အခန်း ၁၅၇
Vol. 16 Ch. 157
157
"မဖြစ်ဘူး ငါ့အမြင်မှာတော့ မင်းတို့ဘက်က လျော်ကြေးငွေကို မဖြစ်မနေ ပေးသင့်တယ်၊ ငါ တခြားသူကို ရိုက်နှက်ခဲ့တဲ့ ပြဿနာကိုတော့ မင်းတို့ စိတ်ကြိုက်သာ ကိုင်တွယ်ဖြေရှင်းကြပါ၊ ဒါက ငါ့အတွက်တော့ ဘာမှ အရေးမကြီးပါဘူး"
ကျိုးဟောက်ယွီမှ ချက်ချင်းပင် ကြားဖြတ်၍ အကြံပြုလိုက်တော့သည်။ သူသည် မြင့်မားလှသော သိုင်းပညာစွမ်းအားကို ယုံကြည်စိတ်ချထားသဖြင့် ဤထျန်းပေါင် လေလံပွဲ ကို မည်သို့မျှ တွန့်ဆုတ်ကြောက်ရွံ့ခြင်း မရှိသည်မှာ အမှန်ပင် ဖြစ်ပေ၏။ ထို့ကြောင့် ယခုလိုမျိုး သာမန် ပြဿနာအနည်းငယ်လေးနှင့် ယှဉ်လိုက်လျှင် သူကတော့ ငွေကြေးအမြောက်အမြား ရရှိမည့် လျော်ကြေးငွေဘက်ကိုသာ ပိုမို၍ အလေးသာနေမိခဲ့သည်။
"ကဲပါ၊ အဲဒီလူ ပြောတာတွေကို လျှောက်ပြီး နားမထောင်နဲ့၊ အဲဒီ မင်ကျောက်ပြားကို ငါကိုယ်တိုင် ဝယ်ခဲ့တာဆိုတော့ ငါတစ်ယောက်တည်းနဲ့တင် အရာအားလုံးကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တယ်၊ မန်နေဂျာကြီး အခုပဲ အေးအေးဆေးဆေး ပြန်နိုင်ပါပြီ"
ဝေ့ရှီယုမှ မန်နေဂျာကျန်းကို လှမ်း၍ လက်ဝှေ့ယမ်းလျက် ပြန်လည်ထွက်ခွာခွင့် ပေးလိုက်တော့သည်။
"ငါ့ရဲ့ ငွေပုံကြီးတော့ သွားပါပြီ"
ကျိုးဟောက်ယွီသည် ဝေးကွာသွားသော မန်နေဂျာကျန်း၏ ကျောပြင်ကို ကြည့်ရှုရင်းနှင့် မနေနိုင်ဘဲ မိမိရင်ဘတ်ကို လက်ဖြင့် ဖိကပ်လျက် နှမြောတသလွန်းလှသဖြင့် ရင်ထဲတွင် တကယ့်ကို မချိမဆန့် ခံစားလိုက်ရရှာသည်။
"အဲဒီ ငွေတွေအကြောင်းကို ဆက်ပြီး တွေးမနေပါနဲ့တော့၊ လောကမှာ ငွေတွေ ဘယ်လောက်ပဲ ရှိနေပါစေဦး ကိုယ် အသက်ရှင်လျက် ရှိနေမှ သုံးလို့ ရမှာ မဟုတ်လား၊ နင်က ထျန်းပေါင် လေလံပွဲ ဆိုတာကို အလွယ်တကူ ကစားလို့ရတဲ့ နေရာမျိုးလို့ ထင်နေတာလား၊ အပြင်က သတင်းတွေအရဆိုရင်တော့ ဒီနေရာရဲ့ နောက်ကွယ်က အဓိက ပိုင်ရှင်က တကယ့်ကို ကြီးမားလှတဲ့ သြဇာအာဏာ ရှိရုံတင်မကဘဲ ဒုစရိုက်လောကနဲ့ပါ တရင်းတနှီး ဆက်နွှယ်မှုတွေ အများကြီး ရှိနေတာ၊ သူတို့က အခုလိုမျိုး လာပြီး ရိုက်ပုတ် တိုက်ခိုက်တတ်တဲ့ လူစားမျိုးတွေကို တကယ့်ကို ရက်ရက်စက်စက် နှိမ်နင်းလေ့ရှိတာ"
