အခန်း ၁၇၄
Vol. 18 Ch. 174
174
"ကျိုးကောက ကျွန်တော့်ကို မှတ်မိနေသေးတာပဲ တကယ့်ကို ဝမ်းသာစရာပါဗျာ၊ အဲဒါက ဘာဆန်းလို့လဲ"
လင်းဖိန်ချုံမှ လက်ကို အသာအယာ ယမ်းခါလျက် ဆိုလိုက်ပြီးနောက် စပ်စုလိုသော စိတ်ဖြင့် မေးမြန်းလိုက်ပြန်သည်။
"ဒါနဲ့ ကောက ဒီနေရာမှာ အိမ်ဝယ်မလို့လား"
"သူက ဆင်းရဲမွဲတေနေတဲ့ ကောင်ပါ၊ အိမ်ဝယ်ဖို့ နေနေသာသာ အိမ်ငှားခတောင် ပေးနိုင်မယ့်လူ မဟုတ်ပါဘူး"
မန်နေဂျာဖြစ်သူမှ ဘေးနားမှနေ၍ အထင်သေးတကြီးဖြင့် ဝင်ရောက်နှာခေါင်းရှုံ့လိုက်ပြန်သည်။
"ဟင်"
လင်းဖိန်ချုံသည် မျက်မှောင်ကြုတ်သွားခဲ့ရသည်။ သူသည် အခြားသူတစ်ဦးနှင့် စကားပြောဆိုနေစဉ်အတွင်း မသက်ဆိုင်သော အောက်ခြေလူတန်းစားများမှ ကြားဖြတ်နှောင့်ယှက်သည်ကို အလွန်အမင်း မနှစ်မြို့သူ ဖြစ်၏။ သူမန်နေဂျာကို အေးစက်စက် မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်ပြီး စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းလျက် မေးမြန်းလိုက်သည်။
"မင်းက ဘယ်သူလဲ"
"ငါက ဒီနေရာရဲ့ မန်နေဂျာပဲ ဘာဖြစ်လဲ"
မန်နေဂျာမှ ခေါင်းကို မော့လျက် မောက်မာဝင့်ကြွားစွာဖြင့် ဆိုလိုက်တော့သည်။ သူအနေဖြင့် ဤကဲ့သို့ ဝင့်ကြွားနိုင်ခွင့်လည်း ရှိပေ၏။ သာမန်လူတစ်ယောက်၏ ပျမ်းမျှလစာမှာ ယွမ်သုံးထောင်ဝန်းကျင်မျှသာ ရှိသော လူ့အဖွဲ့အစည်းအတွင်း တစ်လလျှင် ယွမ်ရှစ်ထောင်အထိ ရရှိနေသော သူ့ရာထူးသက်တမ်းမှာ တော်တော်လေး ကောင်းမွန်လှသည် မဟုတ်ပါလား။ ထို့ပြင် သူသည် ပိုက်ဆံရှိရုံတင်မကဘဲ အာဏာလည်း ရှိသေးသည်။ သူသည် မန်နေဂျာဆိုသော ရာထူးအရှိန်အဝါကို အသုံးချကာ အောက်ခြေဝန်ထမ်းများကို စိတ်တိုင်းကျ ခိုင်းစေနိုင်ပြီး အလွန်အမင်း သက်တောင့်သက်သာရှိလှသော ဘဝကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေ၏။
"ဘာမှမဖြစ်ပါဘူး"
လင်းဖိန်ချုံ ဂရုမစိုက်ဟန်ဖြင့် ပြန်လည်ဖြေကြားလိုက်ပြီးနောက် သူ့လက်ကိုင်ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုသို့ စတင်ခေါ်ဆိုလိုက်တော့သည်။
"ဟေ့ ရှောင်ဝမ်၊ ငါမှတ်မိသလောက်တော့ မင်းက ငါတို့လုပ်ငန်းစုရဲ့ အိမ်ခြံမြေလုပ်ငန်းတွေကို တာဝန်ယူထားရတာ မဟုတ်လား၊ အခု ငါက ရွှေယွမ်လမ်း ပေါ်မှာရှိတဲ့ လေ့စ်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရောက်နေတယ်၊ ဒါ ငါတို့ရဲ့ ရုံးခွဲတစ်ခု ဖြစ်ရမယ် မဟုတ်လား၊ မင်း အခုချက်ချင်းပဲ ဒီနေရာကို အရောက်လာခဲ့စမ်း"
