← Chapters

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း (၃၆၀) အရုပ်စစ်ပွဲ - ၁၃

"ဒါပေမဲ့ ငါ အရင်ဆုံး CLS က ကင်းထောက်နှစ်ယောက်နဲ့ စကားပြောသင့်တယ်လို့ ထင်တယ်"

ပရောဖက်က ဆက်ပြောသည်။

"ငါတို့ ကိစ္စပြီးသွားပြီဆိုရင် မင်းနဲ့ မင်းအဖော် မေးချင်တဲ့ မေးခွန်းတွေကို အသေးစိတ် ဖြေပေးပါ့မယ်"

ဖုန်းပုကြွယ်က ဆိုသည်။

"ကောင်းပါပြီ၊ ဒါဆိုရင် ငါမနှောင့်ယှက်တော့ဘူး၊ မင်းတို့ပဲ ပြောကြပါ"

သူပြောရင်း သူ့ညာလက်ဖြင့် ပါးစပ်ကို ဇစ်ဆွဲပိတ်လိုက်သည့်ပုံစံ လုပ်ပြလိုက်သည်။

နောက်ထပ် ဆယ်မိနစ်ခန့်တွင် ထရန်စဖော်မာ နှစ်ကောင်၊ လီဂိုအဗန်ဂျာများနှင့် ပရောဖက်တို့သည် ရှည်လျားပြီး ပျင်းစရာကောင်းသော ညှိနှိုင်းမှုတစ်ခုကို ပြုလုပ်ကြတော့သည်။

ဤစကားဝိုင်း၏ အခြေအနေမှာ အထူးတလည် တင်းမာမှု မရှိပေ။ အကြောင်းမှာ နားလည်မှုလွဲခြင်း အပိုင်းက ရှင်းပြရ လွယ်ကူသောကြောင့် ဖြစ်သည်။ အမှန်တကယ်တွင် နိုဗယ်အရုပ်များသည် လီဂိုတုံး အသုတ်လိုက်ကို ခိုးယူသွားပြီးနောက် ရဟတ်ယာဉ်အုပ်စုတစ်စု တည်ဆောက်ရန် အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ လီဂိုဘက်တွင် တာဝန်ရှိသည်ဆိုလျှင် ၎င်းတို့၏ အရင်းအမြစ်များကို သေချာမစီမံနိုင်ခဲ့ခြင်းသာ ဖြစ်သည်။ ယင်းက CLS နှင့် မသက်ဆိုင်ပေ။

"ဒါကြောင့် လီဂိုရဲ့ ကြားနေရပ်တည်ချက်က ပြောင်းလဲမှာ မဟုတ်ဘူး၊ ပြီးတော့ နိုဗယ်က သူတို့ရဲ့ နယ်ကျွံမှုအတွက် ပြန်ပေးဆပ်ရလိမ့်မယ်၊ ဒါက အခု လီဂိုနဲ့ နိုဗယ်ကြားက ရန်ငြိုးဖြစ်သွားပြီ"

စကားဝိုင်း ပြီးဆုံးခါနီးတွင် တိုနီက ပြောလိုက်သည်။

"လီဂို ရဟတ်ယာဉ်ကြောင့် မင်းတို့စစ်တပ်ဘက်က ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ရင်တော့ ငါတို့အနေနဲ့ စိတ်မကောင်းဖြစ်ရုံပဲ တတ်နိုင်တယ်"

"အင်း..."

ဂျက်ဇ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး နိုက်ပတ်ထရိုးနှင့် အကြည့်တစ်ချက် ဖလှယ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ၊ ဒီစကားတွေကို အော့တီးမတ်စ် ပရိုင်းဆီ ငါတို့ ပြန်ပြောလိုက်ပါ့မယ်"

သူက ဖုန်းပုကြွယ်နှင့် ရှောင်တန်ဘက်သို့ လှည့်လိုက်သည်။

"လူသစ်တို့၊ နိုက်ပတ်ထရိုးနဲ့ ငါကတော့ အစီရင်ခံဖို့ တပ်မဟာကွပ်ကဲမှုရုံးကို ပြန်တော့မယ်၊ မင်းတို့ ပရောဖက်နဲ့ စကားပြောလို့ ပြီးရင် ကိုယ့်ဘာသာကိုယ် ပြန်လာခဲ့ကြပါ"

"ဟုတ်ကဲ့ပါ ဆရာ"

ဖုန်းပုကြွယ်သည် ဤအခိုက်အတန့်တွင် အလွန်နာခံနေသော်လည်း အခြားတစ်ဖက်က လူများကို မြန်မြန် ထွက်သွားစေချင်နေသည့် ပုံစံဖြင့် ပြန်ဖြေလိုက်သည်။

ဂျက်ဇ်မှာ စိတ်ထဲမထားသည့် ပုံစံဖြင့် ပခုံးတစ်ချက် တွန့်ပြကာ နိုက်ပတ်ထရိုးနှင့်အတူ တံခါးအပြင်သို့ ထွက်ခွာသွားတော့သည်။

"တိုနီ၊ မင်းတို့နှစ်ယောက်လည်း အရင် ထွက်သွားပေးပါဦး"

လီဂိုပရောဖက်က ဤအခိုက်အတန့်တွင် ပြောလိုက်လေသည်။

"ငါ ဒီဧည့်သည်နှစ်ယောက်နဲ့ သီးသန့်စကားပြောဖို့ လိုအပ်လို့ပါ"

"ပရောဖက်... ဒီလူကြီးမင်းနှစ်ယောက်က မရင်းနှီးပုံရတယ်နော်..."

