အခန်း ၂၃၄
Vol. 24 Ch. 234
အခန်း (၂၃၄) အန္တရာယ်များသော အခြေအနေ
ဟွာရှနိုင်ငံတွင် နယ်စပ်သုံးခု ရှိပေသည်။
အရေးကြီးဆုံး နယ်စပ်ကို စစ်ဘက်ဆိုင်ရာဌာနမှ တာဝန်ယူစောင့်ကြပ်ထားပြီး စစ်သေနာပတိကိုယ်တိုင် ကြီးကြပ်ကွပ်ကဲလေ့ရှိ၏။
အခြားနယ်စပ်ဒေသ နှစ်ခုကိုမူ တပ်ဖွဲ့များဖြင့်သာ တပ်စွဲထားခြင်း ဖြစ်ပေသည်။
ယခုအခါ မြောက်ပိုင်းနယ်စပ်၏ အခြားတစ်ဖက်နှင့် သိပ်မဝေးလှသော တောအုပ်တစ်ခုထဲတွင် လူနှစ်ဆယ်ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် အမျိုးသမီးတစ်ဦး၏ ဦးဆောင်မှုဖြင့် အလျင်အမြန် ပြေးလွှားနေကြ၏။
သူမကတော့ မျက်နှာတစ်ထောင်မြေခွေးပင်။
မျက်နှာတစ်ထောင်မြေခွေး၏ ဘေးတွင် အခြားအမျိုးသမီးတစ်ဦးလည်း ပါဝင်ပေသည်။ ထိုအမျိုးသမီးသည် အသက်လေးဆယ်ခန့် အရွယ်ရှိပြီး ပြည့်ဖြိုးသော ခန္ဓာကိုယ်နှင့် ကောင်းမွန်စွာ ထိန်းသိမ်းထားသော အသားအရေကို ပိုင်ဆိုင်ထား၏။
သူမ၏ မျက်ခုံးနှစ်ခုကြားတွင် မှဲ့တစ်ပေါက် ရှိပေသည်။
မျက်နှာတစ်ထောင်မြေခွေးက သူမကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "ရှင် ကျွန်မတို့နားမှာ ကပ်လိုက်လာတာ အကောင်းဆုံးပဲ... မဟုတ်ရင် ရှင့်အသက်ဆုံးရှုံးသွားရင် ကျွန်မ တာဝန်ယူမှာ မဟုတ်ဘူး..."
အမျိုးသမီးက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မေးမြန်းလိုက်၏။ "နင်တို့ရဲ့ သခင်လေးဆိုတာက တကယ်တော့ ဘယ်သူလဲ... ဘာလို့ ငါ့ကို သူနဲ့တွေ့ဖို့ ခေါ်သွားရတာလဲ..."
"ရှင် သူ့ကို မသိဘူးလား..."
မျက်နှာတစ်ထောင်မြေခွေးက လှောင်ပြောင်သော အမူအရာဖြင့် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်တုန်းက ရှင်က ကျွန်မတို့ရဲ့ သခင်လေးကို လယ်သမားတစ်ယောက်ရဲ့ အိမ်ရှေ့မှာ ချထားခဲ့တယ် မဟုတ်ဘူးလား... မီးတောက်အက... ရှင်က လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်တုန်းက တော်တော်လေး နာမည်ကြီးတဲ့သူ တစ်ယောက်ပဲလေ..."
“ရှင့်ရဲ့ ရုပ်ဖျက်စွမ်းရည်က တကယ်ကို အံ့မခန်းပါပဲ…ဒါပေမဲ့ အခြားသူတွေက ရှင့်ရဲ့ အမှတ်အသားကို ခန့်မှန်းနိုင်မှာ မဟုတ်ပေမယ့် ရှင် ဘယ်လောက်ပဲ ကောင်းကောင်း ရုပ်ဖျက်ထားပါစေ ကျွန်မကိုတော့ လှည့်စားလို့ မရဘူး…”
မီးတောက်အက၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီသွားလေ၏။
သူမ၏ ရင်ထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားသည်။
သူမက မျက်နှာတစ်ထောင်မြေခွေး၏ လက်မောင်းကို ဆွဲကိုင်ကာ တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။
"မင်း ခုနက ပြောလိုက်တာ... မင်းတို့ရဲ့ သခင်လေးဆိုတာ လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်တုန်းက ငါ့ရင်ခွင်ထဲမှာ ပိုက်ထားခဲ့တဲ့ ကလေးလေးလား..."
"ဘယ်လိုလဲ..."
