အခန်း ၁၆၈
Vol. 17 Ch. 168
168
သို့သော်လည်း လီယုဝမ်မှာ လက်ကိုလှမ်းဆွဲကာ သူ့လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး စိုးရိမ်တကြီးဖြင့် တားမြစ်ရှာသည်။
"မီးမဖွင့်ပါနဲ့၊ အလင်းရောင်က မျက်စိကျိန်းလို့ပါ၊ အစ်ကို့လက်ကိုပဲ ညီမဆီ ပေးပါနော်"
"ဘာ"
ကျိုးဟောက်ယွီသည် လီယုဝမ် ဘာကိုဆိုလိုမှန်း နားမလည်သော်လည်း အသိစိတ်တစ်ခုကြောင့် သူမဆီသို့ လက်ကို မသိမသာ ကမ်းပေးလိုက်မိသည်။ လီယုဝမ်သည် ကျိုးဟောက်ယွီ၏ နွေးထွေးလှသော လက်ဖဝါးကြီးကို ဆွဲကိုင်လိုက်ပြီး သူမပေါင်ပေါ်သို့ ဖြည်းဖြည်းချင်း တင်ပေးလိုက်တော့၏။ ကျိုးဟောက်ယွီသည် သူမလုပ်ရပ်ကြောင့် လန့်ဖျတ်သွားပြီး လက်ကို ချက်ချင်း ပြန်ရုပ်သိမ်းရန် ကြိုးစားလိုက်မိသည်။ သို့သော်လည်း လီယုဝမ်မှာ တည်ငြိမ်စွာဖြင့် ပြောရှာသည်။
"ဒီနေရာမှာ အညိုအမည်းစွဲနေတာ ရှိလို့ပါ၊ အစ်ကို ထိကြည့်ရင် သိပါလိမ့်မယ်"
"အော်"
ကျိုးဟောက်ယွီတစ်ယောက် ယခုအချိန်တွင် ဇဝေဇဝါ ဖြစ်သွားရပြီး ရိုးရှင်းသော ပြန်လည်ဖြေကြားမှုမှတစ်ပါး ဘာပြောရမှန်းပင် မသိတော့ချေ။ သူသည် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး လက်ဖဝါးဖြင့် အသာအယာ စမ်းသပ်ကြည့်လိုက်ရာ လီယုဝမ်၏ ပေါင်ပေါ်တွင် အမှန်ပင် ဒဏ်ရာအချို့ အညိုအမည်းစွဲနေသည်ကို တွေ့ရှိလိုက်ရတော့သည်။
"ဒါ မင်းရဲ့အဆောင်ဖော် လုပ်ထားတာလား"
ကျိုးဟောက်ယွီတစ်ယောက် ဒေါသတကြီးဖြင့် မေးလိုက်မိသည်။
"မဟုတ်ပါဘူး၊ သူမ ဆိတ်တာမဟုတ်ပါဘူး၊ အဆောင်ဒုတိယထပ် ဝရန်တာ လက်ရန်းကနေ ကျော်တက်တုန်းက လက်ရန်းနဲ့ မတော်တဆ တိုက်မိသွားတာပါ"
လီယုဝမ်မှ ရှင်းပြရှာသည်။ ကျိုးဟောက်ယွီ မယုံကြည်နိုင်သဖြင့် နောက်တစ်ကြိမ် ထပ်မံ၍ သေသေချာချာ စမ်းသပ်ကြည့်ရှုလိုက်ပြီးမှ ထိုအညိုအမည်းစွဲနေသော ဒဏ်ရာများမှာ တစ်ခုခုနှင့် ဆောင့်မိခြင်းကြောင့် ဖြစ်ပေါ်လာရသည့် ဒဏ်ရာများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တော့၏။
"မင်းရဲ့ အစွမ်းအစလောက်နဲ့ ဒုတိယထပ်ကနေ ခုန်ချဖို့ ကြံသေးတယ်ပေါ့၊ ငါသာ အချိန်မီ ရောက်မလာရင် မင်းသေနေလောက်ပြီ"
ကျိုးဟောက်ယွီမှာ စိုးရိမ်စိတ်ဖြင့် နှုတ်ခမ်းဆူကာ ငေါက်လိုက်မိသည်။ လီယုဝမ်မှာမူ ထိုသို့အငေါက်အငမ်း ခံရခြင်းကို စိတ်ထဲမထားဘဲ ပျော်ရွှင်စွာဖြင့် ထောက်ခံရှာ၏။
