အခန်း ၁၆၇
Vol. 17 Ch. 167
167
ဆွေတာ့ဟိုင်သည် ထွက်ခွာသွားသော သူတို့နှစ်ဦး၏ကျောပြင်ကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေး ရေရွတ်မိတော့သည်။
"ဒီကောင်စုတ်ကတော့ တစ်ရက်တည်းနဲ့ မိန်းမလှလေး နှစ်ယောက်တောင် ရအောင် ခူးဆွတ်နိုင်တယ်၊ ငါ့လို ချောမောခန့်ညားတဲ့လူကျတော့ မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုတောင် မကိုင်ရသေးဘူး၊ တကယ်ကို မတရားတာပဲ"
ကျိုးဟောက်ယွီသည် မထွက်ခွာမီ လီယုဝမ်အတွက် အနည်းငယ် စိုးရိမ်ပူပန်မိသဖြင့် သူမကို သေသေချာချာ မှာကြားခဲ့သည်။
"ငါသွားပြီးရင် တံခါးတွေ၊ ပြတင်းပေါက်တွေကို သေသေချာချာ ပိတ်ထားဖို့ မမေ့နဲ့ဦးနော်၊ အကယ်၍ သန်းခေါင်ယံအချိန်မှာ ဘယ်သူပဲလာခေါက်ခေါက် တံခါး လုံးဝမဖွင့်နဲ့"
"သန်းခေါင်ကြီးမှာ တံခါးလာခေါက်မယ့်လူ ရှိလို့လား"
လီယုဝမ်မှာ အနည်းငယ် ကြောက်လန့်တကြား မေးရှာသည်။
"ဒီလိုဟိုတယ်မျိုးတွေမှာ သန်းခေါင်ယံအချိန်ကျရင် ပြည့်တန်ဆာပွဲစားတွေက လာပြီး စည်းရုံးတတ်ကြတာ ထုံးစံပဲ၊ ဘာပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးမို့လို့ မင်းဘာသံမျှမပေးဘဲ အိပ်ပျော်အောင်သာ အိပ်လိုက်ပါ"
ကျိုးဟောက်ယွီမှ ညွှန်ကြားလိုက်သည်။
"ပြည့်တန်ဆာပွဲစားဆိုတာ ဘာလဲ"
လီယုဝမ်သည် ဤစကားလုံးကို တစ်ခါမျှ မကြားဖူးသဖြင့် စူးစမ်းလိုစိတ်ပြင်းပြစွာ မေးမြန်းပြန်သည်။ ထိုအခါ ကျိုးဟောက်ယွီမှာ စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်၏။
"အော်၊ အဲဒါက ရှေးခေတ်က ပြည့်တန်ဆာအိမ်ရှင်မျိုးကို ပြောတာပါ၊ ဒါပေမဲ့ အခုခေတ်မှာတော့ အဲဒီလိုအလုပ်မျိုး လုပ်တဲ့လူတွေက လူမိုက်တွေများလို့ သူတို့ကို လုံးဝ အရေးမလုပ်တာ အကောင်းဆုံးပဲ"
"အမလေး ကြောက်စရာကြီး၊ အစ်ကိုဟောက်ယွီ မသွားပါနဲ့ဦး၊ ညီမနဲ့အတူ ဒီမှာပဲ နေပေးပါလား၊ မဟုတ်ရင် ဒီည ညီမတကယ် အိပ်ပျော်မှာ မဟုတ်ဘူး"
လီယုဝမ်မှ ကျိုးဟောက်ယွီ၏ လက်ကိုဆွဲကာ မျက်လုံးဝိုင်းကြီးများဖြင့် အသည်းအသန် တောင်းပန်ရှာတော့သည်။
"တကယ်တော့ အဲဒီလောက်ကြီးလည်း ကြောက်စရာမလိုပါဘူး၊ မင်း ငြိမ်ငြိမ်လေး နေရင်ရပါပြီ"
လီယုဝမ် တကယ် ကြောက်လန့်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီသည် လက်ကိုဆန့်ထုတ်ကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်မိသည်။
"မရပါဘူး ညီမကြောက်လို့ပါ၊ ညီမနဲ့အတူ နေပေးပါနော်၊ ဘာပဲဖြစ်ဖြစ် အစ်ကို့မှာလည်း ရည်းစားမရှိတာပဲ ဘယ်နေရာမှာ အိပ်အိပ် ဖြစ်တာပဲ မဟုတ်လား"
လီယုဝမ်၏ ချွဲနွဲ့ဆိုးနွဲ့လှသော လေသံမှာ ကျိုးဟောက်ယွီ၏ ရင်ထဲသို့ ပြင်းထန်သော ဒဏ်ချက်တစ်ခုအဖြစ် ထိမှန်သွားရတော့သည်။