စတိဗ်က သတိကြီးစွာဖြင့် သတိပေးလိုက်သည်။

"ငါတို့အားလုံး ထွက်သွားပေးဖို့ တကယ်သေချာရဲ့လား"

"စိတ်မပူပါနဲ့"

လီဂို ပရောဖက်က ပြန်ဖြေလိုက်သည်။

"ဒီနှစ်ယောက်က ငါ့ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး၊ ပြီးတော့ ငါကလည်း အင်အားသုံး ခြိမ်းခြောက်မှုတွေကိုလည်း ကြောက်တတ်တဲ့သူ မဟုတ်ဘူးလေ"

"မင်း အဲဒီလို ပြောမှတော့... ကောင်းပြီလေ"

တိုနီသည် ကပ္ပတိန်အမေရိကကိုယ်စား ပြန်ဖြေပေးလိုက်ပြီး စတိဗ်၏ ပခုံးကို ပုတ်ပေးလိုက်သည်။ ထို့နောက် သူတို့သည် အခြားအဗန်ဂျာများနှင့်အတူ ထွက်ခွာသွားကြတော့သည်။

အဆောက်အအုံတံခါးများ ပြန်ပိတ်သွားပြီးနောက် လီဂိုပရောဖက်က ထပ်မံ စကားပြောလိုက်သည်။

"မင်္ဂလာပါ၊ ဖုန်းပုကြွယ်နဲ့ ဝမ်တန်ကျိ"

ထိုလူ သူ့အမည်ကို ခေါ်လိုက်သည်ကို ကြားသောအခါ ဖုန်းပုကြွယ် စိတ်ဝင်စားသွား၏။

"ဟဲ... ပရောဖက်ဆိုတာ ပရောဖက်ပါပဲ၊ ဒီနာမည်နဲ့ တကယ် ထိုက်တန်ပါတယ်၊ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရရင် CLS ရဲ့ ကိုယ်ပိုင်တပ်စခန်းထဲက အရုပ်နည်းနည်းလောက်ပဲ ငါတို့နာမည်ကို သိသင့်တာ၊ ပြီးတော့ ဒီလီဂိုမြို့ထဲကို ဝင်လာကတည်းက ဂျက်ဇ်နဲ့ နိုက်ပတ်ထရိုးက ငါတို့နာမည်ကို တစ်ခါမှ မဟခဲ့ဘူး၊ ငါတို့ကို ‘လူသစ်’ လို့ပဲ ခေါ်ခဲ့ကြတာ၊ ဒီလို အခြေအနေမျိုးမှာ မင်းက ငါတို့ကို အဲဒီလို ခေါ်နိုင်တယ်ဆိုတော့... ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်..."

"နှစ်ခုပဲ ရှိတယ်"

လီဂိုပရောဖက်က ဆက်ပြောပေးလိုက်သည်။

"ပထမတစ်ခုက ငါ နည်းလမ်းတချို့ကတစ်ဆင့် CLS စခန်းကနေ သတင်းအချက်အလက်ကို တိုက်ရိုက် ရနိုင်တာ၊ ဥပမာ- ချောင်းနားထောင်တဲ့ ကိရိယာတွေ၊ သူလျှိုတွေ စသဖြင့်ပေါ့"

စိန်ပွင့်ပုံသဏ္ဍာန် အရာဝတ္ထုက ခဏ ရပ်လိုက်သည်။

"ဒုတိယတစ်ခုကတော့ မင်းတို့ကို ဒေတာရှုထောင့်ကနေ လေ့လာစောင့်ကြည့်နိုင်တဲ့ စွမ်းရည်မျိုး ငါ့မှာ ရှိနေတာ"

ဖုန်းပုကြွယ် ရယ်မောလိုက်သည်။

"မင်းရဲ့ ကျိုးကြောင်းဆင်ခြင်မှုကလည်း တော်တော် မြန်တာပဲ..."

