အခန်း ၁၆၃
Vol. 17 Ch. 163
163
ထို့နောက်တွင်တော့ တစ်ဦးကိုတစ်ဦး ခွက်ချင်းဆင့်ကာ သောက်စားကြရင်း အချိန်များမှာ ကုန်လွန်မှန်းမသိ ကုန်လွန်သွားခဲ့လေသည်။ နှစ်နာရီခန့် ကြာပြီးနောက် ထိုစားသောက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီး အနည်းငယ် မူးနောက်နောက် ဖြစ်နေသော ကျိုးဟောက်ယွီသည် ချူကျင်းဖုန်းနှင့်အတူ ပြန်ရန် ထွက်လာခဲ့၏။ သူသည် သူ့ကားသူမောင်းရန် ရည်ရွယ်ထားသော်လည်း ချူကျင်းဖုန်းမှ သူ့ကို ဆွဲကာ သူ့ပြိုင်ကား အကောင်းစားကြီးပေါ်သို့ အတင်းတင်လိုက်လေသည်။
"အရင်ဆုံး ဝေ့အိမ်တော်ကို မောင်း၊ ငါ့ကျိုးကောကို အရင်လိုက်ပို့လိုက်"
ချူကျင်းဖုန်းမှ တိုးတိုးလေး ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
ကျောက်ရိဖေးမှ အလိုက်တသိ ပြန်ဖြေသည်။ သူမသည် သာမန် အမျိုးသမီး ကားမောင်းသမားတစ်ဦး မဟုတ်ပေ။ သူမ၏ နောက်ခံအသိုင်းအဝိုင်းမှာ အထူးအဆန်းဖြစ်ပြီး အလောင်းအစားတစ်ခုကြောင့်သာ ချူကျင်းဖုန်း၏ ကားမောင်းသမားအဖြစ် လုပ်ကိုင်ပေးနေခြင်းဖြစ်၏။
"ငါ မမူးပါဘူး၊ ကားမောင်းနိုင်သေးတယ်"
ကျိုးဟောက်ယွီမှ အသံကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းကာ ခပ်အေးအေး ပြောလိုက်သည်။
"ကော မောင်းနိုင်တာကို ကျွန်တော် ယုံပါတယ်၊ ဒါပေမဲ့ ကောကိုယ်ကော ငဲ့မညှာရင်တောင် ကောရဲ့ ယာဉ်မောင်းလိုင်စင်ကိုတော့ ငဲ့ညှာသင့်တယ် မဟုတ်လား"
ချူကျင်းဖုန်းမှ ခပ်ဖွဖွရယ်ရင်း ပြောသည်။
"အခုလို အခြေအနေမျိုးနဲ့ ဖမ်းမိသွားရင်တော့ လိုင်စင် အသိမ်းခံရမှာ သေချာတယ်"
"အေးပါ၊ ဒါဆိုလည်း ပြီးရော"
ကျိုးဟောက်ယွီမှ လက်လျှော့လိုက်ရတော့သည်။ သူသည် ဒီဒီ မောင်းနေရ၍သာ နတ်ဘုရားများနှင့် ဆုံတွေ့ခွင့်ရနေခြင်း ဖြစ်ရာ အကယ်၍ ယာဉ်မောင်းလိုင်စင်သာ အသိမ်းခံလိုက်ရပါက နောက်နောင် ထိုကဲ့သို့သော အခွင့်အရေးမျိုးနှင့် ဆုံတွေ့နိုင်တော့မည် မဟုတ်ပေ။ ကားသည် ဝေ့အိမ်တော်သို့ ဆိုက်ရောက်လာခဲ့သည်။ ချူကျင်းဖုန်းသည် ကျိုးဟောက်ယွီ အိမ်ထဲသို့ ဝင်သွားသည်အထိ စောင့်ကြည့်ပြီးမှ ကျောက်ရိဖေးကို ကားမောင်းထွက်ခိုင်းလိုက်တော့၏။
