အခန်း ၁၅၂
Vol. 16 Ch. 152
152
"မင်းကိုယ်မင်း ဉာဏ်ရည်မမှီတဲ့ ငတုံးတစ်ယောက် မဟုတ်ဘူးလို့ ထင်နေတာလား၊ ဟက်"
ကျိုးဟောက်ယွီမှ အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်ပြီးနောက် သူ့ထံမှ ကျောခိုင်းလှည့်ထွက်ခဲ့ကာ ချူကျန်းကျွင်း၏ ဘေးနားသို့ လျှောက်လှမ်းသွားပြီး ပြောသည်။
"ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေး၊ အခုလည်း အတော်လေး မိုးချုပ်နေပြီဆိုတော့ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"
"ဟာ မပြန်ပါနဲ့ဦးကွာ၊ ငါတို့တွေ အခုမှ စကားပြောလို့ ကောင်းနေတုန်းပဲ၊ အေးအေးဆေးဆေး နောက်ထပ် ခဏလောက် ထပ်ပြီး စကားလက်ဆုံကျရအောင်၊ ငါ့အိမ်မှာ အိပ်ခန်းတွေ အများကြီး ရှိပါတယ် ဒီညတော့ ဒီမှာပဲ တည်းခိုလိုက်ပါဦး"
ချူကျန်းကျွင်းမှ လှိုက်လှိုက်လှဲလှဲဖြင့် ဆွဲထားရှာသည်။ ကျိုးဟောက်ယွီမှာ အကြိမ်ကြိမ် အားနာစွာ ငြင်းပယ်ခဲ့သော်လည်း ချူကျန်းကျွင်း၏ စိတ်အားထက်သန်လွန်းလှသော တောင်းဆိုမှုများကြောင့် နောက်ဆုံးတွင် ငြင်းဆန်ရန် ခက်ခဲသွားရပြီး၊ ခေါင်းညိတ်ကာ တည်းခိုရန် သဘောတူလိုက်ရတော့၏။ သို့သော်လည်း သူတို့နှစ်ဦးသည် ထမင်းစားခန်းသို့ ပြန်မသွားကြတော့ဘဲ၊ အပေါ်ထပ်ရှိ စာကြည့်တိုက်ခန်းအတွင်းသို့ အတူတူ လှမ်းဝင်ခဲ့ကြကာ ထိုနေရာတွင် စစ်တုရင် ကစားရင်း ပျော်ပျော်ပါးပါး စကားလက်ဆုံကျနေခဲ့ကြသည်။
ကျိုးဟောက်ယွီ၏ စစ်တုရင်ပညာမှာ သာမန်မျှသာ ဖြစ်သော်လည်း ချူကျန်းကျွင်း၏ ပညာမှာလည်း အလားတူပင် သိပ်မထူးလှသဖြင့် သူတို့နှစ်ဦး၏ အစွမ်းမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ထိန်းကျောင်းနိုင်လျက် တကယ့်ကို အကြိတ်အနယ်ရှိလှသော ကစားပွဲကြီးတစ်ခု ဖြစ်နေခဲ့တော့သည်။ ညသန်းခေါင်ယံအချိန်အထိ စာကြည့်ခန်းတံခါးကို လာရောက်ခေါက်သံ ကြားလိုက်ရပြီး၊ အပြင်ဘက်မှနေ၍ ချူကျိဟွာ၏ ရိုသေလေးစားလှသော အသံ ထွက်ပေါ်လာခဲ့၏။
"အဖေ တော်တော်လေး မိုးချုပ်နေပြီ၊ အဖေက ကျန်းမာရေး သိပ်မကောင်းဘူးဆိုတော့ စောစောစီးစီး အနားယူသင့်တယ်လေ"
"အေးပါ ငါသိပါတယ်"