"မင်းလည်း အတူတူပါပဲ"

လီဂိုပရောဖက်က ပြန်ဖြေလိုက်သည်။

ဖုန်းပုကြွယ်က ဆက်ပြော၏။

"မင်းကိုယ်တိုင်က ဒီယူဆချက်နှစ်ခုကို တင်ပြခဲ့တာဆိုတော့... ငါ့အမြင်အရ ဒုတိယအခြေအနေ ဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းလောက် သေချာနေပြီ"

သူက သူ့လက်နှစ်ဖက်ကို ပိုက်ကာ ဦးခေါင်းကို အနောက်သို့ မော့လိုက်သည်။

"ဒါကြောင့် ငါ့မှာ နောက်ထပ် ယူဆချက်တစ်ခု ရှိသေးတယ်... မင်းက သာမန် ဒေတာမျိုး မဟုတ်ဘူး"

"ဒါက ထင်ရှားပါတယ်"

လီဂို ပရောဖက်က ရယ်မောလိုက်သည်။

"ဒီစိန်ပွင့်ပုံသဏ္ဍာန် ပိုလီမာတုံးက ဒီနေရာမှာရှိနေတဲ့ ငါ့ခန္ဓာကိုယ်သက်သက်ပဲ၊ ငါ့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုက ဒီမှာ မရှိဘူး"

သူသည် သူ့ကိုယ်သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်မနေဘဲ မိတ်ဆက်လိုက်သည်။

"ငါက ‘အမှန်တရားရုံးတော်’ ရဲ့ ဂျူရီလူကြီး ၁၂ ယောက်ထဲက တစ်ယောက် ဖြစ်တဲ့... ပရောဖက် ပဲ"

"ငါ ဘာလို့ ဒီလိုဖြစ်ရပ်မျိုးကို နည်းနည်းမှ မအံ့သြရတာလဲ..."

ရှောင်တန်က နှုတ်ခမ်းတစ်ချက် တွန့်ရင်း ပြောလိုက်သည်။

"ဒါဆိုရင် စူပါမားကတ်ထဲမှာ ဖြစ်ပွားနေတဲ့ ဒီစစ်ပွဲက အတိအကျ ဘာလဲဆိုတာ မင်းသိရမယ်မလား"

ဖုန်းပုကြွယ် မေးလိုက်သည်။

"ဒါက စူပါမားကတ် မဟုတ်ဘူး၊ ထောင်တစ်ခုပဲ"

ပရောဖက်၏ လေသံမှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။

"အရုပ်တွေအားလုံးက အကျဉ်းသားတွေပေါ့"

ဖုန်းပုကြွယ်က တစ်ဖက်လူ၏ အတွေးရထားနောက်သို့ လိုက်ပါသွားလေသည်။

"ဟုတ်တယ်၊ ပြီးတော့ အားလုံးက တစ်သက်တစ်ကျွန်းပြစ်ဒဏ် ကျခံနေရသူတွေပဲ"

ပရောဖက်က ပြန်ဖြေလိုက်သည်။

"သေချာတာပေါ့ သူတို့က မူလကတော့ အရုပ်တွေ မဟုတ်ဘူးလေ၊ ဒီအကျဉ်းသားတွေက ရုံးဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ လူမိုက်တွေ၊ သူဌေးကြီးတွေ၊ အားကစားသမားတွေ၊ ကွင်းဆက်လူသတ်သမားတွေ၊ သရုပ်ဆောင်တွေ စသဖြင့် ဖြစ်နိုင်တယ်၊ ဒီထောင်ကို ရောက်လာမှသာ သူတို့ရဲ့ မှတ်ဉာဏ်တွေနဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်လိုက်တာ၊ ပြုပြင်လို့မရတဲ့ တန်ဖိုးတစ်ခုဖြစ်တဲ့ ‘ပင်ကိုယ်စရိုက်’ ကိုပဲ ချန်ထားနိုင်ခဲ့တယ်၊ ဒါကြောင့် သူတို့က ပုံမှန်အားဖြင့် သူတို့စရိုက်နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် အရုပ်ဇာတ်ကောင်တွေအဖြစ် အသွင်ပြောင်းခံလိုက်ရတာပဲ"

"ဒါဆို... နစ်တန်းဒိုးရဲ့ ဒွန်ကီကောင်က တကယ်တော့ စကြဝဠာတစ်ခုထဲက ဟီဒီအာကီ ဆိုရာချီရဲ့ အသွင်ပြောင်းကောင်ပေါ့..."

ဖုန်းပုကြွယ် ပေါ့ပေါ့ပါးပါး ညည်းတွားလိုက်သည်။

"ဟမ့်... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ"

ပရောဖက်ကလည်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေ၏။

"ဟီဒီအာကီ ဆိုရာချီ ဖန်တီးတဲ့ ဂေါ်ရီလာက အလွန်ဆုံးရှိလှ တိုင်ပေါ်မှာပဲ လွှဲနေမှာပေါ့၊ ဒွန်ကီကောင်က တာကီနိုရီ အာကာဂျီရဲ့ အဆင့်အတန်းလောက် ရှိရမယ်"

"အင်း... တကယ်ပဲဟ"

ဖုန်းပုကြွယ်သည် သူ့မေးစေ့ကို ပွတ်သပ်ရင်း တုန့်ပြန်လိုက်သည်။

"ဒါပေမဲ့... ကွန်ဒို အီဆာအိုကလည်း..."