ဝေ့ရှီယုမှ စိတ်မရှည်ဟန်ဖြင့် ရှင်းပြရှာသည်။
"ငါကတော့ အဲဒီလို အပိုတွေကို ဘာဖြစ်လို့ ဂရုစိုက်နေရမှာလဲ၊ ငါကတော့ လက်ရှိအချိန်မှာ ငွေအမြန်ဆုံး ရှာချင်နေတာပဲ၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့ အိမ်မှာပဲ အမြဲတမ်း အလကား တွယ်ကပ်ပြီး နေရတာကလည်း ငါ့အတွက်တော့ သိပ်ပြီးတော့ အဆင်မပြေလှဘူးလေ"
ကျိုးဟောက်ယွီ သက်ပြင်းချလျက် ဆိုလိုက်သည်။
"ဒီအတိုင်းပဲ အေးအေးဆေးဆေး ဆက်ပြီး နေလိုက်စမ်းပါဦး၊ ငါ့ အိမ်က တကယ့်ကို အဆင်ပြေရုံတင်မကဘဲ နင့်ဆီကနေ အိမ်လစာ တစ်ပြားတစ်ချပ်မှလည်း ကောက်ခံနေတာ မဟုတ်ဘူးလေ၊ ဘာဖြစ်လို့ အဲဒီလောက်အထိ လျှောက်ပြီး တွေးတောနေရတာလဲ"
ဝေ့ရှီယုမှ နူးညံ့စွာဖြင့် ပြန်လည်ချေပလိုက်တော့သည်။ ကျိုးဟောက်ယွီသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ ရှည်ရှည်ဝေးဝေး ငြင်းခုံခြင်း မပြုချင်တော့သဖြင့်၊ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ချက်ချင်းပင် မေးမြန်းလိုက်၏။
"ဒါနဲ့ စောစောတုန်းက မန်နေဂျာကျန်းကို ပြောလိုက်တဲ့ ငါ့ရဲ့ အရှေ့က ခွေးကောင်က မင်းရဲ့ ကိုယ်ခန္ဓာကို လာပြီး ထိပါးနှောက်ယှက်ခဲ့တယ် ဆိုတဲ့ ကိစ္စက ဘာလဲ"
"ဘာမှ မဟုတ်ပါဘူး၊ နင်က အဲဒီကောင်ကို အသေရိုက်ပြီးတော့ ငါ့ဘက်က တရားမျှတတဲ့ အရှိန်အဝါကို ရဖို့နဲ့၊ ဒီပြဿနာရဲ့ တာဝန်ဝတ္တရားတွေကနေ ကင်းစေဖို့အတွက် အဲဒီကောင်က ငါ့ကို တမင်သက်သက် လာပြီး နှောက်ယှက်ခဲ့တယ်လို့ အကွက်ဆင်ပြီး လိမ်ညာပြောဆိုလိုက်ရုံ သက်သက်ပါပဲ၊ ဒါက တကယ့်ကို ရိုးရှင်းတယ်"
ဝေ့ရှီယုမှ ဘာမှ မဟုတ်သယောင်ဖြင့် အေးအေးလူလူ ပြောရှာသည်။ ထိုစကားကို ကြားလိုက်ရသည့်ခဏတွင် ကျိုးဟောက်ယွီ၏ ရင်ထဲတွင် အလွန်အမင်း လှိုက်လှဲစွာဖြင့် စိတ်လှုပ်ရှား သွားရတော့၏။ ဝေ့ရှီယုကဲ့သို့သော ဂုဏ်သရေရှိလှသည့် အမျိုးသမီးတစ်ဦးမှာ မိမိ၏ သိက္ခာကို အထိခိုက်ခံပြီး သူ့အတွက် အခုလိုမျိုး ကြီးမားလှသော လိမ်ညာမှုကို ရဲရဲဝံ့ဝံ့ ပြောဆိုပေးခဲ့ခြင်းမှာ တကယ့်ကို လေးစားချီးကျူးစရာ ကောင်းလှပေသည်။ သို့သော်လည်း သူသည် သူ့၏လှိုက်လှဲလှသော ကျေးဇူးတင်ရှိမှုကို နှုတ်ကနေ ပေါ်ပေါ်ထင်ထင် ဖွင့်ဟမပြောဘဲ ရင်ထဲတွင်သာ သေသေချာချာ မှတ်သားထားလိုက်တော့သည်။ လေလံပွဲကြီးမှာတော့ ဆက်လက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနေခဲ့ရာ ရုတ်တရက် စင်မြင့်ထက်သို့ ရောက်ရှိလာသော လေလံပစ္စည်းအသစ်တစ်ခုမှာ ကျိုးဟောက်ယွီ၏ မျက်လုံးများကို ဆွဲဆောင်သွားခဲ့တော့သည်။ လေလံမှူး လျူဖေးဝူမှ ဤသို့ မိတ်ဆက်ပေးလိုက်သည်။
"ကဲ လူကြီးမင်းတို့ အားလုံးပဲ၊ အခု ကျွန်မတို့ ရှေ့မှောက်ကို ရောက်ရှိလာတဲ့ ပစ္စည်းလေးကတော့ တကယ့်ကို ထူးဆန်းအံ့သြစရာ ကောင်းလှတဲ့ ရတနာလေးတစ်ခုပါ၊ အပေါ်ယံ ကြည့်လိုက်ရင်တော့ ပုလဲရတနာတစ်လုံးနဲ့ တော်တော် ဆင်တူလှပါတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ ခန်းမကြီးအတွင်းရှိ လူတစ်ဦးမှာ ချက်ချင်းပင် လှမ်း၍ အော်ဟစ်မေးမြန်းလိုက်သည်။
"ပုလဲနဲ့ ဆင်တူတယ်လို့ ပြောပြီးတော့ ပုလဲစစ်စစ်လည်း မဟုတ်ဘူးဆိုရင်၊ အဲဒါက တကယ်တော့ ဘာပစ္စည်းမို့လို့လဲ"
"အဲဒါကတော့ သူ့ရဲ့ အခြေခံ ဒြပ်စင်က တကယ့်ကို ထူးခြားလွန်းလို့ပါ၊ တစ်ဖက်က ကြည့်ရင်လည်း ပုလဲနဲ့ ဆင်တူသလိုလို တခြားတစ်ဖက်က ကြည့်ရင်လည်း သဘာဝ
တွင်းထွက် ကျောက်သတ္တုတစ်မျိုးနဲ့ တူသလိုလို ဒါမှမဟုတ် ဖန်ကျောက်အစစ်နဲ့ တူသလိုလို ဖြစ်နေလို့၊ ကျွန်မတို့ ဝါရင့် ပညာရှင်အဖွဲ့ကိုယ်တိုင်လည်း ဒါက ဘာပစ္စည်းအစစ်အမှန်လဲဆိုတာကို သေသေချာချာ ခွဲခြားလို့ မရနိုင်အောင် ဖြစ်ရတယ်"
လျူဖေးဝူမှာ ဤနေရာသို့ ရောက်သည့်အခါ အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားရရှာပြီး ကပျာကယာဖြင့် ဖြည့်စွက်ပြောကြားလိုက်သည်။
"ဒါပေမဲ့ ကျွန်မအနေနဲ့ လူကြီးမင်းတို့ကို အပြည့်အဝ အာမခံနိုင်တာကတော့ ဒီပစ္စည်းလေးက ဘယ်လိုနည်းနဲ့မှ သာမန် ပစ္စည်းတစ်ခု မဟုတ်တာတော့ အမှန်ပါပဲ၊ ဘာဖြစ်လို့လဲဆိုရင် သူက မကြာခဏဆိုသလို အမှောင်ထဲမှာ နူးညံ့တဲ့ အလင်းရောင်ဖျော့ဖျော့လေးတွေကို ထုတ်လွှတ်တတ်လို့ပါပဲ"
