← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

184

ကျိုးဟောက်ယွီသည် ထိုအရေးမပါသည့် အသေးအဖွဲကိစ္စကို ဂရုမစိုက်တော့ဘဲ ဒီဒီဆက်မောင်းရန် ပြင်နေစဉ် သူ့ဖုန်းမြည်လာသည်။ ဆွန်းချန်ထံမှ ဖြစ်၏။

“ဟေ့ ချန်ဇီ၊ ဘာကိစ္စရှိလို့လဲ”

ကျိုးဟောက်ယွီမှ မေးလိုက်သည်။

“ဟောက်ယွီ၊ မင်းအစ်မ ငါ့ဆီ ဖုန်းဆက်တယ်၊ မင်းဆီ ဖုန်းဆက်တာ ဆက်သွယ်လို့မရဘူး၊ ဘယ်သူမှလည်း ဖုန်းမကိုင်ဘူးတဲ့၊ မင်းဆီ လာလည်ချင်လို့တဲ့၊ မင်းနဲ့တွေ့ရင် တစ်ချက်ပြောပေးပါဆိုလို့”

“ဘာ၊ ငါ့အစ်မ လာမလို့ ဟုတ်လား၊ ဒုက္ခပါပဲ ငါ ဘယ်လိုလုပ်ရမလဲ”

ကျိုးဟောက်ယွီသည် စတီယာရင်ကို ထုရိုက်ရင်း အော်ဟစ်ညည်းတွားတော့သည်။ ကျိုးဟောက်ယွီ၏ မိဘများမှာ ကွာရှင်းထားကြပြီး ဖခင်ဖြစ်သူမှာလည်း စောစောစီးစီး ကွယ်လွန်သွားခဲ့၏။ သူ့အစ်မဖြစ်သူသာ သူ့ကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့ပြီး အစ်မဖြစ်သူ အိမ်ထောင်မကျမီအထိ မောင်နှမနှစ်ယောက် အတူတူ ရုန်းကန်ခဲ့ကြရသည်။ နောက်ပိုင်းတွင် ကျိုးဟောက်ယွီမှာ ဤမြို့သို့ အလုပ်လာလုပ်သဖြင့် သူတို့အကြား ဆက်သွယ်မှု တဖြည်းဖြည်း နည်းပါးသွားခဲ့သည်။ သူသည် သူ့အစ်မကို ဘယ်လောက်တောင် ကြောက်ရွံ့ရိုသေသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ ကျိုးဟောက်ယွီ၏ မျက်လုံးထဲတွင် ကျိုးမင်ဟာ အစ်မတစ်ယောက်သာမက မိခင်တစ်ယောက်လိုလည်း ဖြစ်ပြီး သူလိုအပ်ခဲ့သမျှ မိခင်မေတ္တာကို ဖြည့်ဆည်းပေးခဲ့သူ ဖြစ်သည်။

“ဖြစ်သလိုပဲ ထားလိုက်ပါတော့”

ဆွန်းချန်မှ တစ်ဖက်လူ ဒုက္ခရောက်နေသည်ကို ကြည့်ကာ ခပ်နောက်နောက် လေသံဖြင့် ပြောလိုက်သည်။

“ဘာကိုဖြစ်သလိုလဲ၊ ငါ့အစ်မ လာတာကို ဟိုတယ်မှာပဲ သွားတည်းခိုင်းလို့ ဘယ်ဖြစ်မလဲ၊ ပြီးတော့ သူက ဒီလောက်အဝေးကြီးကနေ တကူးတက လာတာ၊ အပြင်ခေါ်သွားပြီး မုန့်ကျွေး လျှောက်လည်ရဦးမယ်၊ ဒါပေမဲ့ ငါ့မှာ ပိုက်ဆံမရှိဘူး ပိုက်ဆံ”