"ဟေး၊ NPC တွေက ဇာတ်လမ်းရဲ့ လျှို့ဝှက်ချက်တွေကို အတည်အပေါက် ရှင်းပြနေတဲ့ အချိန်ကျမှ မင်းက ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေရတာလဲ"

ရှောင်တန်မှ ဘေးမှနေ မခံမရပ်နိုင် ဖြစ်ကာ ကန့်ကွက်တော့သည်။

"ဘယ်ဇာတ်ကောင်ရဲ့ ဂေါ်ရီလာက ပိုသန်မာလဲဆိုတာ ဆွေးနွေးနေလို့ ဘာထူးမှာလဲ၊ ပြီးတော့ ဟီဒီအာကီ ဆိုရာချီ ကလွဲလို့ ကျန်တဲ့နှစ်ယောက်က လုပ်ကြံဖန်တီးထားတဲ့ ဇာတ်ကောင်တွေပဲလေ"

"ငါ သဘောပေါက်ပြီ..."

ဖုန်းပုကြွယ်က ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။

"ဒီအရုပ်တွေက စစ်ပွဲရဲ့ အကြောင်းရင်းကိုလည်း မရှင်းပြနိုင်၊ လူသားတွေ ရှာတွေ့သွားမယ့် အားနည်းချက်တွေကိုလည်း ဘာလို့ ဂရုမစိုက်နိုင်ကြလဲဆိုတာ မဆန်းတော့ပါဘူး"

"အသိစိတ်ကို ထိန်းချုပ်တာက အရမ်းလက်တွေ့ကျတဲ့ နည်းပညာတစ်ခုပဲ"

ပရောဖက်က ဆက်ပြောလိုက်သည်။

"ဒါက ထိန်းချုပ်ခံထားရတဲ့သူရဲ့ စဉ်းစားနိုင်စွမ်းကို မထိခိုက်စေဘဲ သူတို့ရဲ့ အတွေးအခေါ်ကို ထိထိရောက်ရောက် ကန့်သတ်ထားနိုင်တယ်"

သူ ခေတ္တရပ်ပြီး ဆက်ရှင်းပြသည်။

"အဲဒီအကျဉ်းသားတွေရဲ့ စိတ်ထဲမှာ ဝင်လို့မရတဲ့ ချို့ယွင်းတွေ အများကြီး ရှိနေတယ်၊ ဥပမာတစ်ခု ပေးရရင် ‘မင်းတို့ရဲ့ အာရုံခံစားမှုထဲမှာ လုံးဝ မရှိသေးတဲ့ အရောင်တစ်ရောင်’ လိုမျိုးပေါ့၊ ဒီအရောင်ကို မင်းတို့ မျက်စိနဲ့ မမြင်ဖူးခင်အထိ မင်းတို့ စိတ်ကူးထဲမှာ ပုံဖော်လို့မရဘူး၊ မြင်လိုက်ရရင်တောင် ဒီအရောင်ကို ဘာခေါ်လဲဆိုတာ မသိနိုင်တော့ဘူး"

"မင်းတို့နှစ်ယောက်က ဇာတ်ကောင်ထဲ ဝင်ထွက်တာ တော်တော် မြန်တာပဲ"

ရှောင်တန် အော်ဟစ်လိုက်သည်။

"စောစောက ဂေါ်ရီလာ အကြောင်း ဆွေးနွေးတာမျိုး လုံးဝ မရှိခဲ့သလိုပဲ၊ မျက်နှာသေကြီးနဲ့ အရင်အကြောင်းအရာဆီ ချက်ချင်း ပြန်ရောက်သွားကြတယ်လား"

အစ်ကိုကြွယ်နှင့် ပရောဖက်တို့သည် သူ့ကို ဂရုမစိုက်ဘဲ သူတို့စကားဝိုင်းကို ဆက်လက် ဆွေးနွေးနေကြသည်။

"ဒါဆို... စူပါမားကတ်ရဲ့ လုံခြုံရေးဝန်ထမ်းကကော၊ ထောင်စောင့်လား"

ဖုန်းပုကြွယ် ဆက်မေးလိုက်သည်။

ပရောဖက်သည် တခဏမျှ လှောင်ပြုံးပြုံးလိုက်သည်။

"ဒီက ညဆိုင်း လုံခြုံရေးဝန်ထမ်းတွေက ရှစ်နာရီမှာ အလုပ်စဝင်တာ၊ သူတို့က သုံးနာရီခြားတစ်ခါ ကင်းလှည့်ကြတယ်၊ နောက်ထပ် မိနစ်အနည်းငယ်ကြာရင် မနက်နှစ်နာရီ ထိုးတော့မယ်၊ မင်းတို့ကိုယ်တိုင် သွားကြည့်ပြီး ‘သူတို့’ က အမှန်တကယ် ဘာလဲဆိုတာ သိနိုင်ပါတယ်..."

