အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း (၂၃၉) ရန်သူကို သတ်ဖို့ ငါ့နောက်ကို လိုက်ခဲ့
မျက်နှာတစ်ထောင်မြေခွေးမှာ အလွန် တုန်လှုပ်သွားခဲ့ပေ၏။
သူမ၏ ပထမဆုံးအတွေးမှာ သခင်လေးအကြောင်းပင် ဖြစ်သည်။
‘သူက အချိန်အကြာကြီး ကိုယ်ထင်မပြသေးတာမို့လို့ တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးကို ရှာရင်း အရိပ်ထဲမှာ ပုန်းအောင်းနေတာ ဖြစ်ရမယ်...အခုတော့...
သခင်လေးက လှုပ်ရှားလိုက်ပြီလား...ဟု
သူမကလည်း အလွန် ဇဝေဇဝါ ဖြစ်နေခဲ့၏။
ချန်ဖုန်းကို သူမအား လာကယ်စေချင်သော်လည်း ယခုအချိန်တွင် သူ့ကို မပေါ်လာစေချင်ခဲ့ချေ။
ဘာပဲဖြစ်ဖြစ် အဇူရာနန်းတော်ရဲ့ သခင်လေးဆိုတဲ့ အမှတ်အသားက အရမ်း အရေးကြီးတယ်လေ။
အကယ်၍ တစ်ခုခု မှားယွင်းသွားပါက အဇူရာနန်းတော်တစ်ခုလုံး ကြီးမားသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မျက်နှာတစ်ထောင်မြေခွေးသည် သူမ၏ လုပ်ရပ်များကြောင့် သခင်လေးကို အန္တရာယ်မကျရောက်စေချင်ခဲ့ပေ။
‘ငါ့ကြောင့် အဇူရာနန်းတော်တစ်ခုလုံး ပျက်စီးသွားတာကို ငါ မလိုလားဘူး…’ဟု သူမ တွေးလိုက်၏။
"သခင်လေး..."
ယန်ရီ၏ မျက်ခွံများလည်း လှုပ်ရှားသွားခဲ့သည်။
အဇူရာနန်းတော်မှ အခြား ကျွမ်းကျင်သူများသည် ဤမျှ လျင်မြန်စွာ ရောက်မလာနိုင်သဖြင့် ဤအချိန်၌ ချန်ဖုန်း တစ်ယောက်တည်းသာ ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ပေ၏။
တကယ်တော့ သူ၏ရင်ထဲတွင် မျှော်လင့်ချက်တစ်ခု ရေးတေးတေး ရှိနေခဲ့သည်။
တကယ်လို့ ချန်ဖုန်းသာ ဒီတစ်ခါ ဝိုင်းရံပိတ်ဆို့ထားမှုထဲကနေ သူတို့ကို ခေါ်ထုတ်သွားနိုင်ပြီး အဇူရာနန်းတော်ရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်ဆိုရင်...
သူက ချန်ဖုန်းနောက်ကို ကျေကျေနပ်နပ်ကြီး လိုက်မည်ဟုပင်။
အရင်တုန်းက ကျိုတိုမှာတုန်းက...
ချန်ဖုန်းက အဇူရာတိုကင်ကို ဘယ်လိုရခဲ့သလဲဆိုတာကို လဲ့ယန်က တစ်ခါမေးခဲ့ဖူးပြီး ယန်ရီက ထိုအချိန်တွင် သူ့အတွက် ဖုံးကွယ်ပေးခဲ့သည်။
တကယ်တော့ ချန်ဖုန်းရဲ့ အမှတ်အသားက သံသယဖြစ်စရာ ကောင်းတယ်ဆိုတာကို ယန်ရီ ကောင်းကောင်း သိပါတယ်။
ဒါပေမဲ့ သူ ဖွင့်မပြောဘူးလေ
တစ်ဖက်လူက အဇူရာတိုကင်ကို ရရှိသွားခဲ့တာက ကံကောင်းမှုတစ်ခုပါပဲ။ ဒါ့အပြင် အဇူရာနန်းတော်သခင် အကြောင်းကလည်း ဘာသတင်းမှ မရှိသေးဘူးလေ။
တကယ်လို့ အဇူရာနန်းတော်က ပြန်လည်ခေါင်းထောင်ချင်တယ်ဆိုရင် ခေါင်းဆောင်တစ်ယောက် လိုအပ်သည်။
ထို့ကြောင့် ယန်ရီသည် အခွင့်အရေးကို အသုံးချကာ ချန်ဖုန်းအား သခင်လေးရာထူးသို့ မြှင့်တင်ပေးခဲ့ခြင်း ဖြစ်ပေသည်။
"သတ်..."
