← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

171

ထိုကဲ့သို့ ထိတ်လန့်တကြားဖြစ်နေစဉ်အတွင်း မိန်းကလေးနှစ်ဦးစလုံးမှာ မိမိတို့စီးနင်းလာသော စက်လှေငယ်လေး မည်မျှအထိ ကျဉ်းမြောင်းသည်ကို သတိမေ့လျော့သွားခဲ့ကြသည်။

"အမလေး"

ဝေ့ရှီယုမှာ ထိတ်လန့်တကြီး အော်ဟစ်လိုက်မိသည်။ သူမသည် လှေဘေးဘက်သို့ ဆုတ်ခွာရှောင်တိမ်းလိုက်စဉ် ခြေချော်သွားခဲ့ပြီး ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရေထဲသို့ ပြုတ်ကျသွားခဲ့တော့၏။ ကျန်းရှောင်ဟွာမှာမူ အခြေအနေ အနည်းငယ် ပိုကောင်းသည်ဟု ပြောရမည်။ သူမသည် အလောတကြီး အခြေအနေကြားမှပင် ကပျာကယာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် လှေနံဘေးကို မြဲမြံစွာ ဖမ်းကိုင်လိုက်နိုင်သဖြင့် ရေထဲသို့ ပြုတ်ကျမသွားအောင် ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်၏။

"ရှီယု"

ကျန်းရှောင်ဟွာတစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့သည်။ မိမိကိုယ်တိုင်လည်း ကိုယ်ဟန်အနေအထားကို မနည်းပြန်လည်ထိန်းသိမ်းနေရသဖြင့် အချိန်မီ လှမ်းမဖမ်းနိုင်ခဲ့ဘဲ ဝေ့ရှီယုတစ်ယောက် ဘေးနားမှနေ၍ ရေထဲသို့ ပြုတ်ကျသွားသည်ကို ရင်တလှပ်လှပ်ဖြင့်သာ ကြည့်ရှုလိုက်ရတော့၏။

"ရှောင်ဟွာ၊ ငါ့ကို အမြန်ဆုံး ဆွဲတင်ပါဦး"

ဝေ့ရှီယုတစ်ယောက် ရေထဲတွင် ပျာယာခတ်လို့နေသည်။ သူမသည် အသက်ကယ်အင်္ကျီကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ရေထဲသို့ ပြုတ်ကျသွားပြီးနောက်တွင်မူ စိုးရိမ်ထိတ်လန့်စိတ်များမှာ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ရာ စိတ်ကို အလွယ်တကူ ပြန်လည်တည်ငြိမ်အောင် မနည်းကြိုးစားနေရရှာ၏။

"အေးပါ မကြောက်နဲ့နော်၊ ငါ နင့်ကို ပစ်မထားပါဘူး၊ အမြန်ဆုံး လက်ပေးစမ်းပါ"

ကျန်းရှောင်ဟွာသည် လှေနံဘေးသို့ ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး ဝေ့ရှီယုထံသို့ သူမလက်မောင်းကို အစွမ်းကုန် ဆန့်တန်းပေးလိုက်တော့သည်။ ဝေ့ရှီယုသည်လည်း စက်လှေငယ်လေးဆီသို့ ပိုမိုနီးကပ်သွားစေရန်အတွက် ရေထဲတွင် အသည်းအသန် ကူးခတ်လှုပ်ရှားနေခဲ့၏။ သူတို့နှစ်ဦး၏ လက်ဖဝါးချင်း ထိတွေ့လုနီးပါး ဖြစ်သွားသည့် ခဏမှာပင် ဘေးနားမှနေ၍ ရေသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ သူတို့နှစ်ဦးစလုံး အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ရာ ကျိုးဟောက်ယွီတစ်ယောက် ရေထဲသို့ ဒိုင်ဗင်ထိုး ခုန်ချလိုက်သည်ကို မြင်တွေ့လိုက်ရတော့သည်။

"သူမကို လှေပေါ်ဆွဲတင်ဖို့ အလောတကြီး မလုပ်ပါနဲ့၊ ငါ အောက်ကနေ ပင့်တင်ပေးမယ်၊ မဟုတ်ရင် လှေကြီးတစ်စင်းလုံး မှောက်ခုံ ဖြစ်သွားလိမ့်မယ်"

ကျိုးဟောက်ယွီမှ ညွှန်ကြားလိုက်သည်။

"အောက်ကနေ ပင့်တင်ပေးမယ် ဟုတ်လား"