မျက်နှာတစ်ထောင်မြေခွေးက ပြေးလွှားနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပေသည်။
ကောင်းကင်ထက်မှ ရဟတ်ယာဉ်သံများကို သူမ ကြားလိုက်ရသဖြင့် အသံနှိမ့်ကာ ချက်ချင်း အော်ဟစ်လိုက်၏။
"အကာအကွယ် ယူကြ..."
လူနှစ်ဆယ်မှာ ချက်ချင်း လူစုကွဲသွားကြတော့သည်။
တောအုပ်ကို အကာအကွယ်ယူလျက် ရဟတ်ယာဉ်၏ ပစ်မှတ်ထားမှုမှ ရှောင်တိမ်းလိုက်ကြ၏။
မျက်နှာတစ်ထောင်မြေခွေးသည် မူလက မီးတောက်အကကို နိုင်ငံခြားတွင် ရှာတွေ့ခဲ့ပြီးနောက် လေယာဉ်ဖြင့် ဟွာရှနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပေသည်။
မထင်မှတ်ဘဲ သူမ၏ အမှတ်အသားက လမ်းခုလတ်မှာပင် ဖော်ထုတ်ခံလိုက်ရ၏။
သူမသည် နိုင်ငံဆယ်ခု၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုပင် ခံခဲ့ရပြီး သူမ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် မြောက်ပိုင်းနယ်စပ်မှတစ်ဆင့် နိုင်ငံတွင်းသို့ ဝင်ရောက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
ယခုအခါ နိုင်ငံတွင်းသို့ မဝင်ရောက်နိုင်သေးမီမှာပင် သူမတို့သည် ကြီးမားလှသော အကျပ်အတည်းကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
သူမက မီးတောက်အကကို ထပ်မံ ကြည့်ရှုလိုက်၏။
ထိုအမျိုးသမီးသည် လုံးဝ စိတ်ပျက်အားငယ်နေပုံရပြီး သူမ၏ မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားမှုနှင့် စိတ်ပျက်မှုတို့ ရောထွေးနေပေသည်။
မျက်နှာတစ်ထောင်မြေခွေးက မေးမြန်းလိုက်သည်။ "ရှင်နဲ့ ကျွန်မတို့ရဲ့ သခင်လေးကြားမှာ တကယ်တော့ ဘယ်လို ဆက်ဆံရေးမျိုး ရှိနေတာလဲ..."
"ငါ..."
မီးတောက်အက၏ မျက်နှာတွင် အလွန် သတိထားနေပုံရပေ၏။ "ငါ အခု ဘာမှမပြောဘူး... နင်တို့ရဲ့ သခင်လေးနဲ့ တွေ့တဲ့အခါကျမှ သူသိချင်တာတွေကို ငါ ပြောပြမယ်..."
"ကောင်းပြီလေ..."
မျက်နှာတစ်ထောင်မြေခွေးက လက်ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"ရှင့်အသက်ကို အရင်ဆုံး ကယ်ဖို့အကြောင်း ပြောကြတာပေါ့... အခုချိန်မှာ ကျွန်မတို့ကို ဝိုင်းရံထားတာ နိုင်ငံဆယ်ခုက ကျွမ်းကျင်သူတွေချည်းပဲ မဟုတ်ဘူး..."
“ကောင်းကင်ကို ကြည့်လိုက်... လိုက်ဖမ်းနေတဲ့ ရဟတ်ယာဉ် ငါးစင်းထက်မနည်း ရှိတယ်...
မြေပြင်ပေါ်မှာလည်း ဒုံးကျည်တွေနဲ့ တခြား အပူပိုင်းလက်နက်တွေ ရှိသေးတယ်…”
“ကျွန်မ သိရသလောက်ဆိုရင် အနောက်ဘက်ကနေ ဖိအားပေးလာတဲ့ တပ်ဖွဲ့ဝင် တစ်သောင်းနီးပါးလောက် ရှိတယ်...ကျွန်မတို့ နိုင်ငံတွင်းကို အောင်မြင်စွာ ဝင်ရောက်နိုင်ဖို့က အရမ်းကို ခက်ခဲလိမ့်မယ်…”
မီးတောက်အကက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်၏။ "ငါက အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဂရုမစိုက်တော့တာ ကြာပြီ... ဒီတစ်ခါ နင်တို့နဲ့အတူ ငါ တိုက်ပွဲဝင်မယ်..."