ချူကျန်းကျွင်းမှ ပြန်လည်ဖြေကြားလိုက်ပြီးနောက် ကျိုးဟောက်ယွီနှင့်အတူ ကစားလက်စဖြစ်သော စစ်တုရင်ပွဲဝက်ကို အဆုံးသတ်လိုက်ပြီးမှ မိမိတို့၏ အိပ်ခန်းအသီးသီးသို့ ပြန်လည်ကာ အနားယူခဲ့ကြတော့သည်။ ချူမိသားစုမှ ကျိုးဟောက်ယွီအတွက် ပြင်ဆင်ပေးထားသော အိပ်ခန်းကြီးမှာ အလွန်အမင်း ကျယ်ဝန်းလှပေ၏။ သူ ယခင်က နေထိုင်ခဲ့သော နေရာထက် ပိုမိုကောင်းမွန်ရုံတင်မကဘဲ ဝေ့မိသားစု ထံတွင် သူ နေထိုင်ခဲ့ရသော အခန်းထက်ပင် ပိုမို၍ ခန့်ညားထည်ဝါလှသေးသည်။ သို့သော်လည်း သူသည် ဤကဲ့သို့သော လောကီစည်းစိမ် နေရာထိုင်ခင်းများကို အထူးတလည် ဂရုစိုက်တတ်သူ မဟုတ်ချေ။ အဝတ်အစား လဲလှယ်သန့်စင်ပြီးနောက် သူသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ကျင့်စဉ်ကို စတင်၍ ကျင့်ကြံအားထုတ်နေခဲ့တော့သည်။
"ဟင် တစ်ခုခုတော့ မှားနေပြီ"
ကျိုးဟောက်ယွီသည် ကျင့်ကြံအားထုတ်ပြီး သိပ်မကြာလိုက်ဘဲ ကျင့်စဉ်ကို ရုတ်တရက် ရပ်တန့်လိုက်ကာ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် သူ၏ ကျင့်စဉ်တိုးတက်မှု နှုန်းထားမှာ ပုံမှန်ထက် များစွာ ပိုမိုမြန်ဆန်နေသောကြောင့်ဖြစ်၏။ ဤကဲ့သို့သော ထူးခြားဆန်းပြားသည့် အခြေအနေမှာ သူ့ကို ရင်ထဲတွင် စိတ်မအေးဖြစ်သွားစေပြီး မိမိ၏ ကျင့်စဉ်များများ မှားယွင်းသွားလေသလားဟူ၍ စိုးရိမ်ပူပန်မိသွားရသည်။ စင်စစ်အားဖြင့် ဒဏ္ဍာရီလာ သိုင်းလောကထဲမှ ဘေးထွက်ဆိုးကျိုးအနေဖြင့် သွေးဖောက်ပြန်ခြင်း ဆိုသည်မှာလည်း ယခု သူဖြစ်ပျက်နေသော အခြေအနေမျိုးနှင့် အတော်လေးတူညီနေသည် မဟုတ်ပါလား။ သူသည် မျက်မှောင်ကြုတ်လျက် အတန်ကြာ စဉ်းစားတွေးတောမိပြီးနောက်မှ ကျိုးဟောက်ယွီသည် ယခင်က လောင်ဇီ ထံမှ ရရှိခဲ့သော ဆေးလုံးလေးကို ရုတ်တရက် သတိရသွားမိတော့သည်။
"အဲဒီတုန်းက ဆေးလုံးကို သောက်လိုက်တုန်းကတော့ ဘာမှမထူးခြားဘူးလို့ ခံစားခဲ့ရပေမယ့် ဆရာကြီး လောင်ဇီ ပြောခဲ့တာကို မှတ်မိသားပဲ၊ ဒီဆေးလုံးက ငါ့ရဲ့ ကျင့်စဉ်တိုးတက်မှုကို အများကြီး အထောက်အကူပြုလိမ့်မယ်ဆိုတာ"
