← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

164

မကြာမီမှာပင် စားပွဲထိုးမှ ဟင်းပွဲများကို လာရောက်ချပေးလေသည်။ ကျိုးဟောက်ယွီလည်း ဟင်းကို နှစ်လုတ်သုံးလုတ်ခန့် မြည်းစမ်းပြီးနောက်မှ စောစောက လှုပ်ရှားနေသော စိတ်အစုံကို တဖြည်းဖြည်း ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်နိုင်တော့၏။

"စောစောက အစ်မရှေ့မှာ ကျွန်တော် အမူအရာ ပျက်သွားတဲ့အတွက် တကယ်ပဲ အားနာရပါတယ်"

ကျိုးဟောက်ယွီမှ တောင်းပန်စကား ဆိုလိုက်သည်။

"အမူအရာပျက်ရအောင်လည်း ဘာရှိလို့လဲ၊ သာမန်သဘာဝပဲ၊ ရှင်က ကျွန်မကို ဒီလိုမျိုး အားနာစကားတွေ ပြောနေတော့ သူငယ်ချင်းလို့ မသတ်မှတ်ဘူးပေါ့ ဟုတ်လား"

ချန်အယ်မှ ပြန်လည်ချေပလိုက်သည်။

"မဟုတ်ရပါဘူး"

ကျိုးဟောက်ယွီ တဟဲဟဲ ရယ်လိုက်မိသည်။ ချန်အယ်ထံမှ ထိုစကားကို ကြားလိုက်ရသဖြင့် သူသည် ရင်ထဲ၌ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားတော့၏။ ထို့နောက်တွင်တော့ သူတို့နှစ်ဦးသည် အစားအသောက်များကို မြိန်ယှက်စွာ စားသောက်ရင်း စကားစမြည် ပြောဆိုကြတော့သည်။ ကျိုးဟောက်ယွီသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီးနောက် တစ်ခါတစ်ရံတွင် ပြက်လုံးလေးများ ဝင်နှောက်တတ်ရာ စားပွဲဝိုင်းတစ်ခုလုံး မြိုင်မြိုင်ဆိုင်ဆိုင်နှင့် သဟဇာတ ဖြစ်လို့နေသည်။ သို့သော်လည်း ချန်အယ်သည် လှလွန်းလှသဖြင့် တစ်ခါတစ်ရံတွင် သတ္တိကောင်းလှသော ယောက်ျားအချို့မှာ သူမအနားသို့ ချဉ်းကပ်လာပြီး Wechat အကောင့် တောင်းခြင်းမျိုး၊ မိတ်ဖွဲ့ခြင်းမျိုး လာရောက်လုပ်ဆောင်တတ်ကြသည်။ သူတို့သည် ကျိုးဟောက်ယွီ တစ်ယောက်လုံး ထိုင်နေသည်ကိုပင် ဂရုမစိုက်ကြချေ။ ကြည့်ရသည်မှာ ကျိုးဟောက်ယွီ၏ သာမန်ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အချိုးအစားမှာ သူတို့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

"ဖယ်ကြစမ်း၊ သွားကြတော့"

ကျိုးဟောက်ယွီသာ လှမ်း၍ မောင်းထုတ်လိုက်ရတော့သည်။ ကံကောင်း၍သာ လာရောက်ပတ်သက်သူများထဲတွင် မကောင်းသောစိတ် ရည်ရွယ်ချက်ရှိသူများ ပါမလာခဲ့ခြင်းဖြစ်၏။ သို့မဟုတ်ပါက ထိုလူများ ဒုက္ခလှလှတွေ့ကြရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သူတို့သည် နတ်သမီးလေး၏ ရှေ့မှောက်တွင် ကျိုးဟောက်ယွီ အစွမ်းပြရန်အတွက် နင်းခြေစရာ ကျောက်ဖျာတုံးများ သာလျှင် ဖြစ်သွားကြပေလိမ့်မည်။

"သူတို့ ခဏခဏ ပြောနေတဲ့ Wechat ဆိုတာ ဘာလဲ"