"အခုက ဘယ်လိုခေတ်ကြီးထဲကို ရောက်နေပြီလဲ၊ ခုခေတ်အခါမှာ အလိုလို အလင်းရောင် ထွက်နိုင်တဲ့ ပစ္စည်းတွေဆိုတာ ဒုနဲ့ဒေး ရှိနေတာပဲ၊ အခုလိုမျိုး မကြာခဏ အလင်းရောင်ထွက်တတ်တဲ့ သာမန် ဖန်လုံးအစုတ်လေးတစ်ခုက တကယ့်ကို ဒီလို ခမ်းနားတဲ့ လေလံပွဲကြီးပေါ်ကို တက်ရောက်ပြီး လေလံတင်ဖို့ တန်ဖိုးရှိလို့လား"
အောက်မှ လူတစ်ဦးမှ လှောင်ပြောင်သရော်လိုက်တော့သည်။ လျူဖေးဝူလည်း မချိပြုံးလေး ပြုံးရုံသက်သက်သာ တတ်နိုင်ရှာ၏။ စင်စစ်အားဖြင့် သူမကိုယ်တိုင်လည်း ဤကဲ့သို့ တန်ဖိုးမရှိလှသော ပစ္စည်းအစုတ်လေးကို လေလံတင်ရန်အတွက် သဘောမတူခဲ့သည်မှာ မှန်သော်လည်း ပစ္စည်းအကဲဖြတ်အဖွဲ့၏ အဓိက တာဝန်ခံပုဂ္ဂိုလ်ကိုယ်တိုင်မှာ ဤအရာသည် အလွန်အမင်း တန်ဖိုးကြီးမားလှသော ရတနာ ဖြစ်သည်ဟု ဇွတ်အတင်း အတည်ပြုခဲ့သဖြင့် အခုလိုမျိုး အရှက်ရစရာ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။
"ကဲ၊ ဒါဆိုရင်လည်း ကျွန်မတို့ အခုချက်ချင်းပဲ ဒီပစ္စည်းလေးရဲ့ လေလံပွဲကို စတင်လိုက်ပါ့မယ်၊ အခြေခံ လေလံဈေးနှုန်းကတော့ ယွမ်ငါးသိန်း ကနေ စတင်မှာ ဖြစ်လို့ စိတ်ဝင်စားတဲ့ လူကြီးမင်းတို့အနေနဲ့ စတင်ပြီး လေလံဆွဲနိုင်ကြပါပြီ"
လျူဖေးဝူ အောက်မှ လူများ၏ လှောင်ပြောင်သံများကို လျစ်လျူရှုလိုက်ပြီး လေလံပွဲကိုသာ တရားဝင် စတင်လိုက်တော့သည်။ ဤပစ္စည်းလေးမှာ ရောင်းထွက်သွားသည်ဖြစ်စေ၊ မရောင်းထွက်သွားသည်ဖြစ်စေ လုပ်ထုံးလုပ်နည်းအရ လေလံပွဲကိုတော့ မဖြစ်မနေ ကျင်းပရမည် ဖြစ်ရာ သူမအနေဖြင့် ဤအရှက်ရစရာ အခြေအနေကြီးကို အမြန်ဆုံး ပြီးဆုံးသွားစေရန်အတွက်သာ ဈေးနှုန်းကို အမြန်ဆုံး အော်ဟစ်လိုက်ခြင်း ဖြစ်ပေသည်။ လျူဖေးဝူ၏ စကားသံ ဆုံးသွားပြီးနောက်တွင်မူ တစ်ခန်းမလုံး သေမင်းတမျှ တိတ်ဆိတ်ခြင်းမှာ ငါးစက္ကန့်ခန့်အထိ ကြာမြင့်သွားခဲ့ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် မည်သူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့သော အသုံးမဝင်လှသည့် ပစ္စည်းအစုတ်လေးကို ငွေအမြောက်အမြား အကုန်အကျခံပြီး မဝယ်ယူချင်ကြပါချေ။