"ခဏလေး နေပါဦး"

ရှောင်တန်သည် ကြားဖြတ်နှောင့်ယှက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

"ငါ့မှာလည်း မေးခွန်းတစ်ခု ရှိတယ်၊ ဒါက ထောင်တစ်ခု ဖြစ်နေမှတော့ ဘာလို့ ဒီလိုမျိုး စီစဉ်ထားရတာလဲ၊ အကျဉ်းသားတွေကို အရုပ်တွေအဖြစ် အသွင်ပြောင်းပြီး အကြောင်းပြချက် မရှိဘဲ တစ်ယောက်နဲ့တစ်ယောက် ဘာလို့ စစ်တိုက်ခိုင်းနေရတာလဲ"

"ဒါက မဆန်းပါဘူး၊ ငါဆို ဒါထက် ပိုထူးဆန်းတဲ့ အစီအစဉ်တွေတောင် မြင်ဖူးတယ်..."

ဖုန်းပုကြွယ်သည် ဘီလီ၊ ရာဗစ်နှင့် အယ်လ်ဒန်တို့ ပိတ်လှောင်ခံထားရသည့် ကော်ရစ်ဒါကို မတွေးဘဲ မနေနိုင် ဖြစ်သွားရသည်။

ယခုတစ်ကြိမ်တွင်မူ ပရောဖက်က ရှောင်တန်၏ မေးခွန်းကို ပြန်လည် ဖြေကြားပေးလိုက်လေသည်။

"အမှန်တရားရုံးတော်ရဲ့ တာဝန်က ကြီးကြပ်ဖို့၊ စီရင်ဖို့နဲ့ ထိန်းသိမ်းဖို့ ဖြစ်တယ်၊ လူသိများတဲ့ အဓိက စကြဝဠာ ၄၂ ခုထဲမှာ ရှိတဲ့ အဆင့်မြင့်ဉာဏ်ရည်ရှိ သက်ရှိအားလုံးက ငါတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတယ်၊ သူတို့ထဲမှာ အရမ်းအစွမ်းထက်တဲ့ အကျဉ်းသားတွေ အများကြီး ပါတယ်၊ သူတို့ကို သီးခြား အကျဉ်းခန်းထဲမှာ ပိတ်လှောင်ထားရပြီး တစ်ခါတလေကျရင် သူတို့အတွက် အထူး ထောင်တွေကိုတောင် ဒီဇိုင်းဆွဲရတတ်တယ်"

သူ နှစ်စက္ကန့်ခန့် ရပ်နားပြီးနောက် ဆက်ပြော၏။

"ပြီးတော့ မင်းတို့ အခုရှိနေတဲ့ထောင်က သာမန်အကျဉ်းသားတွေအတွက် နေရာတစ်ခုပဲ၊ အဲဒီမှာ ထောင်သောင်းချီပြီး ရှိနေတာကြောင့် စီမံခန့်ခွဲဖို့ အရမ်းခက်ခဲတယ်..."

"ဒါပေမဲ့ သူတို့ကို အလုပ်ရှုပ်အောင် ထားလိုက်သရွေ့တော့ ဒါက အများကြီး ပိုလွယ်ကူသွားတာပေါ့"

ယခုတစ်ကြိမ်တွင် ဖုန်းပုကြွယ်က ပရောဖက်၏ စကားကို ကြားဖြတ် ပြောလိုက်ခြင်းဖြစ်သည်။

"ညတိုင်းလိုလို သူတို့ဟာ ‘ဘယ်တော့မှ အနိုင်မရနိုင်သလို ဘယ်တော့မှလည်း မပြီးဆုံးနိုင်တဲ့’ စစ်ပွဲတစ်ခုထဲမှာ ပါဝင်နေကြရတာ၊ ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမဲ့ အကျဉ်းသားအသစ်တွေက အရုပ်တွေအဖြစ် အမြဲတမ်း တိုးပွားနေမှာပဲ...

စစ်ပွဲဆိုတာ ပါဝင်သူတွေဆီကနေ လုံးဝစိတ်နှစ်ထားဖို့ လိုအပ်တဲ့ လှုပ်ရှားမှုတစ်ခုပဲ၊ ဒါက အကျဉ်းသားတွေကို ပင်ပန်းနွမ်းနယ်စေပြီး အလုပ်ရှုပ်နေစေနိုင်တယ်၊ သူတို့မှာ တခြားအရာတွေကို တွေးဖို့ အချိန်မရှိသလို၊ တခြားအရာတွေ လုပ်နေဖို့လည်း အချိန်မရှိဘူး၊ အရုပ်တွေအနေနဲ့ သူတို့က ညတိုင်း စူပါမားကတ်အလယ်ပိုင်းက ကန့်သတ်နယ်မြေအချို့မှာ အလုပ်ရှုပ်နေကြတာ၊ ဘယ်သူကမှ... ငါ ပြတင်းပေါက်ကနေ တွားသွားပြီး ဒီစူပါမားကတ်ကနေ ထွက်သွားမယ်လို့ တွေးမိမှာ မဟုတ်ဘူး"