ချန်အယ်သည် 'Wechat' ဟူသော စကားလုံးကို အကြိမ်ကြိမ် ကြားရဖူးသဖြင့် မနေနိုင်တော့ဘဲ မေးမြန်းရှာသည်။

"အော်၊ ဒါက ဆက်သွယ်ရေးဆော့ဖ်ဝဲလ်တစ်ခုပေါ့၊ အစ်မတို့ဆီကမိုင်ထောင်ချီ အသံလွှင့်မန္တန် လိုမျိုးပေါ့၊ လူနှစ်ယောက်က အဝေးကြီးမှာ ရှိနေရင်တောင် အပြန်အလှန် စကားပြောလို့ရအောင် လုပ်ပေးတဲ့အရာပေါ့"

ကျိုးဟောက်ယွီမှ ချန်အယ် နားလည်နိုင်မည့် စကားလုံးမျိုးဖြင့် ရှင်းပြလိုက်သည်။

"မိုင်ထောင်ချီ အသံလွှင့်မန္တန် ဟုတ်လား၊ လူသားတွေက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ"

ချန်အယ်မှ အားကျနှစ်သက်သော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။ ကျိုးဟောက်ယွီ ပြုံးလျက် ထပ်ပြောပြ၏။

"ဒါပေမဲ့ အဲဒီအရာမှာလည်း အားနည်းချက် ရှိသေးတယ်၊ တောတောင်တွေထဲမှာလိုမျိုး အင်တာနက် မရှိတဲ့ နေရာတွေဆိုရင် သုံးလို့မရတော့ဘူး"

"ဒီလောက် စွမ်းဆောင်ရည်ကြီးမားတာပဲ၊ အားနည်းချက်လေးတော့ ရှိမှာပေါ့၊ တကယ့် မိုင်ထောင်ချီအသံလွှင့်မန္တန် တောင်မှ ပြည့်စုံလှတာ မဟုတ်ဘူးလေ"

ချန်အယ်မှ ခပ်ဖွဖွ ပြုံးရင်း‌ ပြောသည်။ ထိုစဉ် ကျိုးဟောက်ယွီ၏ ခေါင်းထဲသို့ အတွေးတစ်ခု ဖျတ်ခနဲ ဝင်လာသဖြင့် သူချက်ချင်းပင် စမ်းသပ်သည့်သဘောဖြင့် မေးလိုက်၏။

"အစ်မချန်အယ်၊ အစ်မက အဲဒီ မိုင်ထောင်ချီအသံလွှင့်မန္တန် အစွမ်းကို တတ်တယ်မလား၊ ကျွန်တော့်ကို သင်ပေးလို့ရမလား"

"ရတာပေါ့၊ ဒါပေမဲ့ ဒါက ပါရမီပါဖို့ လိုအပ်သလို သင်ယူရတာလည်း သိပ်တော့မလွယ်ကူဘူးနော်"

ချန်အယ် အလေးအနက် ပြောရှာသည်။

"လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ ကျွန်တော် စမ်းကြည့်ချင်သေးတယ်၊ လောင်ဇီ ကိုယ်တိုင်ကတောင် ကျွန်တော့်ကို ပါရမီထူးခြားတဲ့လူ၊ နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်တည်းပေါ်တဲ့ ပါရမီရှင်လို့ ချီးကျူးထားတာဆိုတော့ တစ်ခဏလေးအတွင်း တတ်မြောက်သွားရင် သွားမှာ"

ကျိုးဟောက်ယွီမှာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။ အကြောင်းမူကား လောင်ဇီကိုယ်တိုင်မှ သူ့ကို ချီးကျူးထားခြင်းဖြစ်ရာ သူဂုဏ်ယူခွင့် ရှိသည်မဟုတ်ပါလား။

"တကယ်ကြီးလား"

ချန်အယ်မှ မယုံကြည်နိုင်စရာ မျက်လုံးများဖြင့် မေးလိုက်သည်။

"လောင်ကျွင်းက ဘယ်သူ့ကိုမှ ဒီလိုမျိုး တစ်ခါမျှ ချီးကျူးဖူးတာ မဟုတ်ဘူး"

