← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

162

"ကျိုးကော ရောက်လာပြီပဲ၊ လာပါ ထိုင်ပါဦး"

တံခါးဖွင့်သံနှင့်အတူ ကျိုးဟောက်ယွီ ဝင်လာသည်ကို မြင်မြင်ချင်း ချူကျင်းဖုန်းသည် ချက်ချင်းပင် ထရပ်ကာ ကြိုဆိုလေသည်။ သူ့အပြုအမူနှင့် စကားကြောင့် ဘေးပတ်ပတ်လည်ရှိ သူဌေးသားများမှာ အံ့အားသင့်သွားကြရ၏။ ကျန်းတုန်နယ်မြေတစ်ခုလုံးတွင် နာမည်ကျော်ကြားလှသည့် 'သခင်လေးကျင်းဖုန်း' က ဤလူကို '‌ကော' ဟု ခေါ်ဝေါ်ရိုသေရုံမက ချက်ချင်းထရပ်ကာ အရိုအသေပေးသည်အထိ ဖြစ်နေသည်မဟုတ်ပါလား။

'တကယ့်ကို ကြောက်စရာကောင်းတဲ့ လူပုဂ္ဂိုလ်ပဲ'

သူတို့အားလုံးမှာ ဤလူသည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် အကဲခတ်သည့်မျက်လုံးများဖြင့် စူးစိုက်ကြည့်ကြတော့သည်။ သို့သော်လည်း ထိုလူ၏ ဝတ်စားဆင်ယင်မှုမှာ ရိုးရှင်းလှပြီး ရုပ်ရည်မှာလည်း သာမန်မျှသာဖြစ်ရာ မည်သည့်နေရာမှ ထူးခြားချက်ကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။

"ဒါတွေက မင်းရဲ့သူငယ်ချင်းတွေလား"

ကျိုးဟောက်ယွီမှာ ပြုံးလျက်မေးကာ မိမိကိုယ်ကိုယ် အရင်မိတ်ဆက်လိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော့်နာမည် ကျိုးဟောက်ယွီပါ၊ နောက်နောင်လည်း ကူညီစောင့်ရှောက်ကြပါဦး"

"ကျိုးကောကလည်း အားနာစရာတွေ ပြောနေပြန်ပါပြီ၊ ကျွန်တော်တို့အားလုံးက ညီအစ်ကိုတွေပဲ၊ ကျိုးကောရဲ့ ဧည့်ဝတ်ပြုမှုကိုတောင် ကျေးဇူးတင်ရဦးမှာပါ"

ထိုအုပ်စုထဲတွင် အသက်အကြီးဆုံးဖြစ်သည့် လင်းဖိန်ချုံမှ‌ ပြောလိုက်သည်။ သူသည် အသက် ၂၄၊ ၂၅ အရွယ်ခန့် ရှိနေပြီဖြစ်သဖြင့် ကျိုးဟောက်ယွီထက် သိသိသာသာ အသက်ကြီးသော်လည်း 'ကော' ဟုသာ ခေါ်ရှာ၏။ အကြောင်းမူကား ချူကျင်းဖုန်းကိုယ်တိုင်မှာပင် '‌ကော' ဟု ခေါ်ရသည့်လူကို သူ့မှာ အသက်ကြီးသည်ဆိုကာ ရမ်းရမ်းကားကား မဆက်ဆံရဲသောကြောင့် ဖြစ်၏။

"ဟုတ်တယ်၊ ကျိုးကောနဲ့ အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာဆိုပေမယ့် ရေစက်ရှိတယ်လို့ ခံစားရတယ်၊ ဒီနေ့တော့ ဝဝလင်လင် သောက်ကြရအောင်"

"ကျိုးကောက တကယ့်ကို ထူးခြားတဲ့ ခန့်ညားတာပဲ၊ သာမန်လူတော့ မဟုတ်တာ သေချာတယ်၊ ဒီနေ့ တွေ့ခွင့်ရတာ တကယ့်ကို ကံကောင်းခြင်းပါပဲ"

"..."