"ဟုတ်ပါတယ်၊ အစ်ကိုဟောက်ယွီ ရှိနေလို့ တော်ပါသေးတယ်၊ အစ်ကိုနဲ့ ဆုံတွေ့ခွင့်ရတာဟာ ညီမဘဝရဲ့ အကြီးမားဆုံး ကံကောင်းခြင်းပါပဲ"
"တကယ်တော့ ငါလည်း မင်းနဲ့ ဆုံတွေ့ခွင့်ရတာကို တကယ်ပဲ ဝမ်းသာမိပါတယ်"
ကျိုးဟောက်ယွီမှ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြန်ပြောလိုက်သည်။ သူ့အနေဖြင့် လီယုဝမ်အပေါ် အခြားသော အချစ်စိတ်မျိုး မရှိသော်လည်း ဤကဲ့သို့ ချစ်စရာကောင်းသော ညီမငယ်လေးတစ်ဦး ဘေးနားတွင် ရှိနေခြင်းမှာ သူ၏ စိတ်ကျဉ်းကျပ်မှုများကို များစွာ ပြေလျော့စေခဲ့သည်မှာ အမှန်ပင်။
"အစ်ကိုဟောက်ယွီ၊ အလယ်ကို နည်းနည်း တိုးလာဦးလေ၊ မဟုတ်ရင် အစ်ကို အဝေးကြီးကနေ လှမ်းပြီး နှိပ်ပေးနေရတော့ လက်မောင်းကြီးက တောင့်တင်းပြီး နေရခက်နေမှာပေါ့"
လီယုဝမ်မှ ညင်သာစွာ ပြောသည်။
"အေးပါ၊ ငါခဏလောက် နှိပ်ပေးပြီးရင် ဟိုဘက်ကို ပြန်တိုးသွားပါ့မယ်"
ကျိုးဟောက်ယွီမှ ခေါင်းငြိမ့်ကာ သဘောတူလိုက်ရတော့သည်။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ အနည်းငယ် ဝေးကွာနေသဖြင့် သူ့လက်မောင်းကြီးမှာ တောင့်တင်းကာ အနေခက်နေသည်မှာ အမှန်ပင်။ လီယုဝမ်၏ နာကျင်ကိုက်ခဲမှုများကို အမြန်ဆုံး သက်သာစေရန်အတွက် သူသည် အကွာအဝေးကို ဂရုမစိုက်တော့ပေ။ သူသည် မိမိ၏ စည်းကမ်းကို မြဲမြံစွာ ထိန်းသိမ်းထားသူဖြစ်ရာ သူတို့နှစ်ဦး ပိုမိုနီးကပ်သွားခဲ့လျှင်ပင် ဘာမျှ ကိစ္စမရှိဟု တွေးလိုက်မိသည်။
"အစ်ကိုဟောက်ယွီ၊ နောက်ထပ် ခဏလောက် ထပ်ပြီး နှိပ်ပေးပါဦး၊ ညီမအရမ်းအိပ်ငိုက်လာလို့ အခုပဲ အိပ်တော့မယ်"
လီယုဝမ်မှ အိပ်ချင်ယောင်ဆောင်ရင်း ကျိုးဟောက်ယွီ၏ လက်မောင်းကို မသိမသာ လှမ်းဖက်လိုက်ရာ သူကုတင်ဘေးစွန်းသို့ ပြန်လည်တိုးမသွားနိုင်အောင် တားဆီးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
'ဒီကောင်မလေးကတော့'