"မဖြစ်ဘူး... ရှင်သေသွားရင် သခင်လေးကို ငါ ရှင်းပြလို့ရမှာ မဟုတ်ဘူး..."
မျက်နှာတစ်ထောင်မြေခွေးက ခေါင်းခါလိုက်ပေသည်။
ထို့နောက် သူမက ဘေးရှိ အခြား အဇူရာနန်းတော် အဖွဲ့ဝင်တစ်ဦးကို ကြည့်လိုက်၏။ "အခြေအနေ ဘယ်လိုလဲ... ဖုန်းဆက်လို့ ရပြီလား..."
"ဆယ်မိုင်ပတ်လည်အတွင်းမှာ ဆစ်ဂနယ်တွေ အပိတ်ခံထားရတယ်... ဖုန်းခေါ်လို့ လုံးဝ မရဘူး..."
မျက်နှာတစ်ထောင်မြေခွေး၏ မျက်ခုံးများ ပို၍ ကြုတ်ချိုးသွားခဲ့သည်။ "အစတုန်းက ငါ လဲ့ယန်ကို ဖုန်းဆက်ခဲ့တယ်... ငါတို့ မြောက်ပိုင်းနယ်စပ်မှာ ရှိနေတယ်ဆိုတာ သူတို့ သိကြတယ်...နောက်ထပ် တစ်ရက်လောက် တောင့်ခံထားနိုင်ရင် အကူအညီတွေ ရောက်လာလိမ့်မယ်…”
စကားပြောရင်းနှင့်...
သူမ၏ မျက်နှာအမူအရာ ထပ်မံ ပြောင်းလဲသွားပြန်၏။
"သတိထား..."
ဘုန်း…
ဘုန်း…
ဒုံးကျည်များသည် လေထုထဲတွင် ပြီးပြည့်စုံသော စက်ဝန်းခြမ်းပုံစံများကို ဖန်တီးကာ ၎င်းတို့၏ ပတ်ဝန်းကျင်သို့ တိုက်ရိုက် ကျဆင်းပေါက်ကွဲသွားတော့သည်။
ထို့နောက် မြေကြီးများ လွင့်စင်သွား၏။
ဒီရန်သူတွေက သူတို့ရဲ့ တည်နေရာကို အကြမ်းဖျင်း သိရှိသွားပြီဖြစ်ပြီး လက်လွတ်စပယ် ဗုံးကြဲရန် ရည်ရွယ်ထားပုံရပေသည်။
မျက်နှာတစ်ထောင်မြေခွေးက အော်ဟစ်လိုက်သည်။ "နင်တို့ မီးတောက်အကကို ခေါ်ပြီး အရင်သွားကြ..."
"အစ်မမြေခွေး... အစ်မ အရင်သွားပါ... အစ်မ ဆုတ်ခွာနိုင်ဖို့ ကျွန်တော်တို့ အကာအကွယ်ပေးထားပါ့မယ်..."
စက်သေနတ်ကိုင်ဆောင်ထားသော အဇူရာနန်းတော် အဖွဲ့ဝင်တစ်ဦးက သူမ၏လမ်းကို ပိတ်ရပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် မျက်နှာတစ်ထောင်မြေခွေးသည် သူ့ထက် ပို၍ တန်ဖိုးရှိသဖြင့် သူမအား မည်သည့်အရာမျှ အဖြစ်မခံနိုင်ချေ။
"အစ်မမြေခွေး... ကျွန်တော်တို့ သူတို့ကို တားထားပေးမယ်..."
"အစ်မမြေခွေး..."
လူတစ်စု ရှေ့သို့ ထွက်လာကြပေသည်။
၎င်းတို့ အားလုံးမှာ အလောင်းကောင်တောင်တန်းများနှင့် သွေးပင်လယ်များထဲမှ ဖြတ်သန်းလာခဲ့သူများဖြစ်ပြီး မည်သူကမျှ သေရမည်ကို မကြောက်ရွံ့ကြချေ။
မျက်နှာတစ်ထောင်မြေခွေးက ခေါင်းခါလိုက်၏။ "နင်တို့အားလုံး အရမ်း အားနည်းလွန်းတယ်... သွားပြီး အသေမခံကြနဲ့... အသက်ရှင်အောင်သာ နေကြ..."