"ဟူး"
လျူဖေးဝူမှာ ရင်ထဲတွင် သက်ပြင်းကိုသာ ခပ်ပြင်းပြင်း ချမိရှာသည်။ အဆိုးရွားဆုံးသော အခြေအနေကြီးမှာတော့ နောက်ဆုံးတွင် ကောင်းကောင်းကြီး ဆိုက်ရောက်လာခဲ့လေပြီဖြစ်၏။ ထိုအချိန်တွင် အမှတ်၆ သီးသန့်ခန်းအတွင်းရှိ ဝေ့ရှီယုသည် ကျိုးဟောက်ယွီတစ်ယောက် စင်မြင့်ထက်ရှိ ထိုဖန်လုံးလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကို သတိပြုမိသွားခဲ့ပြီးနောက် နူးညံ့စွာပြောရှာသည်။
"နင် အဲဒီပစ္စည်းလေးကို သဘောကျလို့လား၊ တကယ်လို့ သဘောကျတယ်ဆိုရင် ငါ နင့်ကို ပိုက်ဆံ ခဏချေးပေးနိုင်တယ်နော်"
"တကယ့်ကို ကျေးဇူးတင်တယ်၊ ငါ အဲဒီပစ္စည်းကို တကယ်ပဲ သဘောကျမိလို့ပါ"
ကျိုးဟောက်ယွီနှ ဤတစ်ကြိမ်တွင်မူ တုန့်ဆိုင်းမရှိဘဲ ချက်ချင်းပင် လက်ခံလိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် စင်မြင့်ထက်ရှိ ထိုဖန်လုံးလေးကို မြင်တွေ့လိုက်ရသည့် ပထမဦးဆုံးသော ခဏ၌ပင် သူ့ရင်ထဲတွင် အလွန်အမင်း ရင်းနှီးလှသော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သောကြောင့် ဖြစ်ပေသည်။ ထိုအရာသည် လွန်ခဲ့သော အချိန်တုန်းက ကပ်ဆိုးနတ်မင်းကြီးမှာ သူ့ကို လက်ဆောင်ပေးခဲ့ဖူးသော ဖန်လုံးလေးနှင့် အလွန်အမင်း သဏ္ဍာန်တူနေရုံတင်မကဘဲ ထိုထက် ပိုမို၍ အရေးကြီးလှသည်မှာ ကျိုးဟောက်ယွီသည် မိမိ၏ အိတ်ကပ်အတွင်း၌ အမြဲတမ်း ဆောင်ထားလေ့ရှိသော ဖန်လုံးလေးနှင့် စင်မြင့်ထက်ရှိ ဖန်လုံးလေးတို့အကြားတွင် မမြင်နိုင်လောက်အောင် ဆန်းကြယ်လှသော ဆွဲဆောင်မှုစွမ်းအား တစ်ခု အပြန်အလှန် ဖြစ်ပေါ်နေကြောင်းကို သူ၏ အာရုံခံစားချက်အရ ကောင်းကောင်းကြီး ခံစားမိနေသောကြောင့် ဖြစ်ပေသည်။
"အဲဒီလောက်အထိ အားနာမနေပါနဲ့၊ ငါက နင့်ကို အလကား ဝယ်ပေးနေတာမှ မဟုတ်တာ"
ဝေ့ရှီယုမှ ခပ်ဟဟ ရယ်မောလိုက်သည်။ သူမသည် ကျိုးဟောက်ယွီကို ငွေကြေးချေးပေးရသည့် ကိစ္စအတွက် ရင်ထဲတွင် အလွန်အမင်း ပျော်ရွှင်နေမိခဲ့၏။ ဘာဖြစ်လို့လဲဆိုတာကို သူမကိုယ်တိုင်လည်း မသိသော်လည်း ကျိုးဟောက်ယွီ၏ အပေါ်တွင် အကြွေးရှင် တစ်ဦး ဖြစ်လာရသည့် ခံစားချက်ကို သူမ တကယ့်ကို သဘောကျမိနေခဲ့သည်။