ပင်းဟိုင်မြို့တွင် ဘဝင်မြင့်ကာ စောင့်ကြွားစောင့်ကြွား လုပ်လေ့ရှိသော လူတစ်စုသည် ကျိုးဟောက်ယွီကို ပြိုင်တူ ဖားကြတော့သည်။ အကြောင်းပြချက်မှာတော့ ရိုးရှင်းပါ၏။ ချူကျင်းဖုန်း၏ 'ကော' ဟူသော ခေါ်ဝေါ်မှုနှင့် ထရပ်ကာ ကြိုဆိုခဲ့သည့် အပြုအမူကြောင့်ပင်ဖြစ်၏။

"အားလုံးပဲ အားနာစရာကြီး၊ ထိုင်ကြပါဦး ကျွန်တော်"

ကျိုးဟောက်ယွီ စကားပြောရန် ပြင်နေစဉ်မှာပင် သီးသန့်ခန်းတံခါးသည် အပြင်ဘက်မှ ဝုန်းခနဲ ဆောင့်ဖွင့်ခြင်း ခံလိုက်ရသည်။ ဖုန်းချင်းဟူသည် ဒေါသအိုးပေါက်ကွဲမတတ် မျက်နှာပျက်ပျက်ဖြင့် အခန်းထဲသို့ အတင်းဝင်လာပြီး အော်ဟစ်လေ၏။

"ဟေ့ကောင်တွေ၊ ငါ အပြင်မှာ လူတစ်ယောက်နဲ့ ပြဿနာတက်လာလို့၊ မင်းတို့ ငါ့ကို ဝိုင်းကူကြဦး"

သို့သော် စကားပင်မဆုံးသေးမီ မိမိရှေ့ မလှမ်းမကမ်းတွင် တည်ငြိမ်စွာ ရပ်ကြည့်နေသော ကျိုးဟောက်ယွီကို မြင်သွားလေသည်။

"မင်း ကောင်စုတ်လေး၊ မင်းက ဒီအထိတောင် ရောက်နေတာကိုး"

ဖုန်းချင်းဟူမှာ ကျိန်ဆဲရင်း ကျိုးဟောက်ယွီကို လက်ညှိုးထိုးကာ သူ့လူများကို အမိန့်ပေးတော့သည်။

"ဒီကောင်ပဲ၊ ငါ့ကို လက်ပါရဲတဲ့ကောင်၊ မင်းတို့ ဒီကောင့်ကို ပညာ ကောင်းကောင်းပေးလိုက်စမ်း"

သူသည် မိမိကိုယ်တိုင် အရိုက်ခံခဲ့ရသည်ကိုလည်းကောင်း၊ အိမ်သာရေကို အတင်းသောက်ခိုင်းခံခဲ့ရသည်ကိုလည်းကောင်း သိက္ခာကျမည်စိုးသဖြင့် ထည့်မပြောဘဲ ချန်ထားခဲ့သည်။ သို့သော်လည်း သူစကားပြောပြီးသည့်တိုင် သူ့လူများထဲမှ တစ်ဦးတစ်ယောက်မျှ စကားတစ်ခွန်းပင် မဟရဲကြဘဲ ချူကျင်းဖုန်း ဘာပြောမလဲဆိုသည်ကိုသာ အကဲခတ်နေကြတော့၏။

"ဒါ ဘယ်လိုအမူအကျင့်လဲ၊ ဒီလောက်အကျယ်ကြီး အော်ဟစ်နေရအောင်"

ချူကျင်းဖုန်းမှ ငေါက်ငမ်းလိုက်ခြင်းဖြင့် သူ၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်သည်။ သူအတိအလင်း မပြောသော်လည်း အခန်းထဲရှိ လူများမှာ နားလည်လွယ်သူများဖြစ်ကြသဖြင့် သဘောပေါက်ကြ၏။ လင်းဖိန်ချုံမှ အကဲခတ်မိသွားပြီး ဝင်ပြောပေးသည်။

"အကြောင်းအကျိုးကို ဖြည်းဖြည်းချင်း ပြောစမ်းပါ၊ ကျိုးကောက သူစိမ်းမှမဟုတ်တာ၊ မဆင်မခြင် ဆဲဆိုမနေနဲ့၊ ရိုင်းစိုင်းလွန်းရာကျတယ်"

"ဘာပြဿနာဖြစ်လာလဲဆိုတာ အသေးစိတ် ရှင်းပြစမ်းပါ၊ ကျင်းဖုန်းက ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ ဆုံးဖြတ်ပေးလိမ့်မယ်၊ ဝင်လာကတည်းက ဆဲဆဲဆိုဆိုလုပ်တာ တကယ့်ကို အဆင့်အတန်းမရှိတာပဲ"

"..."

