အခန်း ၁၅၃
Vol. 16 Ch. 153
153
"ငါသတိထားမိသလောက်တော့ နင် ဒီရက်ပိုင်းအတွင်း စကားတွေ တအားများလာတာပဲ၊ အကယ်၍ နင်ပြောတဲ့ စကားတွေရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုသာ လက်တွေ့ တကယ်လုပ်နိုင်မယ်ဆိုရင် အခုအချိန်အထိ လူပျိုကြီး ဖြစ်နေမှာ မဟုတ်ဘူး"
ဝေ့ရှီယုမှ မချိပြုံးပြုံးလျက် ရွဲ့တဲ့တဲ့လေသံဖြင့် ပြန်လည်ချေပလိုက်သည်။
"မင်းပြောပုံက မင်းကိုယ်မင်းကျတော့ အပျိုကြီး မဟုတ်တဲ့အတိုင်းပဲလား"
ကျိုးဟောက်ယွီလည်း ဝေဝေဆိုင်းဆိုင်းမရှိဘဲ ချက်ချင်းပင် လှမ်း၍ ရွဲ့လိုက်တော့သည်။
"ဟမ့်၊ နင်က ငါနဲ့လာပြီး ယှဉ်လို့ ရမလားဟဲ့"
ဝေ့ရှီယုမှာ နှာခေါင်းတစ်ချက် ရှုံ့လျက် အထင်အမြင်သေးစွာဖြင့် ထပ်ပြောသည်။
"ငါက အိမ်ထောင်ဖက် မရှာချင်လို့ မရှာတာ၊ နင်ကကျတော့ ရှာလို့မရလို့ မရှိတာလေ၊ အဲဒီနှစ်ခုရဲ့ ကြီးမားတဲ့ ကွာခြားချက်ကိုတောင် နင်မသိရအောင် ဉာဏ်မမှီဘူးလား"
"ဘယ်သူက ငါ့ကို အိမ်ထောင်ဖက် ရှာလို့မရဘူးလို့ ပြောလဲ၊ ငါပြောပြလိုက်မယ် မကြာခင်ပဲ စောင့်နေလိုက် ငါလူပျိုဘဝကနေ ကျွတ်လွတ်တော့မှာ"
ကျိုးဟောက်ယွီမှ ဇွတ်အတင်း ပြတ်ပြတ်သားသား ပြန်လည်ငြင်းခုံလိုက်တော့သည်။ သူ့ရင်ထဲတွင် အနည်းငယ် လိပ်ပြာမလုံဘဲ ရှိနေသော်လည်း ဝေ့ရှီယု၏ အရှေ့တွင်မူ မိမိကိုယ်ကို အိမ်ထောင်ဖက် ရှာမရသော ကောင်လေးတစ်ဦးပမာ အထင်အမြင်သေးခံရခြင်းကိုတော့ ဘယ်လိုနည်းနဲ့မှ အရှုံးမပေးနိုင်ချေ။
"ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ရုံးခန်းထဲမှာ နင် WeChat ကနေပြီးတော့ စကားတွေ ပြောနေတဲ့ ကောင်မလေးလား"
ဝေ့ရှီယုမှာ အကဲခတ်သော မျက်လုံးများဖြင့် စမ်းသပ်လျက် မေးမြန်းလိုက်သည်။
"အဲဒီတစ်ယောက်တည်းတင် ဘယ်ကမလဲ၊ ငါ့ကို သဘောကျတဲ့ ကောင်မလေးတွေက အများကြီး ရှိတာ မင်းအရှေ့မှာ အကုန်လုံးကို နာမည်စာရင်း လိုက်ရွတ်ပြနေရမှာလား"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် ဝင့်ကြွားစွာဖြင့် ပြောလေသည်။
"အကယ်၍ ငါသာ အကုန်လုံးကို လိုက်ပြောနေရရင် ဒီနေ့ ဘာအလုပ်မှ လုပ်ရတော့မှာ မဟုတ်ဘူး၊ မနက်ဖြန် မနက်ခင်းအထိတောင် အဲဒီ နာမည်စာရင်းကို ရေတွက်လို့ ပြီးမှာ မဟုတ်ပါဘူး"
"နင် ပြောတဲ့စကားကို နင်ကိုယ်တိုင်ကော ယုံရဲ့လား"
