← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

181

ညနေ ၆နာရီခွဲအချိန်တွင် တစ်နေ့လုံး မှိုင်းထိုင်းနေခဲ့သော ကျိုးဟောက်ယွီ၏ စိတ်အခြေအနေသည် ထူးဆန်းသော ခရီးသည်တစ်ဦးကို တင်ဆောင်ပြီးနောက် ရုတ်တရက် ပေါ့ပါးသွားတော့သည်။ သူသည် လီယုဝမ်ကို ကျောင်းမှ သွားကြိုခါနီးဆဲဆဲမှာပင် ဒီဒီ စနစ်ထံမှ နိုတီတစ်ခု တက်လာခဲ့၏။ ကျိုးဟောက်ယွီ လှမ်းကြည့်လိုက်ရာ လီယုဝမ်၏ ကျောင်းအနီးအနားတွင်ရှိသော “အသေလဲချစ်မယ့် လူပျိုသိုးကြီး” ဟူသော အမည်ဝှက်နှင့် ခရီးသည်တစ်ဦးထံမှ ခေါ်ဆိုမှုဖြစ်ကြောင်း တွေ့လိုက်ရသည်။

'ကွက်တိပဲ ပိုက်ဆံလည်း ရှာနိုင်၊ ကောင်မလေးလည်း သွားကြိုနိုင်ပြီပေါ့'

ကျိုးဟောက်ယွီသည် ဝမ်းသာအားရဖြင့် ကားစတီယာရင်ကို လှည့်ကာ လမ်းတစ်ဖက်ကမ်းသို့ မောင်းနှင်သွားခဲ့သည်။ ကားလေးသည် “မန်လန် ပန်းဆိုင်” မြင်ကွင်းရှေ့တွင် ရပ်တန့်သွားသောအခါ လမ်းဘေးတွင် ထူးဆန်းသော အမျိုးသားတစ်ဦးသည် ဒေစီပန်းစည်းကြီးကို ပိုက်လျက် အတွေးနက်နေသည်ကို တွေ့လိုက်ရ၏။

“ခင်ဗျားက ‘အသေလဲချစ်မယ့် လူပျိုသိုးကြီး’ လား”

ကျိုးဟောက်ယွီ မှန်တံခါးကို ချကာ မျက်နှာအနည်းငယ် ပျက်လျက် မေးလိုက်သည်။ ထိုအမျိုးသားမှာ ကျိုးဟောက်ယွီကို တစ်ချက်လှမ်းကြည့်ပြီး ဘာစကားမျှမဆိုဘဲ ကားတံခါးဖွင့်ကာ တက်ထိုင်လိုက်တော့၏။ ထို့နောက် သူ၏ ဒေစီပန်းစည်းကြီးကို ရင်ခွင်ထဲပိုက်လျက် ငြိမ်သက်စွာ တရားမှတ်နေပြန်သည်။ သူ့မျက်နှာပေးမှာ အလွန်ပင် ခံစားရခက်နေပုံရပြီး မျက်မှောင်ကြီးကို ကြုတ်ထားလေသည်။

'တောက် ဒီကောင် ဝမ်းချုပ်နေတာလား၊ ဒါမှမဟုတ် စိတ်ကျန်းမာရေးဆေးရုံက ထွက်ပြေးလာတာလား'

ကျိုးဟောက်ယွီ စိတ်ထဲမှ ကြံဖန်တွေးတောမိသည်။ ကျိုးဟောက်ယွီ စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် ထိုခရီးသည်မှည ရုတ်တရက် သက်ပြင်းအရှည်ကြီးချကာ ညည်းတွားလိုက်၏။

“အချစ်ဆိုတာ ဘာလဲ"

"အချစ်ဆိုတာ ပြာလွင်တဲ့ ကောင်းကင်နဲ့ တိမ်တိုက်ဖြူဖြူတွေ၊ သာယာတဲ့ ရာသီဥတုမှာ ရုတ်တရက် မိုးကြိုးပစ်ချလိုက်တာမျိုးလား”

