← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

165

ကျင့်စဉ်လေ့ကျင့်ခြင်းဟူသည် ပေါ့ဆ၍မရသော အရာဖြစ်ရာ စိတ်အာရုံကို တစ်ချက်မျှ မလွင့်စေဘဲ အပြည့်အဝ စူးစိုက်ထားရပေမည်။ ကျိုးဟောက်ယွီသည် ကုတင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး မျက်နှာထက်၌ အပြုံးတစ်ခု စွဲထင်လို့နေ၏။ သူ၏ လျှို့ဝှက်ကျင့်စဉ်မှာ အလွန်အမင်း ချောမွေ့စွာ တိုးတက်နေရုံမက လောင်ဇီ ကိုယ်တိုင်၏ ချီးကျူးမှုကိုပါ ရရှိထားဖူးသဖြင့် မိမိကိုယ်ကို ယုံကြည်မှုများ အပြည့်အဝ ရှိနေခဲ့ခြင်းဖြစ်၏။ သို့သော်လည်း နှစ်နာရီခန့် ကြာပြီးနောက်တွင်တော့ ကျိုးဟောက်ယွီတစ်ယောက် ဆွံ့အမှင်သက်သွားရတော့သည်။

"အစ်မပြောတာတွေကိုတော့ ကျွန်တော် အကုန်နားလည်ပါတယ်၊ ဒါပေမဲ့ ဒီလောက်ကြာအောင် ကျင့်နေတာတောင် ဘာလို့ ဘာခံစားချက်မျှ မရှိရတာလဲ"

ကျိုးဟောက်ယွီသည် ကျင့်စဉ်ကို ရပ်တန့်လိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အဲဒါ ပါရမီပဲလေ၊ နှစ်နာရီလောက် ကျင့်တာတောင် ဘာမှမခံစားရဘူးဆိုရင် ရှင်ဒီမန္တန်ကို တတ်မြောက်ဖို့ မိုင်ပေါင်းတစ်သိန်းလောက် ဝေးကွာနေသေးတာပဲ၊ တစ်သက်လုံးလည်း ဒီမိုင်ထောင်ချီအသံလွှင့်မန္တန်ကို တတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး"

ချန်အယ်မှ ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။ ကျိုးဟောက်ယွီသည် ထိုစကားကြောင့် မျက်မှောင်ကုတ်သွားပြီး တိုးတိုးလေး ရေရွတ်မိ၏။

"မဖြစ်နိုင်တာ၊ လောင်ဇီက ကျွန်တော့်ကို နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်တည်းပေါ်တဲ့ ပါရမီရှင်လို့ အသေအချာ ပြောခဲ့တာပဲ၊ ဒီလို မိုင်ထောင်ချီအသံလွှင့်မန္တန်လေး သင်တာကို ပါရမီမရှိရအောင် ကျွန်တော်က ညံ့ဖျင်းလွန်းလို့လား"

"လောင်ဇီက ရှင့်ကို စနောက်ပြီး ကျီစယ်ခဲ့တာ ထင်ပါရဲ့၊ ရှင့်ပါရမီက နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်တည်းပေါ်တဲ့ ပါရမီရှင်မျိုးနဲ့ အလှမ်းဝေးလွန်းလှပါတယ်"

ချန်အယ် ညင်သာစွာ ပြုံးလျက်‌ ပြောသည်။

'စနောက်တာတော့ မဟုတ်လောက်ပါဘူး၊ သူက တစ်ခုခုကို ဖုံးကွယ်ချင်လို့ ဒီလိုပြောခဲ့တာ နေမှာ'

ကျိုးဟောက်ယွီသည် ထိုစဉ်က မြင်ကွင်းကို ပြန်လည်တွေးတောရင်း စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်မိသည်။

"ဘာပြောလိုက်တာလဲ"

ချန်အယ် သေသေချာချာ မကြားရသဖြင့် လှမ်းမေးသည်။

"ဘာမှမဟုတ်ပါဘူး၊ ရင်ထဲမှာ တော်တော်လေး စိတ်မကောင်းဖြစ်သွားလို့ပါ၊ ကျွန်တော်ကိုယ်ကျွန်တော် တော်တော်လေး စွမ်းလှပြီလို့ ထင်နေတာ၊ အခုတော့ ဒီမိုင်ထောင်ချီအသံလွှင့်မန္တန်လေး တစ်ခုနဲ့တင် လမ်းခုလတ်မှာ ဒူးထောက်လိုက်ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"

