← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

169

"မရပါဘူး မရပါဘူး၊ ညီမ မထချင်သေးဘူး"

လီယုဝမ်မှာ အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိဘဲ ခေါင်းခါငြင်းဆန်သည်။ အကြောင်းမူကား ကျိုးဟောက်ယွီအနေဖြင့် သူမကို တကယ်ရိုက်လိမ့်မည်မဟုတ်ကြောင်း ရဲရဲကြီး ယုံကြည်ထားသောကြောင့်ဖြစ်၏။ ထို့ပြင် အကယ်၍ ကျိုးဟောက်ယွီမှ တကယ်ပဲ ရိုက်နှက်ခဲ့လျှင်ပင် သူမအနေဖြင့် ဂရုစိုက်မည်မဟုတ်ပေ။ ထိုကဲ့သို့ မိန်းကလေးတစ်ယောက်၏ အနုစိပ်ဆန်လှသော လျှို့ဝှက်ချက်ဧရိယာများကို အခြားယောကျာ်းများ ထိတွေ့လာပါက လုံးဝ လက်ခံနိုင်စရာမရှိသော်လည်း ထိတွေ့သူမှာ ကျိုးဟောက်ယွီသာ ဖြစ်နေပါက လီယုဝမ်အနေဖြင့် ရင်ထဲ၌ အမှန်ပင် ကြည်နူးပျော်ရွှင်မိမည်ဖြစ်သည်။

"ဒီကောင်မလေး၊ ငါ့ရဲ့ အစွမ်းအစကို ပြမှပဲ မင်းက ငါဘယ်လောက် အစွမ်းထက်လဲဆိုတာ သိတော့မယ် ထင်တယ်"

ကျိုးဟောက်ယွီသည် ခက်ထန်ကြမ်းတမ်းလှသော မျက်နှာပေးမျိုးကို ဖန်တီးလိုက်သည်။ သူသည် လီယုဝမ်၏ ပုခုံးကို ရိုက်နှက်တော့မည့်ဟန်ဖြင့် လက်ကို ရုတ်ချည်း မြှောက်လိုက်ရာ လီယုဝမ်လည်း လန့်ဖျတ်သွားပြီး မျက်လုံးအစုံကို ကပျာကယာ မှိတ်လိုက်ရှာ၏။ သို့သော်လည်း စက္ကန့်အနည်းငယ် ကြာမြင့်သွားသည့်တိုင်အောင် မျှော်လင့်ထားသည့် ရိုက်နှက်ချက် ရောက်ရှိမလာခဲ့ချေ။ လီယုဝမ် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကျိုးဟောက်ယွီသည် သူမကို မြတ်နိုးကြင်နာလှသော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူသည် သူမ မျက်လုံးဖွင့်လာသည်ကို မြင်သောအခါ လက်ကိုဆန့်ထုတ်၍ သူမ၏ နှာခေါင်းလေးကို အသာအယာ ဆွဲဆိတ်လိုက်ပြီး ညင်သာစွာ ဆိုလိုက်၏။

"လိမ္မာစမ်းပါ ဂျီကျမနေနဲ့တော့၊ အမြန်ဆုံး ထတော့နော်"

"ဟုတ်ကဲ့"