ကျိုးဟောက်ယွီ၏ မျက်နှာမှာ မသိမသာ ပျက်သွားပြီး စကားတစ်ခွန်း နှုတ်မှ လွတ်ခနဲ ထွက်သွားတော့သည်။ မထင်မှတ်ဘဲ ထိုအမျိုးသားခရီးသည်၏ မျက်လုံးများ တောက်ပသွားကာ ပါးစပ်ကြီး ဖြဲလျက် သွားများပေါ်လာတော့၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ကျိုးဟောက်ယွီ၏ ပေါင်ကို ရိုက်လိုက်ရာ ကျိုးဟောက်ယွီမှာ လန့်ဖျပ်သွားပြီး ရှေ့မှ လာနေသော ကား၏ ဖင်ကို အရှိန်ပြင်းပြင်းဖြင့် တိုက်မိလုနီးပါး ဖြစ်သွားရရှာသည်။

“ငါ့ရဲ့ အသည်းကျော်ကြီးပါလား၊ မင်းကတော့ ဟန်နုမာန် မျောက်မင်း စေလွှတ်လိုက်တဲ့ ဒဏ္ဍာရီလာ အသည်းကျော်ပဲ ဖြစ်ရမယ်၊ ငါပြောချင်နေတာကို မင်းက ဒီလောက်အထိ ယဉ်ကျေးသိမ်မွေ့ပြီး ခန့်ညားတဲ့ စကားလုံးတွေနဲ့ ပြောချင်ပစ်လိုက်တာပဲ၊ ငါ့ဘဝမှာ ဒီလောက်လှပတဲ့ အဖြေမျိုး တစ်ခါမှ မကြားဖူးသေးဘူး၊ အာ ဘုရားရေ"

ခရီးသည်မှ စိတ်လှုပ်ရှားလွန်းသဖြင့် ခြေဆောင့်ကာ ပြောတော့သည်။

“သေစမ်း၊ ငါက မြတ်စွာဘုရား စေလွှတ်လိုက်တဲ့ ကွမ်ရင်နတ်သမီးများ ဖြစ်နေမလား၊ အသည်းကျော်တဲ့လား"

ကျိုးဟောက်ယွီ၏ ဦးနှောက်မှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။ အစပိုင်းတွင် ထိုသူကို အရူးဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ တကယ့်ကို အရူးအဖြစ် မြင်လာမိတော့၏။

“ဟေ့ သူငယ်ချင်း၊ အတူတူ သွားလည်ကြမလား”

ထိုအမျိုးသားမှာ ပြောရင်း ကျိုးဟောက်ယွီကို မျက်စိတစ်ဖက်ပါ မှိတ်ပြလိုက်သေးသည်။

'အော့ တကယ့် နှာဗူးကြီးပဲ၊ အကြီးစားကြီး'

“အစ်ကို ကျွန်တော်တို့က ရေစက်ပါလာပုံရတယ်၊ နောက်မှ ညဉ့်နက်သန်းခေါင် စကားစမြည် ပြောကြရင်ဘယ်လိုလဲ"

ထိုသူမှာ ကျိုးဟောက်ယွီကို ဇွတ်အတင်း ဖိတ်ခေါ်နေတော့သည်။ ကျိုးဟောက်ယွီ မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေလိုက်၏။

“မဖြစ်နိုင်တာ၊ ငါစိတ်မကြည်သေးဘူး”

“ဟားဟားဟား အစ်ကိုက တကယ့်ကို ရယ်ရတာပဲ၊ ကျွန်တော့်နတ်သမီးလေးထက်တောင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းသေးတယ်၊ အား နှမြောစရာပဲ၊ အစ်ကိုသာ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ရင် ဟဲဟဲဟဲ”

