← Chapters

အခန်း ၃၅၁

Vol. 32 Ch. 351

အခန်း ၃၅၁

Vol. 32 Ch. 351

အခန်း (၃၅၁) အံ့အားသင့်သွားသော ကျောက်ဟွေ့ဟွမ်

"ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ ကိစ္စလဲ…"

"အဲဒီတုန်းက စုန့်လင်း နည်းနည်း ဆင်းရဲနေတာကို မြင်လို့ ငါက ဖြစ်သလို ပြောလိုက်မိရုံပါ… ဒီအခြေအနေအထိ ရောက်လာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး…" အဘိုးကျောက်က လက်မှိုင်ချကာ ပြောလိုက်၏။

"လူတွေရဲ့ လောဘက ဆင်ကို မျိုချချင်နေတဲ့ မြွေတစ်ကောင်လိုပဲ… လူတိုင်းက ရောင့်ရဲတင်းတိမ်တတ်ကြတာ မဟုတ်ဘူး…" စုယွမ်က ဝင်ပြောလိုက်သည်။

"စုန့်လင်းက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ပိုပိုပြီး အရည်အချင်း ကင်းမဲ့လာတယ်… ဒါပေမဲ့ ကျန်တဲ့အချိန်တွေမှာတော့ သူက အဆင်ပြေပါတယ်…" ကျောက်ဟွေ့ဟွမ်က ရှင်းပြလေ၏။

"ဒီလို စိတ်ပျက်စရာကောင်းတဲ့ ကိစ္စတွေကို မေ့ထားလိုက်ပါတော့… ဒီနေ့ ရှောင်စုလည်း ရောက်နေတာဆိုတော့ တစ်ခုခုစားရင်း စကားပြောကြတာပေါ့…" အဘိုးကျောက်က အကြံပြုလိုက်ပေသည်။

ထို့နောက် သူတို့တစ်စုသည် စားပွဲတွင် ဝင်ထိုင်လိုက်ချိန်တွင် ဟင်းလျာများ အပြည့်အစုံ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူတို့သည် စားသောက်ရင်း စကားစမြည် ပြောဆိုနေကြချေသည်။

စုယွမ်တွင် မေးခွန်းများစွာ ရှိနေပေသည်။ ဥပမာအားဖြင့် အဘိုးကျောက်က သူ့ကို ဤနေရာ၌ ညစာစားရန် အဘယ်ကြောင့် ဖိတ်ခေါ်ခဲ့သနည်းဆိုသည်ကို သူ လုံးဝ နားမလည်နိုင်သေးချေ။

"ရှောင်စု… မင်း အဘိုးစုနဲ့ သိနေတာ ဘယ်လောက်ကြာပြီလဲ…" အဘိုးကျောက်က ရုတ်တရက် မေးလိုက်၏။

"သိပ်မကြာသေးပါဘူး… တစ်လလောက်ပဲ ရှိပါဦးမယ်… ကျွန်တော် ကျိုတိုကို ရောက်လာတုန်းက အဘိုးစုနဲ့ အမှတ်မထင် ဆုံခဲ့တာပါ…" စုယွမ်က ပြန်ဖြေလိုက်သည်။

အဘိုးကျောက်က တစ်စုံတစ်ရာကို နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီး စုယွမ်အား ကြည့်ရှုလာသော သူ၏အကြည့်များတွင် နက်ရှိုင်းသော ရှုပ်ထွေးမှုများ ပြည့်နှက်နေပေ၏။

"အဘိုးစုနဲ့ ငါက မိတ်ဆွေဟောင်းတွေရော လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပါ ဖြစ်ခဲ့ကြတာ… ငါတို့ရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းတယ်… သူ့မိသားစုမှာ ဖြစ်ပျက်သမျှ ကိစ္စတိုင်းနီးပါးကို ငါ သိထားတယ်…" အဘိုးကျောက်က ဆိုသည်။

"ဒါနဲ့ မင်းရဲ့အဖေလည်း ကျိုတိုမှာ ရှိနေတာ မဟုတ်လား…" ဟု အဘိုးကျောက်က ဆက်မေးလိုက်၏။

"ရှိနေတုန်းပါပဲ… ကျွန်တော် ကျိုတိုမှာ ဗီလာတစ်လုံး ဝယ်ထားပြီး အခု သူ အဲဒီမှာပဲ အချိန်အများစု နေထိုင်နေပါတယ်…"

