အခန်း ၁၇၈
Vol. 18 Ch. 178
178
"ကျေးဇူးတင်ပါတယ် အစ်မကြီး၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ အခုချက်ချင်းပဲ ဒီနေရာကနေ ထွက်သွားပါ့မယ်"
ဆံပင်ဝါနှင့်ကောင်သည် တစ်ဖက်မှလည်း မိမိ၏ ပုခုံးထက်မှ ဒဏ်ရာကို ဖိထားလျက် အခြားလက်တစ်ဖက်မှာမူ ဝမ်းဗိုက်တွင် စိုက်ဝင်နေသော ဓားမြှောင်ကို အားပြုကိုင်ဆောင်ရင်း လူးလဲထရပ်ကာ တံခါးဝရှိရာသို့ ယိမ်းထိုးလျက် လှမ်းလျှောက်သွားခဲ့တော့သည်။ သို့သော်လည်း သူသည် ဝေးဝေးနီးနီးသို့ မလျှောက်လှမ်းရသေးမီမှာပင် တံခါးဝမှနေ၍ လူအုပ်ကြီးတစ်အုပ်သည် အရှိန်အဟုန်ဖြင့် တိုးဝှေ့ဝင်ရောက်လာခဲ့ကြ၏။ ထိုလူအုပ်ကြီးသည် ဆံပင်ဝါ၏ အလွန်အမင်း သနားစဖွယ် ကရုဏာသက်ဖွယ် အခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ သူတို့၏ ခေါင်းဆောင်ဖြစ်သူ ဟွမ်ဇီရှန့် သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"ဘယ်သူက သူ့ကို ဒီလောက်ထိ သေလုမျောပါးဖြစ်အောင် ရိုက်နှက်လိုက်တာလဲ"
ကပွဲခန်းမအတွင်းရှိ ဘေးမှ ဝိုင်းအုံကြည့်ရှုနေကြသော လူအုပ်ကြီးသည် ထိုအသံကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားကြပြီး ဟွမ်ဇီရှန့်၏ အကြည့်များကို ရှောင်လွှဲရန်အတွက် ခေါင်းများကို တစ်ဖက်သို့ လွှဲပစ်လိုက်ကြတော့သည်။ ဤကျယ်ဝန်းလှသော ဧရိယာကြီးတစ်ခုလုံးတွင် ကျိုးဟောက်ယွီတစ်ဦးတည်းသာလျှင် မလှမ်းမကမ်းနေရာ၌ မည်သည့်အရာကိုမျှ ဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါး စကားပြောဆိုနေခဲ့ခြင်းဖြစ်ပေ၏။
"အစ်ကိုကြီး ဟိုးဘက်က အကောင်ပဲ၊ သူက ကျွန်တော့် သေလုမတတ် ရိုက်နှက်ခဲ့တာ၊ တရားမျှတမှုကို သေချာပေါက် ရှာဖွေပေးရမယ်"
ဆံပင်ဝါသည် ကျိုးဟောက်ယွီရှိရာသို့ လက်ညှိုးထိုးပြလျက် အလွန်အမင်း နာကျင်ခံခက်လှသော ခံစားချက်ကြီးဖြင့် တိုင်တန်းလိုက်တော့သည်။ သူသည် ကျိုးဟောက်ယွီ၏ ရှုံ့ချအရှက်ခွဲခြင်းကို ခံလိုက်ရပြီးကတည်းက ရင်ထဲတွင် ဒေါသမီးလျှံများ ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့ရခြင်း မဟုတ်ပါလား။ သူသည် ကျိုးဟောက်ယွီ၏ အရှိန်အဝါကြောင့်သာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် အတင်းအကျပ် တောင်းပန်ခဲ့ရခြင်းဖြစ်ပေသည်။
"ဟင်"