ဝေ့ရှီယုမှာ ခေါင်းကို ခါယမ်းလျက် ရယ်မောလိုက်မိတော့သည်။ သို့သော်လည်း သူမရင်ထဲတွင်မူ အနည်းငယ် နှမြောတသ ဖြစ်သွားရရှာ၏။ သူမသည် ကျိုးဟောက်ယွီကို အကဲခတ်ရန်အတွက် သက်သက် စကားစခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင်မူ သူ့ထံမှ ဘာလျှို့ဝှက်ချက် အချက်အလက်ကိုမျှ စစ်ဆေး၍ မရရှိခဲ့ချေ။
"မင်း ယုံချင်ယုံ မယုံချင်နေပေါ့၊ ငါကတော့ ဘာမှ ဂရုမစိုက်ပါဘူး"
ကျိုးဟောက်ယွီ ခပ်ဟဟ ရယ်မောရင်း ဆိုလိုက်သည်။ သူတို့နှစ်ဦးသည် လမ်းခရီးတစ်လျှောက်လုံး ပျော်ပျော်ပါးပါး စကားစမြည် ပြောဆိုလာခဲ့ကြရာ သိပ်မကြာလိုက်ဘဲ ထျန်းပေါင် လေလံပွဲသို့ ဆိုက်ရောက်သွားခဲ့ကြတော့၏။ ဤနေရာမှာ မြို့တော်အတွင်း၌ အကြီးမားဆုံးသော လေလံရုံကြီး ဖြစ်ပေသည်။ သာမန် လေလံပွဲအသေးစားလေးများကိုမူ မကြာခဏ ကျင်းပလေ့ရှိသော်လည်း အလွန်အမင်း ထူးခြားဆန်းပြားသော ရတနာများ ပါဝင်လေ့မရှိသဖြင့်၊ တကယ့် အထက်တန်းလွှာ သူဌေးကြီးများကို ဆွဲဆောင်နိုင်ခြင်း မရှိချေ။ တစ်လလျှင် တစ်ကြိမ်သာ ကျင်းပလေ့ရှိသော ဤကဲ့သို့သော လေလံပွဲအကြီးစားကြီးများမှာသာ တကယ့် ခမ်းနားထည်ဝါသော ပွဲတော်ကြီးတစ်ခုပမာ ဖြစ်နေလေ့ရှိပြီး၊ မြို့တော်၏ သြဇာတိက္ကမ ကြီးမားလှသော အကျော်အမော် အများအပြားကို ပျော်ပျော်ပါးပါး ဆုံစည်းရန်နှင့် အနားယူရန်အတွက် ဆွဲဆောင်နိုင်ခြင်း ဖြစ်ပေသည်။ ကျိုးဟောက်ယွီသည် ဝေ့ရှီယု၏ နောက်မှနေ၍ လေလံရုံ၏ တံခါးဝသို့ လှမ်းဝင်လိုက်သည့်အခါ မန်နေဂျာပုံစံမျိုး ပေါက်သော အမျိုးသားတစ်ဦးမှာ လှိုက်လှိုက်လှဲလှဲဖြင့် လှမ်း၍ ကြိုဆိုလိုက်၏။
"မမလေးဝေ့ ကြွပါ၊ ဒီနေ့ မမလေးဝေ့ ရောက်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့တွေ ကြိုသိနေလို့ မမလေးဝေ့ အမြဲတမ်း သုံးနေကျ သီးသန့်အခန်း ကို ကြိုပြီး ဖယ်ထားပေးပါတယ်"
"အင်း"
ဝေ့ရှီယုမှာ အေးစက်စက် လေသံဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်ပြီး ထိုမန်နေဂျာ၏ ဘေးမှနေ၍ ကျောခိုင်းလျက် ဝင်ရောက်သွားခဲ့တော့သည်။ ကျိုးဟောက်ယွီမှာမူ ဘာစကားမှမဆိုဘဲ အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပြီး သူတို့နှစ်ဦး လူအုပ်ကြီး၏ အဝေးသို့ ရောက်ရှိသွားသည့် အချိန်မှသာ မန်နေဂျာ၏ ဘေးတွင် ရပ်နေသော လူငယ်တစ်ဦးမှာ မနေနိုင်ဘဲ တီးတိုးမေးမြန်းလိုက်၏။