ဝေ့ရှီယုသည် မျက်တောင်ခတ်လျက် ကျိုးဟောက်ယွီ ဘာကိုဆိုလိုမှန်း နားမလည်နိုင်ခင်မှာပင် သူမ ခြေထောက်နှစ်ဖက်ကို သန်မာလှသော လက်မောင်းကြီးတစ်ခုမှ ဖမ်းကိုင်လိုက်သည်ကို ခံစားလိုက်ရတော့သည်။ ကျိုးဟောက်ယွီသည် ရေအောက်သို့ ငုပ်လျှိုးသွားပြီး ဝေ့ရှီယု၏ ခြေထောက်များကို စုကိုင်ကာ အရှိန်အဟုန်ဖြင့် အပေါ်သို့ ပင့်တင်ပေးလိုက်ရာ သူမခန္ဓာကိုယ်လေးမှာ ရေမျက်နှာပြင်ထက်သို့ မြင့်တက်သွားခဲ့ရ၏။ ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းရှောင်ဟွာလည်း ကပျာကယာ လှမ်းဆွဲလိုက်ကာ ဝေ့ရှီယုကို စက်လှေပေါ်သို့ တစ်ချက်တည်းဖြင့် အမိအရ ဆွဲတင်လိုက်တော့သည်။ သူတို့၏ အလောတကြီး လုပ်ဆောင်ချက်ကြောင့် စက်လှေငယ်လေးမှာ ဘေးတစ်ဖက်သို့ ပြင်းထန်စွာ တိမ်းစောင်းသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျိုးဟောက်ယွီမှာ ရေအောက်မှနေ၍ လှေကို အသေအချာ ထိန်းမတ်ပေးထားခဲ့သဖြင့် လှေအပေါ် သက်ရောက်သည့် တွန်းအားမှာ သိပ်မပြင်းထန်ခဲ့ဘဲ ဘယ်ညာ အနည်းငယ် လှုပ်ခါသွားပြီးနောက် မှောက်ခုံမဖြစ်ဘဲ မူလအတိုင်း ပြန်လည်တည်ငြိမ်သွားခဲ့တော့သည်။

"ဟူး ဟူး"

ဝေ့ရှီယုသည် လှေပေါ်သို့ ရောက်ရှိသွားပြီးနောက် အသည်းအသန် အမောဖြေနေခဲ့ရသည်။ သူမသည် စိတ်ကိုပင် ပြန်လည်မစုစည်းနိုင်သေးမီမှာပင် လှေနံဘေးသို့ ကပျာကယာ ပြန်လည်ကိုင်းညွတ်လိုက်ပြီး ကျိုးဟောက်ယွီထံသို့ လက်ကို ဆန့်တန်းပေးရင်း စိုးရိမ်တကြီး ဆိုလိုက်၏။

"နင့်လက်ကို ပေး၊ ငါ လှေပေါ် ဆွဲတင်ပေးမယ်"

"မလိုဘူး၊ ငါ့ကို လှေပေါ်ဆွဲတင်ဖို့ ကြိုးစားရင် ဒီလှေငယ်လေး မှောက်သွားဖို့ ရာခိုင်နှုန်း အရမ်းများတယ်၊ ငါ ဒီအတိုင်း လှေကိုပဲ အသာအယာ တွဲခိုထားပြီး လှေရဲ့ အရှိန်နဲ့ ကမ်းခြေအထိ လိုက်ခဲ့ပါ့မယ်"

ကျိုးဟောက်ယွီမှ ခေါင်းခါယမ်းလျက် ငြင်းဆန်လိုက်ရာ သူ့လေသံမှာ ငြင်းခုံရန် အခွင့်အရေး လုံးဝမရှိလောက်အောင် ပြတ်သားလို့နေသည်။

"ဒါပေမဲ့ ကမ်းခြေနဲ့က အရမ်းဝေးနေသေးတာကို နင်ရေထဲမှာ အကြာကြီး နေရလိမ့်မယ်"

ဝေ့ရှီယုမှ စိုးရိမ်ပူပန်စွာဖြင့် ပြောရှာသည်။

"ကိစ္စမရှိပါဘူး၊ ငါ့ရဲ့ ခန္ဓာကိုယ်က တော်တော်လေး ကြံ့ခိုင်မှုရှိပါတယ်၊ ရေထဲမှာ ခဏလောက် စိမ်နေရတာဟာ ရေကူးရသလိုမျိုးပဲမို့ ဘာမှ အရေးမကြီးပါဘူး"