ခရီးသည်မှာ မရိုးမသား ပြုံးလိုက်ရာ ကျိုးဟောက်ယွီ၏ ကျောရိုးထဲအထိ စိမ့်တက်သွားရသည်။ သူ တက္ကစီမောင်းလာတာ ဒီလောက်ကြာဖြစ်၏။ ဝါရင့်ဒရိုင်ဘာတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားပြီး လူပေါင်းစုံကို တင်ခဲ့ဖူးသည်။ နတ်ဘုရားများတောင် သူ့ကားစီးဖူးသော်လည်း ဤကဲ့သို့သော လူစားမျိုးနှင့် တိုးဖူးသည်မှာ ယခုတစ်ကြိမ်က ပထမဆုံးပင်။ တကယ့်ကို မရင့်ကျက်သေးသည့် လူငယ်လေးတစ်ယောက်၏ အတွေးအခေါ်မျိုးပင် ဖြစ်ပေသည်။ ကျိုးဟောက်ယွီ ခြောက်ကပ်ကပ် နှစ်ချက်ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့သလို ဘယ်ကိုသွားမလဲလည်း မမေးတော့ချေ။ သို့သော်လည်း ထိုအမျိုးသားခရီးသည်မှာ ကျိုးဟောက်ယွီကို လွယ်လွယ်နှင့် လွှတ်ပေးရန် မရည်ရွယ်ချေ။

“အစ်ကိုကြီး၊ ခဏနေရင် ကျွန်တော့် နတ်သမီးလေးကို သွားပြီး ဖွင့်ပြောမလို့၊ အကြံဉာဏ်လေး အချို့လောက် ပေးပါဦးလား”

ကျိုးဟောက်ယွီ ဘရိတ်ကို ဆောင့်နင်းလိုက်ရင်း မီးနီနေသော ကားတန်းကြီးနောက်တွင် ရပ်လိုက်သည်။ ကြည့်ရသည်မှာ သူတို့မှာ လမ်းကြောင်းတူ သွားနေကြခြင်းဖြစ်ပေ၏။ ထိုကြောင့်သာ သူဘယ်ကိုသွားရမလဲ မပြောခြင်း ဖြစ်ပေလိမ့်မည်။ ထိုစကားကို ကြားလိုက်ရသောအခါ သူအနောက်သို့ လှည့်၍ ထိုသူကို သေသေချာချာ အကဲခတ်လိုက်ပြီးမှ ပြောလိုက်၏။

“ငတုံးတွေပဲ ဖွင့်ပြောကြတာ၊ အ

ဲ့ဒါက မင်းရဲ့ နတ်သမီးလေးကို မင်းကို ငြင်းပယ်ဖို့ အခွင့်အရေး ပေးလိုက်တာနဲ့ အတူတူပဲ”

“ဒါဆိုရင် မတုံးတဲ့သူတွေကျ ဘာလုပ်ကြလဲ"

“မေ့လိုက်"

“ဟမ်"

“သူမကို ကုတင်ပေါ် ခေါ်သွားပြီး သိပ်လိုက်ရုံပဲ၊ ငါ ဒီလောက်အထိ ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီကို မင်းက အခုထိ သဘောမပေါက်သေးရင်တော့ တစ်သက်လုံး တစ်ကိုယ်တည်းသမား ဖြစ်ဖို့ပဲ ကံပါတာပဲ”

ကျိုးဟောက်ယွီမှာ နဖူးကို လက်ဝါးဖြင့် ရိုက်မိပြန်သည်။ ကောင်မလေးကို ဘယ်လို လိုက်ရမလဲဆိုတာ ခုလေးတင် သင်ခန်းစာ ပေးပြီးရုံရှိသေး ဒီကောင်မှာ အခုထိ နားမလည်သေးချေ။ ခရီးသည်သည် ကျိုးဟောက်ယွီ၏ စကားကြောင့် မှင်တက်သွားရပြီး အချိန်အကြာကြီး စဉ်းစားပြီးမှ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီး၊ အစ်ကိုပြောတာကြီးက ကာမစာပေဆန်ဆန် ညစ်ညမ်းတဲ့ လုပ်ရပ်နဲ့ တူနေတယ်"

