← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

182

ထိုအမျိုးသား ကကွက်ကို အဆုံးသတ်လိုက်သည်နှင့် တစ်ပြိုင်နက် လူစုလူဝေးကြီးဆီမှ သောင်းသောင်းဖျဖျ လက်ခုပ်သံများနှင့် အော်ဟစ်အားပေးသံများသည် ချန်ထန်မြစ် ၏ ဒီရေလှိုင်းကြီးများအလား ဆူညံစွာ ထွက်ပေါ်လာပြီး နတ်သမီးလေး၏ စိတ်လှုပ်ရှားမှုကို အထွတ်အထိပ်သို့ တွန်းပို့ပေးလိုက်တော့သည်။ အမျိုးသားသည် သူမ ခေတ္တမျှ မှင်တက်နေခိုက်ကို အခွင့်ကောင်းယူကာ သူမလက်ကို ချက်ချင်းဖမ်းဆွဲ၍ ဒူးတစ်ဖက်ထောက်လျက် ပါးချိုင့်လေးများ ပေါ်သည်အထိ တောက်ပစွာ ပြုံးပြလိုက်၏။ နတ်သမီးလေးသည်လည်း ထိုလူငယ်လေး၏ ဖြူစင်ရိုးသားလှသော မျက်လုံးများကြောင့် စိတ်လှုပ်ရှားသွားရပြီး ပြင်းထန်သော အရက်တစ်ခွက်ကို သောက်မိလိုက်သည့်အလား ရီဝေမူးယစ်သွားရှာသည်။ အမျိုးသားမှာ အကွက်ကောင်းကို ဆက်နင်းပြီး ပြောလိုက်သည်။

“ဒီကိုလာတဲ့ လမ်းမှာ ငါ့အစ်ကိုကြီးတစ်ယောက်က ပြောတယ်၊ အချစ်ဆိုတာ ပြာလွင်တဲ့ ကောင်းကင်နဲ့ တိမ်တိုက်ဖြူဖြူတွေ၊ သာယာတဲ့ ရာသီဥတုမှာ ရုတ်တရက် မိုးကြိုးပစ်ချလိုက်တာမျိုးတဲ့၊ အစကတော့ ကျွန်တော် နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစားကြည့်တော့ တကယ်မှန်တာပဲ၊ နတ်သမီးလေး၊ မင်းရဲ့ အလှအပက မုန်တိုင်းတစ်ခုဆိုရင်တော့ အဲ့ဒီမုန်တိုင်းက ဒီထက်မက ပိုပြီး ပြင်းထန်လာဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်၊ ငါ့ရဲ့ ရည်းစားဖြစ်ပေးပါ"

သူသည် ပြောပြောဆိုဆိုဖြင့် သူမ၏ လက်ဖမိုးလေးကို ညင်သာစွာ နမ်းရှုတ်လိုက်သည်။ နတ်သမီးလေးသည် ရှက်သွေးဖြန်းကာ မျက်နှာနီမြန်းလျက် ခြေဆောင့်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ လူအုပ်ကြီးထဲမှ ထွက်ပြေးသွားတော့၏။ ထိုအမျိုးသားသည်လည်း အခြေအနေကို သဘောပေါက်သွားပြီး အနောက်မှ အပြေးအလွှား လိုက်လံဖမ်းဆွဲရတော့သည်။ ထိုသို့ ပြေးသွားစဉ် ဘေးမှ ကြည့်နေသော ကျိုးဟောက်ယွီကို လှမ်းမြင်လိုက်ရသဖြင့် ကျေးဇူးတင်ရှိကြောင်း ပြသသော မျက်လုံးတစ်ချက်မှိတ် ပြခဲ့သေး၏။ အဓိကဇာတ်ကောင်များ ထွက်ခွာသွားသော်လည်း ဘေးမှကြည့်နေသူများမှာမူ ထိုလိုက်ဖက်လှသော စုံတွဲအကြောင်းကို တသသ ပြောမကုန် ဖြစ်နေကြသည်။ အထူးသဖြင့် လူငယ်သဘာဝ မိန်းကလေးငယ်တစ်ဦးဖြစ်သည့် လီယုဝမ်ပင်။ ဘယ်မိန်းကလေးများ ရိုမန်းတစ်ဆန်တဲ့ အချစ်မျိုးကို စိတ်မကူးယဉ်ဖူးဘဲ နေမလဲ။

“အစ်ကိုဟောက်ယွီ၊ ညီမ အဲ့ဒီမိန်းကလေးကို အရမ်းအားကျတာပဲ၊ တကယ်လို့ တစ်ယောက်ယောက်က ညီမကို အဲ့လိုမျိုး လာပြီး ဖွင့်ပြောရင် နောက်နေ့မှာတင် တရားရုံးကို သွားပြီး လက်ထပ်စာချုပ် တန်းချုပ်ပစ်လိုက်မယ်"

လီယုဝမ်မှ နှုတ်ခမ်းလေးစူကာ ကျိုးဟောက်ယွီ၏ လက်မောင်းကို လှုပ်ခါရင်း ပြောသည်။

“ကလေးမလေ၊ မင်းက ဒါကို ကလေးကစားစရာ အမှတ်နေလို့လား၊ အချစ်ဆိုတာ အရသာရှိတဲ့ အဖျော်ယမကာတစ်ခွက်ဆိုပေမဲ့ မျက်စိမှိတ်ပြီးတော့တော့ အလွန်အကျွံ မစွဲလမ်းသင့်ဘူး”

ကျိုးဟောက်ယွီမှာ လီယုဝမ်၏ ဆံပင်များကို ဖွပစ်လိုက်ရင်း ပြောသည်။

“ဟွန့်၊ စိတ်ကူးယဉ်လို့တောင် မရဘူးလား၊ အစ်ကိုတစ်ယောက်အနေနဲ့ အစ်ကိုက တာဝန် လုံးဝမကျေဘူး၊ ညီမနဲ့အတူ လိုက်ပြီး စိတ်ကူးယဉ်ပေးဖို့ စိတ်ကူးတောင်မရှိဘူး၊ ဟွန်း အစ်ကို့ကို စကားမပြောတော့ဘူး"

လီယုဝမ်မှ နှာမှုတ်ကာ ကျိုးဟောက်ယွီ၏ ကားဆီသို့ ဆောင့်အောင့်ပြီး လျှောက်သွားတော့သည်။ ကျိုးဟောက်ယွီမှာမူ ထိုနေရာတွင်တင် ကျန်ရစ်ခဲ့ပြီး မတတ်နိုင်သည့်အလား ခေါင်းကိုသာ ရမ်းမိတော့၏။

“ဟူး၊ မိန်းမတွေရဲ့ စိတ်ဆိုတာ ပင်လယ်ရေအောက်က အပ်တစ်ချောင်းကို ရှာရသလိုပါပဲလား”

ကျိုးဟောက်ယွီ ရယ်မောရင်း သူမအနောက်သို့ လိုက်သွားခဲ့သည်။ လီယုဝမ်မှာတော့ အခုထိ စိတ်ကောက်နေဆဲ ဖြစ်ပြီး မျက်နှာလေးမှာ ကလေးတစ်ယောက်လို အေးစက်နေဆဲပင်။ ကျိုးဟောက်ယွီမှာ ကားတံခါး ဖွင့်ပေးရန် ပြင်သော်လည်း သူမမှ ငြင်းပယ်ခဲ့သည်။

“ဒါဆိုရင်လည်း မင်းရဲ့ အမူအရာအတိုင်း ငါလိုက်လုပ်ပြီး သရုပ်ဆောင်ပြတာပေါ့၊ အားးး"

ကျိုးဟောက်ယွီမှာ ဓားမြှောင်တစ်လက်ကို ကိုင်ပြီး မိမိ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည့် အမူအရာကို လုပ်ပြကာ အသံကောင်းကောင်းဖြင့် အော်ဟစ်လိုက်သည်။ လီယုဝမ်သည် ရယ်မောမိသွားပြီး သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်ရယ်မောသံများ ပြန်လည်လွှမ်းမိုးသွားတော့၏။

“နောက်ဆုံးတော့ ပြုံးနိုင်ပြီပေါ့၊ ကဲ သွားကြစို့၊ အိမ်အသစ်ကို အစ်ကို လိုက်ပြမယ်”