ကျိုးဟောက်ယွီ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြီးနောက် တိုက်တွန်းလိုက်တော့သည်။

"အကယ်၍ မင်းတို့အနေနဲ့ ငါ့ကို ရေထဲမှာ အကြာကြီး မစိမ်စေချင်ဘူးဆိုရင်တော့ အမြန်ဆုံးသာ လှေလှော်ကြပါတော့"

"ဟင်း"

ဝေ့ရှီယုမှ သက်ပြင်းအရှည်ကြီး ချလိုက်မိပြီး ဘာပြောရမှန်းပင် မသိတော့ချေ။ သူမသည် စိတ်ထဲမှနေ၍ မချိတင်ကဲဖြင့် တိုးတိုးလေး ရေရွတ်နေမိတော့သည်။

'နင်ပဲ ငါ ရေထဲပြုတ်ကျရင် လုံးဝ လာမကယ်ဘူးလို့ ပြောခဲ့ပြီးတော့ ငါ တကယ်လည်း ပြုတ်ကျရော အသိတရားတောင် မရလိုက်ခင်မှာတင် နင်က အရင်ဆုံး ရေထဲကို ခုန်ချလာခဲ့တာပဲ'

"ကဲပါ သူပြောတာ မှန်တယ်၊ ငါတို့ အမြန်ဆုံးပဲ လှေလှော်ကြရအောင်"

ကျန်းရှောင်ဟွာလည်း အလွန်အမင်း စိတ်လှုပ်ရှား စိုးရိမ်သွားခဲ့ရသဖြင့် မျက်ဝန်းအစုံတွင် မျက်ရည်စများပင် ဝဲလို့နေတော့သည်။ မိန်းကလေးနှစ်ဦးစလုံး တက်မရှိရာ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝင်ထိုင်လိုက်ကြသည့် အချိန်မှာပင် စောစောက ဂျက်စကီးကို အရှိန်ပြင်းစွာ မောင်းနှင်သွားခဲ့သော လူငယ်သည် တဖန် ပြန်လည်ရောက်ရှိလာခဲ့ပြန်၏။ ယခုတစ်ကြိမ်တွင်မူ သူသည် အရှိန်ကို တော်တော်လေး လျှော့ချထားပြီး စက်လှေငယ်လေး၏ ဘေးနားတွင် ရပ်တန့်လိုက်ကာ ရေထဲ၌ ရှိနေသော ကျိုးဟောက်ယွီကို လှောင်ပြောင်သရော်လိုက်တော့သည်။

"လှိုင်းလေး နည်းနည်း ထသွားတာကို၊ မိန်းကလေးနှစ်ယောက်စလုံးက ဘာမှမဖြစ်ဘဲ အကောင်းတိုင်း ရှိနေသေးတယ်၊ မင်းလို ယောကျာ်းကြီး တန်မဲ့ကတော့ အဲလောက်တောင် ကြောက်လန့်ပြီး ရေထဲပြုတ်ကျသွားရတယ်လို့ တကယ့်ကို အရှက်မရှိလိုက်တာ"

ထိုလူငယ်သည် အခြေအနေကို အသေအချာ နားမလည်ဘဲ ကျိုးဟောက်ယွီတစ်ယောက် ကြောက်လန့်တကြားဖြင့် ရေထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်သည်ဟု လွဲမှားစွာ ထင်မှတ်နေခဲ့ခြင်းဖြစ်ပေသည်။ ကျိုးဟောက်ယွီမှာမူ ထိုကဲ့သို့သောလူမျိုးကို ရှင်းပြရန် စိတ်ကူးမရှိချေ။ သူထိုလူငယ်ကို ပြုံးလျက် ကြည့်ရှုရင်း ပြောလိုက်သည်။

"မင်းက တော်တော်လေး သတ္တိရှိတာပဲ၊ ဒါဆိုလည်း ရေထဲကို ဆင်းလာခဲ့ပြီး ငါနဲ့ တစ်ပွဲတစ်လမ်းလောက် ဆင်နွှဲကြည့်ဖို့ သတ္တိရှိလား"

"မင်းက ငါ့ကို စိန်ခေါ်နေတာလား"

ဖန့်ဝူကျီမှာ အထင်သေးတကြီးဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် မိန်းကလေးနှစ်ဦးကို ပြုံးလျက် ကြည့်ကာ ဆိုလိုက်သည်။

