← Chapters

အခန်း ၃၅၈

Vol. 32 Ch. 358

အခန်း ၃၅၈

Vol. 32 Ch. 358

အခန်း (၃၅၈) သူလျှို

ထိုနေရာတွင် နှစ်နာရီကြာ ဆွေးနွေးပြီးနောက် လူတိုင်းသည် ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့ကြချေသည်။

သူတို့၏ ဝမ်းသာပျော်ရွှင်မှုမှာ သိသာထင်ရှားနေခဲ့၏။

ဤသည်မှာ အံ့မခန်း အဖြစ်အပျက်တစ်ခုပင်။

တက်ရောက်လာသူတိုင်းသည် သမိုင်း၏ သက်သေများဖြစ်ကြသည်ဟု ဆိုနိုင်ပေသည်။

ဖုန်ဖေး၏ အပြုံးတစ်ခုတည်းသာ အနည်းငယ် ထူးဆန်းနေပုံပေါ်ပြီး စစ်မှန်သော ပျော်ရွှင်မှုနှင့် မတူညီချေ။

"ဖုန်ဖေး... ဘာဖြစ်လို့လဲ... မင်း မပျော်ဘူးလား..." ဖုန်ဖေး၏ ထူးဆန်းသော မျက်နှာအမူအရာကို သတိထားမိသွားပြီး အဘိုးလော့က မေးလိုက်၏။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး..."

"ဒီလောက်ကြီးမားတဲ့ ကိစ္စအတွက် ဘယ်လိုလုပ် မပျော်ဘဲ နေမှာလဲ... ငါ အရမ်း ပျော်ပါတယ်..."

"ဥက္ကဋ္ဌစုရဲ့ အကူအညီနဲ့ ငါတို့ရဲ့ သုတေသနက ခုန်ပျံကျော်လွှားနိုင်ခဲ့ပြီလို့ ပြောလို့ရတယ်..."

ဖုန်ဖေးက အလျင်အမြန် ရှင်းပြလိုက်သည်။

"အမ်း... အဘိုးလော့... ဒီစာရွက်စာတမ်းကို ကြည့်ပါဦး... အရမ်း တန်ဖိုးရှိတယ်... အထဲက နည်းပညာတွေကလည်း အရမ်း အဆင့်မြင့်တယ်... ငါ လေ့လာနိုင်ဖို့အတွက် မိတ္တူအပြည့်အစုံ ရနိုင်မလားလို့ မေးချင်ပါတယ်..." ဖုန်ဖေးက အဘိုးလော့အား မေးလိုက်၏။

"ဒါက..."

"ဖုန်ဖေး... မင်းက ပရောဂျက်ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်နေရင်တောင် ဒီစာရွက်စာတမ်း အပြည့်အစုံကို ငါ မပေးနိုင်ဘူး..."

"မင်း သိတဲ့အတိုင်း ငါတို့က လျှို့ဝှက်ဌာနတစ်ခုကို ပိုင်ဆိုင်တယ်... ဌာနအသီးသီးမှာ မတူညီတဲ့ အလုပ်ခွဲဝေမှုတွေ ရှိတယ်... ဒါကြောင့် စာရွက်စာတမ်းအစုံလိုက်က လူတစ်ယောက်တည်းရဲ့ လက်ထဲမှာ ရှိနေလို့ မရဘူး... တကယ်လို့ ပေါက်ကြားသွားရင် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်..."

"အဲဒီလိုဆိုရင် ငါတို့က ဥက္ကဋ္ဌစုကို ဘယ်လို မျက်နှာပြရတော့မလဲ..."

"ငါ မင်းကို မယုံလို့ မဟုတ်ပါဘူး ရှောင်ဖုန်... ဒီကိစ္စက အရမ်း အရေးကြီးလို့ပါ... ပြီးတော့ ငါတို့က စည်းကမ်းတွေကို ချိုးဖောက်လို့ မရဘူးလေ..."