ကျိုးဟောက်ယွီမှ သက်ပြင်းချလျက် ဆိုသည်။

"မိုင်ထောင်ချီအသံလွှင့်မန္တန်ဆိုတာ တကယ်တော့ ကျင့်ကြံရတာ အရမ်းခက်ခဲတဲ့ မန္တန်တစ်ခုပါ၊ ရှင် မတတ်မြောက်နိုင်တာဟာ သဘာဝကျပါတယ်၊ နတ်ဘုရားအများစုတောင်မှ ဒီမန္တန်ကို မတတ်ကြပါဘူး"

ချန်အယ်မှ ကျိုးဟောက်ယွီ စိတ်သက်သာရာရစေရန် ညင်သာစွာ နှစ်သိမ့်ပေးရှာသည်။

"ဟုတ်ကဲ့ပါ၊ ကျွန်တော် အဆင်ပြေပါတယ် စိတ်မပူပါနဲ့၊ ကျွန်တော်က အရမ်း စိတ်ဓာတ်ကြံ့ခိုင်တဲ့လူပါ၊ ဒီလောက် အခက်အခဲလေးနဲ့တော့ စိတ်ဓာတ်ကျမသွားပါဘူး"

ကျိုးဟောက်ယွီသည် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး မျက်နှာထက်သို့ အပြုံးများ ပြန်လည်ရောက်ရှိလာတော့သည်။ ထို့နောက်တွင်တော့ သူတို့နှစ်ဦးသည် အပြင်၌ ခဏမျှ အတူတူ ဈေးဝယ်ထွက်ခဲ့ကြပြီးမှ ချန်အယ်မှာ ပြန်လည်ထွက်ခွာသွားခဲ့လေ၏။ သူမ၏ ကျောပြင်လေး တဖြည်းဖြည်း ဝေးကွာပျောက်ကွယ်သွားသည်ကို ငေးကြည့်ရင်း ကျိုးဟောက်ယွီသည် ရင်ထဲ၌ ဟာတာတာကြီး ဖြစ်ကျန်ခဲ့ပြီး ဘာအလုပ်မျှ လုပ်ချင်စိတ် မရှိတော့ပေ။ သို့သော်လည်း မိမိ၏ ပြားချပ်လုနီးပါး ဖြစ်နေသော အိတ်ကပ်ကို စမ်းမိလိုက်သောအခါမှ စိတ်ကို ပြန်လည်တင်းပြီး ဒီဒီ ဆက်လက်မောင်းနှင်ရန် ပြင်လိုက်တော့သည်။ အိတ်ထဲတွင် ပိုက်ဆံမရှိခြင်းမှာ အလွန်အမင်း အန္တရာယ်ကြီးလှ၏။ စောစောကပင် ဟိုတယ်ခန်းခပေးရန် ပိုက်ဆံမလောက်မင ဖြစ်လုနီးပါး ကြုံခဲ့ရသေးရာ အကယ်၍သာ တကယ် ပိုက်ဆံမလောက်ခဲ့ပါက လူပုံအလယ်တွင် အကြီးအကျယ် အရှက်ကွဲရပေတော့မည်။ တစ်နေ့တာလုံး အလုပ်ရှုပ်ပြီးနောက် ညနေစောင်းတွင် ကျိုးဟောက်ယွီသည် ဝေ့အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။ သူသည် သန့်စင်ခန်းဝင်ပြီးနောက် ကုတင်ပေါ်တွင် ထိုင်ကာ ကျင့်စဉ်ကို လေ့ကျင့်ရန် ပြင်လိုက်စဉ်မှာပင် အခန်းတံခါးကို လာရောက်ခေါက်သံ ကြားလိုက်ရသည်။

"ဘယ်သူလဲ"

ကျိုးဟောက်ယွီမေးရင်း တံခါးကို လှမ်းဖွင့်လိုက်သည်။ ဝေ့ရှီယုသည် တံခါးဝတွင် လှပကျော့ရှင်းစွာ ရပ်နေသော်လည်း မျက်နှာထားမှာမူ မကြည်လင်လှဘဲ မေးခွန်းထုတ်တော့၏။