ကျိုးဟောက်ယွီတစ်ယောက် ရူးမတတ် ဖြစ်သွားရသည်။ ကျိုးမင်ကို သူဘယ်လိုဘဝမျိုးနဲ့ ရှင်သန်နေထိုင်နေရသည်ကို လုံးဝ အသိမပေးချင်ပေ။ ကျိုးမင်သာ သိသွားလျှင် ရင်ကျိုးရရှာပေလိမ့်မည်။ တစ်ဖက်တွင်လည်း သူအသက်အရွယ်ရနေပြီဖြစ်ရာ အစ်မဖြစ်သူအပေါ် ထပ်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တော့ချေ။ သူ့မှာ လက်ခြေအစုံရှိပြီး ကိုယ့်ကိုယ်ကို ရှာဖွေကျွေးမွေးနိုင်သည်။ ဘဝမှာ ခက်ခဲပါစေဦးတော့ သူပျော်ပါ၏။

“ပိုက်ဆံကိစ္စဆိုရင်တော့ စိတ်မရှိပါနဲ့ ငါလည်း မတတ်နိုင်ဘူး၊ ငါ့အခြေအနေကိုလည်း မင်းသိတာပဲ၊ ဟေ့ မင်း ဟိုသူဌေးသမီးလေးနဲ့ သိတယ်မဟုတ်လား၊ သူ့ဆီကပဲ နည်းနည်းပါးပါး ချေးလိုက်ပါလား”

ဆွန်းချန်မှ အကြံပေးသည်။

“ဝေ့ရှီယုလား၊ သူကတော့ မဖြစ်နိုင်ဘူး”

ကျိုးဟောက်ယွီမှ ငြင်းလိုက်သည်။

“ဘာလို့ မဖြစ်ရမှာလဲ”

"ငါပြောလည်း မင်းနားလည်မှာမဟုတ်ပါဘူးကွာ၊ ဖုန်းချလိုက်တော့မယ်”

ကျိုးဟောက်ယွီသည် သက်ပြင်းတစ်ချက်ချရင်း နဖူးကို ပွတ်သပ်မိသည်။ သူ ထိုသူဌေးသမီးလေးထံတွင် ယွမ်လေးသောင်းတောင် အကြွေးတင်နေပြီးသားဖြစ်ကြောင်း ထပ်ချေးဖို့ဆိုလျှင် ယခင်ပိုက်ဆံအချို့ကို အရင်ပြန်ဆပ်ရဦးမည်ဖြစ်ကြောင်း သူတစ်ပါးကို ဘယ်လိုလုပ် ပြောပြနိုင်ပါမည်နည်း။ တကယ့်ကို “မိုးရွာရက် အခါလွန်၊ ဖျားရက် စပါးအိတ်မှောက်” ဆိုသလိုပင်။ မနက်ခင်းက ရှိခဲ့သမျှ ကျိုးဟောက်ယွီ၏ စိတ်အခြေအနေကောင်းများမှာ ချက်ချင်းပင် စိတ်ပျက်အားငယ်မှုအဖြစ် ပြောင်းလဲသွားရသည်။

“အား"

သူသည် ကားထဲတွင် အားရပါးရ နှစ်ချက်မျှ အော်ဟစ်လိုက်ပြီးနောက် စိတ်ဓာတ်ကျစွာဖြင့်ပင် ဒရိုင်ဘာအလုပ်ကို မတတ်သာဘဲ ဆက်လုပ်နေမိတော့သည်။ မှောင်ရီပျိုးစပြုလာသောအခါ ကျိုးဟောက်ယွီသည် အကြာကြီး စဉ်းစားပြီးနောက် နောက်ဆုံးတွင် ကျိုးမင်ထံ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်၏။ ဖုန်းခေါ်သံ မြည်နေစဉ်အတွင်း ကျိုးဟောက်ယွီသည် ဖြစ်တောင့်ဖြစ်ခဲအတိုင်း ရင်တထိတ်ထိတ် ဖြစ်နေမိသည်။

“ဟယ်လို”

ဖုန်း လိုင်းရသွားပြီးနောက် ကြာမြင့်စွာ မကြားရတော့သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

“ဟယ်လို ကျဲ၊ ဟောက်ယွီပါ”

ကျိုးမင်ထံ ဖုန်းမဆက်ဖြစ်သည်မှာ ကြာပြီဖြစ်၍ ကျိုးဟောက်ယွီ စကားပြောရသည်မှာပင် အားနာစိတ် ဝင်နေမိသည်။

