တရက်ကြီး မျက်စိကာကို ယူတပ်လိုက်တာလဲ၊ ပြိုင်ဘက်ကို အထင်သေးတယ်ဆိုရင်တောင် ဒီလိုကြီး လှဲချပြီး အိပ်ပျော်သွားစရာ မလိုဘူးလေ”
“အာ ဘာလို့လဲတော့ မသိဘူး၊ မင်းအသံကို ကြားရရုံနဲ့တင် စိတ်ရှုပ်လာလို့ပါ...”
ဆိုဂိုသည် အမှန်တကယ်ပင် ဘေးစောင်းလှဲအိပ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ကာ စတင် အိပ်စက်သွားတော့သည်။
“အင်း... တိုက်ခိုက်ဖို့ စိတ်မပါတဲ့ လူနှစ်ယောက် ရှိနေတာပေါ့...”
ဖုန်းပုကြွယ် တီးတိုးရေရွတ်လိုက်သော်လည်း သူ့အကြည့်ကမူ ဂိုရီပေါ်တွင်သာ စွဲမြဲနေဆဲ ဖြစ်သည်။
“စိတ်မကောင်းစရာကတော့ ဒုက္ခပေးမယ့်ကောင် တစ်ကောင် ကျန်နေသေးတာပဲ...”
“ဟေး၊ မင်းက ငါသေသွားပြီလို့ ထင်နေတာလား”
ဇိုရိုက အော်ဟစ်ကာ ပေါက်ကွဲတော့သည်။
ဖုန်းပုကြွယ်သည် ဇိုရိုကို ဆက်လက်လျစ်လျူရှုထားပြီး ရှောင်တန်နှင့် ထရန်စဖော်မာနှစ်ကောင်ဘက် လှည့်ကာ ပြောလိုက်သည်။
“အဲဒီ ဆံပင်အစိမ်းနဲ့ကောင်ကို စိတ်ပူမနေနဲ့၊ ငါတို့ ဂိုရီကို ရှင်းပြီးတာနဲ့ နံရံတစ်ခုခုကို ရှာ၊ ထောင့်ကွေ့နည်းနည်းလောက် လှည့်ပတ်ပြီး သူ့ကို လမ်းပျောက်အောင် လုပ်ထားလိုက်လို့ ရတယ်”
ဂျက်ဇ်က စဉ်းစားဟန်ဖြင့် “အင်း... ဒါဆို ‘ကွင်းဆင်းမစ်ရှင်တွေကို တစ်ယောက်တည်း သွားလို့မရဘူး၊ သွားရင် သေချာပေါက် လမ်းပျောက်မှာမို့လို့’ ဆိုတဲ့ ရုပ်တုက သူပေါ့... ငါကတော့ မြို့ပြဒဏ္ဍာရီတစ်ခုခု အောက်မေ့နေတာ၊ တကယ် ရှိတာကိုး”
“မင်းတို့ ပြောတာတွေကို ငါမကြားဘူး ထင်နေလားကွ၊ ငါ မင်းတို့ကို သတ်ပစ်မယ်၊ ယုံလား”
ဇိုရို၏ နဖူးတွင် အကြောများ အပြိုင်းပြိုင်းထလာတော့သည်။(ပျောက်ကြီးကို ဝိုင်းပြောင်နေကြတာတော့ လွန်တာပေါ့ ဟဟ)
နိုက်ပတ်ထရိုးက ဝင်ပြောလိုက်သည်။
“GPS စနစ်ပါတဲ့ ငါတို့လိုကောင်တွေကတော့ ဒီလိုခံစားချက်မျိုးကို တကယ် နားမလည်နိုင်ဘူး...”