"မန်နေဂျာကြီး စောစောတုန်းက ကောင်မလေးက ဘယ်သူလဲဗျာ၊ ကြည့်ရတာ တကယ့်ကို ဝင့်ကြွားလွန်းတာပဲ၊ မန်နေဂျာကြီးက သူ့ကို အဲဒီလောက်အထိ ရိုရိုသေသေ နှုတ်ဆက်နေတာတောင် သူက စကားတစ်ခွန်းတောင် သေသေချာချာ ပြန်မပြောသွားဘူး"
"ရှူး တိုးတိုးလုပ်စမ်း"
မန်နေဂျာမှာ ထိုလူငယ်၏ ပါးစပ်ကို လက်ဖြင့် ကပျာကယာ ပိတ်ဆို့လိုက်ပြီး ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး အကဲခတ်လျက် တီးတိုးသတိပေးလိုက်သည်။
"နှုတ်ကို စောင့်စမ်းပါ၊ မမလေးဝေ့ရဲ့ အကြောင်းကို ဘယ်တော့မှ ကွယ်ရာမှာ ရိုင်းရိုင်းစိုင်းစိုင်း မပြောမိပါစေနဲ့"
...
ကျိုးဟောက်ယွီနှင့် ဝေ့ရှီယုတို့သည် ထျန်းပေါင် လေလံပွဲ၏ အတွင်းဘက်သို့ လှမ်းဝင်လာကြသည့်အခါ လမ်းခရီးတွင် အသိမိတ်ဆွေ အများအပြားက ဝေ့ရှီယုကို မပြတ် နှုတ်ဆက်နေကြသည်ကို တွေ့ရသည်။ သူ့မှာမူ လူအုပ်ကြီး၏ မျက်စိထဲတွင် လုံးဝ မမြင်ရသော ကိုယ်ပျောက်လူသားတစ်ဦးပမာ ဖြစ်နေခဲ့ပြီး၊ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို အလေးဂရုမပြုမိကြချေ။ ကျိုးဟောက်ယွီမှာမူ ဤအခြေအနေကို ပို၍ပင် သဘောကျနေသေးသည်။ သူသည် သာမန်အားဖြင့် သူစိမ်းများနှင့် စကားပြောဆို ဆက်ဆံရခြင်းကို ဝါသနာမပါလှသဖြင့် ဝေ့ရှီယုနှင့် အတန်ငယ် ကွာဝေးသော နေရာမှနေ၍သာ လျှောက်လှမ်းလာခဲ့ပြီး၊ ထျန်းပေါင် လေလံပွဲ၏ ဘေးဘယ်ညာတွင် တန်ဆာဆင်ထားသော အနုပညာ လက်ရာမျိုးစုံကို အေးအေးလူလူ ငေးမောကြည့်ရှုနေခဲ့၏။
"ဟေး ဒီဘက်ကို ပိုပြီး နီးနီးကပ်ကပ် လာခဲ့ဦးလေ၊ နင်က အဲဒီလောက်အထိ အဝေးကြီးမှာ ရပ်နေရင် ငါ့ကို ဘယ်လိုနည်းနဲ့ ကာကွယ်ပေးမှာလဲ"
ဝေ့ရှီယုမှ လှေကားထစ်များပေါ်သို့ တက်လှမ်းရင်း အနောက်သို့ လှည့်ကြည့်လိုက်ရာ ကျိုးဟောက်ယွီက မိမိနှင့် အတော်လှမ်းလှမ်းရှိ အနောက်ဘက်တွင် ကျန်ရစ်နေသည်ကို မြင်တွေ့ရသဖြင့် လှမ်း၍ အော်ဟစ်လိုက်တော့သည်။
"ဒီလို နေရာမျိုးမှာ ဘာအန္တရာယ်မှ ရှိနိုင်မှာ မဟုတ်ပါဘူး"
ကျိုးဟောက်ယွီ ညည်းတွားလိုက်သော်လည်း ခြေလှမ်းများကို မြှင့်တင်လျက် ဝေ့ရှီယု၏ ဘေးနားသို့ ပိုမိုနီးကပ်စွာ လျှောက်လှမ်းသွားခဲ့သည်။