ဘေးနားရှိ မန်နေဂျာသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ကျယ်လောင်စွာ ရယ်မောလိုက်မိပြီး လက်နှစ်ဖက်ကို ရိုသေဟန်ပြုကာ ကဲ့ရဲ့ရှုတ်ချလိုက်တော့သည်။
"မင်းကတော့ တကယ့်ကို အပြောကောင်း၊ အကြွားကောင်းတဲ့ လူစားပဲ၊ တကယ့်ကို ဆွဲဆောင်မှုရှိပါတယ် ငါတော်တော်လေးကို အထင်ကြီးသွားရတယ်"
သို့သော်လည်း လင်းဖိန်ချုံမှာမူ သူ့ကို လုံးဝ အရေးမလုပ်တော့ဘဲ ကျိုးဟောက်ယွီနှင့်သာ အေးအေးလူလူ ဆက်လက်၍ စကားစမြည် ပြောဆိုနေခဲ့သည်။ မန်နေဂျာသည် သူတို့နှစ်ဦး၏ မိမိကို ဥပေက္ခာပြုထားသော အမူအရာကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပြန်၏။
"မင်းတို့တွေ အရှက်မရှိဘူးဆိုရင်လည်း ဒီနေရာမှာပဲ ဆက်ပြီး မတ်တတ်ရပ်နေကြပေါ့၊ ငါလည်း အဲဒီ အသုံးမကျတဲ့ 'ရှောင်ဝမ်' ဆိုတဲ့ကောင် ကုန်းရုန်းပြီး ရောက်လာမလားဆိုတာ စောင့်ကြည့်လိုက်ဦးမယ်"
ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့် ကုန်လွန်သွားပြီးနောက် ပြင်ပမှနေ၍ ဘရိတ်အုပ်လိုက်သော ကားဘီးသံကြီးတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး အသက်သုံးဆယ်ကျော်အရွယ် လူတစ်ယောက် အထဲသို့ အသည်းအသန် ပြေးဝင်လာခဲ့တော့သည်။ သူ့အဝတ်အစားများမှာ ဖရိုဖရဲ ဖြစ်နေရုံတင်မကဘဲ ဖုန်မှုန့်များဖြင့်လည်း ပေပွလို့နေခဲ့၏။ သူသည် လင်းဖိန်ချုံကို မြင်တွေ့လိုက်ရသည့် ခဏမှာပင် သူရှိရာသို့ တန်းတန်းမတ်မတ် အပြေးအလွှား ရောက်ရှိလာခဲ့တော့သည်။ လင်းဖိန်ချုံမှာ သူ့ကို မျက်မှောင်ကြုတ်လျက် ကြည့်ရှုရင်း အနည်းငယ် အထင်သေးသော လေသံဖြင့် ဆိုလိုက်သည်။
"မင်းက ဘာဖြစ်လာတာလဲ၊ လမ်းမှာ ချော်လဲလာတာလား"
"တောင်းပန်ပါတယ်၊ ကျွန်တော် လမ်းမှာ တကယ်ပဲ ချော်လဲလာခဲ့လို့ပါ"
ဝမ်ယဲ့ဝေမှာ ကပျာကယာ ခေါင်းငုံ့လျက် အသနားခံ တောင်းပန်လိုက်ရှာသည်။ သူသည် အလုပ်ရှင်ကြီးရှိရာသို့ အမြန်ဆုံး ရောက်ရှိလာစေရန်အတွက် အသည်းအသန် ပြေးလွှားလာစဉ် တိုက်မိချော်လဲခဲ့ခြင်း ဖြစ်သော်လည်း မိမိထက် မြင့်မားလှသော အထက်လူကြီးနှင့် တွေ့ဆုံသည့်အချိန်တွင် ယခုကဲ့သို့ ဖရိုဖရဲ ဖြစ်နေခြင်းမှာ ကြီးမားလှသော အမှားတစ်ခု ဖြစ်ပေရာ သူအနေဖြင့် မည်သည့် ဆင်ခြေမျှ မပေးရဲတော့ချေ။ ဆင်ခြေပေးခြင်းမှာ အလုပ်ရှင်ကြီးကို ပိုမို၍ စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည် မဟုတ်ပါလား။