လီယုဝမ်သည် တစ်ကိုယ်လုံး နူးညံ့ပျော့ခွေသွားရပြီး ဘာမျှ ငြင်းဆန်ရန် အင်အားမရှိတော့ချေ။ သူမ ကုတင်ပေါ်မှ ထလိုက်ပြီးနောက် ကျိုးဟောက်ယွီသည် သူမဖက်တွယ်ထားသော သူ့လက်မောင်းကို အသာအယာ ရုပ်သိမ်းလိုက်ပြီး သန့်စင်ခန်းဆီသို့ ပြေးဝင်သွားခဲ့သည်။ သူသည် ညဝတ်အင်္ကျီအဖြစ် အသုံးပြုခဲ့သော တဘက်လေးကိူ ချွတ်ပစ်လိုက်ပြီး ယမန်နေ့က ချွတ်ထားခဲ့သော အဝတ်အစားများကို ပြန်လည်လဲလှယ် ဝတ်ဆင်လိုက်တော့၏။ သူအဝတ်အစားလဲပြီး အပြင်သို့ ထွက်လာသောအခါ တဘက်လေးတစ်ခုကိုသာ ရင်လျားထားဆဲဖြစ်သော လီယုဝမ်၏ ရှက်သွေးဖြန်းနေသည့် အလှတရားကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲ၌ လှုပ်ရှားသွားရပြန်သည်။ သူသည် မျက်လုံးကို အခြားတစ်ဖက်သို့ ကပျာကယာ လွှဲပစ်လိုက်ပြီးနောက် သူမကို အလောတကြီး တိုက်တွန်းလိုက်တော့သည်။

"မင်းရဲ့ ဂါဝန်လေးကိုပဲ အရင်ဆုံး မြန်မြန်လဲလိုက်ပါ၊ ခဏနေကျရင် ငါကုန်တိုက်ထဲဝင်ပြီး မင်းအတွက် အဝတ်အစားတချို့ ဝယ်ပေးမယ်၊ ဒါဆိုရင် အဆောင်ကို ခေါက်တုံ့ခေါက်ပြန် သွားမနေရတော့ဘဲ အချိန်ကုန် သက်သာတာပေါ့၊ ကျောင်းနောက်ကျလို့ မဖြစ်ဘူး မဟုတ်လား"

"ဟုတ်ကဲ့ပါ၊ အစ်ကိုပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"

လီယုဝမ်မှ အလိုက်တသိဖြင့် လိမ္မာယဉ်ကျေးစွာ ပြန်ဖြေရှာသည်။ ကျိုးဟောက်ယွီမှာ လီယုဝမ်ကို ကုန်တိုက်ဝင်ပေါက်ဆီသို့ မောင်းနှင်ခေါ်ဆောင်လာသောအခါတွင်မူ ထိုနေရာ၌ လူသူအလွန်အမင်း စည်ကားရှုပ်ထွေးနေခဲ့၏။ လီယုဝမ်အနေဖြင့် ညဝတ်ဂါဝန်လေးဖြင့် အပြင်သို့ လှည့်လည်သွားလာရန်မှာ အလွန်အမင်း အဆင်မပြေလှပေ။ ထို့ကြောင့် ကျိုးဟောက်ယွီမှ ဦးဆောင်၍ လှမ်းမေးလိုက်သည်။

"မင်းရဲ့ အဝတ်ဆိုဒ်က ဘယ်လောက်လဲ၊ ငါ ကုန်တိုက်ထဲဝင်ပြီး သွားဝယ်ပေးမယ်၊ မင်း ကားထဲမှာပဲ စောင့်နေပါ"

"၈၄ ၆၂ ၈၆"

လီယုဝမ်မှ သူမ၏ ကိုယ်တိုင်းအချိုးအစား ကို ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး ပြောပြရှာသည်။

"အာ ဟုတ်ကဲ့ သိပြီ"