"ဒါက အန္တရာယ် ရှိတာ၊ မရှိတာနဲ့ မဆိုင်ဘူး၊ နင့်မှာ တာဝန်သိစိတ် ဘယ်လောက်အထိ ရှိသလဲဆိုတာနဲ့ပဲ ဆိုင်တယ်"
ဝေ့ရှီယုမှ စိတ်အလိုမကျဟန်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လျက် ဆိုရှာသည်။
"နားလည်ပါပြီ မမလေးဝေ့ရယ်၊ ငါ အခုပဲ မင်းရဲ့ ဘေးနားကို ရောက်နေပြီ မဟုတ်လား"
ကျိုးဟောက်ယွီမှ မချိပြုံးပြုံးလျက် ဆိုလိုက်သည်။ သူ့စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဘေးဘက်မှနေ၍ အပြေးအလွှား လှမ်းလာသော လူငယ်တစ်ဦးသည် ကျိုးဟောက်ယွီ၏ ကိုယ်ခန္ဓာနှင့် မတော်တဆ ခပ်ပြင်းပြင်း တစ်ချက် တိုက်မိသွားခဲ့ရတော့၏။
"မင်း မျက်လုံး မပါဘူးလား"
ထိုလူငယ်သည် ကျိုးဟောက်ယွီ ဝတ်ဆင်ထားသော ဈေးပေါလှသည့် အဝတ်အစားများကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်တော့သည်။ သူသည်လည်း အခြေအနေကို ကောင်းကောင်းကြီး အကဲခတ်တတ်သူ ဖြစ်ပေ၏။ ဤလေလံရုံကြီးအတွင်း၌ သြဇာကြီးမားလှသော အထက်တန်းလွှာ အကျော်အမော်များ ပြည့်နှက်နေသဖြင့် သူသည် မည်သူမည်ဝါမှန်းမသိဘဲ စည်းကမ်းမဲ့စွာ မဆဲဆိုဝံ့ချေ။ သို့သော်လည်း ကျိုးဟောက်ယွီ၏ ဝတ်စုံကို ကြည့်ပြီး သာမန် လူတန်းစားတစ်ဦးမျှသာဟု ထင်မှတ်ကာ အခုလိုမျိုး ရိုင်းစိုင်းစွာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
"မင်း တစ်ခုခုတော့ မှားနေတယ် ထင်တယ်နော်၊ မင်းက ငါ့ကို လာပြီး တိုက်မိတာလေ၊ ငါက မင်းကို သွားတိုက်မိတာ မဟုတ်ဘူး"
ကျိုးဟောက်ယွီမှ တည်ငြိမ်စွာဖြင့် အမှန်အတိုင်း ဆိုလိုက်သည်။
"အဲဒီလို အပိုစကားတွေ ပြောမနေနဲ့စမ်း၊ မင်းကြောင့် ငါဝတ်ထားတဲ့ ဒေါ်လာထောင်ချီ တန်ဖိုးရှိတဲ့ အဝတ်အစားတွေ ကြေမွကုန်ပြီ၊ အခုချက်ချင်း တောင်းပန်ပြီး လျော်ကြေးပေးစမ်း၊ ငါ့မှာ မင်းလို လူစားမျိုးနဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး"
ယန်ကျန်းဝမ်မှာ ရန်လိုသော လေသံဖြင့် အတင်းအကြပ် တောင်းဆိုတော့သည်။
"မင်းက ငါ့ကို လာပြီး တိုက်မိတာဖြစ်ပြီးတော့ အခုကျမှ ငါ့ကို တောင်းပန်ခိုင်းပြီး လျော်ကြေးပေးခိုင်းနေတာလား၊ မင်း တော်တော်လေး အတွေးလွန်နေတာပဲ"
ကျိုးဟောက်ယွီမှာ ခပ်ဟဟ ရယ်မောရင်း ပြန်လည်ချေပလိုက်သည်။ ယန်ကျန်းဝမ် အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ကာ ပြော၏။
