အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း (၂၃၁) အားလုံးက ထောင်ချောက်တစ်ခုပဲ
ချန်ဖုန်းက မျက်နှာတစ်ထောင်မြေခွေးရဲ့ လုံခြုံရေးအတွက် သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။
ပြိုင်ဘက်က အရမ်းအစွမ်းထက်ပေမယ့် လဲ့ယန်တို့က အချိန်မရွေး သွားရောက်ကူညီနိုင်တာမို့ ဘာပြဿနာမှ ရှိလာနိုင်စရာ အကြောင်းမရှိပေ။
သူ ထွက်သွားရန် ပြင်လိုက်ချိန်မှာပင်။
နည်းပြဆရာမ ကျင်းထျန်က ရုံးခန်းထဲမှ ပြာယာခတ်လျက် ပြေးထွက်လာပြီး ချန်ဖုန်းနှင့် ဝင်တိုက်မိသွား၏။
"အိုး..."
နည်းပြဆရာမ ကျင်းထျန်က သူမ၏ နဖူးကို ဖုံးအုပ်လိုက်သည်။
နာကျင်မှုကြောင့် သူမ အသက်ရှူမှားသွားရ၏။
"ဆရာမကျင်း ဘာလို့ ဒီလောက် လောနေရတာလဲ..."
ချန်ဖုန်းက ရယ်မောလိုက်ပြီး ခန္ဓာကိုယ်အားဖြည့်စွမ်းရည်ကို အကြိမ်ကြိမ် ခံယူထားသူမို့ သူ၏ခန္ဓာကိုယ်နှင့် တိုက်မိပါက နာကျင်သွားမည်မှာ အဆန်းမဟုတ်ကြောင်း တွေးလိုက်ပေသည်။
"နင်..."
နည်းပြဆရာမ ကျင်းထျန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သူမ ဘာတွေတွေးနေမှန်း မသိရသော်လည်း ချန်ဖုန်းကို ဆွဲကာ အပြင်ဘက်သို့ ပြေးထွက်လာခဲ့သည်။ "မြန်မြန် ငါနဲ့ ခဏလောက် လိုက်ခဲ့ဦး နင့်အကူအညီလိုလို့..."
ချန်ဖုန်းက ဘာစကားမှ ပြန်မပြောခဲ့ချေ။
ကျောင်းကားပါကင်သို့ ရောက်ရှိလာပြီးနောက် သူမက ချန်ဖုန်းကို ကားထဲသို့ တွန်းထည့်လိုက်သည်။
လီဗာကို နင်းလိုက်ပြီး အနီရောင် ဆီဒင်ကားလေးက ကျောင်းထဲမှ တိုက်ရိုက် မောင်းထွက်သွားတော့၏။
နည်းပြဆရာမ ကျင်းထျန်သည် ပေ့ဟူတက္ကသိုလ်၏ ဆရာမတစ်ဦးအနေဖြင့် လစဉ်လစာ ခြောက်ထောင်မှ ခုနစ်ထောင်အထိ ရရှိပြီး နှစ်စဉ်ဆုကြေးငွေများနှင့် အခြားထောက်ပံ့ကြေးများလည်း ရရှိပေသည်။
တစ်နှစ်လျှင် ကိုးသောင်းကျော်ခန့် ဝင်ငွေရှိ၏။
ထို့ကြောင့် အလုပ်သွားအလုပ်ပြန်လုပ်ရန် ကားတစ်စီး ဝယ်ယူထားခြင်း ဖြစ်သည်။
သိပ်မဈေးမကြီးဘဲ တစ်သိန်းကျော်ခန့်သာ တန်ဖိုးရှိချေသည်။
ကားထဲတွင် ချန်ဖုန်းက ထိုင်ခုံပေါ်သို့ မှီချလိုက်ပြီး ယာဉ်မောင်းခုံမှ နည်းပြဆရာမ ကျင်းထျန်အား တစ်ချက်ကြည့်ကာ ဒိုင်ခွက်ပေါ်ရှိ ဂဏန်းများကို ကြည့်ရှုလိုက်၏။
၅၀၊ ၈၀၊ ၁၀၀
အမြန်နှုန်းက ဆက်လက်မြင့်တက်နေဆဲပင်။
‘သောက်…လခွမ်း’
ချန်ဖုန်း၏ နှုတ်ခမ်းများ အကြိမ်ကြိမ် တုန်ယင်သွားရပြီး သူက အလျင်အမြန် ပြောဆိုလိုက်သည်။ "ဆရာမကျင်း ဖြည်းဖြည်း မောင်းပါ မီးနီဖြတ်မောင်းတော့မလို့လား..."