ထို့နောက် သူမက ဒူးကိုကွေးကာ ရှေ့သို့ ပြေးထွက်သွားပြီး လူတိုင်း၏ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ရှေ့ဘက်မှနေ၍ လူသုံးဆယ်ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့၏။ ၎င်းတို့သည် လက်နက်ကြီးများကို ကိုင်ဆောင်ထားကြပြီး ၎င်းတို့၏ အနောက်ဘက် တစ်ကီလိုမီတာခန့်မှ နားကွဲမတတ် ဆူညံသံများကို သဲ့သဲ့မျှ ကြားနေရပေသည်။
ကြီးမားသော တပ်ဖွဲ့ကြီးတစ်ခု ချဉ်းကပ်လာနေပုံရ၏။
"ခေါင်းဆောင်... အဇူရာနန်းတော်က လူတွေက အရမ်း ကောက်ကျစ်ကြတယ်... သူတို့ ဒီဘက်ကို လာနေတာ သေချာရဲ့လား..."
"အခု ငါတို့လူတွေက ဝိုင်းထားပြီလေ... သူတို့ ဒီဘက်ကိုပဲ ပြေးနိုင်တော့မယ်... တခြားဘယ်နေရာကို သွားသွား သူတို့ သေဖို့ပဲ ရှိတယ်... ဟီးဟီး... သူတို့ကို အသားလုံးလေးတွေ လုပ်ပစ်ဖို့သာ စောင့်နေလိုက်..."
ခေါင်းဆောင်ဖြစ်သူက ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်သည်။
"ခေါင်းဆောင်... အဇူရာနန်းတော်မှာ ပင်မနတ်ဘုရားဆယ်ပါး ရှိတယ်လို့ ကျွန်တော် ကြားတယ်... တကယ်လို့ သူတို့သာ ရောက်လာရင် ကျွန်တော်တို့ရဲ့ ရှေ့ပြေးတပ်ဖွဲ့ လုံးဝ ပျက်စီးသွားမှာပဲ..."
"ဘာကြောက်စရာ ရှိလို့လဲ..."
ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ နှာမှုတ်လိုက်၏။ "ဒီတစ်ခါက နိုင်ငံဆယ်ခု ပူးပေါင်းစစ်ဆင်ရေးပဲ... ငါတို့ လုံလုံလောက်လောက် ပြင်ဆင်ထားပြီးပြီ..."
“ပင်မနတ်ဘုရားဆယ်ပါးက အရမ်း အစွမ်းထက်ပေမယ့် လက်နက်ကြီးတွေနဲ့ ရင်ဆိုင်ရရင် သေချာပေါက် သေဖို့ပဲ ရှိတယ်…”
“ပြီးတော့ အထက်လူကြီးတွေဆီကနေ အရင်က ဒီအကြောင်းကို ငါ ကြားထားသေးတယ်
ပင်မနတ်ဘုရားဆယ်ပါးကိုလည်း ပိတ်ဆို့ထားတဲ့အတွက် သူတို့ ဒီကို ရောက်လာနိုင်မှာ မဟုတ်ဘူး…”
“နိုင်ငံကြီးတွေက အဇူရာနန်းတော် ပြန်လည်အသက်ဝင်လာမှာကို ဒီတစ်ခါ ခွင့်ပြုကြမှာ မဟုတ်ဘူး... အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ရက်က Seven Kills အဖွဲ့အစည်းကို ဖျက်ဆီးပစ်လိုက်တာက သူတို့ကို ပိုပြီး သတိထားလာစေခဲ့တာပဲ။
“ ဒီတစ်ခါ ငါတို့က အဇူရာနန်းတော်က အဖွဲ့ဝင်တွေကို တစ်ယောက်ချင်းစီကို ချေမှုန်းပစ်ရုံသာမကဘဲ သူတို့ရဲ့ သခင်လေးကိုပါ ဒီကိုလာအောင် မြှူဆွယ်ပြီး သတ်ပစ်ရမှာ...
သူတို့ရဲ့ သခင်လေးသာ မရှိတော့ရင် အဇူရာနန်းတော်က သဘာဝကျကျပဲ ပြန်လည်ခေါင်းထောင်နိုင်မှာ မဟုတ်တော့ဘူးလေ…”
"အဲဒါက အထက်က ရည်ရွယ်ထားတဲ့ အကြမ်းဖျင်း သဘောတရားပါပဲ... ကောင်းပြီ အလုပ်လုပ်ကြရအောင်..."
ခေါင်းဆောင်ဖြစ်သူက ပိတ်ဆို့မှုကို တင်းကျပ်ရန် ပြင်လိုက်ချိန်မှာပင် သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပေ၏။
"ရန်သူ လာနေပြီ..."