"သူ့ကို အလုပ်ထုတ်ပစ်လိုက်"
လင်းဖိန်ချုံမှာ စကားအရှည်ကြီး ပြောမနေတော့ဘဲ မနီးမဝေးတွင် ရှိနေသော အဆီပြန်နေသည့် အသက်လတ်ပိုင်းအရွယ် မန်နေဂျာကို လက်ညှိုးထိုးပြလျက် အမိန့်ပေးလိုက်တော့သည်။ ဝမ်ယဲ့ဝေ ချက်ချင်းပင် အမိန့်ကို နာခံလျက် မန်နေဂျာရှိရာသို့ လှည့်ကြည့်လိုက်၏။ သူ စကားမဆိုနိုင်သေးမီမှာပင် မန်နေဂျာမှ ကဲ့ရဲ့ရှုတ်ချသော လေသံဖြင့် ဦးအောင် ပြောလိုက်ပြန်သည်။
"မင်းက ဘယ်က ဖြတ်လျှောက်ကို သွားပြီး ရှာခေါ်လာတာလဲ၊ သူ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း အရမ်းညစ်ပတ်လွန်းတယ်၊ ရိုက်ကူးရေး ပစ္စည်းတွေက တကယ့်ကို အဆင့်မမီဘူး"
"ဟင်"
လင်းဖိန်ချုံသည် မှင်တက်သွားခဲ့ရသည်။ သူသည် မန်နေဂျာကို အံ့အားသင့်စွာကြည့်ရင်း မယုံကြည်နိုင်လောက်သော စိတ်ဖြင့် မေးမြန်းလိုက်မိ၏။
"မင်းကရှောင်ဝမ်ကို မသိဘူးလား"
"တစ်လကို လစာယွမ်ရှစ်ထောင်ရတဲ့ မန်နေဂျာတစ်ယောက်က ဘာဖြစ်လို့ အဲဒီလိုမျိုး အရေးမပါတဲ့ သရုပ်ဆောင်အသေးအဖွဲလေးကို သိနေရမှာလဲ"
မန်နေဂျာမှာ ထုံးစံအတိုင်း မောက်မာစွာဖြင့် တုံ့ပြန်လိုက်သည်။ ဝမ်ယဲ့ဝေသည် ဘေးနားတွင် အနေခက်စွာဖြင့် မတ်တတ်ရပ်နေရရှာ၏။ သူသည် မိမိ၏ နှာခေါင်းကို အသာအယာ တို့ထိလိုက်ပြီး လင်းဖိန်ချုံ၏ အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောရှာသည်။
"သခင်လေးလင်း၊ ကျွန်တော်က လုပ်ငန်းစုရဲ့ အိမ်ခြံမြေလုပ်ငန်းတစ်ခုလုံးကို တာဝန်ယူထားရတာမှန်ပေမယ့် ဒီလို အောက်ခြေရုံးခွဲငယ်လေးတွေဆီကိုတော့ ဆင်းလာလေ့မရှိပါဘူး၊ ဒါကြောင့် ဒီလိုအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသေးစားလေးမှာရှိတဲ့လူတွေက ကျွန်တော့်ကိုမမှတ်မိကြတာဟာ သဘာဝကျပါတယ်"
"ဒါဆိုရင်လည်း သူ သိနိုင်မယ့်လူတစ်ယောက်ကို ချက်ချင်း ရှာပြီးခေါ်လိုက်စမ်း"
လင်းဖိန်ချုံမှာ ရင်ထဲမှဒေါသများကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရသည်။ သူ့ဘဝတွင် ယခုကဲ့သို့ အကျပ်ရိုက်စရာကောင်းသော ခံစားချက်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်ပေ၏။ မိမိတွင် အစွမ်းသတ္တိများ အမြောက်အမြား ရှိနေပါသော်လည်း ထိုအစွမ်းများကို မည်ကဲ့သို့ ထုတ်သုံးရမှန်း မသိလောက်အောင် ဖြစ်နေရခြင်းဖြစ်၏။