"ငါးသိန်း"
ဝေ့ရှီယုမှ မိုက်ခရိုဖုန်းကို ကိုင်မြှောက်လျက် ဈေးနှုန်းကို လှမ်း၍ အော်ဟစ်လိုက်တော့သည်။ စင်မြင့်ထက်ရှိ လေလံမှူး လျူဖေးဝူတစ်ယောက် ဤပစ္စည်းလေးမှာ ဘယ်လိုနည်းနဲ့မှ ရောင်းထွက်တော့မည် မဟုတ်ဟု စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့ရန် ပြင်နေဆဲအချိန်တွင် ဝေ့ရှီယု၏ ဈေးပြိုင်အော်သံကြောင့် အလွန်အမင်း အံ့သြဝမ်းသာသွားရတော့သည်။ သူမမျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားရပြီး ပျော်ရွှင်လှသော လေသံဖြင့် လှမ်း၍ အော်ဟစ်လိုက်၏။
"အမှတ်၆ သီးသန့်ခန်းက လူကြီးမင်းက ငါးသိန်းအထိ ဈေးနှုန်း ပေးချေလိုက်ပါပြီ၊ ဒီထက် ပိုပြီး ဈေးပေးမယ့်သူ ရှိပါသေးသလား"
တစ်ခန်းမလုံးမှာမူ သေမင်းတမျှ ငြိမ်သက်လျက်သာ ရှိနေခဲ့သည်။ သို့သော်လည်း လေလံမှူး လျူဖေးဝူအနေဖြင့်မူ ကျန်တဲ့လူတွေ ငြိမ်သက်နေခြင်းကို ဘာမှ ဂရုမစိုက်တော့ပါချေ။ ဤကဲ့သို့သော အသုံးမဝင်လှသည့် ပစ္စည်းအစုတ်လေး ရောင်းထွက်သွားခဲ့ရခြင်းကိုတင် သူမအနေဖြင့် အလွန်အမင်း ကျေနပ်အားရနေခဲ့လေပြီဖြစ်သည်။ သူမသည် လုပ်ထုံးလုပ်နည်းအရ သုံးကြိမ်တိုင်တိုင် ထပ်မံနှိုးဆော်လိုက်ပြီးနောက်မှ လှိုက်လှဲလှသော ကျေးဇူးတင်ရှိမှုများဖြင့် ကြေညာလိုက်တော့၏။
"အမှတ်၆ သီးသန့်ခန်းက လူကြီးမင်း ဒီအဖိုးတန် ရတနာလေးကို တရားဝင် ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်တဲ့အတွက် ကျွန်မတို့ဘက်က လှိုက်လှဲစွာ ဂုဏ်ပြုအပ်တယ်"
သိပ်မကြာလိုက်ဘဲ စင်မြင့်ထက်ရှိ ထိုဆန်းကြယ်လှသော ဖန်လုံးလေးကို ထျန်းပေါင် လေလံပွဲ ၏ ဝန်ထမ်းအချို့မှာ ဒုတိယထပ်ရှိ အမှတ်၆ သီးသန့်ခန်းအတွင်းသို့ သေသေချာချာ လာရောက် ပေးအပ်ခဲ့ကြတော့သည်။
"ဒါလေးက ကြည့်ရတာ သေးလွန်းတယ်"
ကျိုးဟောက်ယွီမှာ ထိုဖန်လုံးလေးကို မိမိ၏ လက်ဖဝါးပေါ်တွင် တင်ထားလျက်၊ အနီးကပ် သေသေချာချာ အကဲခတ်ကြည့်ရှုရင်းနှင့် တီးတိုးရေရွတ်မိသည်။
"နင် ဘာပြောလိုက်တာလဲ"