ကျိုးဟောက်ယွီမှ လီယုဝမ်အတွက် ကားတံခါး ဖွင့်ပေးလိုက်သည်။ နှစ်ဦးသား ကားပေါ်သို့ တက်ထိုင်လိုက်ကြပြီးနောက် ကျိုးဟောက်ယွီမှာ လီဗာကို နင်းကာ ကားတန်းကြီးထဲသို့ လျှောက်မောင်းလာခဲ့၏။ ဆယ်မိနစ်ခန့် မောင်းနှင်ပြီးနောက် အလယ်အလတ်တန်းစား လူနေအိမ်ရာတစ်ခုဖြစ်သည့် “ရုမ့်ကျင်း မြို့သစ်” ထဲသို့ ဝင်ရောက်လာခဲ့၏။ ကားလေးသည် တိုက်ခန်းအဆောက်အအုံရှေ့တွင် ရပ်တန့်သွားသည်။ နှစ်ဦးသား ကားပေါ်မှဆင်းကာ အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ လမ်းလျှောက်ရင်း ကျိုးဟောက်ယွီမှ ပြောလေ၏။

“လူတွေပြောလေ့ရှိတဲ့ စကားပုံတစ်ခု ရှိတယ်လေ၊ ပထမထပ်က ညစ်ပတ်တယ်၊ ဒုတိယထပ်က ရှုပ်ပွတယ်၊ တတိယထပ်နဲ့ စတုတ္ထထပ်ကတော့ အရာရှိကြီးတွေအတွက်တဲ့၊ ဒါကြောင့် အစ်ကိုက မင်းအတွက် စတုတ္ထထပ်က အခန်းကို အထူးတလည် ရှာပေးထားတာ၊ ဒီလိုဆိုရင် အထပ်ကလည်း သိပ်မမြင့်လှသလို လှေကားတက်ဆင်းရင်း ကိုယ်လက်လှုပ်ရှားမှုလည်း ရတာပေါ့၊ အဓိကအကျဆုံးကတော့ မင်းရဲ့ ကျောင်းနဲ့ နီးတာပဲ”

“ကျေးဇူးတင်ပါတယ် အစ်ကိုဟောက်ယွီ၊ အစ်ကိုက ညီမအပေါ် အရမ်းကောင်းတာပဲ၊ ညီမ တကယ် စိတ်လှုပ်ရှားမိပါတယ်”

“မင်းကတော့ ကလေးအကွက်‌တွေ ထပ်လုပ်ပြန်ပြီ၊ မင်းက အစ်ကို့ရဲ့ တစ်ဦးတည်းသော ညီမလေးပဲလေ၊ အစ်ကိုက မင်းအပေါ်မကောင်းရင် ဘယ်သူ့အပေါ် သွားကောင်းရမှာလဲ”

ကျိုးဟောက်ယွီမှ လီယုဝမ်၏ ပါးပြင်လေးကို ဆွဲလိုက်သည်။

“ဟဲဟဲ အစ်ကိုဟောက်ယွီ၊ ညီမအပေါ်ကို နည်းနည်းလောက် ရက်စက်ပေးဖို့ တကယ် မျှော်လင့်မိပါတယ်၊ အစ်ကို့ရဲ့ သေသေချာချာ ကာကွယ်စောင့်ရှောက်မှုအောက်မှာ အမြဲတမ်း နေရလွန်းလို့ ညီမမှာ ပျော်ရွှင်မှုတွေနဲ့ ပျော်မွေ့နေပြီ၊ အခု ညီမဘယ်လောက်တောင် ပျော်နေလဲဆိုတာ ဖူအာခန်း ကိုတောင် သွားမေးရမလို ဖြစ်နေပြီ”

လီယုဝမ်မှ စနောက်ကာ ပြောသည်။

"အမလေး ဘုရားရေ၊ ညီမလေးမှာ ဒီလို ဟာသဉာဏ်မျိုး ရှိနေမှန်း အစ်ကို အရင်က မသိခဲ့ဘူးပဲ”