“မင်းတို့မှာ ဘယ်လို GPS ရှိလို့လဲ၊ ပလတ်စတစ် အရုပ်ကောင်တွေကများ”
ဇိုရိုသည် သူ့ကိုယ်သူ ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ ဓားကို ဆွဲထုတ်လိုက်တော့သည်။
“ဓားနှစ်လက်စတိုင် - လင်းယုန်လှိုင်း”
သူ၏ ဓားဆွဲထုတ်ချက်မှာ အလွန်လျင်မြန်လွန်းသဖြင့် သာမန်မျက်စိဖြင့် လုံးဝမမြင်နိုင်ပေ။ သူ၏ ဓားနှစ်လက်ကို ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝှေ့ယမ်းလည်ပတ်လိုက်ရာ မြူများကဲ့သို့ ဖြူဖွေးသော တုန်ခါမှုလှိုင်းနှစ်ခု ထွက်ပေါ်လာလေသည်။ သူသည် CLS သီးသန့်ကလပ်မှ လူလေးဦး ရပ်နေသည့်နေရာသို့ ဝင်ရောက် တိုက်ခိုက်လိုက်တော့သည်။
ဂျက်ဇ်က ရှေ့သို့ ခြေတစ်လှမ်းထွက်လိုက်ပြီး သူ့ခန္ဓာကိုယ်ဖြင့် အဖော်များကို ကာကွယ်ပေးကာ လက်ကို တစ်ချက်တည်း ဝှေ့ယမ်းလိုက်ပြီး တိုက်ကွက်လှိုင်းလုံးများကို ဖြိုခွဲပစ်လိုက်သည်။
“ဒီလိုစွမ်းအားမျိုးက အောက်ခြေအမြှောက်စာတွေကိုပဲ လဲပြိုစေနိုင်လိမ့်မယ်၊ ငါတို့ ဆိုင်ဘာထရွန်သားတွေအတွက်တော့ ဖိနပ်ပေါ်ကနေ ယားတာ ကုတ်နေသလိုပဲ”
“အလင်း”
ရုတ်တရက် ဂိုရီ၏ အသံ ထွက်ပေါ်လာသည်။
“ဝပ်ကြ”
ဖုန်းပုကြွယ်သည် တစ်ပြိုင်နက်နီးပါး အော်ဟစ်လိုက်သည်။
ရှောင်တန်မှာ နာခံမှုရှိစွာဖြင့် ကြမ်းပြင်ပေါ်သို့ ချက်ချင်း ဝပ်ချလိုက်ပြီး ဂျက်ဇ်နှင့် နိုက်ပတ်ထရိုးတို့ကမူ အလျင်အမြန်ပုံပြောင်းကာ ၎င်းတို့၏ ယာဉ်ပုံသဏ္ဍာန် အရှိန်မြှင့်တင်မှုကို အသုံးပြု၍ ဘေးတစ်ဖက်စီသို့ လူခွဲ ဆုတ်ခွာလိုက်ကြသည်။
နောက်တစ်စက္ကန့်တွင် ဂိုရီက အလင်းဓားကို သူ့ဘေးဘက်တွင် အလျားလိုက် ကိုင်ဆောင်လိုက်သည်။ ဓားရိုးမှနေ၍ ပြင်းထန်သော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ပုံရိပ်ယောင်လျှပ်စီးတစ်ခုကဲ့သို့ ဖြန့်ကျက်အလင်းတန်းအမြှောက်တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ၎င်း၏ စွမ်းအားမှာ ပိုမိုကြီးမားလှသည်။
ကံကောင်းစွာဖြင့် ဖုန်းပုကြွယ်၏ သတိပေးချက်က အချိန်ကိုက် ဖြစ်သွားခြင်းဖြစ်သည်။ အားလုံး ကပ်သီလေး ရှောင်တိမ်းနိုင်ခဲ့ကြသည်။
ဂိုရီ၏ ဆန့်ကျင်ဘက်တွင် ရပ်နေသော ကန်ရှင်းသည်လည်း ဘေးဘက်သို့ အမြန် ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သဖြင့် ထိမှန်ခြင်းမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။ သူကိုယ်တိုင်ပင် စိတ်သက်သာရစွာဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ဆိုလေသည်။
“ဟူး... တော်သေးတာပေါ့...”
“မင်းတို့ သုံးယောက် ဂိုရီကို သွားဖြေရှင်းလိုက်၊ ဇိုရိုကို ငါရှင်းမယ်၊ အခု ငါတို့ဘက်က လူဦးရေ ပိုများနေပြီ၊ အနီးကပ်တိုက်ပွဲက ငါတို့အတွက် တကယ်အားသာချက်ပဲ”
ဖုန်းပုကြွယ်က ကြမ်းပြင်မှ ထရပ်ကာ ဇိုရိုထံသို့ ပြေးဝင်သွားသည်။
“ဒီကလေးက ဘယ်အချိန်ကစပြီး အမိန့်ပေးတဲ့လူ ဖြစ်သွားတာလဲ”
နိုက်ပတ်ထရိုးက ပြောလိုက်သည်။ ထိုသို့ ပြောလိုက်သော်လည်း သူသည် ပြောသည့်အတိုင်းပင် လိုက်နာလုပ်ဆောင်လိုက်ဆဲဖြစ်သည်။
ဂျက်ဇ်က ပုခုံးတွန့်ပြကာ နိုက်ပတ်ထရိုးနှင့် ရှောင်တန်တို့နောက်မှ ဂိုရီရှိရာသို့ လိုက်ပါသွား၏။
“သူ့ရဲ့ ဗျူဟာက အဆင်ပြေပုံမယ့်ပုံဆိုတော့ လောလောဆယ် ဒီနည်းအတိုင်းပဲ လုပ်ကြတာပေါ့”
ဇိုရိုနှင့် ပတ်သက်၍မူ...