‘အမျိုးသမီးယာဉ်မောင်းတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ’ ဟု ချန်ဖုန်းတစ်ယောက် မတွေးပဲ မနေနိုင်တော့ချေ။
ထိုအချိန်မှသာ နည်းပြဆရာမ ကျင်းထျန် သတိဝင်လာပြီး အရှိန်ကို အလျင်အမြန် လျှော့ချလိုက်ပေ၏။
သူမက အလျင်အမြန် ပြောလိုက်သည်။ "ချန်ဖုန်း နင့်မှာ အဆက်အသွယ်တွေ အများကြီးရှိတယ်လို့ ငါ ကြားထားတယ် ကျောက်စိမ်းလောင်းကစားရုံပိုင်ရှင်ကိုရော နင် သိလား..."
"ကျောက်စိမ်းလောင်းကစားရုံလား..."
ချန်ဖုန်း အံ့အားသင့်သွားရသည်။ သူက ကျောက်စိမ်းလောင်းကစားလုပ်လေ့ မရှိသဖြင့် ထိုနေရာမှ ပိုင်ရှင်ကို မည်သို့လုပ် သိရှိနိုင်မည်နည်း။
နည်းပြဆရာမ ကျင်းထျန်၏ မျက်နှာမှာ အလွန်စိုးရိမ်ပူပန်နေပုံရပြီး လီဗာကို ထပ်နင်းရန် ပြင်လိုက်သော်လည်း ချန်ဖုန်း၏ မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် ရပ်တန့်သွားခဲ့၏။
သူမက ပြာယာခတ်လျက် ရှင်းပြလိုက်သည်။ "ဒီရက်ပိုင်း ငါ့အဖေ ဘာဖြစ်နေလဲ မသိဘူး ကျောက်စိမ်းလောင်းကစားတာကို အရမ်းစွဲလမ်းနေတာ ဒီနေ့လည်း ကျောက်ရိုင်းတုံး တချို့မှာ ပိုက်ဆံတွေ အများကြီး ရှုံးသွားတယ်..."
"စုဆောင်းထားသမျှ ပိုက်ဆံတွေ ကုန်သွားတဲ့အပြင် ကျောက်စိမ်းလောင်းကစားဖို့အတွက် ပိုက်ဆံတွေ ထပ်ချေးခဲ့သေးတယ်..."
"သူက ကျောက်စိမ်းလောင်းကစားရုံ ပိုင်ရှင်ဆီမှာ အကြွေးတင်သွားလို့ ပိုင်ရှင်က သူ့ကို ဖမ်းထားတယ်..."
"ခုနကပဲ ကျောက်စိမ်းလောင်းကစားရုံက ဖုန်းဆက်ပြီး သူ့ကို လာရွေးဖို့ ပြောတယ်...ငါတို့ ဘယ်လိုလုပ်ကြမလဲ..."
အကယ်၍ အကြွေးပမာဏ နည်းပါးမည်ဆိုပါက သူမ၏ စုဆောင်းငွေများဖြင့် ဆပ်ပေးနိုင်ပေသည်။
သို့သော် အကြွေး အရမ်းများနေပြီး မဆပ်နိုင်ပါက ပြဿနာက ကြီးမားသွားပေလိမ့်မည်။
"အခု စိတ်ပူနေလည်း ဘာမှထူးလာမှာ မဟုတ်ဘူး အရင်ဆုံး အဲဒီကို သွားကြည့်ကြတာပေါ့..."