ကျိုးဟောက်ယွီသည် အိုးတိုးအန်းတမ်းဖြင့် ပြန်လည်ဖြေကြားလိုက်ပြီး ကားပေါ်မှ ချက်ချင်းဆင်းကာ ကုန်တိုက်ထဲသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့တော့သည်။ အမှန်တော့ သူမေးမြန်းလိုသည်မှာ သူမ၏ အရပ်အမောင်းနှင့် ကိုယ်အလေးချိန်ကိုသာဖြစ်၏။ သို့သော်လည်း လီယွီဝမ်ကမူ အရပ်နှင့် အလေးချိန်ကို အပြင်ပန်းကြည့်ရုံဖြင့် သိနိုင်ပြီး ၎င်းပြင် ကျိုးဟောက်ယွီအနေဖြင့် သူမကို တစ်ကြိမ်ထက်မက ပွေ့ချီဖူးထားသဖြင့် သူခန့်မှန်းမိလိမ့်မည်ဟု တွေးတောကာ၊ သူ မေးမြန်းသော ဆိုဒ် ဟူသည်မှာ အမျိုးသမီးတစ်ဦး၏ ရင်သား၊ ခါးနှင့် တင်ပါး အတိုင်းအတာ သုံးခုကို မေးမြန်းခြင်းဖြစ်သည်ဟု မသိမသာ ထင်မှတ်မှားသွားခဲ့ခြင်းဖြစ်ပေသည်။ သုံးမိနစ်ခန့် ကြာပြီးနောက် ကျိုးဟောက်ယွီသည် လက်နှစ်ဖက်တွင် ဈေးဝယ်အိတ်နှစ်အိတ်ကို ဆွဲလျက် အမြန်ဆုံး ပြန်လည်ရောက်ရှိလာခဲ့သည်။ အလွယ်တကူ ဝတ်ဆင်နိုင်ရန်အတွက် သူသည် အတွင်းခံအဝတ်အစားများနှင့် ဂါဝန်စကတ်တစ်ထည်ကို ဝယ်ယူလာခဲ့ခြင်းဖြစ်၏။

"ကားနောက်ခန်းမှာပဲ အဝတ်အစား လဲလိုက်ပါ၊ မင်း လဲပြီးသွားရင် ငါ မနက်စာ သွားကျွေးမယ်၊ ပြီးမှ ကျောင်းကို တိုက်ရိုက်သွားကြတာပေါ့"

ကျိုးဟောက်ယွီမှ ကားတံခါးကို ဖွင့်ပေးပြီး အဝတ်အစားများကို လီယုဝမ်ထံသို့ ကမ်းပေးရင်း ညင်သာစွာ ဆိုလိုက်သည်။

"ဟုတ်ကဲ့"

လီယုဝမ်မှာ ပြန်ဖြေပြီးနောက် ရှေ့ခန်းထိုင်ခုံနှစ်ခုကြားရှိ ကြားလပ်မှတစ်ဆင့် ကားနောက်ခန်းဆီသို့ ကိုယ်ကိုကိုင်းညွတ်ကာ တိုးဝင်သွားခဲ့လေသည်။ ကျိုးဟောက်ယွီအနေဖြင့် ကားတံခါးကို ပြန်လည်မပိတ်ရသေးမီမှာပင် သူ့မျက်လုံးများက ကားအတွင်းခန်းဆီသို့ မရည်ရွယ်ဘဲ ဝေ့ပတ်ကြည့်ရှုမိလိုက်ရာ မမြင်အပ်သော မြင်ကွင်းတစ်ခုကို ထပ်မံမြင်တွေ့လိုက်ရပြန်၏။ ယခုတစ်ကြိမ်သည် ယမန်နေ့ညက အမျိုးသမီးအဆောင်အောက်တွင် ကြုံတွေ့ခဲ့ရသည်နှင့် လုံးဝမတူညီတော့ချေ။ ထိုစဉ်က ညအချိန်ဖြစ်သဖြင့် ကောင်းကင်တွင် လမင်းကြီးထွန်းလင်းနေစေကာမူ မြင်ကွင်းမှာ သိပ်မပြတ်သားခဲ့ပေ။ သို့သော်လည်း ယခုမူ နေ့ခင်းကြောင်တောင် အလင်းရောင်အောက်တွင် လီယုဝမ်မှာ ကားနောက်ခန်းသို့ ကိုယ်ကိုကိုင်းညွတ်၍ တိုးဝင်နေခြင်းဖြစ်ရာ ရှေ့ခန်းတံခါးဝတွင် မတ်တတ်ရပ်နေသော ကျိုးဟောက်ယွီအတွက်မူ ထိုဆန်းကြယ်လှသော အလှတရား မြင်ကွင်းအလုံးစုံကို အထင်အရှား မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

"စိတ်အေးအေးထားပြီး လဲပါ၊ ငါ အပြင်ကနေ ဘယ်သူမျှ အနားမလာအောင် စောင့်ပေးထားမယ်"