ဖုန်းပုကြွယ်က “ဇိုရိုကို ငါ ရှင်းမယ်” ဟု ပြောခဲ့သော်လည်း သူ့ပြိုင်ဘက်ရှေ့တွင် အမှန်တကယ် မတ်တပ်ရပ်လိုက်ရသည့်အခါ ထိုယုံကြည်မှုများမှာ... အများစု ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤမျက်စိတစ်ဖက်ပိတ် ဓားသမားထံမှ ထွက်ပေါ်နေသော ဖိအားအရှိန်အဟုန်မှာ ယူယရှာ၏ အရှိန်အဟုန်ကဲ့သို့ပင် သန်မာလှသည်။ ဇိုရို၏ တတိယမြောက်ဓား (Wado Ichimonji) ကို မဆွဲထုတ်ရသေးဘဲ သူ၏ ဓားနှစ်လက် (Sandai Kitetsu နှင့် Enma) မျှသာရှိသော ရိုးရှင်းသည့် အနေအထားဖြင့်တင် ဖုန်းပုကြွယ်မှာ ဘာတတ်နိုင်မှန်းမသိဘဲ အကူအညီမဲ့သလို ခံစားလိုက်ရသည်။
ဖုန်းပုကြွယ်သည် သူ၏ စိတ်ဝိညာဉ်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုနည်းလမ်း မည်မျှ တွက်ချက်ကြည့်ပါစေ ကြိုတင်ခန့်မှန်းရရှိသည့် ရလဒ်မှာ အမြဲတမ်း သူ အသတ်ခံရမည်ဟူ၍သာ ထွက်ပေါ်နေလေသည်...။
“ဘာဖြစ်တာလဲ”
ဇိုရိုက မေးလိုက်သည်။
“မင်းက ငါ့ရှေ့မှာ အရူးတစ်ယောက်လို လာရပ်နေတာလား”
သူ၏ ညာဘက်လက်က အနည်းငယ် တွန့်သွားပြီး “ငါတို့ရဲ့ အထက်လူကြီးက မင်းကို သတိထားရမယ့် ထူးချွန်တဲ့ ပြိုင်ဘက်တစ်ယောက်လို့ ပြောထားတာ၊ မှားတွက်မိသွားတာများ...”
ဝှစ်ရှ်။
သူ စကားမဆုံးခင် အလင်းဖဲချပ်နှစ်ချပ်က ဇိုရို၏ ပါးပြင်ဘေးမှ ရုတ်တရက် ဖြတ်ပျံသွား၏။
“ဒါကိုတောင် မင်းရှောင်နိုင်သေးတာပဲ...”