“မင်းကတော့ ငတုံးပဲ၊ ဘယ်လိုအချစ်ရေးမျိုးကမှ ညစ်ညမ်းမှု မပါဘဲ ရှိလို့လဲ၊ မင်းက စိတ်ကူးယဉ် အချစ်မျိုးပဲ လိုချင်နေတာတော့ မပြောနဲ့"

'ရုပ်ကိုက မရိုးမသားပုံစံနဲ့၊ ဘာလို့ လူကြီးလူကောင်းလို ဟန်ဆောင်နေရတာလဲ'

“မဟုတ်ပါဘူး၊ အဲ့လိုမျိုးတော့ မဟုတ်ပါဘူး”

ထိုအမျိုးသားခရီးသည်မှာ အနည်းငယ် ရှက်ရွံ့နေသော မျက်နှာပေးဖြင့် မိမိ၏ ရာဂစိတ်ကို ဗြောင်ကျကျ ဝန်ခံလိုက်တော့သည်။

“ဒါဆိုလည်း ပြီးတာပဲ၊ ယောက်ျားဆိုတာ လိုအပ်တဲ့အချိန်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရတယ်၊ အဓိကက မြန်ဆန်တိကျဖို့ပဲ”

ကျိုးဟောက်ယွီ ယုံကြည်မှုအပြည့်ဖြင့် ချေပပြောဆိုလိုက်သည်။

“အစ်ကိုကြီး၊ တကယ်လို့ နတ်သမီးလေးက ကျွန်တော့်အလိုကို မလိုက်ရင် အခြေအနေတွေ မှားယွင်းသွားပြီး အားလုံး ပြီးဆုံးသွားရင် ဘယ်လိုလုပ်မလဲ”

“ငတုံး၊ ဆက်ဆံရေးတစ်ခုကို အဆုံးသတ်ဖို့ဆိုရင်တောင် နည်းလမ်းတွေနဲ့ ထည့်သွင်းစဉ်းစားစရာတွေ လိုအပ်တယ်ဆိုတာ မင်း မသိဘူးလား”

ကျိုးဟောက်ယွီမှာ စိတ်ပျက်စရာ ကောင်းလှသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။

“ဒါဆို ဘယ်လို ပြန်ပြင်ရမလဲ"

ခရီးသည်မှ အရှက်မရှိ မေးမြန်းပြန်သည်။

“အမျိုးသမီးတိုင်းက မတူညီတဲ့ အရောင်အသွေးစုံ လှပတဲ့ မီးရှူးမီးပန်းတွေလိုပဲ၊ ပြောပြမယ် ဥပမာအားဖြင့် မင်းရဲ့ နတ်သမီးလေးက ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ အမျိုးအစားဆိုရင် မင်းက ညင်သာတဲ့ နည်းလမ်းတွေကို သုံးရမယ်၊ သူမကို ခေါ်ပြီး ကြယ်တွေ ရေတွက်ပြရမယ်၊ လမင်းကြီးကို ရေတွက်ပြရမယ်၊ ရေတွက်ရင်း ရေတွက်ရင်းနဲ့ နောက်ဆုံး ကုတင်ပေါ် ရောက်သွားလိမ့်မယ်”

ကျိုးဟောက်ယွီမှ ပြောလိုက်သည်။

“လမင်းကြီးက တစ်စင်းတည်း ရှိတာကို ဘာလို့ ရေတွက်နေရမှာလဲ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ နတ်သမီးလေးက ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ အမျိုးအစား မဟုတ်ဘူး”

ခရီးသည်မှာ ခဏမျှ စဉ်းစားပြီး ပြောသည်။

“ဒါက တင်စားချက်‌လေ တင်စားချက်၊ မင်း နားလည်ရဲ့လား”