"စိတ်မပူပါနဲ့... ငါတို့ရဲ့ နည်းပညာ လုံးဝ ခိုင်မာသွားပြီဆိုရင် စာရွက်စာတမ်း အားလုံးကို မင်း ကြည့်ခွင့်ရဖို့ သေချာပေါက် လျှောက်ထားပေးပါ့မယ်..." အဘိုးလော့က ပြောလိုက်သည်။

"အဘိုးလော့... ငါ နားလည်ပါတယ်..." ဖုန်ဖေးသည် ဆန္ဒမရှိသော်လည်း ဤရလဒ်မှာ သူ၏ မျှော်လင့်ထားမှုအတွင်း၌ ရှိနေပေ၏။

ဤမျှ အရေးကြီးသော စာရွက်စာတမ်းကို အဘိုးလော့၊ ဝန်ကြီးကျောက်နှင့် အခြား ထိပ်တန်းအရာရှိအချို့မှလွဲ၍ မည်သူကမျှ အပြည့်အဝကြည့်ခွင့်ရှိမည် မဟုတ်ချေ။

ဤသို့ဆိုလျှင် သူ၏ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုရန် လိုအပ်ပေမည်။

"ငါတို့ ဆွေးနွေးလို့ ပြီးသွားပြီ... ပြီးတော့ လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးပြီးပြီမို့ အခု အသက်ဝင်နေပြီ... ဒီအခန်းထဲက ထွက်သွားပြီးတာနဲ့ ဒီမှာရှိတဲ့ ဘယ်သူကမှ ဒီနေ့ဖြစ်ရပ်တွေကို ထပ်မဆွေးနွေးရဘူး... သဘောတူညီချက်ကို ချိုးဖောက်တဲ့ ဘယ်သူမဆို လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက်အရ တာဝန်ယူရလိမ့်မယ်..." ကျောက်ဟွေ့ဟွမ်က အလေးအနက် ပြောလိုက်၏။

"အခု ထွက်သွားလို့ရပါပြီ..."

"ရှောင်စု... ဒီကိစ္စက အရမ်းအရေးကြီးတယ်... ပြီးတော့ အထက်လူကြီးတွေကို အစီရင်ခံဖို့ လိုသေးတယ်... ဒါကြောင့် မင်းနဲ့အတူ ညစာ မစားနိုင်တော့ဘူး..." ကျောက်ဟွေ့ဟွမ်က ပြောလိုက်သည်။

"ဦးလေးကျောက်... ကိုယ့်ကိစ္စကို သွားလုပ်လို့ရပါတယ်..." စုယွမ်က ပြောလိုက်၏။

"ကောင်းပြီ... ရှောင်လျို... မင်း ရှောင်စုကို ညစာ ကျွေးလိုက်... ကုန်ကျစရိတ် ဘယ်လောက်ဖြစ်ဖြစ် ငါ ပြန်ပေးမယ်... သူ သေချာ စားရဖို့ကို သေချာအောင် လုပ်ပေး..." ကျောက်ဟွေ့ဟွမ်က မထွက်ခွာမီ ညွှန်ကြားလိုက်ပေသည်။

ရှောင်လျိုက အလျင်အမြန် သဘောတူလိုက်၏။

ထို့နောက် လူတိုင်း တဖြည်းဖြည်း လူစုခွဲသွားကြပြီး အဘိုးလော့နှင့် စုယွမ်တို့လည်း အချိန်အနည်းငယ်မျှ စကားပြောဆိုပြီးနောက် ထွက်ခွာသွားခဲ့ကြလေသည်။

စုယွမ်နှင့် အခြားသူများသည်လည်း ထွက်ခွာရန် ပြင်ဆင်နေခဲ့ကြ၏။

ဤအချိန်တွင် အွန်လိုင်း၌ သတင်းဆောင်းပါးများစွာ ပျံ့နှံ့သွားခဲ့ပေသည်။

[တရားဝင် ကြေညာချက် - ကြည်လင်အမှတ်တံဆိပ်ရဲ့ ဝက်ခြံပျောက်ဆေးက ဟော်မုန်းနဲ့ သတ္တုဓာတ်လိုမျိုး အန္တရာယ်ရှိတဲ့ ဒြပ်စင်တွေ အများအပြား ထည့်သွင်းထားတဲ့အတွက် တာ့ရှား(တရုတ်)နိုင်ငံရဲ့ ဘေးကင်းလုံခြုံရေး ထုတ်လုပ်မှု စည်းမျဉ်းတွေကို ချိုးဖောက်နေပါတယ်...]