ဟွမ်ဇီရှန့်သည် ကျိုးဟောက်ယွီကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်လိုက်ပြီး လေးနက်လှသော လေသံဖြင့် ပြောလိုက်သည်။
"မင်းက တော်တော် သတ္တိရှိတဲ့ ကောင်ပဲ၊ ငါ့ ညီအစ်ကိုတစ်ယောက်ကို ဒီလောက်ထိ ရိုက်နှက်ရဲတယ်ပေါ့၊ မင်းက တကယ့်ကို သေမင်းကို ဖိတ်ခေါ်နေတာပဲ မဟုတ်ဘူးလား"
"သေမင်းကို ဖိတ်ခေါ်နေတယ် ဟုတ်လား၊ ငါကတော့ မထင်ပါဘူး"
ကျိုးဟောက်ယွီမှ ပြုံးလျက် ခေါင်းကို ရမ်းခါလိုက်သည်။ အခြားတစ်ဖက်တွင်မူ ရန်သူများသည် လူအုပ်ကြီးတစ်အုပ်လုံးကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း သူသည် လုံးဝ တုန်လှုပ်ခြောက်ခြားခြင်း မရှိပါချေ။ ၎င်းမှာ သူ့ဘေးနားတွင် အစွမ်းထက်လှသော နတ်ဘုရား ဟန်ဘာ ရှိနေခြင်းကြောင့်သာမက အဓိကအကျဆုံးအချက်မှာမူ ကျိုးဟောက်ယွီသည် ယခင်ကကဲ့သို့ ဘာမျှမသိနားမလည်သော သာမန်လူသားတစ်ဦး လုံးဝ မဟုတ်တော့ခြင်းကြောင့်ဖြစ်ပေသည်။ သူ၏ သိုင်းပညာရပ် ကျင့်ကြံမှု အချိန်ကာလများ ပိုမိုမြင့်မားလာသည်နှင့်အမျှ သူ့အစွမ်းသတ္တိများသည်လည်း တစ်ရက်ထက်တစ်ရက် ပိုမိုကြီးထွားလာခဲ့ပြီ ဖြစ်သည်။ သူနှင့် နတ်ဘုရားများအကြားတွင် အဆမတန် ကြီးမားလှသော ကွာဟချက်ကြီး ရှိနေသေးဦးတော့ သာမန်လူသားများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်မူကား သူ့အတွက် မည်သည့်ပြဿနာမျှ ရှိမနေတော့ပါချေ။
"မင်းလို ဘာမှမသိတဲ့ လူမိုက်ကလေးကို ငါ ဟွမ်ဇီရှန့်ရဲ့ ညီအစ်ကိုအပေါ် ရိုက်နှက်မိတဲ့ အကျိုးဆက်က ဘယ်လောက်အထိ ပြင်းထန်မလဲဆိုတာ အခုချက်ချင်း ပြရတာပေါ့"
ဟွမ်ဇီရှန့်မှ လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။ ထို့နောက် သူသည် မိမိနောက်ကွယ်သို့ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားသော လျင်မြန်ဖြတ်လတ်လှသည့် လူငယ်တစ်ဒါဇင်ကျော်သည် ကျိုးဟောက်ယွီရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ကြတော့၏။
"မင်းတို့လို အဆင့်မရှိတဲ့ လူမိုက်အုပ်စုက ငါ့ရဲ့ ရှေ့မှောက်မှာ မောက်မာရဲကြတယ်ပေါ့ ဟုတ်လား"