"ကဲ ကဲ၊ ဒါဆိုလည်း ငါနေပေးပါ့မယ်"
ကျိုးဟောက်ယွီတစ်ယောက် ဆွံ့အသွားရတော့သည်။ လီယုဝမ်၏ ဆင်ခြေမှာ အလွန်ခိုင်လုံလွန်းလှသဖြင့် သူမည်သို့မျှ ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့ချေ။
"ဟိဟိ၊ အစ်ကိုဟောက်ယွီက ညီမအပေါ် အကောင်းဆုံးဆိုတာ ညီမသိသားပဲ"
လီယုဝမ်မှ ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။ သူမသည် ဟန်ဆောင်နေခြင်း မဟုတ်ပေ။ ဤကဲ့သို့ ရှုပ်ထွေးလှသော ဟိုတယ်မျိုးတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရမည်ကို တကယ်ပင် ကြောက်လန့်နေခြင်းဖြစ်၏။ ယခုမူ ကျိုးဟောက်ယွီ ရှိနေပြီဖြစ်ရာ သူမရင်ထဲ၌ ချက်ချင်းပင် လုံခြုံမှု အပြည့်အဝ ခံစားလိုက်ရတော့သည်။
"စောစောက ကျောင်းတံတိုင်းကျော်တုန်းက ခန္ဓာကိုယ်မှာ ဖုန်တွေ ပေကျံလာလို့ တော်တော်လေး နေရခက်နေတာ၊ ညီမအရင်ဆုံး ရေချိုးလိုက်ဦးမယ်နော်၊ အစ်ကို တီဗီ ကြည့်ရင်း စောင့်နေပါ၊ လုံးဝ ထွက်မပြေးရဘူးနော်၊ မဟုတ်ရင် တစ်သက်လုံး မုန်းပစ်မှာ"
လီယုဝမ်မှာ တိုးတိုးလေး မှာကြားပြီးနောက် သန့်စင်ခန်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ဟိုတယ်ရှိ တီဗီလိုင်းများမှာ စုံလင်လှသော်လည်း ကျိုးဟောက်ယွီအနေဖြင့် ဘာမျှ ကြည့်ရှုလိုစိတ် မရှိချေ။ သူသည် ဖုန်ပေနေသော အဝတ်အစားများကို ချွတ်လိုက်ပြီးနောက် ကုတင်ပေါ်တွင် လှဲလျက် ခဏမျှ အနားယူရန် ပြင်လိုက်တော့သည်။ အချိန်အတန်ကြာပြီးနောက် သူအိပ်မောကျလုနီးပါး ဖြစ်နေစဉ်မှာပင် လီယုဝမ်သည် သဘက်လေးကို ရင်လျားလျက် ရှက်ကိုးရှက်ကန်းဖြင့် သန့်စင်ခန်းထဲမှ ထွက်လာခဲ့လေ၏။
"ညီမ ရေချိုးပြီးပြီ အစ်ကိုဟောက်ယွီ၊ အစ်ကိုလည်း သွားချိုးတော့လေ"
လီယုဝမ်မှာ တိုးတိုးလေး ဆိုရင်း ကုတင်ပေါ်သို့ တက်လာခဲ့သည်။ လီယုဝမ်၏ နုနယ်ပျိုမြစ်ပြီး ရှက်သွေးဖြန်းနေသော အမူအရာလေးကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီသည် မရည်ရွယ်ဘဲ တံတွေးတစ်ချက်ကို မျိုချလိုက်မိတော့၏။ ထိုအသံမှာ မကျယ်လှသော်လည်း တိတ်ဆိတ်လှသော အခန်းငယ်လေးထဲတွင်မူ အလွန်ပင် ထင်ရှားလို့နေသည်။
"အဟမ်း၊ မင်းအရင်အိပ်နှင့်ပါ၊ ငါရေသွားချိုးလိုက်ဦးမယ်"
ကျိုးဟောက်ယွီမှာ အရှက်ပြေ ချောင်းဆိုးဟန်ဆောင်ရင်း ကုတင်ပေါ်မှ ကပျာကယာ ထကာ သန့်စင်ခန်းထဲသို့ ဝုန်းကနဲ ပြေးဝင်သွားတော့သည်။ လီယုဝမ်သည် သူ၏ ပျာပျာသလဲ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း တခစ်ခစ် ရယ်မောကာ စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်မိ၏။