ယန်ရီ၏ ထန်ဓားက သူ့ကို လိုက်ဖမ်းနေသော ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ နှစ်ဦးကို ထပ်မံ တွန်းလှန်လိုက်ပြန်သည်။
သူက ရင်ထဲကနေ တိတ်တဆိတ် ဆုတောင်းလိုက်၏။ ‘ချန်ဖုန်း... တကယ်လို့ မင်းသာ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်ဆိုရင် ငါက မင်းနောက်ကို ကျေကျေနပ်နပ် လိုက်ရုံသာမက အဇူရာနန်းတော်တစ်ခုလုံးကလည်း မင်းကို ရိုသေလေးစားလိမ့်မယ်…’
ထိုအချိန်မှာပင် ရုတ်တရက် လူတိုင်းက မော့ကြည့်လိုက်ပြီး ကောင်းကင်ယံသို့ စူးစိုက်ကြည့်လိုက်ကြသည်။
အာမေဍိတ်သံများ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
"ကြည့်စမ်း... အဲဒါ ဘာကြီးလဲ..."
"အရမ်း ကြီးမားတဲ့ ငှက်ကြီးပဲ..."
"မဟုတ်ဘူး... အဲဒါ ငှက်နဲ့ မတူဘူး... ငှက်တစ်ကောင်ထက် အများကြီး ပိုကြီးတယ်... ဒါဆို အဲဒါ ဘာကြီးလဲ..."
ကောင်းကင်ယံတွင်။
ချန်ဖုန်းသည် ပတီးရိုဆော၏ ကျောပေါ်တွင် မတ်တပ်ရပ်နေပြီး သူ၏ အစစ်အမှန် ရုပ်သွင်ကို ဖုံးကွယ်ရန်အတွက် အဇူရာမျက်နှာဖုံးကို တပ်ဆင်ထားလေ၏။
သူက အဆင့်မြှင့်တင်ထားသော ကျည်ဆန်များ အပြည့်ဖြည့်ထားသည့် အကြီးစား စနိုက်ပါရိုင်ဖယ်တစ်လက်ကို ကိုင်ဆောင်ထားသည်။
ရန်သူ့ထံမှ ဤလက်နက်ကို ရှာဖွေရန်အတွက် သူ အချိန်အနည်းငယ် ယူခဲ့ရသည်။ ထိုသို့မဟုတ်ပါက လက်ရှိ ရဟတ်ယာဉ်များကို သူ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
ပတီးရိုဆောက သူ့ကို တောင်စောင်းအတိုင်း သယ်ဆောင်လာခဲ့၏။
၎င်းသည် လေထုကို ခွင်းကာ ဝိုင်းရံပိတ်ဆို့ထားမှုဆီသို့ တည့်တည့် ပြေးဝင်လာခဲ့သည်။
"ဘုရားရေ... အဲဒါ ဒိုင်နိုဆောလား..."
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...
ဒိုင်နိုဆောတွေ မျိုးသုဉ်းသွားပြီလေ... သူတို့ ဘယ်လိုလုပ် ဒီမှာ ရှိနေနိုင်မှာလဲ..."
"ကြည့်စမ်း... အပေါ်မှာ လူတစ်ယောက် ပါတယ်..."
"ချီးပဲ... နဂါးစီးပြီး ကောင်းကင်ကနေ ဆင်းလာတဲ့ ဒီလူက ဘယ်သူလဲ..."