"ငါ အတွေးလွန်တာ၊ မလွန်တာက မင်းနဲ့ ဘာမှမဆိုင်ဘူး၊ မင်းသာ တကယ် ဉာဏ်ရှိတဲ့ လူဆိုရင် စကားကို လိမ္မာယဉ်ကျေးစွာ နာခံပြီး တောင်းပန်၊ လျော်ကြေးပေးလိုက်တာက အကောင်းဆုံးပဲ၊ မဟုတ်ရင်တော့ မင်း ခါးသီးတဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်"
"မင်းက ငါ့ကို လာပြီး ခြိမ်းခြောက်နေတယ်ပေါ့"
ကျိုးဟောက်ယွီမှာ မျက်ခုံးတစ်ချက် ပင့်လျက် မေးလိုက်သည်။
"ဒါက ခြိမ်းခြောက်တာ မဟုတ်ဘူး၊ ငါက လက်တွေ့ဘဝရဲ့ အမှန်တရားကို ပြောပြနေရုံ သက်သက်ပဲ"
ယန်ကျန်းဝမ် တည်ငြိမ်စွာဖြင့် ဆိုသည်။
"အော် အခြေအနေက အဲဒီလိုမျိုး ဆိုရင်တော့ ငါကလည်း မင်းကို အမှန်တရားတစ်ခုလောက် ပြန်ပြီး ပြောပြရတာပေါ့"
ကျိုးဟောက်ယွီမှာ ခေါင်းကို ခါယမ်းလျက် ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် ထပ်ပြောသည်။
"အကယ်၍ မင်းသာ အခုချက်ချင်း လိမ္မာယဉ်ကျေးစွာနဲ့ ငါ့ကို ပြန်ပြီး တောင်းပန်၊ လျော်ကြေးပေးမယ်ဆိုရင်တော့ ငါ မင်းကို အသာအယာ ခွင့်လွှတ်ပေးလိုက်မယ်၊ မဟုတ်ရင်တော့ မင်းကိုယ်တိုင်ပဲ အဲဒီ ခါးသီးတဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်"
ကျိုးဟောက်ယွီသည် တစ်ဖက်လူ ပြောခဲ့သော စကားလုံးများကို တစ်လုံးမကျန် တသွေမတိမ်း ပြန်လည်၍ တုံ့ပြန်လိုက်ခြင်း ဖြစ်ရာ ယန်ကျန်းဝမ်သည် ဤစကားကို ကြားလိုက်ရသည့်အခါတွင်မူ ဒေါသတကြီးဖြင့် ဟားတိုက်၍ ရယ်မောလိုက်တော့သည်။
"မင်းက မင်းကိုယ်မင်း ဘာကောင်မို့လို့ ငါ့ကို ဒီလိုစကားမျိုးနဲ့ လာပြီး ပြောရဲတာလဲ၊ မင်းလို အကောင်စုတ်က စောင့်ရုံသာ စောင့်နေလိုက်စမ်းပါ၊ လေလံပွဲ ပြီးသွားတဲ့ အချိန်က မင်း တကယ့်ကို နောင်တရရမယ့် အချိန် ဖြစ်လာလိမ့်မယ်"
"ဘာဖြစ်လို့ လေလံပွဲ ပြီးဆုံးသွားတဲ့အထိ စောင့်ပြီးမှ နောင်တရရမှာလဲ"
ကျိုးဟောက်ယွီမှ ဇဝေဇဝါ ဖြစ်ဟန်ဖြင့် မေးမြန်းလိုက်ပြီး ရန်လိုသော လေသံဖြင့် ပြောလိုက်သည်။
“ငါကတော့ အခုချက်ချင်းပဲ အဲဒီ နောင်တဆိုတဲ့ အရသာက ဘယ်လိုမျိုးလဲဆိုတာကို မြည်းစမ်းကြည့်ချင်လှပြီ"
ယန်ကျန်းဝမ်သည် ကျိုးဟောက်ယွီကို တကယ့် ငတုံးတစ်ယောက်ပမာ ကြည့်ရှုလိုက်သည်။