ကျိုးဟောက်ယွီ‌ ထိုသို့ပြောရင်း နောက်သို့ ခြေလှမ်းနှစ်လှမ်း ကပျာကယာ ဆုတ်လိုက်ပြီး ကားတံခါးကို ပိတ်ချလိုက်တော့သည်။ သူသည် ခေါင်းကို ခါယမ်းကာ စိတ်ကို ထိန်းသိမ်းရန် ကြိုးစားသော်လည်း စောစောက မြင်တွေ့ခဲ့ရသည့် စွဲမက်ဖွယ် မြင်ကွင်းမှာမူ သူ့အသိစိတ်ထဲတွင် မရည်ရွယ်ဘဲ ထပ်မံ၍ အထင်အရှား ပေါ်ပေါက်လို့နေတော့၏။

"အစ်ကိုဟောက်ယွီ ဘာတွေ ငေးမှိုင်နေတာလဲဟင်"

လီယုဝမ်သည် ကားပေါ်မှ မည်သည့်အချိန်တွင် ဆင်းလာခဲ့သည်မသိဘဲ ကျိုးဟောက်ယွီ ဝယ်ပေးထားသော အဝတ်အစားအသစ်လေးကို ဆင်မြန်းလျက် သူ့ရှေ့တွင် မတ်တတ်ရပ်ကာ သူ့မျက်စိရှေ့၌ လက်ကလေးကို ဟိုဟိုဒီဒီ ဝှေ့ယမ်းပြနေခဲ့သည်။

"အော် ဘာမှမဟုတ်ပါဘူး၊ ငါ စိတ်နည်းနည်း လွင့်သွားလို့ပါ"

ကျိုးဟောက်ယွီမှာ ဖုံးဖုံးဖိဖိဖြင့် အကြောင်းပြချက်ပေးလိုက်ပြီး ကားပေါ်သို့ ကပျာကယာ ပြန်တက်လိုက်တော့သည်။ သူသည် လီယုဝမ်ကို မနက်စာ ဝယ်ကျွေးပြီးနောက် ကျောင်းသို့ အမှီလိုက်လံပို့ဆောင်ပေးခဲ့ရာ အချိန်မှာ နောက်ကျလုနီးပါး ဖြစ်သွားခဲ့ရ၏။

"စာကိုပဲ အာရုံစိုက်ပြီး သေသေချာချာ သင်နော်၊ အဆောင်ကို ပြန်မသွားချင်လည်း ကိစ္စမရှိပါဘူး၊ ငါ ညနေကျရင် ကျောင်းအနားမှာ အိမ်တစ်လုံး အမြန်ဆုံး ငှားထားပေးပြီး ညနေကျရင် မင်းကို လာကြိုပါ့မယ်"

ကျိုးဟောက်ယွီမှာ ထိုသို့မှာကြားလိုက်ပြီး လီယုဝမ်၏ ပြန်လည်တုံ့ပြန်မည့် စကားကိုပင် မစောင့်တော့ဘဲ ကားကို ချက်ချင်း မောင်းထွက်ခဲ့တော့သည်။ လီယုဝမ်အနေဖြင့် ဘာပြောလာမည်ကို သူကြိုတင်ခန့်မှန်းမိနေ၏။ အိမ်ငှားခမှာ အရမ်းဈေးကြီးလွန်းလှသဖြင့် အဆောင်သို့သာ ပြန်သွားချင်သည်ဟု သူမ ပြောလာပေလိမ့်မည်။ ကျိုးဟောက်ယွီတွင် ကြီးမားလှသော အစွမ်းအစမျိုး မရှိသေးသော်လည်း အနည်းဆုံးတော့ လီယုဝမ်အတွက် ကောင်းမွန်လှသော လူနေမှုပတ်ဝန်းကျင်တစ်ခုကိုမူ သူအသေအချာ ဖန်တီးပေးလိုသည်။ သူမသည် အဆောင်ဖော်နှင့် အကြီးအကျယ် ရန်ဖြစ်ထားပြီးဖြစ်ရာ အဆောင်သို့ ပြန်သွားပါကလည်း စိတ်အနှောင့်အယှက်ဖြစ်ကာ အနေခက်နေမည်မှာ အမှန်ပင်။ ထို့ကြောင့် အပြင်သို့ ပြောင်းရွှေ့နေထိုင်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