ဝေ့ရှီယုမှ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။ ကျိုးဟောက်ယွီ၏ ရေရွတ်သံမှာ အလွန်အမင်း တိုးညှင်းလွန်းလှသဖြင့် သူမ ဘာမှ သေသေချာချာ မကြားလိုက်ရခြင်း ဖြစ်ပေ၏။
"ဘာမှ မဟုတ်ပါဘူး၊ ဒီပစ္စည်းလေးက တကယ်လှတယ်လို့ ပြောနေတာပါ၊ ဒါလေးကို ငါ့ရဲ့ ချစ်သူကောင်မလေး ဆီကို သွားပြီးတော့ ချစ်သက်သေ အဖြစ် လက်ဆောင်ပေးလိုက်ရင် တကယ် အဆင်ပြေလိမ့်မယ်"
ကျိုးဟောက်ယွီမှ မိမိ၏ ဆန်းကြယ်လှသော စဉ်းစားတွေးတောမှုများကို ဖုံးကွယ်ရန်အတွက် ခပ်ဟဟ ရယ်မောလျက် ဆင်ခြေပေးလိုက်တော့သည်။
"ချစ်သက်သေဆိုတာ သာမန်အားဖြင့် လက်စွပ်လိုမျိုး အဖိုးတန် ရတနာတွေကို ပေးရတာဥစ္စာ၊ နင်က အခုလိုမျိုး တန်ဖိုးမရှိတဲ့ ဖန်လုံးအစုတ်လေးကို ပေးမယ်ဟုတ်လား"
ဝေ့ရှီယု ရုတ်တရက် ရင်ထဲတွင် မကျေမချမ်း ဖြစ်သွားရပြီး နှုတ်ခမ်းလေး စူလျက် စိတ်အလိုမကျဟန်ဖြင့် တီးတိုးပြောရှာသည်။
"ငါက ဒါကို ယွမ် ငါးသိန်းအထိ အကုန်အကျခံပြီး ဝယ်ခဲ့တာလေ၊ မင်းက ဘာဖြစ်လို့ တန်ဖိုးမရှိတဲ့ အစုတ်လေးလို့ လျှောက်ပြီး ပြောနေရတာလဲ"
ကျိုးဟောက်ယွီမှာလည်း မကျေမချမ်းဟန်ဖြင့် ပြန်လည်ချေပလိုက်သည်။ သူတို့နှစ်ဦးသည် သီးသန့်ခန်းအတွင်း၌ အေးအေးလူလူ စကားလက်ဆုံကျနေခဲ့ကြပြီး စင်မြင့်ထက်တွင် စိတ်ဝင်စားစရာကောင်းသော ပစ္စည်းအချို့ ရှိ၊ မရှိကို ဆက်လက်၍ စောင့်ကြည့်နေခဲ့ကြတော့၏။ အချိန်တွေများ တရွေ့ရွေ့ဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရပြီး သူတို့နှစ်ဦး သတိမပြုမိလိုက်ခင်မှာတင် လေလံပွဲကြီးမှာ တရားဝင် ပြီးဆုံးသွားခဲ့လေပြီဖြစ်သည်။ ကျိုးဟောက်ယွီသည် ဝေ့ရှီယုနှင့်အတူ ထိုနေရာမှ ထွက်ခွာရန်အတွက် အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့ကြ၏။ သို့သော်လည်း သူတို့နှစ်ဦး ထျန်းပေါင် လေလံပွဲ၏ အပြင်ဘက် တံခါးဝသို့ လှမ်းထွက်လာခဲ့ကြစဉ် ရုတ်တရက် ဘေးဘက်မှနေ၍ ယန်ကျန်းဝမ် သည် ဒေါသတကြီးဖြင့် ထွက်ပေါ်လာခဲ့ပြီး သူတို့အရှေ့မှ ပိတ်ဆို့ကာ လးပြတ်သားစွာ တားဆီးလိုက်တော့သည်။ သူမျက်နှာတစ်ခုလုံး နီမြန်းလျက် အော်ဟစ်လေ၏။