"ဒီအချိန်ဆို ဒီက ရာသီဥတုက ပိုသာယာတယ်လေ… အထူးသဖြင့် လေထုအရည်အသွေးပေါ့… သူတို့ ဒီမှာ ခဏလောက် ထပ်နေကြဦးမှာပါ…" စုယွမ်က ဆက်ပြောလိုက်သည်။

အဘိုးကျောက်က သူ၏ မိဘများအကြောင်း မေးမြန်းသည်မှာ ပုံမှန်သာဖြစ်ကြောင်း တွေးမိသဖြင့် စုယွမ်သည် တစ်စုံတစ်ရာ သံသယမဝင်ခဲ့ချေ။

"အိုး… မင်းအဖေက ဟွေ့ဟွမ်နဲ့ ရွယ်တူမဟုတ်ရင်တောင် ဟွေ့ဟွမ်ထက်တောင် အသက်ကြီးဦးမယ် ထင်တယ်…"

"အချိန်ကျရင် မင်းနဲ့ မင်းအဖေတို့ လာလည်ကြပါ… ဟွေ့ဟွမ်က မင်းတို့ကို အဖော်ပြုပေးလိမ့်မယ်…" အဘိုးကျောက်က အပြုံးဖြင့် ပြောလိုက်၏။

"ဟားဟားဟား… အဘိုးကျောက်ကတော့ နောက်နေပြန်ပြီ… ကျွန်တော့်အဖေက တကယ့်လယ်သမားစစ်စစ်ပါ… ကြိုးကြိုးစားစား အလုပ်လုပ်ပေမဲ့ ဗဟုသုတတော့ သိပ်မရှိပါဘူး… ဝန်ကြီးကျောက်နဲ့ တူညီတဲ့ စိတ်ဝင်စားမှုတွေ သိပ်ရှိမှာ မဟုတ်ဘူး…" စုယွမ်က ရယ်မောကာ ပြန်ဖြေလိုက်သည်။

"ဟားဟားဟား မဟုတ်တာ… ငါလည်း လယ်သမားဖြစ်ခဲ့ဖူးတာပဲ… ဘယ်လိုလုပ် သဘောထားချင်း မတိုက်ဆိုင်ဘဲ နေမလဲ… ငါက အခု သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ အလုပ်လုပ်နေပေမဲ့ လယ်သမားတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခွင့်ရတာက အရမ်းကောင်းတဲ့ ကိစ္စပါ…" ကျောက်ဟွေ့ဟွမ်က အလျင်အမြန် ပြောလိုက်ပေသည်။

ထိုစကားများကို ကြားလိုက်ရချိန်တွင် သူသည် တစ်စုံတစ်ရာကို ရုတ်တရက် သဘောပေါက်သွားခဲ့၏။

အကယ်၍ သူ၏ ခန့်မှန်းချက်သာ မမှားခဲ့ပါက စုယွမ်၏ ဖခင်သည် အဘိုးစု၏ အငယ်ဆုံးသား ဖြစ်ပေမည်ဟု စိတ်ထဲတွင် တွေးမိလိုက်သည်။

ဤကိစ္စကို ပြင်ပလူများ မဆိုထားနှင့်၊ မိသားစုဝင်အများစုကပင် မသိရှိကြချေ။

"ရှောင်စု… မင်းရဲ့ ဦးလေးကျောက် စကားကို နားထောင်လိုက်ပါ… နောက်နေ့ကျရင် မင်းအဖေကို ညစာစားဖို့ ခေါ်လာခဲ့လေ…" အဘိုးကျောက်က ကြင်နာစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့… သေချာပေါက် လာခဲ့ပါ့မယ်…" စုယွမ်က သဘောတူလိုက်၏။

"ရှောင်စု… မင်းရဲ့ Ar နည်းပညာကုမ္ပဏီက အခု Lithographyလုပ်ငန်းထဲကို ဝင်ရောက်နေပြီလား…" နေ့လယ်ပိုင်းက Ar နည်းပညာကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်ကို ပြန်လည်သတိရသွားကာ ကျောက်ဟွေ့ဟွမ်က မေးလိုက်ပေသည်။

"ဟုတ်ပါတယ်… ရလဒ်တွေတောင် ထွက်နေပါပြီ…" စုယွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"အိုး… ရလဒ်တွေတောင် ထွက်နေပြီလား…"