"ကျွန်တော် ဘယ်သူ့ကိုမှ မလိမ်ပါဘူး၊ အထူးသဖြင့် အစ်မချန်အယ်ကိုပေါ့"

ကျိုးဟောက်ယွီ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

"ကျွန်တော် ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်၊ စောစောက ပြောခဲ့တဲ့ စကားတွေ အားလုံးက အမှန်တရားတွေချည်းပဲ"

"ကဲပါ ယုံပါပြီ၊ ကျိန်ဆိုမနေပါနဲ့တော့၊ ကတိသစ္စာဆိုတာ စိတ်ကူးပေါက်တိုင်း လျှောက်ပြီး ကျိန်ဆိုရတဲ့အရာ မဟုတ်ဘူး၊ တကယ် သက်ရောက်မှုရှိတတ်တယ်"

ချန်အယ်သည် ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ထရပ်လိုက်ပြီး သူမ၏ နုဖတ်လှပသော လက်ကလေးဖြင့် ကျိုးဟောက်ယွီ၏ နှုတ်ခမ်းကို လှမ်း၍ ပိတ်လိုက်တော့သည်။ ကျိုးဟောက်ယွီသည် ကြောင်အမ်းသွားပြီးမျက်လုံးအစုံ ပြူးကျယ်သွားရ၏။ ကျိုးဟောက်ယွီ၏ နှုတ်ခမ်းပေါ်တွင် ထိကပ်နေသော ချန်အယ်၏ နူးညံ့ချောမွေ့လှသော လက်ကလေးသည် အလွန်အမင်း နူးညံ့အိစက်လွန်းနေသည်မဟုတ်ပါလား။

"ဘာတွေ မိန်းမောနေတာလဲ၊ ကတိသစ္စာတွေကို မဆင်မခြင် မဆိုပါနဲ့လို့ ကျွန်မပြောတာ မကြားဘူးလား"

ချန်အယ်မှ မျက်မှောင်ကလေး အနည်းငယ်ကုတ်လျက် စိတ်အလိုမကျဟန်ဖြင့် တိုးတိုးလေး အော်လိုက်သည်။

"အော်၊ ကျွန်တော်က အလေးအနက်ထားပြီး ကျိန်ဆိုတာပါ၊ မဆင်မခြင် လုပ်တာ မဟုတ်ပါဘူး"

ချန်အယ် လက်ကိုဖယ်လိုက်ပြီးနောက်တွင် ကျိုးဟောက်ယွီ အသည်းအသန် ပြန်လည်ရှင်းပြရှာသည်။

"အဲဒါတွေကို ကျွန်မ ဂရုမစိုက်ဘူး၊ ရှင်က ကျွန်မကို သူငယ်ချင်းလို့ တကယ်သတ်မှတ်ရင် နောက်နောင် ဒီလိုမျိုး ကျိန်ဆိုတာတွေ မလုပ်တော့ပါဘူးလို့ ကတိပေးရမယ်"

ချန်အယ်မှ မှာကြားလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အစ်မပြောတဲ့အတိုင်း နားထောင်ပါ့မယ်"

ကျိုးဟောက်ယွီမှ လေးလေးနက်နက် ပြန်ပြောပြီးနောက် စိတ်မရှည်တော့ဟန်ဖြင့် ထပ်မေးပြန်သည်။

"ဒါဆို အခုပဲ အဲဒီ မိုင်ထောင်ချီအသံလွှင့်မန္တန်ကို သင်ပေးလို့ရပြီလား"

"အခုလား"

ချန်အယ်မှ လှည့်ပတ်ကာ ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် တွေဝေစွာဖြင့် ဆိုသည်။

"ဒီမှာ လူတွေ အများကြီးပဲ၊ ဒီလိုနေရာမျိုးမှာ မန္တန်သင်ပေးဖို့ မသင့်တော်ဘူး၊ ပိုပြီး ဆိတ်ငြိမ်တဲ့နေရာမျိုး ရှာကြရအောင်၊ မင်း နေတဲ့နေရာမျိုးပေါ့"