'ငါ ကတိပေးခဲ့ပြီးပြီဆိုတော့ ဒီနေ့ည မတိုင်ခင် ပိုက်ဆံကို ရအောင် ရှာရမယ်'

ကျိုးဟောက်ယွီသည် ကားကို လမ်းဘေးတစ်နေရာတွင် အစီအစဉ်မရှိဘဲ ရပ်တန့်လိုက်ပြီး ဒီဒီ မောင်းနှင်ရန် စိတ်ပါဝင်စားခြင်း မရှိတော့ချေ။ အိမ်ငှားခဟူသည်မှာ ဒီဒီကို တစ်ရက်တည်း မောင်းရုံမျှဖြင့် အလွယ်တကူ ရရှိနိုင်မည့် ပမာဏမျိုး မဟုတ်ပေ။ ကျိုးဟောက်ယွီတစ်ယောက် ပိုက်ဆံ အမြန်ဆုံး ရှာဖွေနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောရင်း လမ်းစပျောက်နေစဉ်မှာပင် သူ့ဖုန်းမြည်သံ ထွက်ပေါ်လာခဲ့သည်။ သူ ဖုန်းကို လက်ခံလိုက်သည့် ခဏမှာပင် ဝေ့ရှီယု၏ ဒေါသတကြီး အော်ဟစ်သံမှာ ဖုန်းထဲမှတစ်ဆင့် ပျံ့လွင့်လာတော့သည်။

"နင် ဘယ်တွေ လျှောက်သွားနေပြန်တာလဲ၊ တကယ့်ကို အသုံးမကျတဲ့ သက်တော်စောင့်ပဲ အမြဲတမ်း ပျောက်ပျောက်သွားရသလား"

"ငါ့မှာ လုပ်စရာ ကိစ္စလေးတစ်ခု ရှိနေလို့ပါ၊ ဒီနေ့တစ်ရက် ခွင့်ပေးပါဦး"

ကျိုးဟောက်ယွီမှ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။ ဝေ့ရှီယုသည် သူ့လေသံကြောင့် အံ့အားသင့်သွားပြီး ကျိုးဟောက်ယွီတစ်ယောက် မည်သည့် အခက်အခဲမျိုးနှင့် ရင်ဆိုင်နေရသနည်းဟူ၍ သူမဦးနှောက်ကို အမြန်ဆုံး လည်ပတ်ကာ တွေးတောတော့၏။ အကြောင်းပြချက် အမျိုးမျိုး ရှိနိုင်သော်လည်း သူမ နားလည်ထားသော ကျိုးဟောက်ယွီ၏ အခြေအနေအရ အရှိဆုံး အကြောင်းပြချက်မှာ ငွေကြေး ပြတ်လပ်မှုသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဝေ့ရှီယုသည် ဦးဆောင်ကာ ကမ်းလှမ်းလိုက်တော့သည်။

"နင့်ရဲ့ မကြာသေးမီက စွမ်းဆောင်ရည်တွေက တော်တော်လေး ကောင်းတယ် ထင်လို့ ဒီနေ့ ဘောနပ်စ် ပေးဖို့ စီစဉ်ထားတယ်၊ နင် တကယ်ပဲ လာမယူချင်ဘူးလို့ သေချာနေတာလား"

“ဘောနပ်စ် ဟုတ်လား"

ကျိုးဟောက်ယွီသည် ထိုစကားကြောင့် ခဏမျှ ကြောင်အမ်းသွားပြီးနောက် မျက်နှာထက်တွင် ချက်ချင်းပင် အပြုံးကြီး ဝေစည်သွားကာ အလောတကြီး မေးမြန်းတော့သည်။