"နင် မနေ့ညက သောက်လာလို့ မနက်ဖြန် တစ်ရက် ခွင့်ပေးပြီး နားခိုင်းထားတာကို တစ်နေ့ခင်းလုံး နင့်အရိပ်တောင် မမြင်ရပါလား၊ ဘယ်တွေ လျှောက်သွားနေတာလဲ"

"ဒီဒီ မောင်းနေတာပေါ့ဟာ၊ ငါက ယောကျာ်းရင့်မာကြီးပဲ၊ ပိုက်ဆံရှာရဦးမယ် မဟုတ်လား"

ကျိုးဟောက်ယွီမှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ပြန်ဖြေလိုက်သည်။

"နင့်ခေါင်းထဲမှာ ပိုက်ဆံရှာဖို့ပဲ ရှိတယ်၊ ဟမ့်"

ဝေ့ရှီယု နှာခေါင်းရှုံ့ကာ စောင့်စောင့်အောင့်အောင့်ဖြင့် လှည့်ထွက်သွားတော့သည်။ ကျိုးဟောက်ယွီသည် သူမကျောပြင်ကို ကြည့်ရင်း ဝေ့ရှီယုတစ်ယောက် ဘာတွေ စိတ်ကောက်နေမှန်း မသိသဖြင့် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့၏။ သူသည် ခေါင်းကိုရမ်းကာ သူမကို ဂရုမစိုက်တော့ဘဲ ကုတင်ပေါ်သို့ ပြန်တက်၍ ကျင့်စဉ်ကိုသာ ဆက်လက်လေ့ကျင့်တော့သည်။ အမြန်ဆုံး အလင်းပွင့်တရားရရှိပြီး နတ်ဘုရားများနှင့် လူသားများကြားရှိ စည်းခြားနံရံကို ဖြိုဖျက်နိုင်ရန်အတွက် သူသည် တစ်ရက်မျှပင် ပျင်းရိခြင်း မရှိဝံ့ချေ။ သို့သော်လည်း သန်းခေါင်ယံအချိန် ရောက်သောအခါ ဆူညံလှသော ဖုန်းမြည်သံကြောင့် သူသည် ကျင့်စဉ်ထဲမှ လန့်နိုးလာခဲ့ရသည်။

"တောက် ဘယ်ကကောင်လဲမသိဘူး၊ ညအိပ်ရမယ့်အချိန်ကို ဘာလို့ ဖုန်းဆက်နေတာလဲ"

ကျိုးဟောက်ယွီမှာ စိတ်ပျက်လက်ပျက်ဖြင့် ကျိန်ဆဲရင်း တစ်ဖက်လူကို ကောင်းကောင်းပညာပေးရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။ သို့သော်လည်း ဖုန်းမျက်နှာပြင်ပေါ်တွင် ပြသနေသောအမည်ကို မြင်လိုက်ရသောအခါ သူကြောင်အမ်းသွားရတော့၏။

'ယုဝမ်က ဒီလောက်ညဉ့်နက်မှ ဖုန်းဆက်တယ်ဆိုတော့ အရေးကြီးကိစ္စတစ်ခုခု ရှိလို့နေမှာပဲ'

ကျိုးဟောက်ယွီ တွေးလိုက်ပြီး ဖုန်းကို ချက်ချင်း လက်ခံလိုက်သည်။

"အစ်ကိုဟောက်ယွီ၊ အခု ညီမရဲ့ ကျောင်းကို လာပေးလို့ရမလား"

ဖုန်းတစ်ဖက်မှ လီယုဝမ်၏အသံမှာ ရှိုက်ကြီးတငင် ငိုကြွေးသံများစွဲကပ်လို့နေသည်။

"ရတာပေါ့၊ အခုပဲ ငါလာခဲ့မယ် စိတ်မပူနဲ့နော်၊ ဘာပဲဖြစ်ဖြစ် ငါမင်းကို ကူညီပေးမှာပါ"