"ဒီလိုမျိုး ချုပ်နှောင်ထားတဲ့စနစ်မှာ ခြွင်းချက်တွေ မရှိနိုင်ဘူးလား"

ရှောင်တန်က သံသယဖြင့် မေးလိုက်သည်။

"အဓိကသော့ချက်က ‘အသိစိတ်ချိန်ညှိမှု’ လို့ ခေါ်တဲ့ အရာပေါ်မှာ ရှိနေတာ"

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

"အဲဒီအရုပ်တွေက ‘ငါ ဘာလို့ ဒီစစ်ပွဲကို တိုက်နေရတာလဲ’ လို့ တွေးနေတဲ့အချိန်ဆိုတာ မင်းက ‘ဘဝရဲ့ အဓိပ္ပာယ်က ဘာလဲ’ လို့ တွေးနေသလိုမျိုးပဲ၊ ထင်ရှားတာက မင်း အဖြေအတိအကျရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းက အဲဒီအတွက်ကြောင့် အသက်ရှင်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ဘူး၊ အဲ့သလိုပဲ၊ အရုပ်တွေက ဒီစစ်ပွဲကို ဘာလို့ တိုက်နေရလဲဆိုတာ မပြောနိုင်ပေမဲ့ သူတို့ကတော့ ဆက်ပြီး တိုက်ခိုက်နေကြဦးမှာပဲ"

"ဟား... တကယ်ကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိတာပဲ"

ပရောဖက်က ရယ်မောလိုက်သည်။

"ဖုန်းပုကြွယ်၊ မင်းက ဘီလီတို့အဖွဲ့ကို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ လူဖြစ်နေတာ မဆန်းတော့ပါဘူး"

ဤစကားကို ကြားလိုက်ရသောအခါ အစ်ကိုကြွယ်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသော်လည်း အပြင်ပန်းတွင် စမ်းသပ်သည့်အနေဖြင့် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မင်း ဘာအကြောင်း ပြောနေတာလဲ... ငါ နားမလည်ဘူး..."

"ဟားဟား... မထိတ်လန့်ပါနဲ့၊ ငါက မင်းတို့ဘက်ကပါ၊ မဟုတ်ရင် ငါ မင်းတို့ကို ဒီလောက်အထိ အများကြီး ပြောပြနေမှာ မဟုတ်ဘူးလေ"

ပရောဖက်က ပြောလိုက်သည်။

"မင်း ရာဗစ်ကို မှတ်မိသေးတယ် မဟုတ်လား၊ သူနဲ့ ငါက သူငယ်ချင်းဟောင်းတွေလေ၊ သူ အချိန်သခင်ရဲ့ ထောင်ထဲကနေ လွတ်မြောက်သွားတာကိုလည်း ငါ အရမ်းဝမ်းသာမိပါတယ်"

ဤစကားကို ကြားသောအခါ ဖုန်းပုကြွယ်သည် ဘီလီ တစ်ခါက ပြောခဲ့ဖူးသည့် စကားတစ်ခုကို သတိရသွားသည်... "ရာဗစ်နဲ့ သူ့ဝမ်းကွဲက မူလက ဂျူရီအဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြပေမဲ့ ရုံးတော်ကို စော်ကားမိလို့ ပြစ်ဒဏ်ခံခဲ့ရတာ"

ပရောဖက်က သက်ပြင်းတစ်ချက် ချ၍ ဆက်ပြောသည်။

"အမှန်တော့ ဘီလီနဲ့ အယ်လ်ဒန်တို့ ‘ဖရိုဖရဲတွေကို ဖြန့်ဝေတယ်’ ဆိုတဲ့ စွဲချက်နဲ့ တရားရုံးကို ဆင့်ခေါ်ခံရတုန်းက ငါလည်း ‘အပြစ်မရှိကြောင်း’ မဲပေးခဲ့တာပါ၊ ဒါပေမဲ့ နောက်ဆုံး စီရင်ချက်က... ‘အပြစ်ရှိတယ်’ လို့ပဲ ထွက်လာခဲ့တယ်၊ ဒါကြောင့် ရာဗစ်နဲ့ ဘတ်စ်ဘန်နီတို့ နည်းနည်း ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားခဲ့ကြတာ၊ ရာဗစ်က အပြစ်ရှိကြောင်း မဲပေးခဲ့တဲ့ ဂျူရီအဖွဲ့ဝင်တွေကို ကန်ကျောက်ခဲ့ပြီး ဘတ်စ်ဘန်နီက တရားသူကြီးကို ချေးလုံးတွေနဲ့ ပစ်ပေါက်ခဲ့တယ် (ယုန်ချေးက အများအားဖြင့် အလုံးလိုက် ပုံသဏ္ဍာန် ရှိပါတယ်)၊ ဒါကြောင့် တရားခွင်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့ရတယ်"

"ဝါး... ဒါက သတင်းအချက်အလက်တွေ အများကြီးပဲ..."

