အခန်း ၃၅၆
Vol. 32 Ch. 356
အခန်း (၃၅၆) အောင်မြင်မှု
ထိပ်တန်းအဆင့် လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက် ဖြစ်နေခြင်းက အတော်လေး အံ့သြစရာကောင်းလှပေ၏။
သူတို့ Lithographyကို သုတေသနပြုစဉ်က ရေးထိုးခဲ့သော သဘောတူညီချက်မှာ သာမန် လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက်သာ ဖြစ်ကြောင်း လူတိုင်း မှတ်မိနေကြသည်။ ဤအစည်းအဝေးသည် အလွန်အရေးကြီးသော ကိစ္စတစ်ခုကို ဆွေးနွေးတော့မည် ဖြစ်နိုင်သလော။ ဤသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပေ၏။
"အားလုံးပဲ သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ကြပါ… ဒီကိစ္စက ခင်ဗျားတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ကျွန်တော် အာမခံပါတယ်…" ဝန်ကြီးကျောက်က ပြောလိုက်သည်။
တက်ရောက်လာသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စားပွဲပေါ်ရှိ သဘောတူညီချက်ကို ကြည့်ကာ လက်မှတ်ရေးထိုးလိုက်ကြလေ၏။
"ဝန်ကြီးကျောက်… ငါတို့ လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးပြီးပြီဆိုတော့ နည်းနည်းလောက် ထုတ်ပြောပြလို့ ရမလား…"
ထိုသို့ ပြောလိုက်သူမှာ လော့ယွန်းဟုခေါ်သော အသက်ကြီးကြီး အမျိုးသားတစ်ဦး ဖြစ်ပြီး Lithography သုတေသနအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ဤနယ်ပယ်တွင် အလွန် ဩဇာညောင်းသော သိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။
ဌာနတွင်း၌ သူ၏ အဓိက အခန်းကဏ္ဍမှာ ဌာနအသီးသီး၏ သုတေသန ဦးတည်ချက်များကို အလုံးစုံ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ဖြစ်၏။ အခြားစကားဖြင့် ဆိုရလျှင် သူသည် Lithography ပရောဂျက်အတွက် အဓိက တာဝန်ရှိသူ ဖြစ်ပေသည်။
"အဘိုးလော့… ဒီကို ရောက်လာတဲ့အထိ စောင့်ပြီးမှပဲ ပြောကြတာပေါ့… အဲဒီအခါကျရင် ခင်ဗျား သိရလိမ့်မယ်…" ကျောက်ဟွေ့ဟွမ်က ပြောလိုက်သည်။
"ကောင်းပြီလေ…"
ထိုစကားကို ကြားချိန်တွင် လော့ယွန်းက ဘာမျှဆက်မပြောတော့ဘဲ ကျောက်ဟွေ့ဟွမ် ပြောခဲ့သောသူ ရောက်လာမည့်အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေ၏။
"အဘိုးလော့… ဒီကိစ္စကို အစီရင်ခံဖို့ လာမယ့်သူက ဘယ်သူဖြစ်မယ် ထင်လဲ… Lithographyနဲ့ ပတ်သက်တဲ့ ကိစ္စကြီးတစ်ခုဆိုတော့လေ…" အဘိုးလော့၏ဘေးမှ မျက်မှန်တပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက မေးလိုက်သည်။
သူသည် ပရောဂျက်အဖွဲ့၏ ဒုတိယခေါင်းဆောင် ဖြစ်ပေ၏။
"မသိဘူးလေ… လောလောဆယ် ဒီနယ်ပယ်မှာ ငါတို့ အများဆုံး တိုးတက်မှုတွေ ရထားပေမဲ့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုတော့ မဟုတ်သေးဘူး… နိုင်ငံခြားမှာ ဒီနည်းပညာကို ကျွမ်းကျင်တဲ့ ဂျာမန်လူမျိုးတွေ ရှိပေမဲ့ ယေဘုယျအားဖြင့် သူတို့ဆီမှာ ပြည့်စုံတဲ့ နည်းပညာတွေ မရှိကြဘူး… နိုင်ငံခြားက လူတစ်ယောက်ယောက် ဖြစ်မယ်လို့ ငါ သံသယရှိတယ်… မဟုတ်ရင် ငါတို့ သိမှာပေါ့…" အဘိုးလော့က ခွဲခြမ်းစိတ်ဖြာကာ ပြောလိုက်၏။