ချူကျင်းဖုန်း စကားဆိုပြီးနောက် လူအုပ်ကြီးမှာ ဖုန်းချင်းဟူဘက်သို့ လှည့်၍ ဝိုင်းပြောကြသဖြင့် သူသည် ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်ကျန်ခဲ့တော့သည်။ စက္ကန့်အနည်းငယ်မျှ ဆွံ့အသွားပြီးနောက်မှ သတိပြန်ဝင်လာကာ ကျိုးဟောက်ယွီကို မယုံကြည်နိုင်စရာ မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ရေရွတ်လိုက်မိ၏။

"မင်း၊ မင်းက ဘယ်သူလဲ"

သူ ဤမျှ အံ့အားသင့်သွားရခြင်းမှာလည်း မဆန်းပေ။ မိမိ၏ ညီအစ်ကိုများမှာ ဘာကြောင့် အပြင်လူတစ်ယောက်ဘက်မှ မိမိကို ဝိုင်းပြောနေကြသည်ကို သူနားမလည်နိုင်အောင် ဖြစ်နေရသည်။ ရှိနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ကျိုးဟောက်ယွီ၏ နောက်ခံသည် သာမန်မဟုတ်ခြင်းပင်။

"မင်း အများကြီး တွေးနေပြီ၊ ငါက သာမန် ဒီဒီ မောင်းတဲ့လူတစ်ယောက်ပါ၊ ဘာမှ ထူးခြားမနေဘူး"

ကျိုးဟောက်ယွီမှ ခပ်ဖွဖွရယ်ရင်း ပြန်ဖြေသည်။

"မဟုတ်ဘူး၊ မဖြစ်နိုင်တာ"

ဖုန်းချင်းဟူ၏စိတ်ထဲတွင် တုန့်ဆိုင်းသွားသည်။ သူသည် ကျိုးဟောက်ယွီ၏ စကားကို လုံးဝမယုံကြည်နိုင်သော်လည်း တစ်ခါမျှလည်း မမြင်ဖူးသဖြင့် ဝေခွဲမရဖြစ်နေရ၏။

'သူက ပေကျင်းကများ လာတာလား'

ဤအတွေးမှာ ဖုန်းချင်းဟူ၏ခေါင်းထဲသို့ ဖျတ်ခနဲ ဝင်လာပြီး မျက်လုံးများ လင်းခနဲ ဖြစ်သွားသည်။ ဤတစ်ခုသာလျှင် ယုတ္တိအရှိဆုံး အဖြေဖြစ်ပေလိမ့်မည်။ ကျိုးဟောက်ယွီမှာမူ ဖုန်းချင်းဟူ၏ အတွေးများကို ဂရုမစိုက်အားဘဲ သူရှေ့သို့ လျှောက်သွားကာ မျက်လုံးချင်းစိုက်ကြည့်လျက် တည်ငြိမ်စွာ ဆိုလိုက်သည်။

"မင်းက ငါ့ကို ကျိန်ဆဲဖို့ သတ္တိရှိသေးတာပဲ၊ ဒါက စောစောက ငါ မင်းကို ပညာပေးတာ နည်းသွားလို့၊ မင်း စိတ်မကျေနပ်သေးဘူးပေါ့ ဟုတ်လား"

"ကျွန်တော် ကျွန်တော် အရှုံးပေးပါတယ် အရှုံးပေးပါတယ်၊ စောစောက ကျွန်တော် စိတ်လွတ်သွားလို့ပါ၊ ကောလည်း သိတဲ့အတိုင်း စောစောက ကျွန်တော် ရေတွေ အများကြီး သောက်ထားရတော့ ဦးနှောက်ထဲ တစ်မျိုးဖြစ်သွားလို့ပါ"

ဖုန်းချင်းဟူ အလိုလို ဖားယားကာ ပြောရှာသည်။ ကျိုးဟောက်ယွီသည် ပေကျင်းမှ အရှိန်အဝါကြီးသူတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးမိသွားပြီးနောက်တွင် သူသည် အသံကျယ်ကျယ်ပင် မထွက်ရဲတော့ပေ။

"ဦးနှောက်တစ်မျိုးဖြစ်သွားတာနဲ့တင် ငါ့ကို စော်ကားခဲ့တာတွေကို အားလုံး ပြီးပျောက်စေချင်တာလား"