ကျိုးဟောက်ယွီ ခေတ္တမျှ စဉ်းစားပြီးနောက်မှသာ ရင်ထဲတွင် သက်ပြင်းချလျက် စိတ်အေးသွားရတော့သည်။ နောက်တစ်နေ့ နံနက်ခင်းသို့ ဆိုက်ရောက်လာသည့်အခါ ဝင်းပလှသော နေရောင်ခြည်မှာ ပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ ဖြာကျလာခဲ့၏။ ကျိုးဟောက်ယွီသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ရာ သူ့နှာခေါင်းထိပ်ဖျားမှနေ၍ ဖြူစင်လှသော အလင်းတန်းတစ်ခု ဆန့်တန်းထွက်ပေါ်သွားခဲ့သည်။ ထိုအလင်းတန်း ထွက်ပေါ်သွားသော အကွာအဝေးမှာ သူပထမဆုံးနေ့ ကျင့်ကြံအားထုတ်စဉ်ကထက် များစွာ ပိုမို၍ ရှည်လျားလှပေသည်။ မျက်နှာသစ် သန့်စင်ပြီးနောက် ကျိုးဟောက်ယွီသည် အပြင်ဘက်သို့ လှမ်းထွက်ခဲ့ရာ၊ ဧည့်ခန်းမကြီးအတွင်း၌ ချူကျင်းဖုန်းကို တွေ့ရှိလိုက်ရ၏။
"ကျိုးကော၊ ကျွန်တော့် အဘိုးနဲ့ အခြားလူတွေကတော့ အလုပ်သွားကြပြီ၊ ဒီနေ့တော့ ကျွန်တော်အတူ အပြင်ကို လိုက်ခဲ့ပါဦးလား၊ ဒီနေ့ ကြီးကျယ်ခမ်းနားတဲ့ ထျန်းပေါင် လေလံပွဲကြီးတစ်ခု ရှိတယ်၊ တန်ဖိုးရှိတဲ့ ရတနာအကောင်းစားတွေ အများကြီး ရှိမှာဆိုတော့၊ မသွားဖြစ်ရင် တကယ့်ကို နှမြောစရာကြီး ဖြစ်လိမ့်မယ်"
ချူကျင်းဖုန်းမှ အကြံပြုလာသည်။
"မလိုက်တော့ပါဘူး၊ ဒီနေ့ လုပ်စရာ ကိစ္စလေးတွေ ရှိနေသေးလို့ပါ"
ကျိုးဟောက်ယွီမှ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ ချူကျင်းဖုန်းလည်း ထပ်မံ၍ အတင်းအကြပ် မတောင်းဆိုတော့ဘဲ သူတို့နှစ်ဦး အတူတူ နံနက်စာ သုံးဆောင်ကြပြီးနောက် ကျိုးဟောက်ယွီသည် ကားကို မောင်းနှင်လျက် ဝေ့ရှီယု ၏ အိမ်တော်ဆီသို့ ထွက်ခွာခဲ့တော့၏။ ကျိုးဟောက်ယွီသည် လမ်းခရီးကို အကျွမ်းတဝင်ရှိလှသဖြင့် အိမ်တော်အတွင်းသို့ လှမ်းဝင်ခဲ့ရာ ဝေ့ရှီယု၏ အခန်းတံခါးအရှေ့သို့ ရောက်ရှိသွားပြီး ဝေ့ရှီယု၏ ဒေါသတကြီးဖြင့် စိတ်မရှည်သော အသံက အခန်းအတွင်းမှ ထွက်ပေါ်လာသည်။
"လာပြီး မရှုပ်ပါနဲ့၊ ငါ အခု စိတ်အလိုမကျဖြစ်ပြီး စိတ်ညစ်နေရပါတယ်ဆိုကာမှ"
"ဘာဖြစ်လို့လဲ၊ ဘယ်သူကများ ငါ့ရဲ့ မမလေးဝေ့ကို စိတ်ဆိုးအောင် လုပ်လိုက်လို့လဲ၊ ငါ့ကို ပြောပြစမ်းပါဦး ငါ သွားပြီး ဆုံးမပေးပါ့မယ်၊ မင်းရဲ့ သက်တော်စောင့်တစ်ယောက်အနေနဲ့ ဒါက ငါ့ရဲ့ တာဝန်ပဲ မဟုတ်လား"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ဆိုလိုက်သည်။