“အော် ဟောက်ယွီကိုး၊ နံပါတ်က ဘယ်တုန်းက ပြောင်းသွားတာလဲ၊ ကျဲကိုတောင် တစ်ချက်မပြောဘူး”

ကျိုးမင်မှ ပြောသည်။

“အာ ဖုန်းနံပါတ်အဟောင်း ပျောက်သွားလို့ အသစ်တစ်လုံး ပြန်ဝယ်လိုက်တာ၊ မကြာသေးခင်က အလုပ်တွေ အရမ်းများနေတာနဲ့ ကျဲကို ပြောဖို့ မေ့သွားလို့ပါ”

ကျိုးဟောက်ယွီမှာ လိမ်ညာလိုက်ရသည်။ သူ ကျိုးမင်ကို အမှန်အတိုင်း မပြောချင်ပေ။ အကြောင်းပြချက်ရယ်လို့ မရှိသော်လည်း မပြောပြချင်ရုံသက်သက်သာဖြစ်သည်။

“အော် ဆွန်းချန် ပြောပြီးပြီမောင်လေး၊ အခု တရုတ်နှစ်သစ်ကူးလည်း နီးပြီဆိုတော့ ကျဲ နင့်ဆီ လာလည်မလို့၊ နင် အိမ်မပြန်လာတာလည်း နှစ်ချီနေပြီလေ၊ အခု ကျဲလည်း အလုပ်ပိတ်ရက် ရနေတာနဲ့ လာကြည့်မလို့ စဉ်းစားလိုက်တာ”

ကျိုးမင်၏ လေသံမှာ သိပ်ပြီး နူးညံ့မနေသော်လည်း ကျိုးဟောက်ယွီ၏ ရင်ထဲသို့ စိမ့်ဝင်သွားစေသည်။ ကမ္ဘာပေါ်တွင် သူ့ကို မည်သူမျှ မချစ်လျှင်ပင် သူ့အစ်မမှာတော့ သူ့ကို ချစ်သည်ဟု သူယုံကြည်၏။

“ဟုတ်ကဲ့ပါ ကျဲ၊ ဘယ်တော့လာမှာလဲ ကျွန်တော် လာကြိုပါ့မယ်”

ကျိုးဟောက်ယွီမှ ပြောလိုက်သည်။

“မနက်ဖြန်ပေါ့၊ ကျဲရောက်ရင် ဖုန်းဆက်လိုက်မယ်”

“ဟုတ်ကဲ့”

ဖုန်းချပြီးနောက် ကျိုးဟောက်ယွီတစ်ယောက် ပြာယာခတ်ကာ စိုးရိမ်ပူပန်လာပြန်သည်။ သူ ဟိုတွေးဒီတွေးဖြင့် ဝေ့ရှီယုထံ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သော်လည်း ဝေ့ရှီယုသည် တစ်နေ့လုံး သူ့ထံ ဖုန်းမဆက်ခဲ့သဖြင့် သူမ အပြင်ထွက်ပုံမရကြောင်း သတိရမိကာ သူမအိမ်သို့ တိုက်ရိုက်သွားရန်သာ ဆုံးဖြတ်လိုက်တော့၏။ ကျိုးဟောက်ယွီသည် ဖုန်းကို ချလိုက်ပြီး အိမ်သို့ မောင်းပြန်လာခဲ့သည်။

အိမ်ထဲသို့ ဝင်လိုက်သောအခါ ဦးလေး‌ဝေ့ကိုပါ ထိုနေရာတွင် တွေ့လိုက်ရသည်။

“မင်္ဂလာပါ ဦးလေး”

ကျိုးဟောက်ယွီမှ ဝေ့ကျန်းဟွာ ကို နှုတ်ဆက်လိုက်သည်။

“ဟောက်ယွီ၊ ဒီနေ့ စောစောပြန်ရောက်သားပဲ၊ အဒေါ်က ဟင်းချက်နေတယ်၊ ခဏနေရင် အတူတူ ထမင်းစားကြတာပေါ့”

ဝေ့ကျန်းဟွာမှ ပြောလိုက်သည်။

“ဟုတ်ကဲ့ ဟဲဟဲ”

ကျိုးဟောက်ယွီမှာ အားနာမနေဘဲ သဘောတူလိုက်သည်။

“ဦးလေး၊ ရှီယု အိမ်မှာ ရှိလား"