ချန်ဖုန်းအနေဖြင့် သူမကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ပေးရန် လိုအပ်ပေ၏။ သူက ကားထဲတွင် ရှိနေသေးသဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားပါက ပြဿနာ ကြီးသွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် နည်းပြဆရာမ ကျင်းထျန်သည် တော်တော်လေး ယုံကြည်စိတ်ချရသူ ဖြစ်ပေသည်။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် သူတို့နှစ်ဦး ကျောက်စိမ်းလောင်းကစားရုံသို့ ရောက်ရှိသွားကြ၏။
လောင်းကစားရုံကြီး တစ်ခုလုံးမှာ စတုရန်းမီတာ တစ်ထောင်ကျော် ကျယ်ဝန်းပြီး ဘယ်ဘက်ခြမ်းတွင် ကျောက်တုံးများ အများအပြား ရှိကာ ညာဘက်ခြမ်းမှာမူ ကျောက်ဖြတ်သည့် နေရာဖြစ်ချေသည်။
နည်းပြဆရာမ ကျင်းထျန်သည် ဝင်ဝင်ချင်းပင် သူမ၏ ဖခင်ကို မြင်တွေ့လိုက်ရသည်။ သူမဖခင်၏ ဘေးတွင် လူနှစ်ဦး သို့မဟုတ် သုံးဦးခန့် စောင့်ကြပ်နေပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်နေပုံရပေ၏။
"သမီး ဒီဘက်မှာ ဒီဘက်မှာ..."
ကျင်းကျန်းရှင်းက သူ၏သမီးကို နောက်ဆုံးမျှော်လင့်ချက်အဖြစ် သတ်မှတ်ထားသကဲ့သို့ ပြာယာခတ်လျက် လက်ဝှေ့ယမ်းပြလိုက်သည်။
"အဖေ အဆင်ပြေရဲ့လား..."
အတိုင်ပင်ခံဆရာမ ကျင်းထျန်က သူမ၏ မျက်နှာပေါ်တွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုများဖြင့် အပြေးအလွှား သွားရောက်ခဲ့၏။
ကျင်းကျန်းရှင်းက လက်ကာပြကာ သက်ပြင်းချလိုက်သည်။ "ဘာမှမဖြစ်ပါဘူး အကြွေးနည်းနည်း တင်သွားရုံပါ သမီး နောက်မှ ပြန်ဆပ်ပေးလိုက်နော် ဒီတစ်ခါတော့ အဖေ တကယ်ကို မှားသွားပြီ..."
"တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ..."
နည်းပြဆရာမ ကျင်းထျန် အနည်းငယ် ဒေါသထွက်သွားပေ၏။
သူမ၏ ဖခင်သည် ယခင်က အလွန် တည်ငြိမ်သူတစ်ဦးဖြစ်ပြီး ယနေ့ကဲ့သို့ ပေါ့ပေါ့ဆဆ လုပ်ရပ်မျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးချေ။
‘ကိုယ့်အခြေအနေကိုယ် မသိဘူးလား ကျောက်စိမ်းလောင်းကစားတောင် လုပ်ရသေးတယ်…’ဟု သူမ တွေးလိုက်၏။
"ဟူး အကုန်လုံး ငါ့အမှားပါ..."
ကျင်းကျန်းရှင်းက မျက်နှာငယ်လေးဖြင့် ပြောဆိုလိုက်၏။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖေ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ် အဲဒီသူငယ်ချင်းက အရမ်းတော်တာ ဒီမှာ ကျောက်တုံး ငါးတုံး ဆက်တိုက် ဝယ်ခဲ့တာ..."
"အကုန်လုံး အစိမ်းရောင်တွေချည်းပဲ ထွက်လာခဲ့တယ်...သူက ချက်ချင်းပဲ ယွမ် ငါးသန်းလောက် မြတ်သွားခဲ့တယ်..."
သူက သမီးဖြစ်သူ ကျင်းထျန်အား တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။
"အဖေလည်း မိသားစုအတွက် ပိုက်ဆံနည်းနည်း ရှာပေးချင်တာနဲ့ သူ သင်ပေးတဲ့ အတွေ့အကြုံတွေသုံးပြီး ဒီမှာ လာစမ်းကြည့်တာ..."
"ဒါပေမဲ့ သူ့အတွေ့အကြုံတွေ အကုန်လုံးက အလကားဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး ကျောက်တုံး ဆယ်တုံး ဆက်တိုက်ဝယ်တာတောင် တစ်တုံးမှ ကျောက်စိမ်းမထွက်လာခဲ့ဘူး...နောက်ပိုင်း ပိုက်ဆံတွေ ကုန်သွားတော့ မင်းအမေ ဒေါသထွက်မှာကို အဖေ ကြောက်သွားတာ..."