"ဒါဆိုရင်လည်း အခုချက်ချင်းပဲ နင့်မျက်နှာကို လက်သီးနဲ့ တစ်ချက်လောက် ထိုးပစ်လိုက်စမ်းပါ၊ ဒါဆိုရင်တော့ ငါ့ရင်ထဲက ဒေါသတွေ အကုန်ပြေသွားလိမ့်မယ်"
ဝေ့ရှီယုမှ စိတ်ဆိုးမာန်ဆိုးဖြင့် ဆိုရှာသည်။
"တကယ်ကြီးလား၊ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ၊ ငါ မနေ့ညက ဒီမှာ လာပြီး အိပ်ခဲ့တာလည်း မဟုတ်ဘူး၊ မင်းကို မြင်တောင် မမြင်လိုက်ရပါဘူး၊ ငါက မင်းကို တမင်သက်သက် စိတ်ဆိုးအောင် လုပ်ချင်ရင်တောင် အခွင့်အရေးမှ မရှိခဲ့တာပဲ"
ကျိုးဟောက်ယွီမှ ရိုးသားစွာဖြင့် အပြစ်ကင်းမဲ့ဟန် ဆင်ခြေပေးလိုက်သည်။
"နင် ဘယ်လိုမျက်နှာမျိုးနဲ့ အဲဒီလို စကားကို ပြောထွက်ရတာလဲ"
ဝေ့ရှီယု၏ ဒေါသအဟုန်မှာ ချက်ချင်းပင် ပေါက်ကွဲသွားရတော့သည်။
"မနေ့တုန်းက ငါနင့်ကို ဖုန်းဆက်တော့ ညကျရင် အိမ်ပြန်လာပြီး အိပ်ပါ့မယ်လို့ ပြောခဲ့တာကို နင် မေ့သွားပြီလား"
"အော် ဒါလေးတင်လား"
ကျိုးဟောက်ယွီမှာ ဆွံ့အသွားရပြီး ပြန်လည်ရှင်းပြရတော့သည်။
"ငါ မနေ့ညက တကယ်ပဲ ပြန်လာဖို့ ပြင်ခဲ့တာပါ၊ ဒါပေမဲ့ ချူကျင်းဖုန်းက သူ့အိမ်ကို ဧည့်သည်အဖြစ် လာခဲ့ပါဦးဆိုပြီး အတင်းအကြပ် ခေါ်နေလို့လေ၊ ပြီးတော့ မင်းရဲ့ အဖေကိုယ်တိုင်ကလည်း ဘေးနားကနေ ဝင်ပြီး ထောက်ခံပေးနေတာဆိုတော့ ငါ့အနေနဲ့ ငြင်းဖို့ ခက်ခဲသွားလို့ လိုက်သွားရတာပါဟာ"
"ဒါဆိုရင်လည်း ဘာဖြစ်လို့ ငါ့ကို ကြိုပြီး မပြောရတာလဲ"
ဝေ့ရှီယုမှာ ဇွတ်အတင်း မေးခွန်းထုတ်ပြန်သည်။
"မင်းကို ကြိုပြီး ပြောပြနေဖို့ မလိုပါဘူးလေ"
ကျိုးဟောက်ယွီ ပြန်လည်ချေပလိုက်ပြီးနောက် မနေနိုင်ဘဲ စနောက်လိုစိတ်ဖြင့် တီးတိုးဆိုလိုက်သည်။
"ဒါ့အပြင် ငါအိမ်ပြန်လာတာ၊ မလာတာက မင်းနဲ့ ဘာမှလည်း မဆိုင်ပါဘူး၊ မင်းက ငါနဲ့အတူတူ အိပ်တာမှ မဟုတ်တာ ဘာဖြစ်လို့ အဲဒီလောက်အထိ အလေးအနက်ထားပြီး စိတ်ပူနေရတာလဲ"
"သွားသေလိုက်စမ်း"
ဝေ့ရှီယုမှာ ဒေါသကြောင့် လုံးဝ ပေါက်ကွဲလုမတတ် ဖြစ်သွားရရှာသည်။
“ဒုန်း"