ကျိုးဟောက်ယွီမှာ စကားလုံးများပင် ပျောက်ရှလုနီးပါး ဖြစ်သွားရသည်။

“ကဲပါ၊ ဒါဆို မင်းရဲ့ နတ်သမီးလေးက ဘယ်လိုပုံစံမျိုးလဲ၊ ပြီးတော့ ပုံမှန်ဆိုရင် ဘယ်လို အမူအရာမျိုး ရှိလဲဆိုတာ ဖော်ပြစမ်း”

“အင်း အဲ့ဒါက ပြောရခက်တယ်၊ သူမက ညင်သာတယ်လို့ ပြောရအောင်လည်း စိတ်ဆိုးလာရင် ယောက်ျားတွေတောင် တုန်လှုပ်ရတယ်၊ အားကောင်းမောင်းသန် ရှိတယ်လို့ ပြောရအောင်လည်း ဘဲလေးကို ကပြတဲ့အခါ အင်မတန်မှ နွဲ့နှောင်းပြီး ဘဲငန်းမလေး အလားပဲ”

မိမိ၏ နတ်သမီးလေးအကြောင်း ပြောရသောအခါ ထိုခရီးသည်၏ မျက်နှာတစ်ခုလုံး ရူးသွပ်စွဲလမ်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။

“ရင်ထဲမှာ ကျားတစ်ကောင်၊ လက်ထဲမှာ နှင်းဆီတစ်ပွင့် ပေါ့လေ”

“အဲ့ဒီလိုပါပဲ၊ ကျွန်တော့် နတ်သမီးလေးက အသွင်ပေါင်း ၇၂မျိုး ပြောင်းလဲနိုင်တယ်လို့ ခံစားရတယ်”

“သူမက ဟန်နုမာန် မျောက်မင်းက စေလွှတ်လိုက်တာများလား”

ကျိုးဟောက်ယွီ၏ ခေါင်းထဲတွင် မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်သွားသည်။

“ဖြစ်နိုင်တယ်၊ ကျွန်တော့် သတင်းပေးအရဆိုရင် နတ်သမီးလေးက တစ်ခါတုန်းက အိပ်မက်ထဲမှာ ကလေးလေးတစ်ယောက် ယူချင်တယ်လို့ တောင် ညည်းတွားဖူးတယ်တဲ့”

ကျိုးဟောက်ယွီသည် ထိုသူကို ချစ်စရာကောင်းသည်ဟု ခေါ်ရမလား ငတုံးဟုခေါ်ရမလား မဝေခွဲနိုင်တော့ဘဲ ရယ်မောမိလိုက်တော့သည်။ သူသည် စတီယာရင်ကို ရုတ်တရက် ချိုးကွေ့လိုက်ပြီး ကားကို စည်ကားလှသော တက္ကသိုလ်နယ်မြေထဲတွင် ဆိုက်ရပ်လိုက်၏။

“ရောက်ပြီ၊ ပိုက်ဆံရှင်းတာ အတည်ပြုပေးပါဦး”

“အစ်ကိုကြီး၊ အစ်ကိုက ကျွန်တော့် နတ်သမီးလေးကို ဘယ်လိုမျိုး အောင်မြင်အောင် သိမ်းပိုက်ရမလဲဆိုတာ အခုထိ မပြောရသေးဘူးလေ”

ခရီးသည်မှ ပြောလိုက်သည်။

“မင်းရဲ့ နတ်သမီးလေးက ဘဲလေးကတတ်တယ်လို့ ပြောတယ်မဟုတ်လား”

ကျိုးဟောက်ယွီ မေးသည်။

“ဟုတ်တယ်၊ ကျွန်တော်ရှာဖွေထားတဲ့ သတင်းအချက်အလက်တွေအရ နတ်သမီးလေးက အသက်ခြောက်နှစ်ကတည်းက ကကွက်ကို စတင်သင်ယူခဲ့တာ၊ ပြီးတော့ သူမ အကြိုက်ဆုံးကကွက်က ဘဲလေးကကွက်တဲ့”