လူတိုင်း လုံးလုံးလျားလျား ဆွံ့အသွားကြတော့၏။
အဇူရာနန်းတော်မှ လူများ ၎င်းတို့ကို လာရောက်ကယ်တင်မည်ဟု ၎င်းတို့ မျှော်လင့်ထားခဲ့သော်လည်း တစ်ဖက်လူက ဤကဲ့သို့ ပေါ်လာလိမ့်မည်ဟု ၎င်းတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။
လူတိုင်း၏ အံ့အားသင့်မှုများကြားတွင်။
ချန်ဖုန်းသည် မီတာ ၁၀၀ အမြင့်မှ တိုက်ရိုက် ခုန်ချလိုက်လေ၏။
"ဘုန်း..."
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်ရန် ပြင်နေသူများကို လွင့်စင်သွားစေခဲ့သည်။
ချန်ဖုန်းက စနိုက်ပါရိုင်ဖယ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီးနောက် သူ၏ အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာ၏။
၎င်း၏ လွှမ်းမိုးနိုင်သော အရှိန်အဝါသည် ပတ်ဝန်းကျင် ဧရိယာတွင် ဖိနှိပ်မှု ခံစားချက်ကို ဖန်တီးပေးခဲ့သည်။
စစ်မြေပြင်ရှိ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ပင်လျှင် ပြင်းထန်သော ဖိအားကို ခံစားလိုက်ရပေ၏။
တစ်စက္ကန့်လောက် အသက်ရှူရ ခက်သွားသလိုပင်။
"သူက... အဇူရာဘုရင် လား..."
သယ်ရိနိုင်ငံ၏ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုတစ်ခု ရုတ်တရက် လင်းလက်သွားခဲ့သည်။
ယင်းမတိုင်မီက စစ်မြေပြင်သို့ သူ လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ အဇူရာနန်းတော်၏ သခင်လေးကို သတ်ဖြတ်ရန် ဖြစ်ပေ၏။
သူတစ်ယောက်တည်း မသတ်နိုင်ရင်တောင် တခြားသူတွေနဲ့ ပူးပေါင်းပြီး သူ့ကို ဝိုင်းသတ်နိုင်ပါတယ်။
ဒါပေမဲ့ အခုကရော...
အဇူရာဘုရင်ဟု လူသိများသော ဤသခင်လေးနှင့် ရင်ဆိုင်ရချိန်တွင် သူသည် ကြောက်ရွံ့မှုကို ခံစားလိုက်ရလေ၏။
စီရိုနိုင်ငံ၏ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူသည်လည်း မျက်မှောင်ကြုတ်သွားကာ အတွေးနက်နေပုံရပေသည်။
"သခင်လေး..."
မျက်နှာတစ်ထောင်မြေခွေးသည် အဇူရာနန်းတော်မှ အခြားသူများထံနှင့် အလျင်အမြန် ပူးပေါင်းလိုက်၏။
သူမက မိမိကိုယ်ကို အပြစ်တင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"သခင်လေး... သခင်လေး ဒီကို မလာသင့်ဘူး... သခင်လေးရဲ့ အသက်ကို အန္တရာယ် မပေးသင့်ဘူး... ဒီပိတ်ဆို့မှုထဲကို ဝင်ဖို့က လွယ်ပေမယ့် ထွက်ဖို့က ပိုခက်လိမ့်မယ်..."
ယန်ရီကလည်း သူတို့နှင့် အလျင်အမြန် ပူးပေါင်းလိုက်သည်။
သူက ရှုပ်ထွေးသော အမူအရာဖြင့် ပြောဆိုလိုက်၏။ "သခင်လေး... ငါတို့လူတွေက အပြင်ဘက်မှာ ပိတ်မိနေပြီး အထဲကို ဝင်လို့မရဘူး... ဒီတစ်ခါတော့ အဇူရာနန်းတော်က..."
"မင်းတို့ အန္တရာယ်ကြုံနေရချိန်မှာ ငါက ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ..."