[နစ်နာသူတွေကို ချက်ချင်း သတင်းပို့ဖို့ တိုက်တွန်းထားပါတယ်... အာဏာပိုင်တွေက လုပ်ငန်းလည်ပတ်မှုကို လုံးဝ ပိတ်သိမ်းလိုက်ပါပြီ... ထိခိုက်နစ်နာသူတွေကို လျော်ကြေးငွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်...]

[တကယ်လို့ သင်က ကြည်လင်ထုတ်ကုန်တွေကို ဝယ်ယူထားပေမဲ့ အသုံးမပြုရသေးဘူးဆိုရင် ဝယ်ယူတဲ့ ဈေးနှုန်းရဲ့ သုံးဆအပြင် ငွေပြန်အမ်းဖို့ လျှောက်ထားနိုင်ပါတယ်...]

ဤသတင်းက ကြည်လင် အမှတ်တံဆိပ်၏ ယခင်လုပ်ရပ်များကို ဖော်ထုတ်လိုက်သည်မှာ သေချာလှပေ၏။

အွန်လိုင်းပေါ်ရှိ လူအများအပြားသည် ဖြောင့်မတ်သော ဒေါသများနှင့် မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့ကြချေသည်။

[တောက်... ရွံစရာကောင်းလိုက်တာ... ဝက်ခြံပျောက်ဆေးထဲကို အဲဒီအရာတွေ ထည့်ထားတာက အကျိုးအမြတ်အတွက် လူသတ်နေတာနဲ့ အတူတူပဲ...]

[ဟုတ်တယ်... ငါ အရင်က သူ့ရဲ့ လှည့်စားတာကို ခံခဲ့ရတာ... အသုံးမပြုခဲ့မိလို့ တော်သေးတာပေါ့...]

[ဒီရွံစရာကောင်းတဲ့ ကုမ္ပဏီကို ချက်ချင်း ဖျက်ဆီးပစ်ဖို့ ငါ အကြံပြုချင်တယ်... သူတို့က ငါတို့ရဲ့ ကျန်းမာရေးနဲ့ ပိုက်ဆံတွေကို ဖျက်ဆီးနေတာ... အဲဒါက ဘယ်လို စိတ်ဓာတ်မျိုးလဲ...]

[မင်းတို့ သတိထားမိကြလား... လင်းလက် အမှတ်တံဆိပ်ရဲ့ ထုတ်ကုန်တွေက ထိရောက်မှုရှိပြီး အသုံးပြုသူ အများအပြားက သက်သေခံချက်တွေ ပေးနေကြတယ်... ပြီးတော့ သူတို့က ကြည်လင်အမှတ်တံဆိပ်အပေါ် စွပ်စွဲချက်အမှားတွေကိုတောင် လှည့်မကြည့်ခဲ့ကြဘူး... အဲဒါကို ယုံကြည်မှုလို့ ခေါ်တာပဲ... သူတို့ဆီမှာပဲ အဲဒီလို အာမခံချက်မျိုး ရှိတယ်...]

[လင်းလက် အမှတ်တံဆိပ်က ဘယ်သူ့ကုမ္ပဏီလဲဆိုတာ သူတို့ မသိကြဘူးလား... အဲဒါက ဥက္ကဋ္ဌစုယွမ် ပိုင်တာလေ... ရိုးရိုးသားသား ပြောရရင် သူတို့ရဲ့ ထုတ်ကုန်တွေက တကယ် ထိရောက်မှုရှိတယ်... သန့်စင်တဲ့ ဆေးဘက်ဝင် အပင်တွေနဲ့ ပြုလုပ်ထားတာဆိုတော့ ၁၉၉ ဆိုတဲ့ ဈေးက လုံးဝ မကြီးဘူးလို့ ထင်တယ်...]