ကျိုးဟောက်ယွီ၏ မျက်နှာထက်တွင် စက်ဆုပ်ရွံရှာဖွယ် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယခုအချိန်တွင်မူ သူသည် သာမန်လူမိုက်များကို လုံးဝ အရေးမစိုက်ဘဲ အထင်သေးပိုင်ခွင့် အပြည့်အဝ ရှိနေခဲ့ပြီ ဖြစ်ပေ၏။ သူသည် အသက်ကို အောင့်လိုက်ပြီး မိမိ၏ ရွှေမျက်မှန်ကို ချက်ချင်းပင် လှုပ်ရှားသက်ဝင်စေလိုက်ရာ သူ့ရှေ့မှောက်ရှိ လူတိုင်း၏ လှုပ်ရှားမှုများသည် ရုတ်ချည်းပင် အလွန်အမင်း နှေးကွေးသွားခဲ့ရတော့သည်။ ဤထူးခြားလှသော အားသာချက်ကြောင့် သူသည် ရန်သူများကို စိတ်ကြိုက် တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့ပြီး အခြားတစ်ဖက်မှာမူ သူ၏ အဝတ်အစား အဖျားကလေးကိုပင် မထိတွေ့နိုင်အောင် ဖြစ်ရတော့၏။ ဘေးပတ်ဝန်းကျင်တွင် လူအများအပြား ကြမ်းပြင်ပေါ်သို့ အလိပ်လိပ်လဲကျသွားသော အသံများနှင့်အတူ ခေတ္တမျှအတွင်း မိနစ်အနည်းငယ်မျှသာ ကြာမြင့်လိုက်သော်လည်း ပြေးဝင်လာခဲ့ကြသော လူမိုက်အားလုံးသည် ခြွင်းချက်မရှိ ကြမ်းပြင်ပေါ်တွင် လဲလျောင်းသွားခဲ့ကြရပြီး ကျိုးဟောက်ယွီမှာမူ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ တည်ငြိမ်အေးဆေးစွာဖြင့် ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာအနာအဆာ အသေးစားကလေးပင် မရှိဘဲ ရပ်တန့်နေခဲ့ပေ၏။
"သူက ဒီလောက်တောင် တိုက်ခိုက်ရေး ကျွမ်းကျင်တာလား"
ဟွမ်ဇီရှန့်သည် အသက်ရှူနှုန်းများပင် တုန်လှုပ်သွားခဲ့ရရှာသည်။ ထိုမြင်ကွင်းတစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည့်အခါ သူသည် ကျိုးဟောက်ယွီ၏ အစွမ်းထက်လှသော ခွန်အားများကြောင့် အလုံးစုံ ဆွံ့အမှင်တက်သွားခဲ့ရတော့၏။
"ပြေးကြစို့"
ဟွမ်ဇီရှန့်တစ်ယောက် ကြောင်အမ်းနေစဉ်အတွင်းမှာပင် ကျိုးဟောက်ယွီ၏ အကြည့်များမှာ မိမိရှိရာသို့ ဦးတည်လာသည်ကို သတိပြုမိသွားခဲ့သဖြင့် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း မဆိုင်းမတွဘဲ တံခါးဝရှိရာသို့ အသည်းအသန် ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်လိုက်တော့သည်။ သူ၏ တုန်လှုပ်ခြောက်ခြားမှုမှာ အလွန်အမင်း ပြင်းထန်လွန်းလှသဖြင့် မိမိ၏ ညီအစ်ကိုအရင်းအချာကိုပင် ပြန်လည်၍ မငဲ့ကွက်နိုင်တော့ပါချေ။
"အစ်ကိုကြီး၊ ကျွန်တော့်ကိုပါ ခေါ်သွားပါဦး"
ဆံပင်ဝါသည် ငိုလုမတတ် ဖြစ်သွားခဲ့ရသည်။ သူ့တွင် လက်ကောက်ဝတ် ကျိုးပဲ့နေရုံမျှမက ဓားဒဏ်ရာ နှစ်ချက်ပါ ရရှိထားခြင်း ဖြစ်သဖြင့် အလွန်အမင်း ခံရခက်နေရှာသည် ဖြစ်ရာ မြန်မြန်ဆန်ဆန် လှမ်းလျှောက်ရန်ပင် မတတ်နိုင်ပါဘဲ မည်သို့လျှင် အသည်းအသန် ထွက်ပြေးနိုင်ပါအံ့နည်း။