"ဘယ်လောက်လဲ"

"အတိအကျ ပမာဏကိုတော့ ငါ စဉ်းစားနေတုန်းပဲ၊ နင့် ဘက်ကကော ဘယ်လောက်ဆို သင့်တော်မလဲဆိုတာ အကြံပြုချက် မပေးချင်ဘူးလား"

ဝေ့ရှီယု ကျိုးဟောက်ယွီ မည်မျှအထိ ငွေကြေး လိုအပ်နေသည်ကို စုံစမ်းလိုသဖြင့် ခပ်ဖွဖွ ရယ်မောရင်း မေးမြန်းလိုက်သည်။ ကျိုးဟောက်ယွီတွင် အခြားသော စဉ်းစားတွေးတောမှုများ မရှိချေ။ သူ ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်၏။

"ငါကတော့ ယွမ်တစ်သောင်းဆိုရင် တော်တော်လေးသင့်တော်မယ်လို့ ထင်တယ်"

"ယွမ်တစ်သောင်း ဟုတ်လား၊ အဲဒါက နည်းနည်း မများလွန်းဘူးလား"

ဝေ့ရှီယုက ကျိုးဟောက်ယွီ၏ အကန့်အသတ်ကို စမ်းသပ်လိုက်သည်။ သူမအနေဖြင့် ကျိုးဟောက်ယွီကို ပိုက်ဆံမပေးချင်၍ မဟုတ်ပေ။ သို့သော်လည်း သူ့လက်ထဲတွင် ပိုက်ဆံအမြောက်အမြား ရှိသွားပါက အပြင်သို့ လျှောက်သွားပြီး မဟုတ်တရုတ် ကိစ္စမျိုးစုံကို လျှောက်လုပ်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

"ဒါဆိုရင် ယွမ်ရှစ်ထောင်ဆိုရင်လည်း ရတယ်"

ကျိုးဟောက်ယွီမှာ တစ်လှမ်းဆုတ်ကာ လျှော့ချလိုက်သည်။ ဝေ့ရှီယုမှာမူ ပြန်လည်စကားမဆိုဘဲ တိတ်ဆိတ်လို့နေ၏။ အတန်ကြာသည်အထိ ဖုန်းတစ်ဖက်မှ မည်သည့် တုံ့ပြန်သံမျှ ထွက်ပေါ်မလာသဖြင့် ကျိုးဟောက်ယွီတစ်ယောက် အနည်းငယ် ပျာယာခတ်သွားပြီး ကပျာကယာ ဆိုလိုက်တော့သည်။

"ဒါဆိုရင် ယွမ်ငါးထောင်ဆိုရင်ကော၊ ဒါကတော့ အနိမ့်ဆုံးပဲ ဒီထက်တော့ လျှော့လို့ မရတော့ဘူးနော်၊ မင်းကတော့ ဒီလောက် ပမာဏလေးကိုတောင် မပေးနိုင်ဘဲ မနေပါဘူး မဟုတ်လား"

"ကဲပါ ဒါဆိုလည်း ယွမ်ငါးထောင်ပေါ့၊ အိမ်ကို အမြန်ဆုံး လာယူလိုက်တော့"

ဝေ့ရှီယုမှာ ထိုစကားကို ဆိုပြီးနောက် ဖုန်းကို ချက်ချင်းပင် ချပစ်လိုက်တော့သည်။

"တူ တူ တူ"

ကျိုးဟောက်ယွီသည် ဖုန်းလိုင်းပြတ်တောက်သွားသော အသံကို ကြားလိုက်ရသော်လည်း စိတ်ထဲတွင် အနည်းငယ်မျှ မထားခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဝေ့ရှီယုသည် အလွန်အမင်း ပွင့်လင်းပြတ်သားသောလူဟု ခံစားလိုက်ရကာ သူသည် ကားကို ဝေ့အိမ်တော် ဗီလာဆီသို့ အမြန်ဆုံး ပြန်လည်မောင်းနှင်ခဲ့တော့သည်။

All Chapters