[ဒီဈေးနှုန်း သတ်မှတ်ရတဲ့ အဓိက အကြောင်းရင်းက တခြားထုတ်လုပ်သူတွေ ရှင်သန်နိုင်ဖို့ လမ်းဖွင့်ပေးထားတာပဲ... ဒါပေမဲ့ အခုကြည့်ရတာ ငါတို့ရဲ့ ဝက်ခြံပျောက်ဆေးထုတ်ကုန်တွေကို လင်းလက် အမှတ်တံဆိပ်က လက်ဝါးကြီးအုပ်တော့မယ့်ပုံပဲ...]

[အခု အွန်လိုင်းမှာ အမြန်ရှာကြည့်လိုက်တာနဲ့ လူတိုင်းက လင်းလက် အမှတ်တံဆိပ် ထုတ်ကုန်တွေအကြောင်း သိနေကြတယ်ဆိုတာ တွေ့ရလိမ့်မယ်... ဈေးနည်းနည်း ကြီးပေမဲ့ ရလဒ်တွေက တကယ့်ကို အံ့မခန်းပဲ... တစ်ခါသုံးရုံနဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်... ဒါက တကယ့်ကို ပြည်သူတွေအတွက် အကျိုးကျေးဇူးပဲ...]

ဤတရားဝင် ကြေညာချက်က ဤကိစ္စ၏ သဘောသဘာဝကို သေချာပေါက် သတ်မှတ်ပေးလိုက်ခြင်းပင်။ ယခုအခါ တရုတ်ပြည်သူများကြားတွင် ဝက်ခြံပျောက်ဆေးအမှတ်တံဆိပ်အဖြစ် လင်းလက် အမှတ်တံဆိပ် တစ်ခုတည်းကိုသာ အသိအမှတ်ပြုကြတော့သည်ဟု ဆိုနိုင်ပေ၏။

ထုတ်ကုန်များကို ကောင်းမွန်စွာ ပြုလုပ်ထားမှသာ ရောင်းကောင်းမည်ဖြစ်ပြီး အသုံးပြုသူများကိုလည်း ကျေနပ်မှု ရရှိစေမည် ဖြစ်ပေသည်။

၎င်းနောက်တွင် ဒုတိယမြောက် တရားဝင် သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့လေ၏။

[တာ့ရှား(တရုတ်) သုတေသနဌာန - ပညာရှင်စုန့်လင်းရဲ့ ဘွဲ့ကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာပါတယ်...]

ဤတိုတောင်းသော စာသားလေးက အတော်လေး ဂယက်ရိုက်သွားစေခဲ့ချေသည်။

ပညာရှင်ဘွဲ့ကို ရုပ်သိမ်းလိုက်ခြင်းပင်။

တာ့ရှား(တရုတ်) သုတေသနဌာနအနေဖြင့် ဤသို့သော အရာမျိုးကို ပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေ၏။

ဤသည်က ကြည်လင်အမှတ်တံဆိပ်သည် မည်မျှ ယုတ်မာကြောင်းကို ထပ်မံ သက်သေပြနေခြင်းပင်။

ဤသတင်းက ကြီးမားသော လှုပ်လှုပ်ရှားရှား ဖြစ်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။

အွန်လိုင်းပေါ်တွင် ဆွေးနွေးမှုများ ပြင်းထန်နေချိန်မှာပင် ဖုန်ဖေးသည် အလွန် သာမန်ဖြစ်သော လူနေအဆောက်အအုံတစ်ခု၌ ပေါ်လာခဲ့ပေ၏။

"ဒေါက် ဒေါက် ဒေါက်..."