"မင်းတို့က ငါ့ကိုရိုက်သွားရုံတင်မက အခုကျတော့ ငါကပဲ မင်းတို့ရဲ့ ကိုယ်ခန္ဓာကိုလာပြီး ထိပါးနှောက်ယှက်ခဲ့တယ်ဆိုပြီးတော့ မဟုတ်မမှန်တဲ့ စကားတွေနဲ့ လုပ်ကြံဖန်တီးပြီး သိက္ခာချရဲသေးတယ်ပေါ့လေ၊ မင်းတို့ တကယ် သေချင်နေကြတာပဲ"
"နင် ဘာလုပ်ချင်လို့လဲ"
ဝေ့ရှီယုမှ ယန်ကျန်းဝမ်၏ အနောက်တွင် ခြံရံလျက် ရှိနေကြသော လူမိုက်အုပ်စုကြီးကို ကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းပင် ရဲရဲဝံ့ဝံ့ ရှေ့သို့ လှမ်းတက်လျက် ပြတ်သားစွာ ခြိမ်းခြောက်လိုက်သည်။
"ငါ နင်တို့ကို ကြိုတင်ပြီး သတိပေးလိုက်မယ်နော် ဒီနေရာမှာ လက်ရဲဇက်ရဲနဲ့ ရူးသွပ်တဲ့ အပြုအမူမျိုးတွေကို လာပြီး မပြုလုပ်မူမိစေနဲ့၊ မဟုတ်ရင်တော့ နင်တို့အားလုံး ဘယ်လိုနည်းနဲ့မှ လွတ်မြောက်သွားနိုင်မှာ မဟုတ်ဘူး"
"ရူးသွပ်တဲ့ အပြုအမူမျိုး မလုပ်ရဘူး ဟုတ်လား"
ယန်ကျန်းဝမ်မှာ ယုတ်မာရိုင်းစိုင်းလှသော အပြုံးတစ်ချက်ကို ပြသလိုက်ပြီးနောက် ပြောလိုက်သည်။
"ငါကတော့ ဘာမှ ရူးရူးသွပ်သွပ် လုပ်ဖို့ စိတ်ကူးမရှိပါဘူး၊ ဒါပေမဲ့ မင်းကိုယ်တိုင်က ငါ့ကို အမျိုးသမီးတွေကို ထိပါးနှောင့်ယှက်တတ်တဲ့ ကောင်ပါဆိုပြီးတော့ လူတကာရဲ့ အရှေ့မှာ မဟုတ်မမှန် စွပ်စွဲခဲ့တာဆိုတော့ ငါ့ဘက်ကလည်း ဒီအတိုင်း အလကားနေရင်းနဲ့ အပြစ်ပေးခံရတာမျိုးတော့ အဖြစ်မခံနိုင်ဘူးလေ၊ ဒါကြောင့် မင်းရဲ့ ကိုယ်ခန္ဓာကို တကယ့်ကို သေသေချာချာ အကြိမ်ကြိမ် ကိုင်ပြီးတော့ နှောင့်ယှက်ပစ်ရမယ်၊ အဲဒီကျမှ ငါ့ဘက်က နစ်နာမှု မရှိတော့မှာပေါ့"
"နင် တကယ်ပဲ လုပ်ရဲလား"
ဝေ့ရှီယုမှာ မိမိရင်ထဲမှ ကြောက်ရွံ့မှုများကို ဖုံးကွယ်ရန်အတွက် အသံကို တတ်နိုင်သမျှ မြှင့်လျက် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပြတ်သားစွာ ခြိမ်းခြောက်လိုက်တော့သည်။
"အကယ်၍ နင်သာ ငါ့ကိုယ်ခန္ဓာကို လာထိဖို့ ကြိုးစားမယ်ဆိုရင်တော့ ငါ့ အဖေကိုယ်တိုင် နင့် လက်မောင်းကို အပိုင်းပိုင်း ပြတ်တောက်သွားအောင် ကောင်းကောင်းကြီး ဓားနဲ့ ခုတ်ဖြတ်ပစ်လိမ့်မယ်"