ခရီးသည်မှာ ကမ္ဘာပေါ်တွင် ထိုသူအကြောင်းကို မိမိအသိဆုံး ဖြစ်သည့်အလား ထူးဆန်းသော ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြောဆိုနေသည်။

“ဒါဆိုရင် မင်းလည်း သူမအတွက် ဘဲ‌‌လေးကို ကပြလိုက်ပေါ့”

ကျိုးဟောက်ယွီမှ မေးစေ့ကို လက်ဖြင့်ထောက်ရင်း အကြံပေးလိုက်သည်။

“ဟမ် ကပြရမယ်၊ ဘဲ‌လေးကကွက်ကိုလား”

“ရှေးစကားပုံတစ်ခု ရှိတယ်မဟုတ်လား၊ ‘အကြိုက်ချင်း တိုက်ဆိုင်အောင် လုပ်ဆောင်ရတယ်’ တဲ့၊ မင်းရဲ့ နတ်သမီးလေးရဲ့စိတ်ကို သိမ်းပိုက်ချင်ရင် သူမအကြိုက်ဆုံး ဘဲလေးကကွက်ကိုသာ ကပြလိုက်စမ်းပါ"

ကျိုးဟောက်ယွီမှည လမ်းမှားသို့ လမ်းညွှန်ပေးရန် ဘာမျှဝန်မလေးခဲ့ချေ။

“အင်း၊ အဲ့ဒါက ယုတ္တိရှိပုံရသားပဲ”

ထိုခရီးသည်က ဖုန်းကိုထုတ်ကာ ပိုက်ဆံရှင်းမှုကို အတည်ပြုပြီးနောက် ပန်းစည်းပိုက်လျက် ကားပေါ်မှ ဆင်းရန်ပြင်စဉ် ကျိုးဟောက်ယွီမှ သူ့ကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။ ထို့နောက် ပန်းစည်းထဲမှ ဒေစီပန်းတစ်ပွင့်ကို ဆွဲနှုတ်လိုက်ပြီး ထိုအမျိုးသားခရီးသည်၏ နားရွက်နောက်တွင်ညှပ်ပေးလိုက်တော့၏။ သူသေသေသပ်သပ် စစ်ဆေးကြည့်ရှုပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကဲ၊ ဒါဆိုရင်တော့ နတ်သမီးလေးရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်မှာ သေချာသွားပြီ၊ အစွမ်းကုန် ကြိုးစားပါ၊ မင်းရဲ့ အချစ်ရှာပုံတော်လုပ်ငန်း အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ နောက်မှ ငါ့ကို ကြယ်ငါးပွင့် ပေးဖို့ မမေ့နဲ့ဦးနော်”

ခရီးသည်က သူ့နားရွက်နောက်မှ ပန်းပွင့်လေးကို ညင်သာစွာထိတွေ့ကြည့်ရင်း ရယ်မောလိုက်ရာ ကျိုးဟောက်ယွီမှလည်း လက်မထောင်ပြလိုက်သည်။ ထိုခရီးသည်သည် ယုံကြည်မှုအပြည့်ဖြင့် ကားပေါ်မှ ဆင်းကာ ကျောင်းဂိတ်ဝဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့၏။ ကျိုးဟောက်ယွီသည် လီယုဝမ်ထံသို့ ဖုန်းခေါ်ဆိုလိုက်ပြီး ဂိတ်ဝတွင် ခဏမျှ စောင့်ဆိုင်းနေစဉ်မှာပင် ထိုရင်းနှီးလှသောမျက်နှာလေးသည် သူ့အမြင်အာရုံထဲသို့ အမြန်ဆုံး ရောက်ရှိလာခဲ့သည်။ လီယုဝမ်သည် အနီရောင် ခရီးဆောင်သေတ္တာကြီးကို ဆွဲလျက် မောဟိုက်စွာဖြင့် ပြေးလာခဲ့၏။ ဟောက်ယွီ ကားပေါ်မှ အမြန်ဆင်းကာ လီယုဝမ်၏ အထုပ်အပိုးများကို ယူ၍ နောက်ဖုံးအိတ်ထဲသို့ ထည့်ပေးလိုက်သည်။