အသံကြီးနှင့်အတူ သူမသည် ကုတင်ဘေးရှိ မီးအိမ်ကို လှမ်းယူလိုက်ပြီး တံခါးဆီသို့ ဆောင့်ကန်လျက် ပစ်ပေါက်လိုက်တော့သည်။ ကျိုးဟောက်ယွီမှာ ခေတ္တမျှ ကြောင်အသွားရပြီးနောက်မှ ဝေ့ရှီယုတစ်ယောက် တကယ်ကြီး ဒေါသထွက်နေပြီ ဖြစ်ကြောင်းကို အခန့်မသင့်ဘဲ သဘောပေါက်သွားရတော့၏။ သူသည် ချက်ချင်းပင် အသံကို လျှော့ချလိုက်ပြီး နူးညံ့စွာဖြင့် ချော့မော့လိုက်သည်။
"ကဲပါ ငါမှားသွားပါတယ်၊ စနောက်ပြီး စကားပြောလိုက်မိရုံ သက်သက်ပါပဲ ဘာဖြစ်လို့ အဲဒီလောက်အထိ စိတ်ဆိုးနေရတာလဲ"
"ထွက်သွားစမ်း၊ နင့်စကားတွေကို လုံးဝ မကြားချင်ဘူး"
ဝေ့ရှီယု အော်ဟစ်လိုက်တော့သည်။ ထို့နောက်မှာတော့ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရလေ၏။ မိနစ်အနည်းငယ်ခန့် ကုန်လွန်သွားသည့်တိုင်အောင် အပြင်ဘက်မှ ဘာအသံမျှ မကြားရသဖြင့်၊ ဝေ့ရှီယုသည် ဒေါသတကြီးဖြင့် ခေါင်းဦးကို လှမ်းယူကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး နှုတ်ခမ်းလေး စူလျက် ညည်းတွားမိတော့သည်။
"ငါက သူ့ကို ထွက်သွားလို့ ပြောလိုက်တာနဲ့ ဒီတစ်ခေါက်ကျမှ ဘာဖြစ်လို့ အဲဒီလောက်အထိ စကားနားထောင်ပြီး တကယ်ကြီး ထွက်သွားရတာလဲ ကောင်စုတ်"
အဝတ်အစားများ သေသေချာချာ ဝတ်ဆင်ပြီးနောက် ဝေ့ရှီယုသည် စိတ်မပါလက်မပါဖြင့် တံခါးကို ဖွင့်လှစ်လိုက်ပြီး အောက်ထပ်သို့ ဆင်းကာ နံနက်စာ စားသုံးရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကျိုးဟောက်ယွီသည် တံခါးဝတွင် ရပ်နေလျက် မိမိကို ကြည့်ကာ ပြုံးပြုံးကြီး ပြုံးနေသည်ကို မြင်တွေ့လိုက်ရသဖြင့် လုံးဝ လန့်ဖျန့်သွားရတော့၏။
"ငါက နင့်ကို ထွက်သွားလို့ ပြောထားတယ် မဟုတ်လား၊ ဘာဖြစ်လို့ အခုထိ ဒီမှာ ရပ်နေရသေးတာလဲ"
ဝေ့ရှီယုမှ စိတ်မရှည်ဟန်ဖြင့် မေးမြန်းလိုက်သည်။
သို့သော်လည်း ကျိုးဟောက်ယွီမှာမူ ဘာစကားမျှ ပြန်မပြောဘဲ သူမကို ကြည့်လျက် ဆက်လက်၍သာ ပြုံးနေခဲ့၏။
"နင် ငါ့ကိုလာပြီး မခြောက်လှန့်ပါနဲ့ဦး၊ ဘာပဲဖြစ်ဖြစ် စကားတစ်ခွန်းလောက်တော့ ပြန်ပြောဦးလေ"
ဝေ့ရှီယုမှ မျက်မှောင်ကြုတ်လျက် ဆိုသည်။ ကျိုးဟောက်ယွီ ပုခုံးကို အသာအယာ တွန့်ပြလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ ပြော၏။
"မင်းဘာသာမင်း ငါ့စကားတွေကို လုံးဝ မကြားချင်ဘူးလို့ ပြောထားတာ မဟုတ်လား၊ ကောင်းပါပြီ ဒါဆိုရင်လည်း ငါနှုတ်ပိတ်ထားလိုက်ပါ့မယ်"