"ဟုတ်ကဲ့ပါ ကျွန်တော် အခုချက်ချင်းပဲ လူတစ်ယောက်ကို လှမ်းခေါ်လိုက်ပါ့မယ်"
ဝမ်ယဲ့ဝေမှာ ကပျာကယာ တုံ့ပြန်လိုက်ပြီးနောက် သူ့ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုသို့ ထပ်မံခေါ်ဆိုလိုက်တော့သည်။
"ဟေ့ ရှောင်ကျန်း၊ ရွှေယွမ်လမ်းက မင်းရဲ့ တာဝန်ယူထားရတဲ့ ဧရိယာ မဟုတ်လား၊ ငါ အခု အဲဒီလမ်းပေါ်မှာရှိတဲ့ လေ့စ်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာ ရောက်နေတယ်၊ အခုချက်ချင်းပဲ ဒီကို ရောက်အောင် လာခဲ့စမ်း"
"ဟားဟား"
အဆီပြန်နေသော အသက်လတ်ပိုင်းအရွယ် မန်နေဂျာသည် အလွန်အမင်း ရယ်မောလွန်းလှသဖြင့် ခါးကြီးပင် ကိုင်းညွတ်သွားခဲ့ရပြီး ပခုံးများကို လှုပ်ခါလျက် ပြောလိုက်တော့သည်။
"ငါ မင်းတို့ကို တစ်ခုလောက် သတိပေးလိုက်ဦးမယ်၊ ငါ့အထက်လူကြီး ရဲ့ မျိုးရိုးအမည်က 'လေ့' ကွ၊ အဲဒီ ရှောင်ကျန်းဆိုတဲ့ကောင် ရောက်လာပြီးလို့ တခြားလူတစ်ယောက်ကို ထပ်ဖုန်းလှမ်းခေါ်မယ်ဆိုရင်တော့၊ အဲဒီ ရှောင်လေ့ကိုပဲတိုက်ရိုက် ခေါ်ခိုင်းလိုက်ကြပါတော့"
"မျိုးရိုးအမည်က လေ့ဟုတ်လား"
ဝမ်ယဲ့ဝေသည် အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီးနောက် ဖုန်းထဲသို့ ထပ်မံအမိန့်ပေးလိုက်တော့သည်။
"မင်းရဲ့အောက်မှာ မျိုးရိုးအမည် 'လေ့' လို့ခေါ်တဲ့လူတစ်ယောက် ရှိနေလား၊ အဲဒီရွှေယွမ်လမ်းကို အဓိကတာဝန်ယူထားရတဲ့ လူကိုပါ တစ်ပါတည်းခေါ်လာခဲ့စမ်း"
"ဖြောင်း ဖြောင်း ဖြောင်း"
အသက်လတ်ပိုင်းအရွယ် မန်နေဂျာမှ လက်ခုပ်တီးလျက် ချီးကျူးလိုက်တော့သည်။
"မင်းတို့ရဲ့ပြဇာတ်ကတော့ တကယ့်ကို အကွက်စုံလှပေတယ်၊ မူသေစည်းမျဉ်းတွေကြားမှာ ပိတ်မိမနေဘဲ အခြေအနေနဲ့ အချိန်အခါအလိုက် ကျွမ်းကျင်စွာ ပြောင်းလဲ သရုပ်ဆောင်နိုင်ကြတယ်၊ ငါ့အမြင်တော့ မင်းက မင်းရဲ့ အလုပ်ရှင်ထက်စာရင် သရုပ်ဆောင်တာ ပိုပြီး အကွက်စုံတယ်"
"မင်း နောင်တရစေရမယ်"
ဝမ်ယဲ့ဝေမှ အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် ထိုမန်နေဂျာကို လုံးဝအရေးမလုပ်တော့ဘဲ လင်းဖိန်ချုံထက်သို့ မျက်နှာမူကာ ရိုသေစွာ မေးမြန်းလိုက်သည်။