"အဲဒါနဲ့ ကြိတ်မှိတ်ပြီး သူဌေးဆီကနေ ငွေတစ်သိန်းကျော် ချေးပြီး အရှုံးပေါ်တာကို ပြန်ဆယ်ဖို့ ကြိုးစားခဲ့တာ...ဒါပေမဲ့ အဖေ ထပ်ရှုံးသွားတုန်းပဲ..."
"အဖေ..."
နည်းပြဆရာမ ကျင်းထျန်သည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်၏။ ကံကောင်းထောက်မစွာဖြင့် အကြွေးပမာဏမှာ ယွမ် တစ်သိန်းကျော်သာ ဖြစ်ပြီး သူမ၏ စုဆောင်းငွေများဖြင့် ပြန်ဆပ်ရန် လုံလောက်ပေသည်။
ကျင်းကျန်းရှင်းသည် သူ မှားယွင်းသွားကြောင်း သိရှိသဖြင့် တိုးတိတ်စွာ ပြောဆိုလိုက်သည်။ "သမီး ဒီအကြောင်းကို သမီးအမေကို ပေးသိလို့ မဖြစ်ဘူးနော်..."
နည်းပြဆရာမ ကျင်းထျန်က မျက်နှာလွှဲသွားပြီး ဘာမှ ပြန်မပြောခဲ့ချေ။ အမေဖြစ်သူ၏ စူးရှထက်မြက်မှုဖြင့် ဤကိစ္စကို အနှေးနှင့်အမြန် သိရှိသွားမည်မှာ သေချာလှပေ၏။
ထိုအချိန်၌ ဘေးတွင် ရပ်နေသော ချန်ဖုန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ကျွန်တော့်အထင် မမှားဘူးဆိုရင် ဦးလေး လိမ်ခံလိုက်ရတာ သေချာတယ်..."
ထိုအချိန်မှသာ ကျင်းကျန်းရှင်းသည် သူ၏ဘေးရှိ ချန်ဖုန်းကို သတိပြုမိသွားပြီး မေးမြန်းလိုက်၏။ "သမီး ဒါက ဘယ်သူလဲ..."
"သမီး သူငယ်ချင်းပါ..."
နည်းပြဆရာမ ကျင်းထျန်သည် ချန်ဖုန်းက သူမ၏ ကျောင်းသားဖြစ်ကြောင်း အခြားသူများကို မသိစေချင်ခဲ့ချေ။ ကျောင်းသားတစ်ယောက်ကို ခေါ်လာခြင်းက ဘယ်လို အပြုအမူမျိုး ဖြစ်နေမည်နည်း။
သူမက ဖခင်ဖြစ်သူကို လျစ်လျူရှုကာ ချန်ဖုန်းအား တိုက်ရိုက် ကြည့်လျက် မေးမြန်းလိုက်သည်။ "ငါ့အဖေ လိမ်ခံရတာလား ဘာတွေဖြစ်ခဲ့တာလဲ..."
"အရမ်း ရှင်းပါတယ်..."
ချန်ဖုန်းက တွေးတောသုံးသပ်ပြလိုက်၏။
"ဦးလေး တွေ့ခဲ့တဲ့ လူက ဒီကျောက်စိမ်းလောင်းကစားရုံက လူဖြစ်နိုင်တယ် အနည်းဆုံးတော့ သူတို့နဲ့ တစ်ပူးတွဲတည်း လုပ်နေတဲ့သူပဲ...အဲဒီလူက အဓိကအားဖြင့် ပစ်မှတ်တွေကို ရှာဖွေပြီး ကျောက်စိမ်းလောင်းကစားဖို့ ဒီကိုလာအောင် နည်းမျိုးစုံနဲ့ သွေးဆောင်ဖြားယောင်းတာပဲ..."
"ဦးလေး ခုနက ပြောခဲ့သလို တစ်ဖက်လူက ကျောက်တုံး ငါးတုံး ဆက်တိုက်ဝယ်ပြီး အကုန်လုံး ကျောက်စိမ်းဖြစ်နေတာဆိုတာ သူက ကျောက်စိမ်းလောင်းကစားတာကို တကယ်ကျွမ်းကျင်တယ်လို့ တခြားသူတွေ ယုံကြည်လာအောင် ကျောက်တုံးတွေကို ကြိုတင် ပြင်ဆင်ထားတာ ဖြစ်ရမယ်..."