"နင် ဒါကို တမင်သက်သက် လုပ်နေတာမလား"
ဝေ့ရှီယုမှ သူ့အား မျက်စောင်းထိုးလျက် စိတ်အလိုမကျဖြစ်ရပြန်သည်။
"ငါတို့တွေ တကူးတက အလေးအနက်ထားပြီး စကားပြောတဲ့ အခါကျရင်တော့ နင်ဘယ်တော့မှ စကားနားမထောင်ဘူး၊ အခုကျမှ ငါသာမန် ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းကို စိတ်ထဲမှာ အဲဒီလောက်အထိ မှတ်ထားရလား"
"မင်းက ဒီလောက်အထိ စိတ်ဆိုးမာန်ဆိုး ဖြစ်နေတာကို ငါက ဘယ်လိုနည်းနဲ့ စိတ်ထဲမှာ မမှတ်ဘဲ နေလို့ ရမှာလဲ"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် လက်နှစ်ဖက်ကို ဝေ့ရှီယု၏ ပုခုံးပေါ်သို့ အသာအယာ တင်လိုက်ကာ၊ နူးညံ့စွာဖြင့် ချော့မော့လိုက်သည်။
"ကဲပါ စိတ်မဆိုးပါနဲ့တော့၊ ခဏခဏ စိတ်ဆိုးရင် မျက်နှာမှာ အရေးအကြောင်းတွေ ထွက်လာတတ်တယ် အဲဒီကျရင် အိမ်ထောင်ဖက် ရှာရတာ ပိုပြီးတော့ ခက်ခဲသွားလိမ့်မယ်"
"နင်နဲ့ ဘာဆိုင်လို့လဲ"
ဝေ့ရှီယုမှာ နှုတ်ခမ်းလေး စူလျက် ပြန်လည်ဆိုရှာသည်။ သူမ၏ အပြောအဆိုမှာ အနည်းငယ် မာထန်နေသေးသည်မှာ မှန်သော်လည်း ရင်ထဲမှ ဒေါသတရားများမှာမူ အတော်လေး လျော့ပါးသွားခဲ့ရလေပြီဖြစ်၏။ သူတို့နှစ်ဦး အတူတူ အပြင်ဘက်သို့ ထွက်လာကြပြီးနောက် ဝေ့ရှီယု ကားပေါ်တွင် ထိုင်လိုက်ပြီး၊ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်သည်။
"ထျန်းပေါင် လေလံပွဲကို မောင်းစမ်း"
"ထျန်းပေါင် လေလံပွဲ ဟုတ်လား"
ကျိုးဟောက်ယွီမှာ ခေတ္တမျှ ကြောင်အသွားရပြီး မသိစိတ်ထဲမှ ရေရွတ်မိတော့သည်။
"တကယ့်ကို တိုက်ဆိုင်လွန်းတာပဲလား"
"ဘာတွေ တိုက်ဆိုင်နေလို့လဲ"
ဝေ့ရှီယုမှ ဇဝေဇဝါဖြင့် လှမ်း၍ မေးမြန်းလိုက်တော့သည်။
"အော် စောစောတုန်းက ချူကျင်းဖုန်းက ငါ့ကို အဲဒီ ထျန်းပေါင် လေလံပွဲကို သွားရအောင်လို့ လာပြီး ဖိတ်ခေါ်ခဲ့သေးတယ်၊ ဒါပေမဲ့ ငါက ရင်ထဲမှာ မင်းကိုပဲ သတိရနေမိလို့ သူ့ရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့တာလေ"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း စနောက်သော စကားလုံးလေးများကို ထည့်သွင်းလျက် ပြန်လည်ရှင်းပြလိုက်တော့သည်။