ချန်ဖုန်းက ခေါင်းခါလိုက်သည်။
နိုင်ငံဆယ်ခု မဟာမိတ်သည် ဤနေရာကို ဝိုင်းရံရန်အတွက် တပ်ဖွဲ့ဝင် တစ်သိန်းကို စုစည်းထားကြောင်း ဤနေရာသို့ လာရာလမ်းတွင် သူ သိရှိခဲ့ပြီး ဖြစ်ပေ၏။
ပိုများတဲ့ လူတွေက သူတို့ကို ကူညီဖို့ အရပ်မျက်နှာ အသီးသီးကနေ ရောက်လာကြလိမ့်မည်။
သို့သော် အဇူရာနန်းတော်၏ သခင်လေးတစ်ယောက်အနေဖြင့် သူသည် လက်ပိုက်ကြည့်နေ၍ မရနိုင်ချေ။
ဒါ့အပြင် သူ၏ ဇာစ်မြစ်ကို ရှာဖွေရန် ကြိုးစားနေသောကြောင့် မျက်နှာတစ်ထောင်မြေခွေးသည် ပစ်မှတ်ထားခံရပြီး သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုလူတွေက အဇူရာနန်းတော်တစ်ခုလုံးကို ပစ်မှတ်ထားနေတာပင်။
ဘေးတွင် ရပ်နေသော မီးတောက်အကသည် မျက်နှာဖုံးတပ်ထားသော ချန်ဖုန်းကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ ရုတ်တရက် နီရဲလာခဲ့၏။
တစ်ဖက်လူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း သူမ သိကျွမ်းသူ တစ်ယောက်ကဲ့သို့ သူ၏ မျက်လုံးများကို အလွန် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။
တွေးတောနေရန် အချိန်မရှိတော့ချေ။
ချန်ဖုန်းက ရှေ့သို့ ရုတ်တရက် ခြေတစ်လှမ်း တိုးကာ မေးလိုက်သည်။
“သေရမှာကို ကြောက်လား…”
"ငါ မကြောက်ဘူး..."
မျက်နှာတစ်ထောင်မြေခွေး ဖြစ်စေ၊ အဇူရာနန်းတော်မှ အခြားအဖွဲ့ဝင်များ ဖြစ်စေ အားလုံးသည် သေရန် အသင့်ဖြစ်နေသည့် အမူအရာများကို ပြသလိုက်ကြသည်။
ဒါက အဇူရာသခင်လေးနဲ့ သူတို့ ပထမဆုံးအကြိမ် တိုက်ပွဲဝင်တာပဲ။
ဒီလူအချို့က အဇူရာနန်းတော်မှာ ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့တွေဖြစ်ပြီး နန်းတော်အတွက် အသက်ပေးဖို့ ဆန္ဒရှိကြပေသည်။
“သေရမှာကို ဘာကြောက်စရာ ရှိလို့လဲ…”
"ဒါဆို ရန်သူကို သတ်ဖို့ ငါ့နောက်က လိုက်ခဲ့ကြ..."
ချန်ဖုန်း၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် တောက်လောင်နေခဲ့၏။ ပတီးရိုဆောသည် ကောင်းကင်ယံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး ၎င်းတို့ ကောင်းကင်မှ ထွက်ခွာရန် နည်းလမ်းမရှိတော့ချေ။ သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ တိုက်ခိုက်ပြီး ဖောက်ထွက်ရန်သာ ဖြစ်ပေသည်။
ထိုအချိန်၌ စစ်မြေပြင်ရှိ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ နှစ်ဦးသည် ပြာယာခတ်လျက် အနောက်သို့ ဆုတ်ခွာသွားကြ၏။
အဇူရာသခင်လေးကို သတ်ရန် လူနှစ်ယောက်တည်းဖြင့် မလုံလောက်ကြောင်း ၎င်းတို့ နားလည်ထားကြသည်။
တစ်ချိန်တည်းလောက်မှာပဲ…
မြေပြင် ခြေလျင်တပ်ဖွဲ့ဝင်များ အုံနှင့်ကျင်းနှင့် ရောက်ရှိလာပြီး တင့်ကားများနှင့် သံချပ်ကာကားများကလည်း ဟိန်းဟောက်နေကြ၏။
ရုတ်တရတ် အမြောက်ဆန်တစ်ခုက တည့်တည့် ပြေးဝင်လာခဲ့သည်။
"သတိထား..."