ကျိုးဟောက်ယွီမှ ကျီစယ်လိုက်သည်။ မောင်နှမနှစ်ဦးသည် စကားတပြောပြော ရယ်မောရင်း စတုတ္ထထပ်သို့ ရောက်ရှိသွားကာ အခန်းထဲသို့ ဝင်ခဲ့ကြ၏။ အခန်းတွင်းသည် လင်းထိန်ကာ လေဝင်လေထွက် ကောင်းမွန်လှသည်။ ကျိုးဟောက်ယွီမှာ သူမအတွက် နေရောင်ခြည် ကောင်းကောင်းရပြီး သဘာဝအလင်းရောင် စီးဆင်းမှု ကောင်းမွန်သော အခန်းကို ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုလဲ စိတ်တိုင်းကျရဲ့လား”

ကျိုးဟောက်ယွီမှ လီယုဝမ်၏ ခရီးဆောင်သေတ္တာကို အခန်းထဲသို့ သယ်ဆောင်ပေးရင်း မေးလိုက်သည်။

“ဒါက ညီမ စိတ်ကူးယဉ်ခဲ့တဲ့ အိမ်လေးအတိုင်းပဲ"

“ဒီလို အိမ်သေးသေးလေးကိုတင် မင်းက စိတ်တိုင်းကျနေရတာလား၊ ကြည့်စမ်း ရည်မှန်းချက် မရှိတာပဲ၊ မင်းအနေနဲ့ ဖား‌လေးရဲ့ အိပ်မက်တွေကို ပြောင်းလဲပြီး ဖားပြုပ်ကြီးဆီကနေ သင်ခန်းစာယူသင့်တယ်၊ စိတ်ကူးအိပ်မက်ကြီးကြီးထားမှ အောင်မြင်မှာပေါ့”

“ဟဲဟဲ၊ ဖားပြုပ်ကြီး ဖြစ်ရတာ လွယ်ကူပေမဲ့ ညီမကတော့ ခြေသုံးချောင်းပါတဲ့ ရွှေဖားပြုပ်ကြီး ဖြစ်ဖို့တောင် စိတ်မကူးရဲပါဘူး”

“ဒါဆိုရင် ‘ရင်ထဲက ဘီလူးကြီးကို နှိုးဆွခြင်း’ ဆိုရင်ကော ဘယ်လိုလဲ”

“ဟဲဟဲ၊ အဲ့ဒါကို နောက်မှ ပြောကြတာပေါ့၊ အခုလောလောဆယ်တော့ ညီမရဲ့ ဗိုက်က အစာတောင်းနေပြီမလို့ အဲ့ဒီပုန်ကန်မှုကို နှိမ်နင်းဖို့ အစားအစာတွေ အရေးတကြီး လိုအပ်နေပြီ”

“ဒီနေ့ကို အိမ်တက်မင်္ဂလာလို့ပဲ သတ်မှတ်လိုက်ကြစို့၊ လာ အစ်ကို မင်းကို ကောင်းကောင်း လိုက်ကျွေးမယ်”

ကျိုးဟောက်ယွီမှ လက်ကို သဘောသဘာဝကြီးစွာ ဝေ့ယမ်းပြလိုက်ပြီး လီယုဝမ်ကို အောက်ထပ်သို့ ခေါ်ဆောင်လာခဲ့သည်။ သူတို့ ကားပေါ်တက်ကာ ရုမ့်ကျင်းမြို့သစ်မှ ထွက်ခွာခဲ့ကြပြီး အနီးအနားရှိ စားသောက်ဆိုင်တစ်ခုတွင် အရသာရှိလှသော ပင်လယ်စာများကို မြိန်ရှက်စွာ သုံးဆောင်ခဲ့ကြတော့၏။ ပင်လယ်စာစားသောက်ဆိုင်မှ ထွက်လာပြီးနောက် လီယုဝမ်မှ ပြောသည်။

“အစ်ကိုဟောက်ယွီ၊ ဒီနေ့ည ညီမ အများကြီး စားမိသွားတယ်၊ ညီမနဲ့အတူ လမ်းလျှောက်ပေးမလား”

ကျိုးဟောက်ယွီမှ ခေါင်းငြိမ့်ကာ

သဘောတူလိုက်သည်။ လီယုဝမ်သည် ကျိုးဟောက်ယွီ၏ လက်မောင်းကို သံယောဇဉ်တကြီး တွဲလိုက်ပြီး သူမ၏ ခေါင်းလေးကို သူ့အပေါ်သို့ တမင်တကာ မှီတွဲထားလိုက်၏။ နှစ်ဦးသား ချွန်းဖုန်းလမ်းမကြီး အတိုင်း အေးအေးလူလူ လျှောက်လှမ်းလာစဉ် စုံတွဲတစ်တွဲသည် သူတို့ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။ ကျိုးဟောက်ယွီသည် ထိုမိန်းကလေးမှ အမျိုးသားကို ဆူပူကြိမ်းမောင်းနေသော စကားသံကို အတိုင်းသား ကြားလိုက်ရသည်။