"ထွက်ပြေးချင်တယ် ဟုတ်လား၊ မင်းတို့က ထွက်ပြေးလို့ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား"
ကျိုးဟောက်ယွီမှ။ လှောင်ပြုံးပြုံးလိုက်ရင်း မိမိ၏ ဘေးနားရှိ ဘီယာပုလင်းတစ်လုံးကို လှမ်းယူလိုက်ကာ ဟွမ်ဇီရှန့်၏ ဦးခေါင်းနောက်စေ့တည့်တည့်သို့ တန်းတန်းမတ်မတ် လွှဲပေါက်လိုက်တော့သည်။ သူသည် ကျင့်စဉ်ကို အချိန်အတော်ကြာအောင် ကျင့်ကြံအားထုတ်ထားခဲ့ခြင်း ဖြစ်ရာ ၎င်းတွင် အဓိကအကျဆုံးသော စိတ်ဝိဉာဉ် ပြောင်းလဲခြင်း မှော်ပညာရပ်များသာမက အရိုးရှင်းဆုံးသော စိတ်ဝိဉာဉ်စွမ်းအင် ထိန်းချုပ်မှုများလည်း ပါဝင်နေခဲ့ခြင်း ဖြစ်ပေ၏။ ကျိုးဟောက်ယွီ ထိုဘီယာပုလင်းကို လွှဲပေါက်လိုက်သည့်အခါ သူသည် မိမိ၏ စိတ်ဝိဉာဉ်စွမ်းအင်အချို့ကိုပါ ထည့်သွင်းလိုက်သဖြင့် ဘီယာပုလင်းသည် ဟွမ်ဇီရှန့်၏ ဦးခေါင်းထက်သို့ ကွက်တိပင် ထိမှန်သွားခဲ့ရတော့သည်။
"အား"
ဟွမ်ဇီရှန့်သည် အသည်းအသန် အော်ဟစ်လိုက်ရရှာပြီး ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ မှောက်ရက်လဲကျသွားခဲ့သည်။ သူသည် မိမိဦးခေါင်းနောက်စေ့ကို လှမ်း၍ ပွတ်သပ်ကြည့်လိုက်ရာ စိုစွတ်နေသည်ကို ခံစားလိုက်ရသဖြင့် ပြန်လည်ကြည့်ရှုလိုက်သည့်အခါ မိမိ၏ လက်တစ်ပြင်လုံးတွင် သွေးနီရောင်များ စွန်းထင်နေသည်ကို မြင်တွေ့လိုက်ရတော့၏။
"အစ်ကိုကြီး ကျွန်တော်မပြေးတော့ပါဘူး၊ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်၊ ဘာပဲပြောပြော မိကျောင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲခေါင်းဆောင် တစ်ယောက်ပါ၊ အကယ်၍ ခင်ဗျားက ကျွန်တော့်မျက်နှာကို မငဲ့ကွက်ဘူးဆိုရင်တောင်မှ မိကျောင်းဂိုဏ်းကြီးရဲ့ အရှိန်အဝါကိုတော့ နည်းနည်းလောက် ငဲ့ကွက်ပေးသင့်ပါတယ်"
ဟွမ်ဇီရှန့်မှ လေးနက်လှသော လေသံဖြင့် ပြောလိုက်သည်။ ဘီယာပုလင်းဖြင့် အားပြင်းစွာ အပေါက်ခံလိုက်ရပြီးနောက် သူသည် ယနေ့တွင် မည်သို့မျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်မှန်း သေချာပေါက် သိရှိနားလည်သွားခဲ့သဖြင့် ရိုးရှင်းစွာပင် စေ့စပ်ညှိနှိုင်းရန် ပြင်ဆင်လိုက်ခြင်း ဖြစ်၏။ ဤအချက်မှာ သူတို့လို မြေအောက်လောကမှ လူသားတစ်ဦးအတွက်မူ တကယ့်ကို ပုံမှန်အတိုင်းပင် ဖြစ်ပေသည်။ သို့သော်လည်း ဝမ်းနည်းစရာကောင်းလှသည်မှာ ကျိုးဟောက်ယွီသည် မြေအောက်လောကမှ လူသားတစ်ဦး လုံးဝ မဟုတ်သကဲ့သို့ ထိုသို့သော စေ့စပ်ညှိနှိုင်းမှုမျိုးကိုလည်း လုံးဝ စိတ်ဝင်စားခြင်း မရှိပါချေ။