ကျိုးဟောက်ယွီသည် သက်ပြင်းချလျက် ခါးသီးစွာ ပြုံးလိုက်မိသည်။ ချန်အယ်မှာ သူ့နေအိမ်သို့ လိုက်ရန် ကမ်းလှမ်းလာသော်လည်း သူလက်မခံရဲပေ။ အကြောင်းမူကား သူသည် လက်ရှိတွင် ဝေ့အိမ်တော်၌ မှီခိုနေထိုင်နေရခြင်းဖြစ်ရာ အပြင်လူတစ်ယောက်ကို ထိုနေရာသို့ မည်သို့ ခေါ်ဆောင်သွားနိုင်မည်နည်း။ ခဏမျှ စဉ်းစားပြီးနောက် ကျိုးဟောက်ယွီ အကြံပြုလိုက်သည်။

"ကျွန်တော် နေတဲ့နေရာကိုတော့ အခုသွားလို့ အဆင်မပြေဘူး၊ ဒါပေမဲ့ ပိုကောင်းတဲ့ ရွေးချယ်စရာတစ်ခု ရှိပါတယ်၊ အဲဒီနေရာကို အခုပဲ သွားကြမလား၊ ကျွန်တော် တကယ်ကို မစောင့်နိုင်တော့လို့ပါ"

"ရတာပေါ့၊ ကျွန်မလည်း ဗိုက်မဆာတော့ဘူးဆိုတော့ အသစ်အဆန်းလေးတွေကို စမ်းကြည့်ချင်တာနဲ့ အတော်ပဲ"

ချန်အယ်မှ အေးအေးဆေးဆေးပင် ပြန်ဖြေသည်။ ကျိုးဟောက်ယွီသည် ငွေရှင်းပြီးနောက် ချန်အယ်ကို အနီးအနားရှိ ဟိုတယ် တစ်ခုသို့ ခေါ်ဆောင်လာခဲ့တော့၏။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ဟိုတယ်ခန်းထဲသို့ အတူတူ သွားကြသည်မှာ မည်သည့်အဓိပ္ပာယ်လဲဆိုသည်ကို ခေတ်သစ်လူသားများ ကောင်းကောင်းနားလည်ကြသော်လည်း ချန်အယ်မှာမူ မသိရှာပေ။ သူမသည် ဘာမျှ အများကြီးမတွေးဘဲ ကျိုးဟောက်ယွီ၏ နောက်သို့သာ ရိုးရိုးရှင်းရှင်း လိုက်ပါလာခဲ့သည်။ သူတို့ ဓာတ်လှေကားထဲသို့ ဝင်လိုက်စဉ်မှာပင် ဘေးဆံပင်ရှည်ချထားသော လူငယ်တစ်ယောက်သည် ဤမျှ လှပလွန်းသည့် မိန်းမလှလေးတစ်ဦး ကျိုးဟောက်ယွီ၏ ဘေးတွင် ရပ်နေသည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ တိုးတိုးလေး ရေရွတ်လိုက်၏။

"တကယ့်ကိုပဲ ဂေါ်ဖီထုပ်အကောင်းစားကြီးတွေကို ဝက်တွေချည်းပဲ ဝိုင်းစားနေကြတာပဲ"

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ၊ အေးအေးဆေးဆေး မနေချင်ဘူးလား"

ကျိုးဟောက်ယွီသည် ချန်အယ်၏ ဖြူစင်မှုကို မည်သူမျှ စော်ကားသည်ကို မခံနိုင်သဖြင့် ထိုလူငယ်ကို ချက်ချင်းပင် ငေါက်ငမ်းလိုက်တော့သည်။

"ဆောရီး ဆောရီးပါ အစ်ကိုရာ၊ ကျွန်တော် စိတ်ထဲ ထင်မိတာလေးကို ပါးစပ်က လက်လွန်ပြီး ထွက်သွားမိလို့ပါ၊ စိတ်မဆိုးပါနဲ့"

ထိုဆံပင်ရှည်နှင့်လူငယ်သည် တကယ့် ကြွက်သူခိုးလေးဖြစ်ရာ ကျိုးဟောက်ယွီ၏ ခြိမ်းခြောက်မှုကို ခံလိုက်ရသည်နှင့် ချက်ချင်းပင် အကြောက်အကန် တောင်းပန်တော့သည်။