"အဲဒီ မျက်စိမပါတဲ့ လူမိုက်က သခင်လေးကို ဘယ်လိုမျိုး စော်ကားမိလို့လဲ"
"သူက ငါ့ကို စော်ကားတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက ကျိုးကောကို စော်ကားမိတာ"
လင်းဖိန်ချုံမှ ကျိုးဟောက်ယွီရှိရာသို့ မျက်နှာမူလျက် ပြောလိုက်သည်။
"ကျိုးကော ဟုတ်လား"
ဝမ်ယဲ့ဝေသည် ဆွံ့အသွားခဲ့ရတော့သည်။ ပင်းဟိုင်တစ်မြို့လုံးတွင် လင်းဖိန်ချုံကဲ့သို့သော သူဌေးသားတစ်ဦးမှာ မိမိထက် သိသိသာသာ ငယ်ရွယ်ပုံရသော လူငယ်တစ်ဦးကို "ကော" ဟု အလေးအနက် ခေါ်ဆိုခြင်းမျိုးဟူသည်မှာ တကယ့်ကို ရှားမှရှားလှသော ကိစ္စရပ်တစ်ခု ဖြစ်ပေ၏။
"မစ္စတာကျိုး မင်္ဂလာပါ၊ ကျွန်တော်က ဝမ်ယဲ့ဝေ ပါ၊ ကျွန်တော့်ကို ရှောင်ဝမ်လို့ပဲ သာမန်ကာလျှံကာ ခေါ်နိုင်ပါတယ်"
ဝမ်ယဲ့ဝေသည် ကျိုးဟောက်ယွီထံသို့ လှမ်း၍ ရိုသေစွာ မိတ်ဆက်နှုတ်ဆက်လိုက်တော့သည်။ သို့သော်လည်း သူသည် ကျိုးဟောက်ယွီကို ကျိုးကော ဟု တိုက်ရိုက်ခေါ်ဆိုရန်အတွက်မူ သတ္တိမရှိရှာပါချေ။ နောက်ဆုံးတွင်မူ သူသည် သခင်လေးနှင့် တန်းတူအဆင့်အတန်းမျိုးဖြင့် ရင်းနှီးခွင့်ရရန်အတွက် အရည်အချင်း မပြည့်မီသေးသည် မဟုတ်ပါလား။
"မင်းကို မစ္စတာဝမ် လို့ပဲ ခေါ်ပါရစေ၊ နောက်ရက်ကျရင် အားတဲ့အခါ အတူတူ အရက်သောက်ကြတာပေါ့"
ကျိုးဟောက်ယွီမှ ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် ပြောလိုက်သည်။ သူသည် မိမိကိုယ်တိုင်၏ အခြေအနေမှန်ကို သိရှိနားလည်ထားသူဖြစ်၏။ သူသည် သာမန် ဒီဒီ တက္ကစီမောင်းသူတစ်ဦးမျှသာ ဖြစ်သည့်အတွက် အသက်သုံးဆယ်ကျော်အရွယ် အောင်မြင်နေသော လူကြီးလူကောင်းတစ်ဦးကို 'ရှောင်ဝမ်' ဟု ခေါ်ဆိုခြင်းမျိုးမှာ ယဉ်ကျေးမှု မရှိရာ ရောက်ပေလိမ့်မည်။
"မစ္စတာကျိုးက အရမ်းကို သဘောကောင်းလွန်းလှပါတယ်"
ဝမ်ယဲ့ဝေသည် မျက်နှာထက်တွင် အပြုံးကြီး ပွင့်လန်းသွားခဲ့ရသည်။ သူသည် ယနေ့တွင် လမ်း၌ ချော်လဲခဲ့သဖြင့် အဝတ်အစားများ ပေပွနေခဲ့ရသော်လည်း ရင်ထဲ၌မူ အလွန်အမင်း စိတ်ချမ်းသာပျော်ရွှင်နေခဲ့ရ၏။ ဤကဲ့သို့သော လိုက်လျောညီထွေရှိလှပြီး ချဉ်းကပ်ရလွယ်ကူလှသော လူကြီးလူကောင်းတစ်ဦးနှင့် တွေ့ဆုံခွင့်ရခြင်းမှာ သူ့ဘဝအတွက် တကယ့်ကို ကံကောင်းထောက်မလှခြင်း ဖြစ်ပေသည်။ ကျိုးဟောက်ယွီ၏ နောက်ရက်တွင် အတူတူ အရက်သောက်ကြရန် ကမ်းလှမ်းချက်အပေါ်တွင်မူ သူသည် ပြန်လည်၍ အလွယ်တကူ မတုံ့ပြန်ရဲရှာပါချေ။ သူ့တွင် မိမိကိုယ်ကိုယ် အသိတရားရှိလှပေသည်။ သူ၏လက်ရှိ အဆင့်အတန်းမျိုးဖြင့် သခင်လေးလင်း၏ညီအစ်ကိုဖြစ်သူနှင့် မည်ကဲ့သို့လျှင် အတူတူ အေးအေးလူလူ အရက်ဝိုင်းဆင်နွှဲနိုင်ပါမည်နည်း။ သူတို့သုံးဦးသည် ထိုနေရာတွင် ငါးမိနစ်ခန့် စကားစမြည် ပြောဆိုနေခဲ့ကြစဉ် ပြင်ပမှနေ၍ ဘရိတ်အုပ်လိုက်သော ကားဘီးသံကြီးတစ်ခု ထပ်မံ၍ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြန်သည်။ အသက်လတ်ပိုင်းအရွယ် လူကြီးလူကောင်းနှစ်ဦး အိမ်ထဲသို့ အလောတကြီး ပြေးဝင်လာခဲ့ကြတော့သည်။ ဦးဆောင်လာသူသည် ဝမ်ယဲ့ဝေကို မြင်တွေ့လိုက်ရသည့် ခဏမှာပင် ချက်ချင်းပင် ရိုသေစွာ တိုးကပ်သွားခဲ့ပြီး မေးမြန်းလိုက်၏။
"မစ္စတာဝမ် ကျွန်တော်တို့ကို ဒီနေရာကို အလောတကြီး ဖုန်းခေါ်လိုက်တာ ဘာကိစ္စများ ရှိလို့လဲ"
"သူ့ကို အလုပ်ထုတ်ပစ်လိုက်စမ်း"
ဝမ်ယဲ့ဝေမှာ အဆီပြန်နေသော အသက်လတ်ပိုင်းအရွယ် မန်နေဂျာကို လက်ညှိုးထိုးပြလျက် အမိန့်ပေးလိုက်သည်။
"သူ့ကို ဟုတ်လား"
ကျန်းဝမ်ဟောက်သည် ထိုမန်နေဂျာကို ကြည့်ရှုလိုက်သော်လည်း မည်သူမှန်းမမှတ်မိချေ။ သူ့ဘေးနားတွင် ရပ်နေသော လေ့ကျန်းရှင်းမှာမူ မန်နေဂျာကို လက်ညှိုးထိုးပြလျက် မျက်မှောင်ကြုတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"မင်း ဘယ်လိုမျိုး အမှားတွေကို လုပ်မိလို့ အထက်က လူကြီးလူကောင်းတွေကို စော်ကားမိရတာလဲ"
"မန်နေဂျာလေ့ ကျွန်တော် ဘာမှမလုပ်မိပါဘူး၊ ကျွန်တော်က ကုမ္ပဏီရဲ့ အရောင်းစွမ်းဆောင်ရည်ကိုပဲ အဓိက စဉ်းစားတွေးတောခဲ့တာမလို့ အိမ်မဝယ်နိုင်ဘဲ ဝေခွဲမရဖြစ်နေတဲ့လူတွေကြောင့် အချိန်အကုန်မခံချင်ခဲ့တာပါ"
မန်နေဂျာမှ ကြောင်အမ်းအမ်းဖြင့် ပြန်လည်ဖြေကြားလိုက်ရှာသည်။ သူသည် ယခုအချိန်တွင် အလုံးစုံဆွံ့အလို့နေခဲ့ပြီဖြစ်၏။ သူ့အမြင်တွင် အလွန်အမင်း အဆင့်အတန်းမြင့်မားလှပြီး ခန့်ညားထည်ဝါလှသည်ဟု ထင်မှတ်ထားသော 'မန်နေဂျာလေ့' တစ်ယောက်သည် မိမိအထင်သေးစော်ကားခဲ့သော လူအုပ်စုဘေးနားတွင် ခါးလေးအနည်းငယ် ကိုင်းညွတ်လျက် အစေခံတစ်ဦးကဲ့သို့ ရိုသေစွာ မတ်တတ်ရပ်နေရသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူသည် မိမိ၏ မျက်စိအစုံကိုပင် လုံးဝမယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့၏။