"ကျွန်တော်လည်း အဲဒီလို ဖြစ်သင့်တယ်လို့ ထင်တယ်…" လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်သည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် အစည်းအဝေးခန်းမ တံခါးပွင့်လာကာ စုယွမ် ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့ချေသည်။
အစည်းအဝေးခန်းမထဲရှိ လူတိုင်းသည် သူ့အား လှည့်ကြည့်လိုက်ကြပြီးနောက် အများစုမှာ အကြည့်လွှဲသွားကြ၏။
"လူငယ်လေး… မင်း လမ်းမှားလာပြီ ထင်တယ်…" အဘိုးလော့က စုယွမ်အား ပြုံးကာ ပြောလိုက်သည်။
တစ်စုံတစ်ယောက် နေရာမှားလာသည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း အသေအချာ ကြည့်လိုက်ချိန်တွင် ဗဟို သုတေသနဌာန၌ ဤကဲ့သို့သောသူ မရှိကြောင်း တွေ့ရှိလိုက်ကြပေ၏။
"မင်းက ဘယ်သူ့ကို ရှာနေတာလဲ…" အဘိုးလော့က ဆက်မေးလိုက်သည်။
"ကျွန်တော် ဝန်ကြီးကျောက်ကို ရှာနေတာပါ…" စုယွမ်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။
"အိုး… ဝန်ကြီးကျောက်က စာရွက်စာတမ်းတွေ လုပ်နေတယ်…" အဘိုးလော့က ပြောလိုက်ပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။
ဤအချိန်တွင် ထောင့်တစ်နေရာ၌ ရှိနေသော ကျောက်ဟွေ့ဟွမ်သည် စုယွမ် ပြုံးလျက် ရောက်လာသည်ကို မြင်လိုက်ရပေ၏။
"ရှောင်စု ရောက်လာပြီပဲ…" ဝန်ကြီးကျောက် အလျင်အမြန် ရှေ့သို့ ထွက်လာခဲ့သည်။
"ပစ္စည်းတွေ ယူလာခဲ့လား…" ဝန်ကြီးကျောက်က လေးနက်စွာ ဆက်မေးလိုက်၏။
"ယူလာပါတယ်…" စုယွမ် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ… ကောင်းပြီ… ကောင်းပြီ… အရမ်း ကောင်းတယ်…" ဝန်ကြီးကျောက်က စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်လေ၏။
"အဘိုးကျောက်… ရှောင်စု ရောက်လာပြီလား…" ဤအချိန်တွင် စုယွမ်ဟိုင်သည်လည်း ဖြည်းညင်းစွာ ဝင်ရောက်လာပြီး ဝင်လာသည်နှင့် တစ်ပြိုင်နက် စုယွမ်ကို မြင်တွေ့လိုက်ရပေသည်။
"အိုး… ရှောင်စု… အဲဒီကိစ္စက တကယ်ပဲလား…" စုယွမ်ဟိုင်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။
"တကယ်ပါ…" စုယွမ်က ထပ်မံ ခေါင်းညိတ်လိုက်သည်။
"ဘုရားရေ…" စုယွမ်ဟိုင်မှာ ကျောက်ဟွေ့ဟွမ်ကဲ့သို့ပင် စိတ်လှုပ်ရှားနေခဲ့ချေသည်။
လေးစားဖွယ်ကောင်းသော လူကြီးနှစ်ဦး နေရာတွင်ရပ်ကာ အမူအရာအမျိုးမျိုးဖြင့် စိတ်လှုပ်ရှားနေသည်ကို မြင်ရခြင်းမှာ အတော်လေး ရယ်စရာကောင်းလှပေ၏။ သုတေသီများသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ကြလေသည်။
"မဟုတ်ဘူး… ဝန်ကြီးကျောက်… ဥက္ကဋ္ဌစု… ခင်ဗျားတို့နှစ်ယောက်က လူကြီးတွေလေ… ဘာလုပ်နေကြတာလဲ… ကနေကြတာလား…" အဘိုးလော့က ထိုမြင်ကွင်းကို အံ့သြသော မျက်နှာအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဟားဟားဟားဟား… အဘိုးလော့…" စုယွမ်ဟိုင်က အဘိုးလော့၏ အနီးသို့ အလျင်အမြန် သွားကာ သူ့အား အားပါးတရ လှုပ်ယမ်းလိုက်၏။
"တော်ပါတော့… တော်ပါတော့… ဥက္ကဋ္ဌစု… ဘာလုပ်နေတာလဲ… ငါက အသက်ကြီးနေပြီ… မင်း ဆက်လှုပ်နေရင် ငါ အရိုးတွေ အကုန် ကျိုးကုန်တော့မယ်…" အဘိုးလော့မှာ သိသိသာသာပင် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
"ငါတို့ Lithography အကြောင်း ပြောနေကြတာ မဟုတ်ဘူးလား… ငါတို့ ဖိတ်ထားတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘယ်မှာလဲ… ပြီးတော့ ဒီကိစ္စကြီးက အတိအကျ ဘာလဲ… ငါ ပိုပိုပြီး နားမလည်နိုင်တော့ဘူး…" ဟန်ချက်ပြန်ထိန်းရင်း အဘိုးလော့က မေးလိုက်၏။
"ဟားဟားဟား…"
ကျောက်ဟွေ့ဟွမ်နှင့် စုယွမ်ဟိုင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြပေသည်။
"အဘိုးလော့… ငါတို့ရဲ့ အခု ဖရိုဖရဲ ဖြစ်နေတဲ့ ပုံစံကြောင့် လှည့်စားမခံပါနဲ့… ခင်ဗျားရဲ့ တုံ့ပြန်မှုက နောက်ကျရင် ပိုကြီးလာဦးမှာ…" ကျောက်ဟွေ့ဟွမ်က ပြောလိုက်သည်။
"ဒါက ဒီနေ့ ငါ ဖိတ်ထားတဲ့သူပဲ… စုယွမ်တဲ့…" ကျောက်ဟွေ့ဟွမ်က စုယွမ်အား ကြည့်ကာ ပြောလိုက်၏။
"ဘာ… ဒီလောက် ငယ်တာလား…"
အဘိုးကျောက်နှင့် အခြားသူများအားလုံး စုယွမ်အား အံ့သြမှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ကြည့်လိုက်ကြလေသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ကို နောက်နေတာလား။ ဒီလူငယ်လေးဆီမှာ Lithographyနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ရှိနေတယ်ပေါ့လေ။
အဘိုးလော့သည် ဤကိစ္စကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားရန် လိုအပ်လာခဲ့၏။
"ဟုတ်တယ်… ဒီဥက္ကဋ္ဌစုက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရထားတဲ့သူလို့ ပြောလို့ရတယ်… တရုတ်နိုင်ငံရဲ့ ထိပ်တန်း AI ကုမ္ပဏီဖြစ်တဲ့ Ar နည်းပညာကုမ္ပဏီက သူ့ဟာလေ…" ကျောက်ဟွေ့ဟွမ်က ရှင်းပြလိုက်သည်။
"အိုး… ငါ သိပြီ… ဒီလူငယ်လေး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး… မင်္ဂလာပါ မိတ်ဆွေလေးစူး… ငါက လော့ယွန်းပါ…" ထိုသို့ပြောပြီးနောက် အဘိုးလော့က မတ်တတ်ရပ်ကာ လက်ကမ်းပေးလိုက်၏။
လက်ဆွဲနှုတ်ဆက်ပြီးနောက် အဘိုးလော့က စုယွမ်အား လေးစားစွာ ကြည့်လိုက်သည်။
"ဒါပေမဲ့ ငါ့မှာ သံသယတွေ ရှိနေတုန်းပဲ… မိတ်ဆွေလေးစူး… မင်းရဲ့ လုပ်ငန်းက Lithographyတွေနဲ့ အရမ်း ကွာခြားနေတယ်လေ… မင်းက Lithographyတွေမှာ တကယ်ပဲ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရထားတာလား…" အဘိုးလော့က မေးလိုက်၏။
"ဟုတ်တယ်… ကျွန်တော့်မှာလည်း သံသယတွေ ရှိနေတယ်… ငါတို့က အချိန်အကြာကြီး သုတေသနတွေ လုပ်ခဲ့တာတောင် ဘာတိုးတက်မှုမှ မရသေးဘူး… ဥက္ကဋ္ဌစုက တကယ်ပဲ တိုးတက်မှု ရထားတာလား…" ပရောဂျက်အဖွဲ့၏ ဒုတိယခေါင်းဆောင် ဖုန်ဖေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အဘိုးလော့နဲ့ အားလုံးပဲ… ဒါက တကယ်လား အတုလားဆိုတာကို ရှောင်စုကို ပြခိုင်းလိုက်ကြရအောင်…" ကျောက်ဟွေ့ဟွမ်က ဝင်ပြောလိုက်၏။