"ဦးလေးက သူတို့ရဲ့ ထောင်ချောက်ထဲကို တည့်တည့်ကြီး ဝင်သွားတာပဲ သူသင်ပေးတဲ့ အတွေ့အကြုံဆိုတာတွေက အတုတွေချည်းပဲဆိုတော့ ကျောက်စိမ်းကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ...အဓိကက လူ့သဘာဝကို အသုံးချသွားတာပဲ တကယ်လို့ ဦးလေးသာ ကျောက်စိမ်းမတွေ့ခင် အရှုံးပေးလိုက်ရင် ပိုက်ဆံနည်းနည်းပဲ ရှုံးမှာ..."
"ဒါပေမဲ့ အရှုံးပေါ်တာကို ပြန်ဆယ်ဖို့ အမြဲတမ်း တွေးနေတာက လောင်းကစားလုပ်တာနဲ့ အတူတူပဲ နောက်တစ်ပွဲဆိုရင် နိုင်မှာပဲလို့ အမြဲ ထင်နေတတ်ကြတယ်...ရလဒ်အနေနဲ့ အတွင်းခံတောင် ဝတ်စရာမရှိတော့တဲ့အထိ အကြီးအကျယ် ရှုံးသွားတာပဲ..."
ချန်ဖုန်း သတိပေးလိုက်ပြီးနောက် ကျင်းကျန်းရှင်းသည် ဘာတွေဖြစ်နေသနည်းဆိုတာကို ချက်ချင်း သဘောပေါက်သွားလေ၏။
"ဒါကြောင့်ကိုး သူက ဒီကလူတိုင်းကို သိနေတာ သူတို့ အကုန်လုံးက တစ်ကျိတ်တည်း တစ်ဉာဏ်တည်းတွေပဲ...ဒုက္ခပါပဲ ငါက တကယ်ကို ရူးမိုက်ခဲ့တာပဲ..."
နည်းပြဆရာမ ကျင်းထျန်၏ မျက်နှာမှာလည်း အလွန် ကြည့်ရဆိုးနေပေသည်။
‘ရွံစရာကောင်းလိုက်တာ...
ဒီခေတ်က စီးပွားရေးသမားတွေ အကုန်လုံးက ဒီလောက်တောင် ယုတ်မာကြတာလား’
ထိုအချိန်မှာပင် ဗိုက်ရွှဲရွှဲနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်လာခဲ့၏။
အတိုင်ပင်ခံဆရာမ ကျင်းထျန်ကို မြင်ချိန်တွင် သူ၏မျက်လုံးများ အရောင်လက်သွားပေသည်။ "မင်းက မစ္စကျင်း လား..."
"သူဌေးဝမ် ငါ့အဖေ တင်ထားတဲ့ အကြွေးတွေကို ငါ ပြန်ဆပ်ပေးနိုင်တယ် ဒါပေမဲ့ ရှင်တို့လုပ်ရပ်က တကယ်ကို ယုတ်မာလွန်းတယ်..."
အတိုင်ပင်ခံဆရာမ ကျင်းထျန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"မစ္စကျင်း ဘာကိုဆိုလိုချင်မှန်း ငါ နားမလည်ဘူး..."
သူဌေးဝမ်က ဖျော့တော့စွာ ပြုံးလိုက်သည်။ "ပိုက်ဆံကို မင်းအဖေ ကိုယ်တိုင် ချေးခဲ့တာ ပြီးတော့ ကျောက်စိမ်းလောင်းကစားတာကလည်း မင်းအဖေရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲလေ ငါက သူ့ကို အတင်းအကျပ် ခိုင်းခဲ့တာမှ မဟုတ်တာ ဘယ်လိုလုပ် ငါက ယုတ်မာတယ်လို့ ပြောနိုင်ရတာလဲ..."
"ရှင်..."
အတိုင်ပင်ခံဆရာမ ကျင်းထျန်မှာ အလွန် ဒေါသထွက်သွားသဖြင့် စကားတစ်ခွန်းမျှပင် ဆက်မပြောနိုင်တော့ချေ။