"သောက်လာတာလား"
ဧည့်ခန်းထဲတွင် တီဗီထိုင်ကြည့်နေသော ဝေ့ရှီယုသည် ကျိုးဟောက်ယွီ ဝင်လာသည်နှင့်တစ်ပြိုင်နက် အရက်နံ့ကို ရလိုက်သဖြင့် လှမ်းမေးလိုက်ခြင်း ဖြစ်သည်။
"နည်းနည်းပါပဲ၊ ယောက်ျားပဲလေ ဘယ်သူက မသောက်ဘဲ နေမှာလဲ"
ကျိုးဟောက်ယွီမှ ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
"သွား သွား ရေချိုးပြီး အိပ်တော့၊ တကယ်ပဲ စိတ်ရှုပ်စရာကောင်းလိုက်တာ"
ဝေ့ရှီယုမှ မျက်မှောင်ကုတ်လျက် နှာခေါင်းကို လက်ဖြင့် ယပ်ခတ်ရင်း ရွံရှာမုန်းတီးဟန်ဖြင့် ပြောရှာသည်။
"အပိုတွေ လုပ်မနေပါနဲ့၊ ငါ နည်းနည်းပဲ သောက်တာပါ၊ မမူးပါဘူး"
ကျိုးဟောက်ယွီ ခပ်ဖွဖွရယ်ရင်း ပြောသည်။ အမှန်တော့ သူကိုယ်တိုင်လည်း မူးရူးအော့အန်တတ်သူများကို မုန်းတီးသဖြင့် မိမိကိုယ်ကိုယ် အော့အန်သည်အထိ ဘယ်သောအခါမှ မသောက်ပေ။
"နင်နဲ့ စကားမပြောချင်တော့ဘူး၊ နံစော်နေတာပဲ၊ အနံ့ကြောင့် အသက်ရှူတောင် ကျပ်ချင်လာပြီ၊ မနက်ဖြန် နင့်ကို တစ်ရက် ခွင့်ပေးတယ်၊ အိမ်ပြန်ပြီး နားလိုက်တော့"
ဝေ့ရှီယုမှ ပြောပြောဆိုဆိုဖြင့် အပေါ်ထပ်သို့ အမြန်ပြေးတက်သွားတော့သည်။
"ဟဲဟဲ၊ မင်းရဲ့ အနာဂတ်ခင်ပွန်းကို အရက်မသောက်တဲ့လူ ဖြစ်ပါစေလို့ပဲ ဆုတောင်းလိုက်ပါဦး"
ကျိုးဟောက်ယွီ တဟဲဟဲရယ်ရင်း ခေါင်းကို ရမ်းလိုက်မိသည်။ သူသည် မိမိအခန်းထဲတွင် သန့်စင်ခန်းဝင်ပြီးနောက် ကုတင်ပေါ်တွင် ထိုင်ကာ ကျင့်စဉ်ကို စတင်လေ့ကျင့်တော့၏။ ခဏကြာပြီးကြာပြီးနောက်တွင် သူသည် မျက်လုံးပွင့်လာပြီး အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
"ဒီကျင့်စဉ်က အရက်မူးတာကိုပါ ပြေစေနိုင်တာပဲ၊ တကယ့်ကို မမျှော်လင့်ထားတဲ့ အံ့ဩစရာပဲ"
စောစောက အနည်းငယ် မူးနောက်နောက် ဖြစ်နေသော သူ့ဦးနှောက်သည် ခဏမျှ ကျင့်စဉ်လေ့ကျင့်လိုက်ရုံဖြင့် လန်းဆန်းသွားပြီး အားအင်များ ပြည့်ဝလာသလို ခံစားလိုက်ရသည်။ ဤညမှာတော့ မည်သည့်ထူးခြားမှုမျှမရှိဘဲ အေးချမ်းစွာ ကုန်လွန်သွားခဲ့လေ၏။ နောက်တစ်နေ့မနက်တွင် ကျိုးဟောက်ယွီသည် စောစောစီးစီးထကာ ထျန်းယာဟိုင်ကောသို့ ဒီဒီတက္ကစီတစ်စီးဖြင့် သွားခဲ့သည်။ သူ့ကားမှာ ထိုနေရာတွင်ပင် ရပ်ထားခဲ့သောကြောင့်ဖြစ်၏။ သူ့ကားကို ရှာဖွေတွေ့ရှိပြီးနောက် ဒီဒီစနစ် ကို ဖွင့်ကာ အလုပ်စတင်လုပ်ကိုင်တော့သည်။ တစ်မနက်ခင်းလုံး အလုပ်ရှုပ်ပြီးနောက် ကျိုးဟောက်ယွီသည် မိမိရရှိထားသော ငွေကြေးများကို ကြည့်ကာ ပင်ပန်းသော်လည်း ပျော်ရွှင်နေမိ၏။ သူသည် နေ့လယ်စာစားရန် နေရာတစ်ခုခုကို ရှာဖွေဖို့ ပြင်လိုက်စဉ်မှာပင် အသံနှင့်အတူ အော်ဒါအသစ်တစ်ခု တက်လာပြန်သည်။
"တီ"
ကျိုးဟောက်ယွီမှာ ဖုန်းပေါ်ရှိ အမည်ကို လှမ်းကြည့်လိုက်ရာ သူ နေ့နေ့ညည တမ်းတနေခဲ့ရသည့် နတ်သမီးချန်အယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ငါ တော်တော်ကြာအောင် စောင့်ခဲ့ရတာ၊ နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီပဲ"
ကျိုးဟောက်ယွီသည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ဝမ်းသာအားရဖြင့် သီချင်းတစ်အေးအေးပင် ညည်းမိသွားသည်။ သူသည် လမ်းကြောင်းကို ရှာဖွေပြီးနောက် ကားလီဗာကို အဆုံးထိ နင်းကာ ဖုန်းတွင်ပြထားသည့် တည်နေရာသို့ အမြန်ဆုံး မောင်းနှင်ခဲ့တော့၏။ ကားမှန်ပြတင်းပေါက်မှတစ်ဆင့် ကျိုးဟောက်ယွီသည် လမ်းဘေးတွင် ကျော့ရှင်းလှပစွာ ရပ်နေသော မိန်းမလှလေးကို ချက်ချင်းမြင်လိုက်ရသည်။
"အစ်မချန်အယ်၊ ကားပေါ်ကြွပါ"
ကျိုးဟောက်ယွီသည် ကားပေါ်မှဆင်းကာ တံခါးဖွင့်ပေးပြီး လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ လက်ကမ်းကြိုဆိုလိုက်သည်။
"ဒီနေ့ ကြည့်ရတာ အတော်လေး ပျော်နေပုံရတယ်နော်၊ တစ်ခုခု အဆင်ပြေတာ ရှိလို့လား"
ချန်အယ်သည် ကျိုးဟောက်ယွီနှင့် အတော်လေး ရင်းနှီးနေပြီဖြစ်သဖြင့် ခပ်ပေါ့ပေါ့ပင် စကား ယပြောသည်။
"ပျော်ရတာပေါ့၊ အစ်မကို ထပ်ပြီး တွေ့ရလို့ပဲလေ"
ကျိုးဟောက်ယွီမှာ တဟားဟား ရယ်လိုက်သည်။ ချန်အယ်သည် ထိုစကားကို ကြားသောအခါ ရှက်သွေးဖြာသွားပြီး ပြန်လည်စကားမဆိုရဲတော့ဘဲ ကားပေါ်သို့ အမြန် ဝင်ထိုင်လိုက်တော့၏။ ကျိုးဟောက်ယွီသည်လည်း မောင်းသူနေရာသို့ ပြန်ဝင်ကာ သေသပ်လှပသော သေတ္တာငယ်လေးတစ်ခုကို ဂုဏ်ယူစွာ ထုတ်ပြရင်း အလေးအနက် ဆိုလိုက်သည်။