"အဲဒီ အသုံးမကျတဲ့ စက်လှေအစုတ်ကြီးက အရမ်းနှေးလွန်းပါတယ်၊ မင်းတို့နှစ်ယောက်လုံး ငါ့ရဲ့ ဂျက်စကီးပေါ်ကို ပြောင်းစီးလိုက်ပါလား၊ ငါ ကမ်းခြေအထိ အလန်းစား မောင်းပို့ပေးမယ်"

"နင် သွားချင်ရင် နင့်အိမ်ပြန်ပြီး နင့်အမေကိုပဲ ခေါ်ပြီး သွားစီးလိုက်စမ်းပါ"

ဝေ့ရှီယု အေးစက်စက် လေသံဖြင့် ပြန်လည်ပက်ပက်စက်စက် တုံ့ပြန်လိုက်သည်။ ကျန်းရှောင်ဟွာမှာလည်း ထောက်ခံလျက်ပင် ပြောလိုက်၏။

"နင်က ဘယ်ကကောင်မို့လို့ ငါတို့ကို လာပြီး ခေါ်နေရတာလဲ"

"ဟဲဟဲ တော်တော်လေး စပ်စပ်စုစု ရှိကြတာပဲ၊ ငါ သဘောကျသွားပြီ"

ဖန့်ဝူကျီမှ ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်ပြီးနောက် ဂျက်စကီးကို အရှိန်မြှင့်တင်ကာ မောင်းနှင်ထွက်ခွာသွားခဲ့တော့သည်။ သူ ထွက်ခွာသွားစဉ် လေထဲ၌ လှောင်ပြောင်သရော်သော စကားတစ်ခွန်း ကျန်ရစ်ခဲ့လေ၏။

"မင်းတို့ ကမ်းခြေကို ရောက်တဲ့အခါကျရင် ငါ ညစာ ကောင်းကောင်း ဝယ်ကျွေးပါ့မယ်"

ယခုအချိန်မှာ မနက် ၁၀နာရီပင် မရှိသေးသော်လည်း သူညစာ ဝယ်ကျွေးမည်ဟု လှောင်ပြောင်ပြောဆိုသွားခြင်း ဖြစ်ရာ ၎င်းသည် မိန်းကလေးနှစ်ဦး၏ လှေလှော်နှုန်း မည်မျှအထိ နှေးကွေးလိမ့်မည်ကို အထင်သေးစော်ကားသွားခြင်း ဖြစ်ပေသည်။

"သူက ဘယ်လိုကောင်လဲ"

ဝေ့ရှီယုတစ်ယောက် ဒေါသတကြီးဖြင့် မချိတင်ကဲ ဖြစ်နေရသည်။

"သူက လူမှမဟုတ်တာ၊ တကယ့်ကို အောက်တန်းကျတဲ့ ကောင်ပဲ"

ကျန်းရှောင်ဟွာမှာလည်း မညှာမတာ ပြန်လည်ဆဲဆိုလိုက်တော့သည်။ ကျိုးဟောက်ယွီမှာမူ တည်ငြိမ်မှု ရှိနေဆဲ ဖြစ်၏။ သူသည် အဝေးသို့ မောင်းနှင်ထွက်ခွာသွားသော ဖန့်ဝူကျီ၏ ကျောပြင်ကို အေးစက်စက် မျက်လုံးအစုံဖြင့် စိုက်ကြည့်နေမိပြီး ဘာမျှ ထပ်မပြောတော့ဘဲ မိန်းကလေးနှစ်ဦးကိုသာ အသာအယာ နှစ်သိမ့်လိုက်သည်။

"သူ့ကို ဂရုစိုက်မနေကြနဲ့တော့ လှေကိုသာ ဆက်လှော်ကြပါ၊ အလောတကြီး လုပ်စရာမလိုပါဘူး၊ အပန်းဖြေရုံ သက်သက်လို့ပဲ သဘောထားလိုက်ကြရအောင်"

"စိတ်ချပါ ငါ နင့်ကို ကမ်းခြေဆီ အမြန်ဆုံး ရောက်အောင် ပို့ပေးပါ့မယ်"

ဝေ့ရှီယုမှ အလေးအနက် ပြန်ပြောရှာသည်။ ကျိုးဟောက်ယွီ အလောတကြီး လုပ်စရာမလိုဟု ဆိုသော်လည်း သူမအနေဖြင့် သူ့ကို ရေထဲတွင် အကြာကြီး မည်ကဲ့သို့လျှင် ပစ်ထားနိုင်ပါမည်နည်း။

မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် စက်လှေငယ်လေးမှာ ကမ်းခြေသို့ ချောမောစွာ ဆိုက်ရောက်သွားခဲ့တော့သည်။ ဝေ့ရှီယုမှာ ကျိုးဟောက်ယွီကို ကြည့်ပြီး စိုးရိမ်တကြီးဖြင့် ဆိုလိုက်သည်။

"ငါတို့နှစ်ယောက်လုံးရဲ့ အဝတ်အစားတွေက ရေစိုကုန်ပြီ၊ အမြန်ဆုံး အနီးဆုံးမှာရှိတဲ့ ကုန်တိုက်ကို သွားပြီး လဲဝတ်ဖို့ အဝတ်အစားအသစ်တွေ သွားဝယ်ကြရအောင်"

ကျိုးဟောက်ယွီ ပြန်လည်မဖြေကြားနိုင်သေးမီမှာပင် အဝေးတစ်နေရာမှနေ၍ မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ ဖန့်ဝူကျီတစ်ယောက် ဂျက်စကီးကို မောင်းနှင်လျက် သူတို့ဆီသို့ ထပ်မံ၍ ဦးတည်ပြေးလွှားလာသည်ကို မြင်တွေ့လိုက်ရတော့၏။

"ဟေး မင်းတို့တွေ ဒီလောက်တောင် မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားဘူး၊ ငါ မင်းတို့ကို ညစာတော့ ဝယ်မကျွေးနိုင်တော့ဘူး၊ ဒါပေမဲ့ အခုက နေ့လယ်စာစားဖို့ အချိန်နဲ့ တော်တော်လေး ကိုက်ညီနေပြီပဲ၊ နေ့လယ်စာ ကောင်းကောင်း ဝယ်ကျွေးရင်ကော ဘယ်လိုလဲ"

ဖန့်ဝူကျီမှာ ကမ်းခြေသို့ ရောက်ရှိလာပြီးနောက် ဂျက်စကီးပေါ်တွင် မတ်တတ်ရပ်လျက် ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။

"အိုကေလေ၊ မင်းပဲ နေရာကို ရွေးချယ်ပြီး လမ်းပြလိုက်ပါတော့"

မိန်းကလေးနှစ်ဦး စကားမဆိုနိုင်သေးမီမှာပင် ကျိုးဟောက်ယွီ အလွယ်တကူ သဘောတူညီချက် ပေးလိုက်တော့သည်။ ထိုလုပ်ရပ်မှာ ဝေ့ရှီယုကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့ရ၏။ သူမသည် ကျိုးဟောက်ယွီ၏ လက်မောင်းကို ချက်ချင်းပင် အားပြင်းပြင်းဖြင့် ဆွဲဆိတ်လိုက်ပြီး တိုးတိုးလေးဖြင့် ဒေါသတကြီး ခံပက်လိုက်တော့သည်။

"ဘယ်သူက အဲဒီလိုကောင်မျိုးနဲ့ အတူတူ ထမင်းစားချင်လို့လဲ၊ နင် သဘောတူရင်လည်း နင်တစ်ယောက်တည်းပဲ သွားစားချေ၊ ငါကတော့ လုံးဝ မလိုက်ဘူး"

"ငါလည်း မလိုက်ဘူး၊ အဲဒီလိုလူစားမျိုးနဲ့ အတူတူ ထမင်းစားရမယ့်အစား အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲပြုတ်ပဲ သောက်တော့မယ်"

ကျန်းရှောင်ဟွာလည်း ဘေးနားမှနေ၍ တိုးတိုးလေး မချိတင်ကဲ ညည်းတွားလိုက်သည်။ ကျိုးဟောက်ယွီသည် မိန်းကလေးနှစ်ဦးစလုံး၏ ငြင်းပယ်ခြင်းကို ခံလိုက်ရရုံတင်မကဘဲ ဖန့်ဝူကျီ၏ မနှစ်မြို့သော အကြည့်ကိုပါ တစ်ပြိုင်နက်တည်း ရရှိလိုက်တော့၏။

"ငါက မင်းကို လှမ်းမေးနေလို့လား၊ ဘာလို့ ဒီလောက်တောင် အလောတကြီးနဲ့ ဝင်ပြီး သဘောတူနေရတာလဲ၊ ငါက ချစ်စရာကောင်းတဲ့ ကောင်မလေးနှစ်ယောက်ကိုပဲ ထမင်းဖိတ်ကျွေးတာ မင်းနဲ့ဘာဆိုင်လို့လဲ"

All Chapters