"မင်းက ဒီထျန်းပေါင် လေလံပွဲကို ဘာနေရာမျိုးလို့ ထင်မှတ်နေတာလဲ၊ ဒါက လမ်းဘေးက အကင်ဆိုင် မဟုတ်ဘူး၊ လူတွေက သူတို့ စိတ်အလိုအတိုင်း လာရောက် ရိုက်ပုတ် တိုက်ခိုက်လို့ရတဲ့ နေရာမျိုး လုံးဝ မဟုတ်ဘူး၊ မင်း ဒီနေရာကနေ လှမ်းထွက်သွားတာနဲ့ ငါ့မှာ မင်းကို ဆုံးမဖို့အတွက် နည်းလမ်းပေါင်း အမြောက်အမြား ရှိပြီးသားပဲ"
"ဒါပေမဲ့ ငါက အဲဒီလောက်အထိ အကြာကြီး မစောင့်ချင်ဘူး"
ကျိုးဟောက်ယွီ၏ နှုတ်ခမ်းထောင့်တွင် ဆိုးသွမ်းလှသော အပြုံးတစ်ချက် ဖြတ်သန်းသွားခဲ့ရတော့သည်။ ထိုစကားကို ကြားသောအခါ ယန်ကျန်းဝမ်မှာ ဒေါသတကြီးဖြင့် ဆဲဆိုလိုက်တော့၏။
"မွေးကတည်းက တန်ဖိုးမရှိတဲ့ အောက်တန်းစား၊ မင်းက အရိုက်ခံရဖို့အတွက်တောင် အဲဒီလောက်အထိ မစောင့်နိုင်ဘူးပေါ့လေ၊ ဒါဆိုရင်လည်း အခုချက်ချင်း ဒီကနေ အပြင်ကို လှမ်းထွက်ခဲ့စမ်း၊ ငါ့အစွမ်း မင်းကို ပြသပေးရတာပေါ့!"
“ခွပ်"
အသံကြီးနှင့်အတူ ကျိုးဟောက်ယွီ၏ လက်သီးချက်မှာ လျှပ်စီးပမာ မြန်ဆန်လှသော နှုန်းထားဖြင့် ယန်ကျန်းဝမ်၏ ပါးစပ်ဆီသို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ရပြီး၊ သူ့ကို ကြမ်းပြင်ပေါ်သို့ ဖရိုဖရဲ လဲကျသွားစေခဲ့ကာ သူ့ပါးစပ်မှနေ၍ သွေးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ရတော့သည်။ ကျိုးဟောက်ယွီသည် ယန်ကျန်းဝမ်၏ ရင်ဘတ်ပေါ်သို့ ခြေထောက်ဖြင့် ခပ်ပြင်းပြင်း နင်းခြေလိုက်ပြီးနောက် လှောင်ပြောင် သရော်သော လေသံဖြင့် ခပ်ဟဟ ရယ်မောလျက် ပြောလိုက်၏။
"ငါ တောင်းပန်ပါတယ်၊ စောစောတုန်းက ငါက 'အကြာကြီး မစောင့်နိုင်ဘူး' လို့ ပြောတာက ငါအရိုက်ခံရဖို့အတွက် မစောင့်နိုင်တာ မဟုတ်ဘူး၊ မင်းကို ရိုက်ပုတ် ဆုံးမဖို့အတွက် မစောင့်နိုင်တာကို ပြောတာ"
"ကောင်စုတ် မင်း တကယ်သေချင်နေတာပဲ၊ မင်း ငါ့ကို တကယ်ကြီး ရိုက်ရဲတာလား၊ ငါက ဘယ်သူလဲဆိုတာကိုကော သိရဲ့လား"
ယန်ကျန်းဝမ်မှာ လုံးဝ ရူးသွပ်လုမတတ် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"မင်းက ဘယ်သူလဲ၊ ငါ့ကို ပြောပြစမ်းပါဦး မင်းရဲ့ အဆင့်အတန်းက ငါ့ကို တကယ်ကြီး ခြောက်လှန့်နိုင်မလားဆိုတာကို သိချင်လှပြီ"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ပျော်ပျော်ပါးပါး စနောက်လိုက်တော့သည်။