“အစ်ကိုဟောက်ယွီက ညီမကို ညီမလေးတစ်ယောက်လို သဘောထားပါတယ်လို့ အမြဲပြောနေပေမဲ့ အကို့ရဲ့ ခန္ဓာကိုယ်အမူအရာကတော့ လိမ်လို့မရပါဘူး၊ ဟိဟိ”
သူမသည် ကုတင်ပေါ်တွင် လှဲလျက် ပျင်းရိငြီးငွေ့လာကာ စိတ်ကူးများ လွင့်ပျံနေသဖြင့် စိတ်ဝင်စားစရာ အစီအစဉ်တစ်ခုခု ရှိမလားဟူ၍ တီဗီကို လှမ်းဖွင့်လိုက်မိသည်။
"အား အင်း"
တီဗီကို ဖွင့်လိုက်သည့် ခဏမှာပင် မိန်းကလေးတစ်ဦး၏ လွန်ကဲလှသော ညည်းတွားသံမှာ အခန်းထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
"ကျွိ"
ထိုအချိန်မှာပင် ခါးတွင် ပဝါကိုပတ်ထားသော ကျိုးဟောက်ယွီသည်လည်း သန့်စင်ခန်းတံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူတို့နှစ်ဦးစလုံး၏မျက်လုံးများမှာ ထိုအသံထွက်ပေါ်လာရာ တီဗီမျက်နှာပြင်ဆီသို့ ပြိုင်တူရောက်ရှိသွားကြပြီးနောက် သွေးသားကို ဆူပွက်စေမည့်မြင်ကွင်းတစ်ခုကို အထင်အရှား မြင်တွေ့လိုက်ရတော့၏။ သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်မိကြပြီး မျက်နှာချင်းဆိုင်ရန်ပင် အလွန်အမင်း အရှက်ရသွားကြရတော့သည်။ လီယုဝမ်မှ ရှက်ရှက်ဖြင့် ကပျာကယာရှင်းပြရှာသည်။
"ညီမ တီဗီကြည့်ချင်လို့ ဖွင့်လိုက်တာပါ၊ ဖွင့်ဖွင့်ချင်း ဒီလိုမြင်ကွင်းမျိုး ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"
"ဟိုတယ်တွေက တီဗီအများစုက ဒီလိုပါပဲ၊ ငါပိတ်လိုက်ပါ့မယ်"
ကျိုးဟောက်ယွီ ပြန်ဖြေရင်း တီဗီအနီးသို့ လျှောက်လှမ်းကာ ခလုတ်ကို ချက်ချင်း နှိပ်လိုက်တော့ရာ ဆူညံလှသော အသံများ ချုပ်ငြိမ်းသွားတော့သည်။ အခန်းငယ်လေးသည် ယခင်ကဲ့သို့ပင် ရုတ်ချည်း တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သော်လည်း စောစောက မြင်ကွင်းများမှာမူ သူတို့နှစ်ဦးစလုံး၏ အသိစိတ်ထဲတွင် မရည်ရွယ်ဘဲ စွဲထင်ကျန်ရစ်ခဲ့ရလေ၏။
"အစ်ကိုဟောက်ယွီ ဒီပေါ်ကို လာအိပ်လေ၊ ဒီတစ်ခါတော့ အောက်မှာ သွားအိပ်ဖို့ လုံးဝခွင့်မပြုဘူးနော်၊ ဒီကုတင်က တော်တော်လေး ကျယ်တာမို့ တို့နှစ်ယောက် တစ်ဖက်စီ အိပ်ရင် နေရာအလုံအလောက် ရှိပါတယ်"
လီယုဝမ်မှ အလေးအနက် ပြောသည်။ ကျိုးဟောက်ယွီသည် ကျဉ်းမြောင်းလှသော အခန်းငယ်လေးကို ဝေ့ပတ်ကြည့်ရှုရင်း မတတ်နိုင်ဟန်ဖြင့် ပြုံးလိုက်မိ၏။
"ငါ ဒီတစ်ခါ အောက်မှာ အိပ်ချင်တယ်ဆိုရင်တောင် အိပ်ဖို့ သင့်တော်တဲ့ နေရာမှ မရှိတာပဲ"
"ဒါဆိုရင်လည်း အပေါ်ကို တက်လာခဲ့လေ၊ ညီမက ခန္ဓာကိုယ် သေးသေးလေးမို့ ဘေးနားမှာပဲ ကပ်အိပ်ပါ့မယ်"
လီယုဝမ်မှာ အလိုက်တသိဖြင့် ကုတင်၏ အခြားတစ်ဖက်သို့ တိုးပေးကာ ကျိုးဟောက်ယွီအတွက် နေရာချန်ပေးရှာသည်။