ကျိုးဟောက်ယွီမှ ခပ်မာမာမေးလိုက်သည်။ "ဖြန်း"ကနဲအသံနှင့်အတူ ဖုန်းချင်းဟူသည် လက်ကိုမြှောက်ကာ မိမိပါးကို မိမိ အားပြင်းပြင်းဖြင့် လွှဲရိုက်လိုက်တော့သည်။

"ကျွန်တော် မှားသွားပါတယ်၊ အပြစ်ပေးတာကို ခံယူပါ့မယ်၊ ဒီလောက်နဲ့ မလုံလောက်သေးဘူးဆိုရင် ကော 'တော်ပြီ' လို့ မပြောမချင်း ကျွန်တော် ဆက်ရိုက်နေပါ့မယ်"

ဖုန်းချင်းဟူသည် စောစောက ခြင်္သေ့ဟောက်သံ ပျောက်ပြီး ကြွက်သူခိုးကဲ့သို့ တုန်တုန်ရင်ရင် ဖြစ်နေရှာသည်။ ကျိုးဟောက်ယွီ၏ စူးရှသော အကြည့်အောက်တွင် သူသည် ဘယ်ပြန်ညာပြန် ပါးရိုက်နေတော့ရာ အသံများသည် စတုရန်းမီတာ ၂၀၀ကျယ်ဝန်းသည့် သီးသန့်ခန်းကြီးထဲ၌ ပဲ့တင်ထပ်လို့နေ၏။

"တော်ပြီ၊ မင်း တော်တော်လေး ကြိုးစားပမ်းစား လုပ်တာ တွေ့ရပြီမို့ ရပ်လိုက်တော့"

ဖုန်းချင်းဟူ၏ ပါးနှစ်ဖက်လုံး ဝက်ခေါင်းကဲ့သို့ ဖူးယောင်လာသည်ကို မြင်မှသာ ကျိုးဟောက်ယွီမှ တားလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ကော၊ အခုလို အသနားညှာတာပေးလို့ ကျေးဇူးတင်ပါတယ်"

ဖုန်းချင်းဟူသည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသွားသည်။ သူ့ရင်ထဲတွင် ကလဲ့စားချေလိုစိတ်များ လုံးဝမရှိတော့ဘဲ ယခုကဲ့သို့ ဘေးဒုက္ခမှ သီသီလေး လွတ်မြောက်သွားရသည်ကိုပင် အလွန် ကံကောင်းလှပြီဟု မှတ်ယူနေတော့၏။

"ဒဏ်ရာတွေကို ဆေးရုံသွားပြလိုက်တော့၊ ဒီမှာ ဆက်မနေနဲ့တော့"

ချူကျင်းဖုန်းမှ အချိန်ကိုက် ဝင်ပြောပေးသည်။ ဖုန်းချင်းဟူသည် မမည်သို့ပင်ဆိုစေ သူ့လူတစ်ယောက်ဖြစ်ရာ မိမိရှေ့တွင် ဤမျှ သနားစရာကောင်းအောင် ဖြစ်ပျက်နေသည်ကို မြင်ရသဖြင့် အနည်းဆုံးတော့ နှစ်သိမ့်စကား ပြောပေးရမည်မဟုတ်ပါလား။

"ဟုတ်ကဲ့၊ ဒါဆို ကျွန်တော် ခွင့်ပြုပါဦး"

ဖုန်းချင်းဟူသည် စိတ်ဓာတ်ကျဆင်းလျက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။ သူထွက်သွားပြီးနောက် သီးသန့်ခန်းအတွင်းရှိ အခြေအနေမှာ တဖြည်းဖြည်းနှင့် စည်ကားမြိုင်ဆိုင်သော အငွေ့အသက်များဆီသို့ ပြန်လည်ရောက်ရှိလာ၏။ ကျိုးဟောက်ယွီသည် အားလုံးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း ချူကျင်းဖုန်း၏ ရိုသေလေးစားသော အပြုအမူကို မြင်တွေ့ခဲ့ရပြီးနောက်တွင် လူတိုင်းမှာ သူ့ကို စတင်စကားပြောရန် ကြိုးစားကြတော့သည်။ သူတို့၏ စကားလုံးများသည် အလွန်အကျွံ ဖားယားခြင်းမျိုး မဟုတ်သည့်တိုင် ချီးကျူးဂုဏ်ပြုသည့် စကားများဖြင့်တော့ ပြည့်နှက်နေခဲ့လေသည်။

All Chapters