ကျိုးဟောက်ယွီသည် စိတ်ထဲမှ ရယ်ရင်း ခေါင်းကိုသာ ရမ်းလိုက်မိပြီး ဘာမျှ ထပ်မပြောတော့ပေ။ ဘာပဲဖြစ်ဖြစ် လီယုဝမ်မှာ အမျိုးသမီးပျိုလေးတစ်ဦး ဖြစ်နေသဖြင့် စကားတွေ အများကြီး ပြောမိပါက သူမ၏ သိက္ခာကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်၏။ ကျိုးဟောက်ယွီသည် ရှန်းနုန်၏ ဆေးဘက်ဝင်အပင်များ ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော အနှိပ်ပညာရပ်များကို အသုံးပြု၍ လီယုဝမ်ကို သေသေချာချာ နှိပ်နယ်ပေးလိုက်ရာ သူမ မသိလိုက်ဘဲနှင့်ပင် သူမ၏ အညိုအမည်းစွဲနေသော ဒဏ်ရာများမှာ တဖြည်းဖြည်းချင်း လျော့ပါးပျောက်ကွယ်သွားခဲ့လေသည်။
လီယုဝမ်သည်လည်း မိမိခန္ဓာကိုယ်ထဲမှ သိမ်မွေ့လှသော အပြောင်းအလဲများကို အသိဆုံး ဖြစ်ပေသည်။ ကျိုးဟောက်ယွီ၏ နှိပ်နယ်ပေးမှုမှာ အလွန်အမင်း သက်တောင့်သက်သာ ရှိလှသော်လည်း သူမသည် ရှက်ရွံ့လွန်းလှသဖြင့် ဘာမှမပြောရဲဘဲ မိမိ၏ ခန္ဓာကိုယ်လေးသာ အလွန်အမင်း တုံ့ပြန်လွယ်နေခြင်း ဖြစ်မည်ဟု တွေးတောနေမိတော့၏။ နောက်တစ်နေ့ မနက်ခင်းတွင် ကျိုးဟောက်ယွီ နိုးလာသောအခါ လီယုဝမ်သည် သူ့လက်မောင်းပေါ်သို့ ခေါင်းအုံးလျက် လက်တစ်ဖက်ကိုမူ သူ့ရင်ဘတ်ထက်သို့ တင်ထားသည်ကို တွေ့ရှိလိုက်ရသည်။
'သေစမ်း၊ ငါက ကုတင်ဘေးစွန်းကို ပြန်တိုးသွားဖို့ တွေးနေရင်းနဲ့ မသိလိုက်ဘဲနဲ့ အိပ်ပျော်သွားခဲ့တာပဲ'
ကျိုးဟောက်ယွီသည် မိမိကိုယ်ကိုယ် ချက်ချင်းပင် ကျိန်ဆဲလိုက်မိတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးစလုံးမှာ တဘက်များကို ခန္ဓာကိုယ်တွင် ပတ်ထားဆဲ ဖြစ်သော်လည်း အနည်းငယ် ဖရိုဖရဲ ဖြစ်နေခဲ့သည်။ သို့သော်လည်း ဖုံးကွယ်သင့်သည့် နေရာများမှာမူ အသေအချာ ဖုံးကွယ်ထားဆဲ ဖြစ်ရာ ယမန်နေ့ညက သူတို့နှစ်ဦးကြားတွင် မည်သည့် လွန်ကဲသော ကိစ္စမျိုးမျှ ဖြစ်ပျက်ခဲ့ခြင်း မရှိကြောင်း သွယ်ဝိုက်၍ သက်သေပြနေခဲ့၏။ လီယုဝမ်၏ မျက်နှာထက်မှ အေးချမ်းလှသော အပြုံးလေးကို ကြည့်ရင်း ကျိုးဟောက်ယွီသည် သူမအိပ်စက်ခြင်းကို မနှောင့်ယှက်လိုသဖြင့် လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်စွာ လှဲလျက် သူမ နိုးလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေမိတော့သည်။
မိနစ်သုံးဆယ်ခန့် လွန်မြောက်သွားပြီးနောက် လီယုဝမ်သည် တိုးတိုးလေး ညည်းတွားလိုက်ပြီး မျက်တောင်လေးများ တဖျတ်ဖျတ် လှုပ်ရှားလာကာ အိပ်ချင်မူးတူး မျက်လုံးလေးများကို ဖွင့်ရန် ပြင်လိုက်တော့၏။ ကျိုးဟောက်ယွီသည် သူမနှင့် မျက်နှာချင်းဆိုင်ရန် အနည်းငယ် ဝေခွဲမရ ဖြစ်နေသဖြင့် ခေါင်းကိုလွှဲကာ မျက်လုံးကိုမှိတ်၍ အိပ်မောကျနေဆဲဖြစ်ဟန် ဆက်လက် ဆောင်နေလိုက်မိသည်။