"ဘေးနားကြီး ကပ်မအိပ်ပါနဲ့၊ ပြုတ်ကျဦးမယ် အလယ်ကို နည်းနည်း တိုးလာဦး"
ဤမြင်ကွင်းကို မြင်သောအခါ ကျိုးဟောက်ယွီမှာ ကုတင်အလယ်ကို ပုတ်ပြရင်း လီယုဝမ်ကို အလယ်သို့ တိုးလာရန် အချက်ပြလိုက်သည်။
"ဟုတ်ကဲ့"
လီယုဝမ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း တွေဝေမနေခဲ့ပေ။ အကြောင်းမူကား ဘေးနားတွင် ရှိနေသူမှာ ကျိုးဟောက်ယွီ ဖြစ်နေသောကြောင့် သူတို့နှစ်ဦးကြားတွင် တစ်ခုခု ဖြစ်ပျက်သွားခဲ့လျှင်ပင် သူမအနေဖြင့် စိတ်ထဲထားမည် မဟုတ်သောကြောင့်ဖြစ်၏။
"ကဲ နားတော့နော်၊ ဂွတ်နိုက်ပါ"
ကုတင်ဘေးတွင် လှဲလျက်ရှိသော ကျိုးဟောက်ယွီမှာ မီးခလုတ်ကို လှမ်းပိတ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
"ညီမကိုကျတော့ ပြုတ်ကျမှာ စိုးရိမ်ပြီး အစ်ကိုကိုယ်တိုင်ကျတော့ မပြုတ်ကျဘူးလားဟင်"
လီယုဝမ် သူကုတင်ဘေးစွန်းတွင် ကပ်အိပ်နေသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် ဆိုရှာသည်။
"ငါက သန်မာပါတယ်၊ ဒီလောက်အမြင့်လေးကနေ ပြုတ်ကျလည်း ဘာမှမဖြစ်ပါဘူး"
ကျိုးဟောက်ယွီမှ ခပ်အေးအေးပင် ပြုံးလျက် ဆိုလိုက်ပြီး မီးခလုတ်ကို ချက်ချင်း ပိတ်လိုက်တော့သည်။ အခန်းတစ်ခုလုံး ချက်ချင်းပင် မှောင်အတိ ကျသွားခဲ့လေ၏။ လီယုဝမ်သည် ကျိုးဟောက်ယွီကို မမြင်ရတော့သော်လည်း ဘေးနားမှ နွေးထွေးလှသော ခန္ဓာကိုယ်ကြီး၏ အငွေ့အသက်ကိုမူ အထင်အရှား ခံစားမိနေသည်။
"ဒါနဲ့ အစ်ကိုဟောက်ယွီ၊ စောစောက ညီမတစ်ကိုယ်လုံးကို စစ်ဆေးပေးမယ်ဆိုတာ မေ့သွားပြီလားဟင်"
လီယုဝမ်မှ ရှက်ကိုးရှက်ကန်းဖြင့် လှမ်းမေးပြန်သည်။
"ညဉ့်နက်နေပြီမို့ မနက်မှ ပြောကြတာပေါ့၊ ဒါတင်မကဘဲ မင်းက ကောင်းကောင်းမွန်မွန် ရှိနေပုံရပြီး ဘာဒဏ်ရာမှ ရထားတဲ့ပုံလည်း မပေါက်ပါဘူး"
ကျိုးဟောက်ယွီမှ တိုးတိုးလေး ပြန်ဖြေလိုက်သည်။ ဤကဲ့သို့သော မိန်းမလှလေးတစ်ဦးနှင့် ကုတင်တစ်ခုတည်းတွင် အတူတူ အိပ်စက်နေရခြင်းမှာ သူ့ရင်ထဲ၌ ရိုမန့်တစ်ဆန်သော စိတ်ကူးအချို့ကို မလွဲမသွေ လှုပ်ခတ်စေခဲ့၏။ ထို့ကြောင့် သူသည် လီယုဝမ်တစ်ယောက် မိမိ၏ စိတ်လှုပ်ရှားမှုကို မရိပ်မိစေရန်အတွက် အသက်ရှူသံကိုပင် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားရရှာသည်။
"တကယ်တော့ ညီမရဲ့ ခြေထောက်မှာ နည်းနည်း ဒဏ်ရာရထားတာမို့ တော်တော်လေး နာနေတာပါ"
လီယုဝမ်မှာ ကျိုးဟောက်ယွီ၏ နှစ်သိမ့်မှုကို လိုလားသောကြောင့် နှုတ်ခမ်းလေးဆူကာ ညည်းတွားလိုက်သည်။
"တကယ်ကြီးလား၊ ငါ့ကိုပြပါဦး"
ကျိုးဟောက်ယွီသည် ထိုစကားကြောင့် စိုးရိမ်သွားပြီး မီးခလုတ်ဆီသို့ လက်ကို ကပျာကယာ လှမ်းလိုက်တော့သည်။