“အစ်ကိုဟောက်ယွီ၊ အစောကြီး ရောက်နေရလို့ အားနာလိုက်တာ၊ ညီမတို့ရဲ့ ပါမောက္ခက ကိစ္စတစ်ခုရှိလို့ ခေါ်ပြီး စကားနည်းနည်း ပြောနေရလို့ပါ”

“ရပါတယ်၊ အစ်ကိုလည်း ခုလေးတင် ရောက်တာပါ၊ ကားပေါ်တက် အစ်ကို အိမ်တစ်လုံး ငှားထားတယ်၊ လိုက်ကြည့်ရအောင်”

လီယုဝမ်သည် သဘာဝကျကျပင် ဟောက်ယွီ၏ လက်မောင်းကို တွဲလိုက်သည်။ သူတို့ ကားပေါ်တက်ရန် ပြင်ဆင်နေစဉ်မှာပင် ကျောင်းဂိတ်ဝတွင် လူစုလူဝေးကြီးတစ်ခု စုအုံနေသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြ၏။ လီယုဝမ်မှာ လူစုလူဝေးမြင်လျှင် သွားကြည့်ချင်တတ်သော မိန်းကလေးတစ်ဦးဖြစ်သဖြင့် ဟောက်ယွီကို ဇွတ်အတင်း ဆွဲခေါ်ကာ သွားရောက်ကြည့်ရှုကြတော့သည်။ လူစုလူဝေးကြီးမှာ ပိုမိုကြီးမားလာပြီး အလယ်ဗဟိုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အပြန်အလှန် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ထိုအမျိုးသားမှာ သူ၏ အဖြူရောင်ကုတ်အင်္ကျီကို ချွတ်ကာ ခါးတွင် စည်းနှောင်လိုက်ပြီး ဖုန်းကို နှိပ်လိုက်ရာ “ဘဲငန်းငယ်လေးများ၏ ကကွက်” တေးဂီတသံမှာ ချက်ချင်း ထွက်ပေါ်လာတော့သည်။ ထိုအမျိုးသားသည် ဂီတစည်းချက်အတိုင်း လှုပ်ရှားရင်း ခြေဖျားထောက်ကာ ဘဲလေးကကွက်ကို ဟာသဆန်စွာ စတင်ကပြလေတော့၏။ ကျိုးဟောက်ယွီသည် ထိုကပြနေသူနှင့် သူ၏ နားရွက်နောက်မှ ညှပ်ထားသော ဒေစီပန်းပွင့်လေးကို မြင်လိုက်ရသောအခါ မရယ်ဘဲ မနေနိုင်တော့ချေ။

ကျိုးဟောက်ယွီ အလယ်ဗဟိုမှ အမျိုးသမီးထံသို့ အာရုံစိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ တောက်ပနေပြီး အလှအပမှာလည်း ထူးကဲလှကာ ကိုယ်ဟန်အမူအရာမှာလည်း နွဲ့နှောင်းလှရာ တကယ့်ကို နတ်သမီးတစ်ပါးအလားပင်။ ထိုစဉ် ထိုနတ်သမီးလေးသည် ကပြနေသော ထိုအမျိုးသားကိုကြည့်ကာ မှင်တက်နေမိပြီး သူမမျက်နှာထက်တွင် ခေတ္တမျှ အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားလှသော ခံစားချက်များဖြင့် ပြည့်နှက်သွားတော့၏။

All Chapters