"ဟမ့်၊ နောက်ခါ ပါးစပ်ကို သေသေချာချာ ထိန်းစမ်း"

ဓာတ်လှေကားတံခါး ပွင့်သွားသည်နှင့် ကျိုးဟောက်ယွီသည် ထိုစကားကို ချန်ထားခဲ့ကာ ချန်အယ်ကို ခေါ်၍ ထွက်လာခဲ့တော့သည်။ သူတို့နှစ်ဦး အခန်းထဲသို့ အတူတူ ဝင်လာပြီးနောက် ချန်အယ်က သိလိုစိတ်ဖြင့် မေးမြန်းရှာ၏။

"စောစောက အဲဒီလူ ပြောသွားတဲ့ 'ဂေါ်ဖီထုပ်အကောင်းစားကြီးတွေကို ဝက်တွေ ဝိုင်းစားနေကြတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ကျွန်မ ဂေါ်ဖီထုပ်လည်း မတွေ့မိပါဘူး၊ ဝက်လည်း မမြင်မိပါဘူး"

"အော်၊ သူက ရူးနေလို့ လျှောက်ပြောနေတာပါ"

ကျိုးဟောက်ယွီမှ စကားလွှဲရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ချန်အယ် ဇွတ်အတင်း မေးမြန်းပြန်၏။

"ပြောပြပါဦး၊ ရှင်က လူ့ပြည်မှာ ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပဲ၊ ရှင်ကတောင် ကျွန်မကို စကားမပြောချင်ဘူးဆိုရင် လူ့ပြည်ကို လာရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"

"ကျွန်တော်က အစ်မကို စကားမပြောချင်ရမှာလား"

ကျိုးဟောက်ယွီမှ ပြာပြာသလဲနှင့် စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်။

"အဲဒီလူ ပြောသွားတဲ့အဓိပ္ပာယ်က တကယ်တော့ အရမ်းရိုးရှင်းပါတယ်၊ သူက အစ်မကို လတ်ဆတ်ပြီး လှပလွန်းတဲ့ ဂေါ်ဖီထုပ်လေးတစ်ထုပ်လို တင်စားပြီး၊ ကျွန်တော့်ကိုကျတော့ ညစ်ပတ်ပေရေနေတဲ့ တောဝက်အိုကြီးတစ်ကောင်လို နှိုင်းယှဉ်လိုက်တာပေါ့၊ ပြီးတော့ အစ်မက ကျွန်တော်နဲ့အတူ အခန်းထဲကို ယောက်ျားတစ်ယောက် မိန်းမတစ်ယောက် အတူတူဝင်လာတာဆိုတော့ ကျွန်တော်က အစ်မကို ဖျက်ဆီးတော့မယ်လို့ သူထင်သွားတာပေါ့"

"အဲဒီလူက ဘယ်လိုတောင်ထင်နေရတာလဲ"

ချန်အယ်သည်မျက်မှောင်ကလေးကုတ်လျက် ရှက်လွန်းသဖြင့် တစ်မျက်နှာလုံး ရဲရဲနီသွားတော့သည်။

"ဒီလိုလူ့အဖွဲ့အစည်းထဲမှာ ပေါက်တတ်ကရ လျှောက်တွေးတတ်တဲ့ လူတွေ အများကြီး ရှိပါတယ်၊ သူတို့ကို ဂရုစိုက်မနေပါနဲ့တော့၊ အဲဒါထက် ကျွန်တော့်ကို အသံလွှင့်မန္တန် အမြန်သင်ပေးပါဦး၊ ကျွန်တော် တကယ်ကို သင်ချင်လှပြီ"

ကျိုးဟောက်ယွီမှ အကြောင်းအရာကို အမြန်ဆုံး လွှဲပြောင်းလိုက်သည်။

"ဒါဆိုရင်တော့ ကုတင်ပေါ်မှာ သေသေသပ်သပ် ထိုင်ပြီး ငါပြောသမျှကို သေသေချာချာ နားထောင်တော့"

ချန်အယ်မှ အလေးအနက် အမိန့်ပေးလိုက်လေသည်။

All Chapters