"အစ်ကို အိမ်မှာရှိလား..." ဖုန်ဖေးက ပတ်ဝန်းကျင်ကို ကြည့်ကာ တံခါးကို ခေါက်လိုက်သည်။

"လာပြီ... လာပြီ..." ထို့နောက် အလွန် ရိုးသားဖြူစင်ပုံပေါ်သော အမျိုးသားတစ်ဦးက တံခါးကိုဖွင့်လာပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်ကာ ဖုန်ဖေးအား အိမ်ထဲသို့ ဆွဲသွင်းလိုက်၏။

"ဘာတွေဖြစ်နေတာလဲ... သဘောတူထားတဲ့အချိန် မရောက်ခင် ဘာလို့ ရောက်လာတာလဲ..." ထိုအမျိုးသားမှာ ဖုန်ဖေး ရောက်လာမှုကြောင့် အလွန် နားမလည်နိုင် ဖြစ်သွားခဲ့သည်။

"ငါ့ကို ရေတစ်ခွက်လောက် အရင်ငဲ့ပေး... ရေဆာလွန်းလို့ သေတော့မယ်..." ဖုန်ဖေးက သူ၏ ဦးထုပ်နှင့် နှာခေါင်းစည်းကို ချွတ်ရင်း ပြောလိုက်၏။

ထို့နောက် သဘောကောင်းပုံရသော အမျိုးသားက ဖုန်ဖေးအား ရေတစ်ခွက် ငဲ့ပေးလိုက်ပေသည်။

"ပြောပါဦး... ဘာဖြစ်လို့လဲ... မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်လာလို့လား..." အမျိုးသားက စိုးရိမ်တကြီး မေးလိုက်သည်။

"အင်း..." ဖုန်ဖေးသည် ခွက်ထဲရှိ ရေကို တစ်ကျိုက်တည်း မော့သောက်လိုက်လေ၏။

"ငါတို့ရဲ့ Lithography ပရောဂျက်က ပြီးဆုံးတော့မယ်..." ဖုန်ဖေးက ပြောလိုက်သည်။

"ဟင်... မင်းတို့ လက်လျှော့လိုက်ပြီလား..." အမျိုးသားက နားမလည်စွာ မေးလိုက်၏။

"မဟုတ်ဘူး... သုတေသန ပရောဂျက် ပြီးဆုံးပြီဆိုတာက တိုးတက်မှုတွေ ရလာလို့လေ..."

"အခုဆိုရင် ငါတို့က 7nmLithography ဖန်တီးနိုင်တဲ့ နည်းလမ်းကို ကျွမ်းကျင်ပိုင်နိုင်သွားပြီ..." ဖုန်ဖေးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"ဘာ..."

"မင်း ဘယ်လိုလုပ်ခဲ့တာလဲ..."

“မင်း ဘာလို့ အဲဒါကို မတားခဲ့တာလဲ...

မင်းသာ အဲဒီကိစ္စကို တားဆီးနိုင်ခဲ့မယ်ဆိုရင် ငါတို့နှစ်ယောက် ဘယ်လောက်များ အကျိုးအမြတ် ရနိုင်ခဲ့မလဲ...ပြီးတော့...မင်း ဘက်ပြောင်းချင်နေတာလား...မမေ့နဲ့...မင်းရဲ့ အားနည်းချက်တွေ ငါ့လက်ထဲမှာ ရှိနေသေးတယ်...အပိုတွေ လာမလုပ်နဲ့...”အမျိုးသားက ဒေါသတကြီး ပြောလိုက်၏။

“မင်း ရူးနေလား...ငါက ဘယ်လိုလုပ်ပြီး စိတ်ကူးပေါက်တိုင်း ဘက်ပြောင်းမှာလဲ...

အဲဒီလို လုပ်လို့ ငါ့အတွက် ဘာအကျိုးရှိမှာလဲ...ဒီတစ်ခေါက် သူတို့ အောင်မြင်သွားတာက အဓိကအားဖြင့် လူတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့လို့ပဲ...7nmLithography ထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို ယူလာပေးခဲ့တဲ့သူက သူပဲ...”

ဖုန်ဖေးက ဖြည်းညင်းစွာ ပြောလိုက်လေသည်။

All Chapters