"ငါတို့က အခုမှ စတင်ဖို့ ပြင်ဆင်နေတုန်း မဟုတ်ဘူးလား… ဒါက…" ကျောက်ဟွေ့ဟွမ်က အံ့သြစွာဖြင့် ပြောလိုက်၏။

"တကယ်တော့ လုပ်ငန်းထဲ ဝင်ရောက်မယ်လို့ မကြေညာခင်ကတည်းက ကျွန်တော်တို့ အောင်မြင်မှုတချို့ ရရှိထားပြီးသားပါ…" စုယွမ်သည် တူကိုချကာ ပြုံး၍ ပြောလိုက်သည်။

ဤကိစ္စသည် အခြားသူများအတွက် လျှို့ဝှက်ချက်တစ်ခု ဖြစ်သော်လည်း သူ၏ရှေ့မှောက်ရှိ လူသည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်ပေရာ နောင်တွင် သူ့အား ပြောပြထားခြင်းက ပိုမို အဆင်ပြေစေမည် ဖြစ်၏။

"တကယ်လား… သူတို့ သုတေသနမှာ ဘယ်လိုတိုးတက်မှုတွေ ရခဲ့လို့လဲ…" ကျောက်ဟွေ့ဟွမ်သည် အံ့သြသွားခဲ့သော်လည်း သိပ်ပြီး နက်နက်ရှိုင်းရှိုင်း မတွေးတောခဲ့ချေ။

"လောလောဆယ် ကျွန်တော်တို့ တာ့ရှား(တရုတ်)နိုင်ငံက 14 nm အရွယ်အစားရှိတဲ့ ချစ်ပ်တွေကိုပဲ ထုတ်လုပ်နိုင်သေးတယ်…"

"ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်ရှိအောင်မြင်မှုက အဲဒီကိန်းဂဏန်းကို ၇ အထိ လျှော့ချနိုင်ခဲ့ပြီ…"

"တခြားစကားနဲ့ ပြောရရင် 7nm Lithographyကို ဖန်တီးနိုင်တဲ့ နည်းပညာကို ကျွန်တော်တို့ တီထွင်နိုင်ခဲ့ပြီ…"

"ဒါပေမဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လာရင်တော့ ကျွန်တော်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုပဲ ဖြစ်လို့ တကယ်လို့ ရှာရမယ်ဆိုရင် အဲဒါတွေကို ရနိုင်မလားဆိုတာ သေချာမသိဘူး…" စုယွမ်က ခိုင်မာစွာ ပြောလိုက်သည်။

"ဒါက…" ကျောက်ဟွေ့ဟွမ်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားခဲ့လေ၏။

သူ၏ လက်ထဲမှ တူသည်ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ချေသည်။

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် စုယွမ်၏ စကားများသည် တစ်နိုင်ငံလုံးအတွက် မည်သို့ အဓိပ္ပာယ်သက်ရောက်ကြောင်း သူ အလွန်ပင် ကောင်းစွာ သိရှိထားပေ၏။

ဤသည်မှာ ပိတ်ဆို့မှုများကို ချိုးဖျက်ကာ နည်းပညာ၏ အထွတ်အထိပ်သို့ ခြေတစ်လှမ်း လှမ်းဝင်သွားခြင်းပင်။

ကျောက်ချီလင်သည်လည်း သဘာဝကျစွာပင် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ထိပ်တန်းခေါင်းဆောင်၏ သားဖြစ်သူအနေဖြင့် တာ့ရှား(တရုတ်)နိုင်ငံ၏ လက်ရှိ Lithography ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို သူ အလွန်ပင် ကောင်းစွာ သိရှိထားပေသည်။

7 nm ဆိုသည်မှာ ကိန်းဂဏန်းအရ အနည်းငယ်မျှသော ပြောင်းလဲမှုသာ ဖြစ်သော်လည်း ၎င်းကို ချိုးဖျက်ရန်မှာ အလွန် ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်၏။

"ညီလေးစူး… မင်း တကယ်ပြောနေတာလား…" ကျောက်ချီလင်က စုယွမ်အား ကြည့်ကာ မေးလိုက်သည်။

ကျောက်ဟွေ့ဟွမ်သည် ပို၍ပင် လေးနက်သွားကာ "ရှောင်စု… ဒါက နောက်နေရမယ့်ကိစ္စ မဟုတ်ဘူးနော်… ပေါ့ပေါ့တန်တန် သဘောထားလို့ ရတဲ့ကိစ္စ မဟုတ်ဘူး…" ပြောလိုက်ပေသည်။