ရှောင်တန်သည် ဤထူးဆန်းသော ပြောပြချက်ကို နားထောင်ရင်း သူ၏ ကြောက်ရွံ့မှုအဆင့်မှာ အကြောင်းပြချက် မရှိဘဲ မြင့်တက်လာလေသည်။

"အိုး... ငါသိပြီ"

ဖုန်းပုကြွယ်မှာ အတော်လေး တည်ငြိမ်နေပုံရသည်။

"နောက်ဆုံး ရလဒ်ကတော့... ဘတ်စ်ဘန်နီက အဲဒီလို ပရမ်းပတာ ဖြစ်နေတဲ့ အချိန်မှာ နံရံပေါ်မှာ အပေါက်တစ်ခု ဆွဲပြီး ထွက်ပြေးသွားခဲ့တယ်၊ ရာဗစ်ကတော့ ဘီလီ၊ အယ်လ်ဒန်တို့နဲ့အတူ ရုံးတော်ကို စော်ကားမော်ကား ပြုမူမှုကြောင့် အချိန်သခင်ရဲ့ ထောင်ထဲမှာ ပိတ်လှောင်ခံခဲ့ရတယ်"

သူ ဤသို့ပြောဆိုနေရင်း သူ့စိတ်ထဲတွင် အချိန်လိုင်းကို စုစည်းပြီးပြီ ဖြစ်သည်။

"ဒါ့အပြင် ထောင်စောင့် ဆာမိုဒီးလ်က သစ္စာဖောက်ပြီး ငါနဲ့ တွေ့ဆုံခဲ့ရာကနေ သူ ပြန်အဖမ်းခံရပြီး မိစ္ဆာကျွန်းကို အပို့ခံခဲ့ရတယ်၊ ဘီလီတို့ အဖွဲ့ကတော့ ဒုတိယအကြိမ် ထောင်ချခံရပြီး ဒီတစ်ကြိမ်မှာတော့ ထောင်စောင့်ဖော့စ်ရဲ့ လက်အောက်မှာ ပိတ်လှောင်ခံခဲ့ရတာ၊ ပြီးတော့... ငါနဲ့ ထပ်တွေ့ခဲ့တာကြောင့် သူတို့ သုံးယောက်လုံး အောင်မြင်စွာနဲ့ ထပ်ပြီး လွတ်မြောက်သွားခဲ့ကြပြန်တာပေါ့"

"ဟုတ်တယ်၊ အတိအကျ အဲဒီအတိုင်းပဲ"

ပရောဖက်က ပြန်ဖြေလိုက်သည်။

"ငါတို့က တကယ်ပဲ ဂိမ်းတစ်ခုတည်းကို ကစားနေကြတာမှ ဟုတ်ရဲ့လားကွာ..."

ရှောင်တန်သည် ဖုန်းပုကြွယ်ကို အလွန် ရိုသေလေးစားမှုနှင့် မယုံကြည်နိုင်မှု အပြည့်ဖြင့် ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် ဖုန်းပုကြွယ်၏ အစွမ်းထက်မှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဖုန်းပုကြွယ်က မေးလိုက်သည်။

"မင်း စောစောက ပြောခဲ့တာတွေကို ကြည့်ရင် စူပါမားကတ်ရဲ့ လုံခြုံရေးဝန်ထမ်းတွေက ဒီနေရာကို စောင့်ကြပ်နေတဲ့သူတွေ မဟုတ်ဘူးပေါ့၊ ဒါဆို မင်းက အစောင့်လား"

"မဟုတ်ပါဘူး၊ ငါက စိတ်အားထက်သန်တဲ့ ဘေးလူတစ်ယောက်သက်သက်ပါပဲ"

ပရောဖက်က ပြန်ဖြေလိုက်သည်။

"ငါက ဒီ ‘လီဂို ပရောဖက်’ ဆိုတဲ့ အဆင့်အတန်းကိုသုံးပြီး ကြားနေ လီဂိုအင်အားစုတွေကို ထိန်းချုပ်ပြီ စစ်ပွဲရဲ့ ဟန်ချက်နဲ့ ပြင်းထန်မှုကို ထိန်းသိမ်းပေးနေတာပါ"

သူ ပြုံးလိုက်သည်။

"ငါ လုပ်တဲ့အရာက တကယ်တော့ အရမ်းရိုးရှင်းပါတယ်၊ ငါ လုပ်ရမှာက ‘စကားပြောဖို့’ ပဲပေါ့"

"ဟမ့်... CLS က လူတွေ မင်းအပေါ် စွပ်စွဲတာ မမှားဘူးပဲ"

ဖုန်းပုကြွယ်သည် တစ်ဖက်လူ၏ ရယ်မောသံနောက်ကွယ်မှ အဓိပ္ပာယ်ကို တစ်စက္ကန့်အတွင်း ခန့်မှန်းမိသွားလေသည်။

"နိုဗယ်က လီဂိုတုံးတွေကို အောင်အောင်မြင်မြင် ခိုးယူနိုင်ခဲ့တာက မင်း တမင်တကာ သတင်းပေါက်အောင် လုပ်ခဲ့လို့ ဖြစ်မယ်"