"ဟင်"
လီယုဝမ် နိုးလာသောအခါ မိမိကိုယ်ကိုယ် ယောကျာ်းတစ်ယောက်၏ ရင်ခွင်ထဲတွင် လှဲလျော်နေသည်ကို သတိပြုမိသွားသည်။ သူမသည် လန့်ဖျတ်သွားပြီး အော်ဟစ်ရန် ပြင်လိုက်သော်လည်း ဘေးနားတွင် ရှိနေသူမှာ ကျိုးဟောက်ယွီ ဖြစ်နေကြောင်း ရုတ်ချည်း သတိရသွားခဲ့၏။ စိုးရိမ်ထိတ်လန့်မှုမှသည် ပျော်ရွှင်ကြည်နူးမှုဆီသို့ ကူးပြောင်းသွားရန် လီယုဝမ်အတွက် တစ်ခဏမျှသာ အချိန်ယူခဲ့ရတော့သည်။
"ဒီအတိုင်းလေးသာ တစ်သက်လုံး ရှိနေရင် သိပ်ကောင်းမှာပဲ"
သူမတိုးတိုးလေး ရေရွတ်ရင်း သူမ၏ လက်ဖဝါးလေးကို ကျိုးဟောက်ယွီ၏ ရင်ဘတ်ထက်သို့ တင်ကာ မသိမသာ ဝိုင်းဝိုင်းလေး ဆွဲကစားနေမိတော့သည်။
'ဘုရားရေ၊ အမြန်ဆုံး ထလိုက်ပါတော့လား'
ကျိုးဟောက်ယွီတစ်ယောက် အလွန်အမင်း နေရခက်နေပြီဖြစ်သည်။ သူသည် မူလက အိပ်ချင်ယောင်ဆောင်နေပြီး လီယုဝမ် နိုးလာပြီးမှ နိုးလာဟန်ပြုမူရန် ကြံရွယ်ထားခြင်း ဖြစ်ရာ ထိုသို့လုပ်ခြင်းဖြင့် သူတို့နှစ်ဦးကြားရှိ အနေခက်စရာ အခြေအနေကို လျှော့ချနိုင်လိမ့်မည်ဟု တွေးထားခဲ့ခြင်းဖြစ်၏။ သို့သော်လည်း လီယုဝမ်သည် ဘေးနားတွင် ငြိမ်သက်စွာ လှဲလျောင်းနေရုံတင်မကဘဲ သူမ၏ နုနယ်လှသော လက်ဖဝါးလေးဖြင့် သူ့ရင်ဘတ်ထက်တွင် ကစားနေသဖြင့် သူ့စိတ်များ အလွန်အမင်း ဂယောက်ဂယက် ဖြစ်သွားရတော့သည်။
"ဟို အစ်ကိုဟောက်ယွီ၊ အစ်ကို နိုးနေပြီလားဟင်"
လီယုဝမ်သည် ကျိုးဟောက်ယွီ၏ အသက်ရှူသံများ ပိုမိုမြန်ဆန်လာသည်ကို သတိပြုမိသွားပြီး ချက်ချင်းပင် စူးစမ်းလိုစိတ်ဖြင့် လှမ်းမေးလိုက်သည်။
"အင်း"
ကျိုးဟောက်ယွီသည် အရင်ဆုံး နှုတ်ခမ်းကို သပ်လိုက်ပြီးနောက် အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ဖွင့်လိုက်ရာ ဘေးနားတွင် ရှိနေသော လီယုဝမ်ကို မြင်လိုက်ရသည့်အခါ မျက်လုံးအစုံ ပြူးကျယ်သွားပြီး အလွန်အမင်း အံ့အားသင့်သွားသည့် မျက်နှာပေးမျိုးကို လုပ်ပြလိုက်တော့သည်။ သူသည် ဆက်လက်၍ ဟန်ဆောင်နေ၍ မရတော့ကြောင်း သိရှိထားသဖြင့် နိုးနိုးချင်း အခြေအနေကို အကောင်းဆုံး သရုပ်ဆောင်ရန်သာ ကြိုးစားလိုက်ရတော့၏။