"အစ်မချန်အယ်၊ ဒါက ကျွန်တော် လောင်ဇီဆီကနေ အထူးတလည် တောင်းခံလာခဲ့တဲ့ ရတနာဆေးလုံးပဲ၊ ဒါကို သောက်လိုက်ရင် အစ်မရဲ့ ဝေဒနာလေးက ချက်ချင်း ပျောက်ကင်းသွားမှာ သေချာတယ်"
"ရှင်က ဒါကို မှတ်မိနေရုံတင်မက လောင်ဇီဆီကနေတောင် ဆေးလုံးရအောင် ယူပေးခဲ့တာလား၊ ရှင့်ကိုဘယ်လိုတောင် ကျေးဇူးဆပ်ရမှန်း မသိတော့ပါဘူး"
ချန်အယ်သည် အလွန်အမင်း ဝမ်းမြောက်သွားရသည်။ ယခုကဲ့သို့ ဂရုစိုက်ခြင်း ခံရသည်မှာ သူမကို တကယ့်ကို ပျော်ရွှင်စေခဲ့၏။
"ကျေးဇူးဆပ်ဖို့ မလိုပါဘူး၊ အစ်မကို ကူညီနိုင်ဖို့ဆိုရင် ကျွန်တော် ဘာမဆို လုပ်ဖို့ အသင့်ပါပဲ"
ကျိုးဟောက်ယွီမှ ရိုးသားစွာ ပြောလိုက်သည်။ ချန်အယ်သည် ရင်ထဲ၌ နက်နက်ရှိုင်းရှိုင်း လှုပ်ရှားသွားရပြီး တိုးတိုးလေး ရေရွတ်မိ၏။
"ရှင် ကျွန်မအပေါ် တကယ့်ကို ကောင်းလွန်းပါတယ်"
"မြန်မြန်လေး သောက်လိုက်ပါ၊ ဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်"
ကျိုးဟောက်ယွီမှ သေတ္တာလေးကို ချန်အယ််ထံ ကမ်းပေးရင်း တိုက်တွန်းလိုက်သည်။
"အင်း"
ချန်အယ်မှ အလိုက်တသိ ခေါင်းငြိမ့်ကာ လက်ချောင်းလေးနှစ်ချောင်းဖြင့် အလင်းရောင်ဖျော့ဖျော့ တောက်ပနေသော ဆေးလုံးလေးကို ညှပ်ယူပြီး နှုတ်ခမ်းလေးထဲသို့ ညင်သာစွာ ထည့်လိုက်လေသည်။ ကျိုးဟောက်ယွီသည် ချန်အယ် ဆေးလုံးသောက်နေသည့် အမူအရာကို ကြည့်ရင်း တကယ့်ကို ကျော့ရှင်းလှပလွန်းသည်ဟု တွေးနေမိ၏။
"ဂွီ ဂွီ"
ထိုစဉ် သူ့ဗိုက်ထဲမှ အသံနှစ်ချက် မြည်လာတော့သည်။ တိတ်ဆိတ်နေသော ကားအတွင်း၌ ထိုအသံမှာ သိသိသာသာ ထွက်ပေါ်လာသဖြင့် စောစောက ကြည်နူးစရာ အငွေ့အသက်များသည် ချက်ချင်းပင် စိတ်အနှောင့်အယှက်ဖြစ်စရာ အနေခက်မှုကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
"ကျွန်မတို့ စားစရာ တစ်ခုခုသွားရှာကြမလား၊ ကျွန်မလည်း လူ့ပြည်က အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ချင်တာနဲ့ အတော်ပဲပေါ့"
ချန်အယ်မှ ညင်သာစွာ ပြုံးလျက် ဝင်ပြောပေးရှာသည်။
"ဟုတ်ကဲ့ အဆင်ပြေပါတယ်"