"ဟီးဟီး... မင်းက တခြားကမ္ဘာကလာတဲ့ ခရီးသွားတစ်ယောက် ဖြစ်နေတာ နှမြောစရာပဲ၊ မဟုတ်ရင် ငါ မင်းကို ဂျူရီအဖွဲ့ထဲ ဝင်ဖို့ တကယ်ထောက်ခံပေးချင်တာ"

ပရောဖက်က ရယ်မောလိုက်သည်။

"ငါတို့ဆီမှာ လတ်တလော လစ်လပ်နေတဲ့ နေရာတစ်ခု ရှိနေတာနဲ့ အတော်ပဲ"

သူ့စကားများသည် အစ်ကိုကြွယ်၏ တွက်ဆမှုကို အခြေခံအားဖြင့် အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်မှာမူ ပရောဖက်၏ အကြံပြုချက်ကို စိတ်မဝင်စားပေ။ သူ သိလိုသော သတင်းအချက်အလက်ကိုသာ ဆက်လက် မေးမြန်းလိုက်သည်။

"ငါတို့ အရင်အကြောင်းအရာကို စကားမပြတ်သေးဘူးနော်၊ မင်း ပြောပုံအရ စူပါမားကတ် လုံခြုံရေး ဝန်ထမ်းတွေကလည်း အစောင့်မဟုတ်ဘူး၊ မင်းကလည်း အစောင့် မဟုတ်ဘူးဆိုရင်၊ ဒီထောင်ရဲ့ အစောင့်အရှောက်က ဘယ်သူလဲ၊ သူ့ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ"

ပရောဖက်က ပြန်ဖြေလိုက်သည်။

"မင်း သူ့ကိုရှာဖို့ အရမ်း အလျင်လိုနေတာလား"

"ဟုတ်တယ်"

ဖုန်းပုကြွယ်က အလွန်သာမန်ဆန်သော လေသံဖြင့် ပြောလိုက်သည်။

"ငါ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ သူ့အကူအညီ လိုအပ်တယ်"

ယင်းကို ကြားသောအခါ ပရောဖက်သည် စက္ကန့်အနည်းငယ်မျှ သိသာထင်ရှားစွာ တွေဝေသွားပြီး စိန်ပွင့်ပုံသဏ္ဍာန် အရာဝတ္ထု၏ မျက်နှာပြင်မှာ အခိုက်အတန့်မျှ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

"မစ္စတာ ဖုန်းပုကြွယ်၊ မင်း သိထားသင့်တာက ငါဖြစ်စေ၊ အဲဒီအစောင့် ဖြစ်စေ ငါတို့ရဲ့ တာဝန်က ဒီစစ်ပွဲကို အကန့်အသတ်မရှိ ဆက်ဖြစ်ပွားနေအောင် လုပ်ဆောင်ဖို့ပဲ"

"မင်းက စောင့်ကြည့်သူတစ်ယောက် မဟုတ်ဘူးလား"

ဖုန်းပုကြွယ်၏ မျက်လုံးများမှာ အေးစက်စူးရှသွားခဲ့သည်။ သူက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"'တာဝန်' ဆိုတာ... မင်း ဘာအကြောင်း ပြောနေတာလဲ"

ဤစကားလုံးများက စိန်ပွင့်ပုံသဏ္ဍာန် အရာဝတ္ထုကို တိတ်ဆိတ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့ရှိနေသော အဆောက်အအုံသည်လည်း စတင် ပြောင်းလဲလာတော့သည်...။ နံရံများနှင့် ကြမ်းပြင်ပေါ်ရှိ လီဂိုတုံးတိုင်းသည် သက်ရှိများကဲ့သို့ စတင် လှုပ်ရှားလာကြခြင်းဖြစ်သည်။

"ဟေး... ဒီအခြေအနေကြီးက ဘာလဲ"

ရှောင်တန်က အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

"မင်းတို့နှစ်ယောက် စောစောကတင် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြပြီးတော့ အခုကျမှ ဘာလို့ ရန်သူတွေလို ဒီလောက်မြန်မြန်ကြီး ပြောင်းလဲသွားရတာလဲ..."

"မင်း ငါ့ကို အမှန်တရား ကိုးပုံလောက် ပြောပြခဲ့တာက လှည့်စားမှု တစ်ပုံလောက် ရောနှောဖို့အတွက်ပဲ"

ဖုန်းပုကြွယ်သည် စိန်ပွင့်ပုံသဏ္ဍာန် အရာဝတ္ထုကို အေးစက်စွာပြုံးပြရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ငါသတင်းအချက်အလက်တွေ ပိုရလေလေ၊ သံသယဖြစ်စရာ အချက်တွေက ပိုပြီး ပေါ်လွင်လာလေလေပဲ၊ ဒါတွေက ငါ့အနေနဲ့ လျစ်လျူရှုထားဖို့ လုံးဝမဖြစ်နိုင်တော့ဘူး..."

All Chapters