ကျိုးဟောက်ယွီမှာ ပြန်ဖြေပြီးနောက် ကုတင်ပေါ်မှ ချက်ချင်းဆင်းကာ ဗီလာအိမ်ကြီးထဲမှ အမြန်ဆုံး ထွက်ခွာခဲ့တော့သည်။ သူသည် ကားမောင်းနေစဉ်တစ်လျှောက်လုံး ဖုန်းကို မချဘဲ လီယုဝမ်ကို စိတ်သက်သာရာရစေရန် နှစ်သိမ့်ပေးခဲ့၏။ ဤအတောအတွင်းမှာပင် သူသည် ဘာကိစ္စဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်း သဘောပေါက်သွားခဲ့ရသည်။ အမှန်တော့ ဤကိစ္စသည် သူနှင့်လည်း သက်ဆိုင်နေခဲ့ခြင်းဖြစ်သည်။ သူသည် စောစောက ချန်ရှင်းပိုင်ကို သင်ခန်းစာပေးခဲ့ဖူးသဖြင့် ဝမ်ထျန်းထျန်းနှင့် လီယုဝမ်တို့ကြားတွင် အက်ကြောင်းထင်သွားခဲ့ရ၏။ ထိုအဆောင်ဖော်နှစ်ဦးကြားရှိ ပဋိပက္ခသည် ယနေ့ညတွင် အလုံးစုံ ပေါက်ကွဲသွားခဲ့ပြီး အကြီးအကျယ် ရန်ဖြစ်ပြီးနောက် လီယွီဝမ်သည် အဆောင်တွင် ဆက်မနေချင်တော့သဖြင့် ကျိုးဟောက်ယွီထံသို့ ဖုန်းဆက်အကူအညီတောင်းခြင်းဖြစ်၏။ ကားလေး ကျောင်းဝင်းထဲသို့ ဆိုက်ရောက်လာသောအခါ ကျိုးဟောက်ယွီသည် ကျောင်းတံတိုင်းကို ကျော်တက်ကာ လီယုဝမ် ပြောပြထားသည့် လမ်းကြောင်းအတိုင်း အမျိုးသမီးအဆောင်ဆီသို့ အမြန်ဆုံး ရောက်ရှိလာခဲ့သည်။

"အစ်ကိုဟောက်ယွီ၊ ညီမ ဒီမှာပါ"

လီယုဝမ်သည် ဒုတိယထပ် ဝရန်တာတွင် ရပ်နေပြီး လက်ကိုဝှေ့ယမ်းလျက် ကျိုးဟောက်ယွီကို တိုးတိုးလေး လှမ်းခေါ်သည်။

"အေး ငါ‌ရောက်ပြီ၊ အရင်ဆုံး ငါနဲ့အတူ လိုက်ခဲ့ပါ၊ မနက်မိုးလင်းတော့မှ ငါ မင်းနဲ့အတူ အဆောင်ကို ပြန်လာပြီး အဲဒီမိန်းမကို သင်ခန်းစာ ကောင်းကောင်းပေးမယ်"

ကျိုးဟောက်ယွီမှ ညင်သာစွာ နှစ်သိမ့်လိုက်သည်။

"သင်ခန်းစာ ပေးဖို့ မလိုပါဘူးအစ်ကို၊ ညီမတို့ နည်းနည်းပါးပါး စကားများကြရုံတင်ပါ၊ တကယ့် ရန်ငြိုးရန်စတွေ မရှိပါဘူး၊ ညီမဒီအဆောင်မှာ ဆက်မနေချင်တော့လို့ပါ၊ ဒီကနေ ခေါ်ထုတ်သွားပေးရင် ရပါပြီ"

လီယုဝမ်မှ တိုးတိုးလေး ပြောရှာသည်။

"အဲဒီအကြောင်းတွေကို နောက်မှ ပြောကြတာပေါ့၊ အရင်ဆုံး အောက်ကို ဆင်းလာခဲ့ဦး၊ ငါ မင်းကို ခေါ်သွားပေးမယ်"

ကျိုးဟောက်ယွီ ညင်သာစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့"