ဖုန်းပုကြွယ်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်မိသည်။
အစ်ကိုကြွယ်က နေရာတွင် အရူးတစ်ယောက်လို မတ်တပ်ရပ်နေပါ့မလား။ ဇိုရို၏ ကာကွယ်ရေးတွင် မည်သည့်ဟာကွက်မျှ ရှာမတွေ့သည့် ဤလူသည် သူ၏အင်္ကျီလက်ထဲမှနေ၍ သေမင်းဖဲချပ်များကို တိတ်တဆိတ် ဖန်တီးလိုက်ပြီး မည်သည့် သတိပေးချက်မျှမရှိဘဲ တိုက်ခိုက်မှုကို စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုဖဲချပ်နှစ်ချပ်မှာ ဇိုရို၏ လည်ပင်းဘေးတစ်ဖက်စီသို့ ဦးတည်နေပြီး ပျံသန်းသည့် အကွာအဝေး တိုတောင်းကာ အလွန်မြင့်မားသော အရှိန်ရှိပြီး ပစ်လွှတ်လိုက်ချိန်တွင် မည်သည့် အရိပ်အယောင်မျှ မပြသခဲ့ပေ။ မမျှော်လင့်ဘဲ ပြိုင်ဘက်ဖြစ်သူက ခန္ဓာကိုယ်ကို နောက်သို့ အနည်းငယ် ယိုင်လိုက်ရုံမျှဖြင့် ထိုဖဲချပ်များကို ရှောင်တိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
“ရုပ်တုတစ်ခုပဲ ရှိတာကို... တကယ်ကြီး ‘အကဲခတ်ဟာကီ’ (Observation Haki - ပတ်ဝန်းကျင် လေထုကို ပြင်းထန်စွာ ခံစားသိရှိနိုင်စွမ်း၊ မိမိ၏ အမြင်အာရုံအပြင်ဘက်မှ ရန်သူများကို သိရှိနိုင်စွမ်း သို့မဟုတ် ပြိုင်ဘက်၏ လှုပ်ရှားမှုများကိုပင် ကြိုတင်ခန့်မှန်းနိုင်စွမ်း) ကို ထိန်းသိမ်းထားနိုင်တာလား...”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
ဇိုရိုက ခပ်ဖွဖွရယ်လိုက်သည်။
“မင်းသိတာတွေ အတော်လေး များတာပဲ...”
“ငါက တခြားအရာတွေကိုလည်း အများကြီး သိသေးတယ်”
ဖုန်းပုကြွယ် ပြန်ပြောရင်း ဘေးတိုက်ကန်ချက်တစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်သည်။
မျဉ်းကွေးအားလှိုင်းတစ်ခုက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး ၎င်း၏ အမြင့်မှာ ဇိုရို၏ ဝမ်းဗိုက်အဆင့်ခန့်တွင် ရှိနေကာ အနံမှာလည်း လုံလောက်မှု ရှိသည်။ အကွာအဝေး တိုတောင်းလွန်းသောကြောင့် ကြိုတင်ခန့်မှန်းနိုင်လျှင်ပင် ရှောင်တိမ်းရန်မှာ လုံးဝ မဖြစ်နိုင်လောက်ပေ။
“လုံးဝ ပျင်းစရာပဲ”
ဇိုရိုက ခန္ဓာကိုယ်ကို အနည်းငယ် နှိမ့်လိုက်ပြီး ဓားဖြင့် အလျားလိုက် ဝှေ့ယမ်းလိုက်သည်။ ဓားစွမ်းအင်က အစ်ကိုကြွယ်၏ မုန်တိုင်းကန်ချက်အားလှိုင်းနှင့် ပြည့်စုံစွာ ထပ်တူကျသွားပြီး ထိပ်တိုက်တွေ့ဆုံကာ ပျောက်ကွယ်သွားတော့သည်။
“ငါ မရေမတွက်နိုင်တဲ့ ခြောက်ခုစတိုင်ကောင်တွေနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်၊ မင်းရဲ့ အားနည်းလှတဲ့ မုန်တိုင်းကန်ချက်က ငါ့ကို ခြစ်ရာတောင် မထင်စေနိုင်ဘူး”
“ဒါကတော့ လွန်လွန်းသွားပြီ...”
ဖုန်းပုကြွယ်၏ ကျောပြင်တွင် ချွေးစေးများ စီးကျလာပြီး စိတ်ထဲတွင် တွေးမိလိုက်သည်။
“ဒီလို ဇာတ်ကောင်မျိုးကို အနီးကပ် တိုက်ခိုက်ရေးကျွမ်းကျင်မှု သီးသန့်နဲ့ ကိုင်တွယ်ဖို့ကတော့ မဖြစ်နိုင်ဘူး... သူ့ရဲ့ ကြိုတင်ခန့်မှန်းနိုင်စွမ်း၊ ခွန်အား၊ အမြန်နူန်း၊ ခံနိုင်ရည်၊ တိုက်ပွဲအတွေ့အကြုံနဲ့ တိုက်ပွဲဗီဇတွေက ထိပ်တန်းအဆင့်တွေချည်းပဲ၊ ငါတို့ဘက်မှာ ပစ်ခတ်ရေးကျွမ်းကျင်သူတွေ ဒါမှမဟုတ် တာဝေးပစ်နိုင်တဲ့ လက်နက်ကြီးတွေ မရှိဘူး... ဒါကြောင့် အနိုင်ရဖို့ တစ်ခုတည်းသော နည်းလမ်းက လက်နက်တွေ၊ စိတ်ဝိညာဉ်အတတ်ပညာတွေ ဒါမှမဟုတ် ဆင့်ခေါ်စကေးတွေပဲ ရှိတော့မယ်...”