"မင်း မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ"
ကျိုးဟောက်ယွီမှာ အရင်ဆုံး အလွန်အမင်း အံ့အားသင့်ဟန်ဖြင့် အော်ဟစ်လိုက်ပြီးမှ ထိပ်ခနဲ သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
"အော် ဟုတ်သားပဲ၊ ငါ မေ့တော့မလို့ ဒါက ဟိုတယ်ပဲ၊ မနေ့ညက ငါ မင်းကို ခေါ်လာခဲ့တာပဲ"
"ဟိဟိ"
လီယုဝမ်မှာ ကျိုးဟောက်ယွီကို ပြုံးလျက် ကြည့်ရှုရင်း စနောက်လိုက်သည်။
"အစ်ကိုဟောက်ယွီ၊ အစ်ကို့ရဲ့ သရုပ်ဆောင်ချက်က တကယ်ကို ညံ့လွန်းပါတယ်၊ အရမ်း လွန်ကဲနေတယ်၊ အစ်ကို နိုးနေတာ တော်တော်ကြာပြီ မဟုတ်လား"
"အာ ကဲပါ၊ ငါဝန်ခံပါတယ်၊ အမှန်တော့ ငါ နိုးနေတာ ကြာပါပြီ၊ ဒါပေမဲ့ ဘာလုပ်ရမှန်း မသိတာနဲ့ အိပ်ချင်ယောင်ဆောင်နေမိတာပါ"
ကျိုးဟောက်ယွီမှ မတတ်နိုင်ဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ လီယုဝမ်မှာ လက်ကိုလှမ်း၍ သူ့နှာခေါင်းလေးကို ချစ်စနိုးဖြင့် ဆွဲဆိတ်လိုက်ပြီးနောက် စနောက်ပြန်၏။
"အစ်ကိုဟောက်ယွီက ဘာလုပ်ရမှန်း မသိဘူး ဟုတ်လား၊ တကယ်ပါပဲ ညီမကတော့ အစ်ကို့ကို ဘာမဆို ယုံကြည်မှုအပြည့် ရှိနေတဲ့လူလို့ ထင်နေတာ"
"မင်း မနက်နိုးလာတော့ ဒီလိုနေရာမျိုးမှာ တစ်ယောက်တည်း ရှိနေတာကို ဇဝေဇဝါနဲ့ နေရမခက်မသွားဘူးလား"
ကျိုးဟောက်ယွီမှ မချိပြုံးဖြင့် လှမ်းမေးသည်။
"ပထမတော့ တကယ်ပဲ လန့်သွားတာပေါ့၊ ဒါပေမဲ့ ဘေးနားမှာ ရှိနေတာ အစ်ကိုဖြစ်နေမှန်း သိလိုက်ရတော့ ဘာမှမလန့်တော့ပါဘူး"
လီယုဝမ် အလေးအနက် ဆိုရှာသည်။
"ကဲပါ၊ နေလည်း တော်တော်မြင့်နေပြီ၊ အမြန်ထ ကျောင်းသွားရမယ့်အချိန် ရောက်ပြီ"
ကျိုးဟောက်ယွီမှာ လီယုဝမ်၏ လက်မောင်းကို ပုတ်ရင်း သတိပေးလိုက်သည်။
"မသွားချင်သေးပါဘူး၊ နောက်ထပ် ခဏလောက် ထပ်အိပ်ပါရစေ၊ ညီမအရမ်းအိပ်ငိုက်နေလို့ မျက်လုံးတောင် မဖွင့်နိုင်တော့ဘူး"
လီယုဝမ်မှ ချွဲနွဲ့ဆိုးနွဲ့ကာ ပြောသည်။ အမှန်တော့ သူမသည် အိပ်ငိုက်နေခြင်း မဟုတ်ပေ။ ကျိုးဟောက်ယွီ၏ ရင်ခွင်ထဲမှ မခွာချင်သေးခြင်းသာဖြစ်၏။
"ချွဲမနေနဲ့တော့၊ အဲ့ဒါက မင်းရဲ့ ပညာရေးကို ထိခိုက်စေလိမ့်မယ်၊ အကယ်၍ မင်း အခုထိထမလာဘူးဆိုရင် ငါမင်းရဲ့ဖင်ကို ရိုက်ပစ်မှာနော်"
ကျိုးဟောက်ယွီမှ ခြိမ်းခြောက်လိုက်တော့သည်။