“သူများရည်းစားတွေကို ကြည့်ဦး၊ လမ်းလျှောက်ရင် ရည်းစားရဲ့ လက်မောင်းကို တွဲပြီး ဖြည်းဖြည်းချင်း လျှောက်ရမှန်း သိကြတယ်၊ နင်ကကျတော့ ငါနဲ့ လမ်းလျှောက်ရင် အမြဲတမ်း အမြန်ကြီး လျှောက်တာပဲ၊ အနောက်ကနေ ခွေးလိုက်ကိုက်နေလို့လား မသိဘူး”

ထိုအမျိုးသားမှ ညည်းတွားသည်။

“အနောက်မှာ ရှိနေတာ မင်း မဟုတ်ဘူးလား”

“အမ‌လေး၊ နင်က တကယ့်ကို သွေးအေးတဲ့ လူယုတ်မာပဲ၊ ငါ့ကို ခွေးလို့ ပြောရဲတယ်ပေါ့၊ ပြောစမ်း နင်ဒီနှစ်ထဲမှာ တစ်ယောက်ထဲပြန်ဖြစ်ချင်နေတာလား"

ထိုစုံတွဲသည် ပန်းပွင့်များကြားမှ လိပ်ပြာနှစ်ကောင်အလား တဟားဟား ရယ်မောကျီစယ်ရင်း အနောက်မှ လိုက်လံဆော့ကစားနေကြရာ သူတို့၏ ချစ်ခင်ကြင်နာမှုမှာ အမှန်ပင် အားကျစရာ ကောင်းလှသည်။ သို့သော်လည်း ကျိုးဟောက်ယွီမှာမူ ဘာမှမခံစားရချေ။ သူတစ်ပါး၏ စကားကြောင့် လှုံ့ဆော်မှု ခံလိုက်ရသဖြင့် သူခေါင်းလှည့်ကြည့်လိုက်ရာ လီယုဝမ်သည် မိမိ၏ လက်မောင်းကို သံယောဇဉ်တကြီး ဖက်တွဲထားပြီး ခေါင်းကို ပုခုံးပေါ် မှီထားသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာထက်တွင် နွေဦးရာသီ၏ ပျော်ရွှင်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ လူငယ်သဘာဝ စွဲလမ်းနှစ်သက်မှုပုံရိပ် အပြည့် ရှိနေသည်။ အခြားသူများမှာ သူတို့၏ ဆက်ဆံရေးကို အထင်မှားကြသည်မှာ မဆန်းချေ။ ကျိုးဟောက်ယွီသည် မိမိ၏ လက်မောင်းကို လီယုဝမ်ထံမှ ပြန်လည်ရုန်းထွက်လိုက်ပြီး ရှေ့မှ ကုန်တိုက်ကြီးကို ညွှန်ပြကာ ပြောလိုက်၏။

“ယုဝမ်၊ မင်း ခရီးဆောင်သေတ္တာ အနည်းငယ်ပဲ ယူလာတာကို အစ်ကို တွေ့မိတယ်၊ အသုံးအဆောင် ပစ္စည်းတော်တော်များများ ကျန်ခဲ့ပုံရတယ် မဟုတ်လား”

လီယုဝမ်သည် ဘာမျှ သံသယမဝင်ဘဲ သူမ၏ နဖူးလေးကို ချစ်စရာကောင်းစွာ ရိုက်လိုက်သည်။

“အော် ဟုတ်သားပဲ၊ ပြန်ခါနီးကျရင် နေ့စဉ်သုံး ပစ္စည်းအချို့ ဝယ်ဖို့ အစ်ကို့ကို ပြောမလို့ပဲ မေ့တော့မလို့”