ယန်ရီက တားဆီးရန် ပြင်လိုက်ချိန်မှာပင်။
ချန်ဖုန်းက မြေကြီးကို ခြေနှစ်ဖက်ဖြင့် ရုတ်တရက် ကန်လိုက်ပြီး သူ့ကို ရှေ့သို့ တွန်းပို့ပေးမည့် အစွမ်းထက်သော အင်အားတစ်ခုကို ထုတ်လွှတ်လိုက်လေ၏။
လျှပ်စီးလက်သလို မြန်ဆန်လွန်းလှသည်…
"မြန်မြန်... ရန်သူကို လက်နက်တွေနဲ့ ဖိနှိပ်ထား..."
"သူ ငါတို့ဆီ ပြေးလာနေပြီ... သူ့ကို ပစ်..."
"မြန်မြန်... မြန်မြန်..."
အခြားတစ်ဖက်ရှိ နိုင်ငံဆယ်ခု မဟာမိတ်အဖွဲ့မှ လူများမှာ အလွန် ထိတ်လန့်နေကြပေ၏။
ချန်ဖုန်း၏ ပေါ်ထွက်လာမှုက အလွန် အံ့မခန်းဖြစ်နေသောကြောင့်ပင်။
ထို့အပြင် တစ်ဖက်လူသည် အဇူရာနန်းတော်၏ သခင်လေး ဖြစ်နေသဖြင့် ၎င်းတို့အနေဖြင့် ဤကိစ္စကို အလေးအနက်ထားရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။
ချန်ဖုန်းဆီသို့ ကျည်ဆန်ပေါင်း မရေမတွက်နိုင်အောင် ပစ်ခတ်လိုက်ကြ၏။
အရပ်မျက်နှာ အသီးသီးမှ အခြားနတ်ဘုရားများသည်လည်း ၎င်းတို့၏ ပိုင်နက်အတွင်း၌ သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်လျက် ဤနေရာသို့ စုရုံးလာကြသည်။
သို့သော် ချန်ဖုန်းက အရမ်း မြန်လွန်းသည်။
သူတို့ မတုံ့ပြန်နိုင်ခင်မှာပဲ သူရဲ့ ခန္ဓာကိုယ်က သူတို့ဆီကို ရောက်နေပြီလေ။
“ဘုန်း…”
တင့်ကားသည် ကြီးမားလှသော အင်အားတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။
“ဝုန်း…”
ထို့နောက် ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပီးနောက်
၎င်းသည် မြေကြီးထဲသို့ တိုက်ရိုက် ရိုက်သွင်းခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားက ၎င်းကို ချက်ချင်း အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်တော့၏။
ထိုအချိန်မှာပင် ချန်ဖုန်းသည် တင့်ကားပေါ်မှ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
သူ့ပတ်လည်ရှိ တင့်ကားများနှင့် သံချပ်ကာကားများက သူ့ကို ချိန်ရွယ်ထားသည်ကို မြင်သောအခါ သူက ကိုယ်ပေါ်မှ ဓားတစ်လက်ကို ရုတ်တရက် ဆွဲထုတ်လိုက်၏။
ဤသည်မှာ ကျိုတိုတွင် ရှန်ကွမ်ယွဲ့အတွက် အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ ဖန်တီးစဉ်က ကျန်ရှိသော ပစ္စည်းများဖြင့် သူကိုယ်တိုင် ဖန်တီးထားသော ဓားတစ်လက် ဖြစ်ပေသည်။
သူ၏ ပုံရိပ်သည် နောက်ထပ်တစ်ကြိမ် ဝေဝါးသွားပြန်၏။
သူ မူလနေရာသို့ ပြန်ရောက်လာချိန်တွင် တင့်ကားများနှင့် သံချပ်ကာကားများ အားလုံးသည် ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် နှစ်ပိုင်းကွဲသွားခဲ့လေပြီ။
အဲဒါတွေက ချက်ချင်းကို သံတိုသံစတွေ ဖြစ်သွားတော့တာပဲ…