"မင်းက ငါ့ကိုလည်း မတိုက်ခိုက်နိုင်ဘူး ထွက်ပြေးလို့လည်း မလွတ်မြောက်နိုင်ဘူး ဆိုတော့မှ ငါနဲ့ စကားပြောချင်တယ်ပေါ့ ဟုတ်လား၊ တောင်းပန်ပါတယ် ငါက မင်းနဲ့ စကားပြောဖို့ လုံးဝ စိတ်ကူးမရှိပါဘူး"
ကျိုးဟောက်ယွီမှ လှောင်ပြုံးပြုံးလိုက်ရင်း ဟွမ်ဇီရှန့်ရှိရာသို့ ခြေလှမ်းတစ်လှမ်းချင်းစီ အသာအယာ လှမ်းလျှောက်သွားခဲ့တော့သည်။ ကျိုးဟောက်ယွီ၏ ဖိနပ်သံများ ကြမ်းပြင်ပေါ်သို့ ရိုက်ခတ်မိသံတိုင်းသည် ဟွမ်ဇီရှန့်၏ ရင်အစုံထက်သို့ တူကြီးတစ်ချောင်းဖြင့် ထုနှက်လိုက်သကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်နေခဲ့ရ၏။ သူသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ရသဖြင့် ကပျာကယာပင် ပြောလိုက်တော့သည်။
"အစ်ကိုကြီးက မိကျောင်းဂိုဏ်းအကြောင်းကို မကြားဖူးသေးတာ ဖြစ်နိုင်ပါတယ်၊ ပြဿနာမရှိပါဘူး ကျွန်တော် သေသေချာချာ မိတ်ဆက်ပေးပါရစေ၊ မိကျောင်းဂိုဏ်းဆိုတာ တောင်ပိုင်းခရိုင်မှာ အကြီးမားဆုံးသော ဂိုဏ်းကြီးတွေထဲက တစ်ခုပါ၊ ကျွန်တော်တို့မှာ ရာနဲ့ချီတဲ့ ညီအစ်ကိုတွေ ရှိနေရုံတင်မကဘူး ဂိုဏ်းချုပ်ကြီးကလည်း ဒီမြို့တော်အတွင်းက နိုင်ငံရေးနဲ့ စီးပွားရေးလောကက ထိပ်သီးအထက်တန်းလွှာတွေနဲ့ တကယ့်ကို ရင်းနှီးကျွမ်းဝင်လှတဲ့ ဆက်ဆံရေးမျိုး ရှိထားတာ ဖြစ်လို့ တကယ့်ကို အစွမ်းထက်လှပါတယ်"
"အဲဒါတွေက ငါနဲ့ ဘာဆိုင်လို့လဲ"
ကျိုးဟောက်ယွီမှ လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်သည်။
"ဘယ်လိုလုပ်ပြီး မဆိုင်ရမှာလဲ၊ ကျွန်တော်က မိကျောင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲခေါင်းဆောင်လေ၊ နားလည်ရဲ့လား*
ဟွမ်ဇီရှန့်မှာ အသံများ တုန်လှုပ်လျက် အော်ဟစ်လိုက်တော့သည်။
"ဒါဆိုရင်တော့ မင်းက ဒီအချိန်အထိ ငါ့ကို ခြိမ်းခြောက်နေတုန်းပဲပေါ့ ဟုတ်လား"
ကျိုးဟောက်ယွီ ခပ်ဖွဖွ ရယ်မောလျက် မေးမြန်းလိုက်သည်။
"အာ"
ဟွမ်ဇီရှန့်တစ်ယောက် တကယ့်ကို အရှက်ရသွားခဲ့ရရှာသည်။ အမှန်စင်စစ်တွင်မူ သူသည် ကျိုးဟောက်ယွီကို မိကျောင်းဂိုဏ်း၏ အရှိန်အဝါဖြင့် ခြိမ်းခြောက်နေခဲ့ခြင်း ဖြစ်သော်လည်း ကျိုးဟောက်ယွီမှာ ထိုအချက်ကို ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ပြောဆိုလိုက်သည့်အခါ သူ မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို လုံးဝ မသိရှိတော့ပါချေ။ ကျိုးဟောက်ယွီ သူ့ကို စိုက်ကြည့်လိုက်ရင်း ခေါင်းကို ရမ်းခါလိုက်မိသည်။