သူ၏ အသံ ပျောက်ကွယ်မသွားမီမှာပင် ပုံရိပ်တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ လည်ပင်းတွင် သွေးထွက်နေသော အပေါက်တစ်ခု ချက်ချင်း ဖြစ်ပေါ်သွားလေသည်။
အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုတစ်ချက်ပင်။
"ချီးပဲ ရန်သူ လာနေပြီ..."
"မြန်မြန်... သူ့ကို သတ်..."
လူတိုင်းက ၎င်းတို့၏ စက်သေနတ်များကို ဆွဲယူကာ ပစ်ခတ်လိုက်ကြ၏။
အချို့လူများက ဒုံးကျည်များကို ပခုံးပေါ်တွင် ထမ်းထားကြသော်လည်း အဓိက ပြဿနာမှာ အကွာအဝေး အလွန်နီးကပ်နေသဖြင့် ၎င်းတို့ကို အသုံးပြု၍ မရနိုင်ခြင်းပင် ဖြစ်ပေသည်။
မျက်နှာတစ်ထောင်မြေခွေးက အေးစက်စွာ နှာမှုတ်လိုက်သည်။
သူမ၏ ပုံရိပ် ထပ်မံ လှုပ်ရှားသွားပြန်၏။
သူမ၏ ဓားမြှောင်က လင်းလက်သွားပြီး ကျည်ဆန်များကို ရှောင်တိမ်းကာ တစ်ချိန်တည်းမှာပင် ပြိုင်ဘက်၏ လည်ပင်းကို ဖြတ်တောက်လိုက်လေသည်။
တစ်မိနစ်ပင် မပြည့်လိုက်ချေ။
လူသုံးဆယ်ပါဝင်သော အဖွဲ့တစ်ခုလုံးကို သူမက ချေမှုန်းပစ်လိုက်လေပြီ။
ယခုအခါ။
သူမ၏ မျက်နှာအမူအရာမှာ အမှန်တကယ်ပင် အလွန် လေးနက်နေခဲ့ပေ၏။
မျက်နှာတစ်ထောင်မြေခွေးသည် ၎င်းတို့၏ စကားပြောဆိုမှုများကို ကြားခဲ့ရပြီး ဤလူများသည် သူမတို့ကို အသုံးချကာ သခင်လေးကို ဤနေရာသို့ ရောက်လာစေရန် မြှူဆွယ်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
‘ဒုက္ခပါပဲ…’
မျက်နှာတစ်ထောင်မြေခွေး၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။
သူမ ပိတ်မိနေကြောင်းကို လဲ့ယန်က သခင်လေးအား အကြောင်းကြားပြီးဖြစ်ရမည်။ ထိုသို့ဆိုလျှင် သခင်လေးသည် ယခု ဤနေရာသို့ လာနေပြီ မဟုတ်ပါလော။
အခြားတစ်ဖက်တွင်။
ရှန်ယန်းယန်းနှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ချန်ဖုန်းသည် စံအိမ်၏ အနောက်ဘက်သို့ သွားခဲ့သည်။ အဝေးတွင် ပတီးရိုဆောသည် ရေပြင်အထက်ရှိ ကောင်းကင်ယံတွင် လှည့်ပတ်ပျံသန်းနေသည်ကို သူ မြင်တွေ့နိုင်ပေ၏။
ချန်ဖုန်းက လေချွန်လိုက်သော်အခါ
ပတီးရိုဆောသည် အလျင်အမြန် ပျံသန်းလာပြီး ချန်ဖုန်း၏ ဘေးတွင် ဆင်းသက်လိုက်လေ၏။
"လာ... နဂါးလေး(ရှောင်ရိ)... မြောက်ပိုင်းနယ်စပ်ကို သွားကြစို့..."
နောက်တစ်စက္ကန့်တွင် သူသည် ပတီးရိုဆော၏ ကျောပေါ်သို့ တိုက်ရိုက် တက်လိုက်သည်။ ပေ့ဟူတွင် ရဟတ်ယာဉ်များ မရှိသဖြင့် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ သူ့ကို ပတီးရိုဆောဖြင့် ခေါ်ဆောင်သွားရန်ပင် ဖြစ်ပေ၏။
ကျန်းထျန်ရှန်းထံမှ ရဟတ်ယာဉ်တစ်စင်း စေလွှတ်ပေးရန် စောင့်ဆိုင်းနေခြင်းက အချိန်များစွာ ကြာမြင့်နိုင်ပေသည်။
ပတီးရိုဆောသည် လေထုထဲသို့ ပျံတက်သွားပြီး ကောင်းကင်ယံသို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။