လေထုက တဖြည်းဖြည်း တင်းမာလာသည်ကို မြင်လိုက်ရချိန်တွင် စုယွမ်သည် ပြုံးလိုက်ပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းကာ ပြောလိုက်သည်။ "ကျွန်တော်က ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုး ပြောမယ်လို့ ထင်နေလို့လား…"

"ဒီမှာ ကြွားလုံးထုတ်နေလို့ရော ကျွန်တော့်အတွက် ဘာအကျိုးရှိမှာမို့လဲ…"

"ဦးလေးကျောက်… ဦးလေးက သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနရဲ့ အကြီးအကဲပဲ… တကယ်လို့ မနက်ဖြန် ကျွန်တော်က သက်ဆိုင်ရာ ပုံကြမ်းတွေကို ထုတ်ပေးမယ်ဆိုရင် ဦးလေးမှာ ဘာအစီအစဉ်တွေ ရှိလဲ…" စုယွမ်က ကျောက်ဟွေ့ဟွမ်အား ကြည့်ကာ မေးလိုက်၏။

"ဒါက…"

"ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ… အချိန်တိုအတွင်းမှာတော့ ငါ အဖြေမပေးနိုင်သေးဘူး…"

"ဒါပေမဲ့ စိတ်မပူပါနဲ့ ရှောင်စု… မင်းက နည်းပညာကို တီထွင်ခဲ့တာဆိုတော့ အကျိုးအမြတ်ပိုင်းမှာ သေချာပေါက် နစ်နာစေမှာ မဟုတ်ဘူး…" ကျောက်ဟွေ့ဟွမ်က တိုက်ရိုက်ပင် ပြောလိုက်သည်။

"ကောင်းပြီလေ… အကျိုးအမြတ်ကတော့ ဒုတိယပါ… အဓိက က Lithography လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတချို့ကို ဦးလေး စီစဉ်ပေးနိုင်မလား…" စုယွမ်က ဆက်မေးလိုက်၏။

"အဲဒီအတွက် စိတ်မပူနဲ့… အပြင်ဘက်ကနေ ပိတ်ဆို့မှုတွေ မလုပ်ခင်ကတည်းက ငါတို့ဆီမှာ လုံလောက်တဲ့ ပစ္စည်းတွေ အများကြီး ပြင်ဆင်ထားပြီးသား…"

"နည်းပညာသာ ရှိမယ်ဆိုရင် Lithographyကို ချက်ချင်း ထုတ်လုပ်နိုင်တယ်လို့ ရဲရဲကြီး ပြောရဲတယ်…" ကျောက်ဟွေ့ဟွမ်က ဖြေလိုက်သည်။

"ကောင်းပြီ… မနက်ဖြန် ကျွန်တော်တို့ ဆွေးနွေးပွဲတစ်ခု ကျင်းပပြီး ဒီကိစ္စကို ဆွေးနွေးဖို့ လုပ်ငန်းတွင်းက အကျွမ်းကျင်ဆုံး လူတွေကို ဖိတ်ခေါ်ရင်ရော ဘယ်လိုလဲ…" စုယွမ်က အကြံပြုလိုက်၏။

"ရှောင်စု ပြောတာသာ တကယ်ဆိုရင် ဒီညကတည်းက ငါ စတင်ပြင်ဆင်ရတော့မယ်…" ကျောက်ဟွေ့ဟွမ်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်ပေသည်။

"ကောင်းပါပြီ… မနက်ဖြန် မနက်ကျရင် ကျွန်တော် ပုံကြမ်းတွေကို ယူလာခဲ့ပါ့မယ်…" စုယွမ်က ဆက်ပြောလိုက်၏။

"အရမ်းကောင်းတယ်… သိပ်ကောင်းတာပဲ…" ကျောက်ဟွေ့ဟွမ်သည် လွန်ခဲ့သော နှစ်နှစ်အတွင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအနေဖြင့် အလွန်အမင်း ဖိနှိပ်ခံထားရသဖြင့် ဝမ်းသာလွန်း၍ ခုန်ပေါက်လုနီးပါး ဖြစ်သွားခဲ့ချေသည်။

ယနေ့ညစာစားပွဲမှာ ပုံမှန်ညစာစားပွဲတစ်ခုမျှသာ ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း 7nmLithography နည်းပညာကို ဤမျှ လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

တကယ့်ကို အံ့မခန်းပင်။

All Chapters