ကျိုးဟောက်ယွီ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငြိမ့်လိုက်မိသည်။ သူသည် အလွန်အမင်း အရှက်ရသွားသဖြင့် မြေကြီးထဲသို့သာ လျှောဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်နေတော့၏။ သူတို့သည် အလွန် သန့်ရှင်းသပ်ရပ်ပြီး ဆိတ်ငြိမ်သော စားသောက်ဆိုင်တစ်ဆိုင်သို့ မောင်းနှင်ခဲ့ကြသည်။ ချန်အယ်ကို ဆိုင်ထဲသို့ ခေါ်ဆောင်လာပြီးနောက် ကျိုးဟောက်ယွီသည် အရင်ဆုံး သူမအတွက် ထိုင်ခုံကို ဆွဲပေးကာမှ မျက်နှာချင်းဆိုင်တွင် ဖြည်းဖြည်းချင်း ဝင်ထိုင်လိုက်သည်။
"ဒီမှာ မီနူး ထဲက ပုံတွေကို ကြည့်ပါဦး၊ ဘာစားချင်လဲ စိတ်ကြိုက်မှာပါ"
ကျိုးဟောက်ယွီမှ သူ့အိတ်ထဲတွင် ငွေအများကြီးမရှိသော်လည်း ဤထမင်းတစ်နပ်စာအတွက် လုံလောက်သည်ဖြစ်ရာ ရက်ရက်ရောရောပင် ဖိတ်ခေါ်လိုက်သည်။
"ကျွန်မက ဒါတွေကို ကောင်းကောင်းမသိဘူး၊ ရှင်ပဲ မှာလိုက်ပါ"
ချန်အယ် မီနူးကို ပြန်ကမ်းပေးရင်း ဆိုသည်။
"မသိဘူးဆိုတာ မရှိပါဘူ၊ ပုံလေးတွေကိုပဲ ကြည့်ပြီး မှာလိုက်ရုံပါပဲ"
ကျိုးဟောက်ယွီမှ ထရပ်ကာ ချန်အယ်ဘေးသို့ လျှောက်သွားပြီး သူမ သေသေချာချာ ရွေးချယ်နိုင်ရန် မီနူးစာအုပ်ကို သူမရှေ့တွင် ချပေးလိုက်သည်။ ချန်အယ်သည်လည်း မတတ်နိုင်တော့ဘဲ ခေါင်းလေးကို အနည်းငယ်ငုံ့ကာ မီနူးစာအုပ်ကို သေသေချာချာ ကြည့်ရှုတော့၏။ ချန်အယ်ဘေးတွင် ရပ်နေသော ကျိုးဟောက်ယွီ၏ မျက်လုံးများသည် မရည်ရွယ်ဘဲ မီနူးစာအုပ်ထဲသို့ ဝေ့ဝဲကြည့်မိရာမှ ထိုစာအုပ်အတွင်းရှိ အံ့ဩမှင်သက်ဖွယ်ရာ မြင်ကွင်းများကို မြင်တွေ့လိုက်ရလေသည်။
"ဂလု"
သူသည် တံတွေးကို မရည်ရွယ်ဘဲ မြိုချမိသွားပြီး အံ့အားသင့်စွာဖြင့် ခေါင်းကို ချက်ချင်း အခြားတစ်ဖက်သို့ လွှဲလိုက်ရတော့သည်။
"ဗိုက်ဆာနေပြီလား"
ချန်အယ်သည် သူ့အသံကို ကြားရသဖြင့် ကျိုးဟောက်ယွီဘက်သို့ ပြုံးလျက် လှည့်ကြည့်ကာ ပြောသည်။
"ကျွန်မကတော့ ရွေးပြီးပြီ၊ ရှင်လည်း နှစ်ပွဲလောက် မှာလိုက်ဦးလေ၊ ဗိုက်သိပ်မဆာရအောင် မြန်မြန်စားကြတာပေါ့"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ကျိုးဟောက်ယွီသည် ဘာမှ ထပ်မပြောရဲတော့ဘဲ ကပျာကယာ ပြန်ဖြေပြီး မိမိထိုင်ခုံသို့ အမြန်ဆုံး ပြန်ထိုင်လိုက်ရတော့သည်။