ဖုန်းပုကြွယ်၏ အတွေးများမှာ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ လည်ပတ်နေပြီး မျက်စိတစ်မှိတ်အတွင်း စိတ်ကူးပေါင်းမြောက်မြားစွာက သူ့ဦးနှောက်ထဲတွင် ဖြတ်ပြေးသွားခဲ့သည်။
သို့သော် ဇိုရို၏ တိုက်ခိုက်မှုကမူ လူကို စောင့်ဆိုင်းမနေပေ။ ဓားနှစ်လက်ကို ဆွဲထုတ်ပြီးသည်နှင့် သွေးမြေကျရန်မှာ မလွဲဧကန် ဖြစ်သည်။
“ဓားနှစ်လက်စတိုင် - မိစ္ဆာဝက်ဝံ”
လျင်မြန်သောအရိပ်တစ်ခု ပေါ်လာပြီး အသတ်အဖြတ်ဆန္ဒက ထင်ရှားနေလေသည်။ ဇိုရိုသည် ဖုန်းပုကြွယ် မတ်တပ်ရပ်နေသည့် နေရာသို့ ချက်ချင်း ရောက်ရှိလာပြီး သူ၏ ဓားရိုးကို လက်နှစ်ဖက်လုံးဖြင့် ပြောင်းပြန်ဆုပ်ကိုင်ကာ ဒေါင်လိုက်ဓားချက်နှစ်ချက်ကို ဝှေ့ယမ်း တိုက်ခိုက်လိုက်တော့သည်။
သို့သော် ဖုန်းပုကြွယ်ကမူ လေထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဇိုရိုသည် သူ့ပြိုင်ဘက် မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို သဘာဝကျကျပင် သိရှိလိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်ကို ချက်ချင်း ပြန်မတ်လိုက်ပြီး လေထဲက ပုံရိပ်ကို မော့ကြည့်ကာ ကြက်သွေးရောင် တိုက်ပွဲအရှိန်အဝါများ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။
“ဒီ အရှိန်မြှင့်တဲ့ နည်းစနစ်က လူတစ်ယောက်ရဲ့ ဒုတိယမြောက်ဂီယာ (Gear Second) နဲ့ တော်တော်လေး တူတာပဲ”
ဖုန်းပုကြွယ်သည် သူ့အနေအထား လေထဲတွင် ပြောင်းပြန်လှန်လိုက်ပြီး မွန်းဝေါ့ခ်ကို အကြိမ်အနည်းငယ် လျင်မြန်စွာ အသုံးပြုကာ ဆန့်ကျင်ဘက် အရပ်မျက်နှာသို့ ထိုးဆင်း တိုက်ခိုက်လိုက်သည်။ သူ၏ အရှိန်အဟုန်သည် ယုန်တစ်ကောင်ကို ထိုးသုတ်မည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ ဖြစ်ပြီး သူ၏ တောင်ပိုင်းကြယ်စု နဂါးပျံလက်သီးမှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
“သူ တစ်ခုခု ထုတ်သုံးတော့မယ့်ပုံပဲ...”
ဇိုရို၏ အမူအရာက လေးနက်သွား၏။
“ဒါပေမယ့်လည်း... ငါကတော့ ငါ့ရဲ့ ‘ခုခံရေးဟာကီ’ (Armament Haki - ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး မမြင်နိုင်သော သံချပ်ကာတစ်ခုလို လုပ်ဆောင်ပေးသည်၊ တိုက်ခိုက်ရေး စွမ်းအားအဖြစ်သို့လည်း ပြောင်းလဲနိုင်ပြီး နတ်ဆိုးအသီး အသုံးပြုသူများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိစေကာ လိုဂီယာ (Logia) အမျိုးအစား နတ်ဆိုးအသီး အသုံးပြုသူများ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပင် ထိတွေ့နိုင်စေသည်) ကို အရမ်းယုံကြည်မှု ရှိတယ်...”
(TL note – One piece anime ကိုတော့ လူတိုင်းသိကြမယ်ထင်လို့ ထွေထွေထူးထူး မပြောတော့ဘူးနော်)