နှစ်ဦးသား ကုန်တိုက်ကြီးထဲသို့ တစ်ဦးနောက်တစ်ဦး ဝင်ရောက်ခဲ့ကြသည်။ ကျိုးဟောက်ယွီမှာ ဈေးဝယ်လှည်းကို တွန်းပေးထားပြီး လီယုဝမ်မှာတော့ မုန့်သရေစာ အရောင်းကောင်တာထံသို့ အရင်ဆုံး သွားရောက်ကာ အာလူးကြော်ထုပ်များကို ဈေးဝယ်လှည်းထဲသို့ ဘတ်စကက်ဘော ပစ်သွင်းသည့်အလား ဝမ်းသာအားရ ပစ်ထည့်နေတော့၏။ လီယုဝမ်သည် ဈေးဝယ်လှည်းကို မျက်နှာမူလျက် အနောက်သို့ ဆုတ်ကာ မိမိနှစ်သက်ရာ ပစ္စည်းများကို ရွေးချယ်နေခဲ့သည်။ သူမ စိတ်လှုပ်ရှားလွန်းသဖြင့် ဖြစ်ပေလိမ့်မည်။ အနောက်မှ ဝတုတ်တုတ် ကောင်လေးတစ်ယောက်ကို မတော်တဆ တိုက်မိသွားခဲ့သည်။ လီယုဝမ်မှာ တောင်းပန်ရန် ပြင်လိုက်စဉ်မှာပင် ထိုကောင်လေးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အော်ဟစ်ငိုယိုလေတော့၏။ ထိုဆူညံသံကြောင့် ဝဖြိုးလှသော အမျိုးသမီးတစ်ဦးသည် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သူ့သားဖြစ်သူ မြေပြင်ပေါ်တွင် ထိုင်နေသည်ကို မြင်သောအခါ လီယုဝမ်မှ ကောင်လေးကို ထူပေးရန် ကြိုးစားသော်လည်း ထိုအမျိုးသမီးမှာ သူမကို အရှိန်ပြင်းပြင်းဖြင့် တွန်းဖယ်ပစ်လိုက်ရာ လီယုဝမ်မှာ လဲကျလုနီးပါး ဖြစ်သွားရ၏။

“နင် မျက်စိမပါဘူးလား၊ လမ်းကို ဘယ်လို လျှောက်နေတာလဲ၊ မျက်စိမကောင်းရင် အပြင်ထွက်ပြီး ဒုက္ခမပေးနဲ့၊ တကယ်လို့ ငါ့သားကို ထိခိုက်သွားရင် နင့်ကိုဆယ်ယောက်ရောင်းရင်တောင် လျော်နိုင်မှာမဟုတ်ဘူး"

ကျိုးဟောက်ယွီသည် လီယုဝမ်ကို အမြန်ဆုံး တွဲထူပေးလိုက်ပြီး ထိုအမျိုးသမီးကို ပြန်လည်ကြိမ်းမောင်းရန် ပြင်လိုက်သည်။ လီယုဝမ်မှ အခြေအနေကို သဘောပေါက်သဖြင့် သူ့ကို ပြန်ဆွဲထားလိုက်၏။

“အစ်ကိုဟောက်ယွီ ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် ညီမကပဲ မတော်တဆ တိုက်မိသွားတာလေ၊ သူမက သားဖြစ်သူအတွက် စိုးရိမ်လို့ စကားနည်းနည်း ကြမ်းသွားတာပါ”

ကျိုးဟောက်ယွီမှ နှာခေါင်းရှုံ့လိုက်ပြီး ထိုအမျိုးသမီးကို အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားက ခင်ဗျားရဲ့သားကို သတ်ပစ်လိုက်ရင်တောင် ငါအေးဆေး လျော်ပေးနိုင်တယ်”

ထိုအမျိုးသမီးသည် ချက်ချင်းပင် ခါးထောက်လျက် မတ်တတ်ရပ်လိုက်ပြီး မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်သွားတော့သည်။ ကြည့်ရသည်မှာ ရန်ပွဲတစ်ခု ချက်ချင်း ဖြစ်ပွားတော့မည့်အလားပင်။ ကျိုးဟောက်ယွီအတွက် ဒုက္ခမရှာပေးချင်သဖြင့် လီယုဝမ်သည် သူ့ကို စူပါမားကတ်အပြင်ဘက်သို့ အမြန်ဆုံး ဆွဲခေါ်လာခဲ့တော့သည်။

All Chapters