"ကောင်းပါပြီ…"
စုယွမ် အချိန်ဖြုန်းမနေတော့ဘဲ ကျောက်ဟွေ့ဟွမ် ကမ်းပေးလာသော ကွန်ပျူတာကို ယူကာ USB drive ကို တိုက်ရိုက် တပ်ဆင်လိုက်လေသည်။
ရုတ်တရက် ကြီးမားသော မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့် စာသားတစ်ကြောင်းက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်လေ၏။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး၊ သူတို့၏ အကြည့်များထဲတွင် မယုံကြည်နိုင်မှုနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့လေသည်။
"ငါ ဘာမြင်လိုက်တာလဲ… ဒါ အစစ်ပဲလား… နေပါဦး… ငါ့မျက်စိတွေများ မှားနေတာလား…"
သုတေသီများသည် ကြီးမားသော မျက်နှာပြင်ပေါ်တွင် ပေါ်လာသော စာသားများကို မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြလေ၏။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…" ဖုန်ဖေး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့ပြီး သူ၏မျက်မှန်မှာ မြေပြင်ပေါ်သို့ မတော်တဆ ပြုတ်ကျသွားခဲ့ချေသည်။
သူ စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီးနောက် မျက်မှန်ကို အလျင်အမြန် ကောက်ယူကာ သုတ်လိုက်ပြီး သူ၏ရှေ့ရှိ ကြီးမားသော မျက်နှာပြင်ကြီးကို ကြည့်လိုက်၏။
"အဘိုးလော့… ဒါက အစစ်လား အတုလား… ငါ မယုံနိုင်သေးဘူး…"
ဤအတွေးမျိုး ဝင်နေသူမှာ ဖုန်ဖေး တစ်ယောက်တည်း မဟုတ်ချေ။ တက်ရောက်လာသူ အများစုမှာလည်း ဤအတွေးမျိုး တွေးနေကြပြီး အခန်းတစ်ခုလုံး ချက်ချင်းပင် ဆူညံသွားခဲ့လေသည်။
အဘိုးလော့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေကြောင်း ခံစားလိုက်ရ၏။
"တကယ်လို့ ဒါသာ အမှန်ဆိုရင်… ဒါက ငါတို့ တာ့ရှား(တရုတ်)နိုင်ငံအတွက် နည်းပညာခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းပေးလိမ့်မယ်… အဲဒီမတိုင်ခင် ငါ မေးခွန်းတစ်ခုကို လေးလေးနက်နက် မေးချင်ပါသေးတယ်… ဥက္ကဋ္ဌစု… မျက်နှာပြင်ကြီးပေါ်က စာသားတွေက တကယ်ပဲ အမှန်တွေလား…" စိတ်ကို တည်ငြိမ်အောင် ထိန်းပြီးနောက် အဘိုးလော့က မေးလိုက်သည်။
"ဟုတ်ပါတယ်… လူတိုင်း မြင်တာ မှန်ပါတယ်… သံသယဖြစ်နေစရာ မလိုပါဘူး… ဒါက တကယ့်အစစ်ပါ… 7nmLithographyတွေရဲ့ ထုတ်လုပ်မှု နည်းပညာနဲ့ သုတေသန သဘောတရားတွေပါ… တခြားစကားနဲ့ ပြောရရင် ဒီနေ့ ငါတို့ တာ့ရှား(တရုတ်)နိုင်ငံက 7nmLithographyတွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ပိတ်ဆို့မှုတွေကို ချိုးဖျက်နိုင်ခဲ့ပါပြီ…" စုယွမ်က အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ကာ ဖြေလိုက်၏။
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။