လီယုဝမ်မှ ခေါင်းငြိမ့်လိုက်ပြီးနောက် ဒုတိယထပ် ဝရန်တာ လက်ရန်းကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်လျက် ခြေထောက်တစ်ဖက်ကို အပြင်ဘက်သို့ လှမ်းထုတ်လိုက်လေသည်။ ကျိုးဟောက်ယွီသည် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လန့်ဖျတ်သွားပြီး ချက်ချင်းပင် အော်ဟစ်တားမြစ်လိုက်တော့၏။

"ဘာလုပ်တာလဲ၊ ခြေထောက်ကို ချက်ချင်း ပြန်ဆွဲသွင်းစမ်း ပြုတ်ကျဦးမယ် သတိထားဦး"

လီယုဝမ်သည် ခြေထောက်ကို ပြန်မသွင်းဘဲ ထိုအနေအထားအတိုင်းပင် ရပ်တန့်နေပြီး ကျိုးဟောက်ယွီကို ရှင်းပြသည်။

"ပထမထပ် လှေကားထောင့်က သံတံခါးကို သော့ခတ်ထားလို့ ညီမအပြင်ထွက်လို့ မရဘူးလေ၊ ဒါကြောင့် ဒီကနေပဲ ခုန်ချမှ ရမှာ၊ ဘာပဲဖြစ်ဖြစ် ဒီနေရာက သိပ်မမြင့်ပါဘူး အဆင်ပြေပါတယ်"

"အနည်းဆုံး သုံးမီတာလောက် မြင့်တာကို မင်းက မမြင့်ဘူးလို့ ပြောလို့ရသလား"

ကျိုးဟောက်ယွီမှ စိတ်ပူပန်စွာဖြင့် ငေါက်လိုက်မိသည်။ ဤမျှ အမြင့်မျိုးသည် ယောကျာ်းလေးအများစုအတွက် မျက်စိမှိတ်ကာ ခုန်ချနိုင်သည့် အနေအထားမျိုး ဖြစ်သော်လည်း ကျိုးဟောက်ယွီအနေဖြင့် လီယူဝမ်အတွက် စိုးရိမ်ပူပန်မိသည်မှာ အမှန်ပင် ဖြစ်၏။

"ဒါပေမဲ့ သမီး တခြားရွေးချယ်စရာ မရှိဘူးလေ"

လီယုဝမ်မှာ မတတ်နိုင်ဟန်ဖြင့် ဆိုသည်။

"ဟူး"

ကျိုးဟောက်ယွီသည် မျက်မှောင်ကုတ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးမှပြောလိုက်သည်။

"ကဲပါ၊ ဒါဆိုလည်း မခုန်ချနဲ့တော့၊ လက်ရန်းကို လက်နှစ်ဖက်နဲ့ မြဲမြဲကိုင်ထား၊ ပြီးရင် ခြေထောက်တွေကို အောက်ကို တွဲလောင်းချလိုက်၊ ငါ အောက်ကနေ လှမ်းဖမ်းပေးမယ်"

"ဟုတ်ကဲ့၊ အစ်ကိုပြောတဲ့အတိုင်း လုပ်ပါ့မယ်"

လီယုဝမ်မှ အလိုက်တသိ ပြန်ဖြေပြီးနောက် ကျိုးဟောက်ယွီ ညွှန်ကြားသည့်အတိုင်း ဒုတိယထပ် ဝရန်တာ လက်ရန်းတွင် မိမိကိုယ်ကိုယ် တွဲလောင်းချလိုက်တော့သည်။ သူမသည် ညအိပ်ဝတ်စုံ ဂါဝန်လေးကို ဝတ်ဆင်ထားဆဲဖြစ်ရာ အောက်တွင် မတ်မတ်ရပ်နေသော ကျိုးဟောက်ယွီ၏ မျက်စိထဲသို့ မမြင်အပ်သော မြင်ကွင်းအချို့မှာ မရည်ရွယ်ဘဲ ဝင်ရောက်လာခဲ့ရ၏။ သို့သော်လည်း လီယုဝမ်ကို အတိအကျလှမ်းဖမ်းနိုင်ရန်အတွက် သူသည် မျက်လုံးကို အခြားတစ်ဖက်သို့ လွှဲမပစ်ရဲဘဲရှိနေရာ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရင်ထဲ၌တိုးတိုးလေး ဆုတောင်းနေမိခြင်းသာဖြစ်သည်။

All Chapters