"မင်းလို လူစားမျိုးကတောင်မှ ဂိုဏ်းခွဲခေါင်းဆောင် ဖြစ်နိုင်တယ်ပေါ့၊ ဒါဆိုရင်တော့ မိကျောင်းဂိုဏ်းဆိုတာလည်း တကယ့်ကို အဆင့်မရှိတဲ့ အရာတစ်ခုပဲ ဖြစ်ရမယ်"
"ကျွန်တော့်ကို စော်ကားချင်စော်ကားနိုင်ပါတယ်၊ ဒါပေမဲ့ မိကျောင်းဂိုဏ်းကြီးကိုတော့ လုံးဝ စော်ကားခွင့်မရှိဘူး"
ဟွမ်ဇီရှန့်မှ ဒေါသတကြီးဖြင့် ပြန်လည်ချေပလိုက်သည်။ သူသည် ယခုတိုင် ဂိုဏ်းအပေါ်တွင် သစ္စာစောင့်သိတတ်သော စိတ်ဓာတ်အချို့ ရှိနေဆဲ ဖြစ်ပေ၏။
"အိုးဟိုး မင်းမှာ မာနရှိလိမ့်မယ်လို့ ငါ မထင်မှတ်ထားခဲ့ဘူး၊ ဒါပေမဲ့ ငါ သိချင်တာကတော့ မင်းနဲ့ မင်းရဲ့ ညီအစ်ကိုကြားထဲမှာ ဘယ်သူ့ရဲ့ မာနတရားက ပိုပြီးတော့ ခိုင်မာထက်မြက်မလဲဆိုတာပဲ"
ကျိုးဟောက်ယွီမှာ ထိုသို့ပြောလိုက်ရင်း ကြမ်းပြင်ပေါ်တွင် သေချင်ယောင်ဆောင်လျက် လဲလျောင်းနေသော ဆံပင်ဝါရှိရာသို့ ခေါင်းကိုလှည့်၍ စိုက်ကြည့်လိုက်တော့သည်။
"ခင်ဗျား ဘာလုပ်ချင်လို့လဲ၊ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်ပါ၊ ကျေးဇူးပြုပြီး ထပ်ပြီးတော့ မတိုက်ခိုက်ပါနဲ့တော့"
ဟွမ်ဇီရှန့်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။ သူသည် မိမိ၏ ညီအစ်ကိုဖြစ်သူ ဆံပင်ဝါ၏ အလွန်အမင်း သနားစဖွယ် အခြေအနေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ဖြစ်ရာ မိမိကိုယ်တိုင်လည်း ထိုသို့သော လမ်းဆုံးမျိုးဆီသို့ လုံးဝ မရောက်ရှိချင်ပါချေ။
"ငါက ဘာမှလုပ်ဖို့ စိတ်ကူးမရှိဘူး၊ ဒီတိုင်းပဲ မင်းတို့ ညီအစ်ကိုတွေကို ရိုက်မိရင် ဘယ်လိုမျိုး အကျိုးဆက်တွေ ဖြစ်ပေါ်လာမလဲဆိုတာကို သိချင်ရုံသက်သက်ပါပဲ"
ကျိုးဟောက်ယွီမှ ခပ်ဖွဖွ ရယ်မောလျက် ပြောလိုက်တော့သည်။
"အဟွတ် အဟွတ်"
ဟွမ်ဇီရှန့်သည် အလွန်အမင်း အရှက်ရသွားခဲ့ရသဖြင့် ချောင်းနှစ်ချက်ခန့် ဆိုးလိုက်မိရုံမျှသာ တတ်နိုင်ရှာတော့သည်။ ကျိုးဟောက်ယွီ ပြန်လည်ပြောဆိုလိုက်သော စကားလုံးများသည် မူလက မိမိကိုယ်တိုင် ကျိုးဟောက်ယွီအပေါ် မောက်မာစွာ ပြောဆိုခဲ့သော စကားလုံးများပင် ဖြစ်နေခဲ့ရသဖြင့် သူ့ နားထဲတွင် တကယ့်ကို အလွန်အမင်းနားခါးလှသော အရာတစ်ခုဖြစ်နေခဲ့၏။