ကျိုးဟောက်ယွီ မေးလိုက်သည်။

“အော် မင်းသူ့ကို ရှာနေတာလား၊ သူ အပေါ်ထပ်မှာ ရှိတယ်”

“အော်၊ ကျေးဇူးတင်ပါတယ် ဦးလေး”

ကျိုးဟောက်ယွီသည် အပေါ်ထပ်သို့ တက်လာပြီး တံခါးကို ခေါက်လိုက်သည်။ မည်သူမျှ ပြန်မထူးချေ။ တံခါးမှာ ဂျက်မကျဘဲ ပွင့်နေသည်ကို တွေ့ရသဖြင့် သူတွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ အခန်းထဲတွင် ဝေ့ရှီယုသည် အိပ်ယာဝင်ဝတ်စုံလေးဖြင့် ကုလားထိုင်ပေါ်တွင် ကွေးကွေးလေး ထိုင်နေပြီး နားကြပ်ကြီးတပ်ကာ ဂိမ်းဆော့နေ၏။

‘League of Legends’ လား'

ကျိုးဟောက်ယွီမှာ အနားသို့ သွားကြည့်လိုက်ရာ တကယ့်ကို' League of Legends ဂိမ်းဖြစ်ပြီး Bots တွေနဲ့ ဆော့နေခြင်းဖြစ်သည်။ ရလဒ်မှာတော့ ၀၇၃။

ဝေ့ရှီယု၏ စူပုပ်နေသော မျက်နှာလေးကို ကြည့်ကာ ကျိုးဟောက်ယွီမှာ ပြုံးပြီး ခေါင်းခါလိုက်မိသည်။ ထို့နောက် သူကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ဝေ့ရှီယုကို အနောက်မှ သိုင်းဖက်ကာ မောက်စ်ကို ကိုင်ထားသော သူမလက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်မှာ ကီးဘုတ်ပေါ်မှ သူမလက်ပေါ်တွင် အုပ်မိုးလိုက်ရင်း ပြောလိုက်၏။

“သူဌေးသမီးလေး၊ League of Legends ကို ဒီလို ဆော့ရတာ မဟုတ်ဘူး၊ ဒီလို ဆော့ရတာ”

ဝေ့ရှီယုသည် ကျိုးဟောက်ယွီ ရုတ်တရက် ပေါ်လာသဖြင့် လန့်သွားပြီး ခေါင်းအလှည့်တွင် သူမမျက်နှာမှာ ကျိုးဟောက်ယွီ၏ ရင်ခွင်ကျယ်ကြီးနှင့် တိုက်ရိုက် တိုးမိသွားတော့သည်။ ထိုအခိုက်အတန့်လေးတွင် ရင်ခုန်သံတို့ မြန်ဆန်သွားရ၏။

“မလှုပ်နဲ့၊ သေသေချာချာ ကြည့်”

ကျိုးဟောက်ယွီမှ သူ့ဘယ်ဘက်လက်ဖြင့် ဝေ့ရှီယု၏ ခေါင်းကို ရှေ့သို့ ပြန်လှည့်ပေးလိုက်သည်။ ဝေ့ရှီယုမှာ မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားပြီး ညင်သာစွာ ညည်းညူရင်း ခေါင်းညိတ်ရှာ၏။

“အင်း"

“ဒီနေရာမှာ မြင်ကွင်း မရှိဘူး၊ ဒါကြောင့် ရန်သူတွေ ချုံခိုမတိုက်နိုင်အောင် အခုလိုမျိုး Wards ချရတယ်၊ အနောက်ကနေ စစ်သည်ရဲမက်တွေ ပါမလာရင် ရန်သူ့မျှော်စင် ထဲကို ဇွတ်မဝင်နဲ့၊ မဟုတ်ရင် မျှော်စင်က မင်းကို ပစ်လိမ့်မယ်၊ ဒီမစ်ရှင်အတွက်ဆိုရင်တော့ မင်းရဲ့ ဒုတိယမြောက် စကေး ကို အရင်အဆင့်မြှင့်သင့်တယ်၊ ပြီးမှ မင်းရဲ့ အခြေခံတိုက်ခိုက်မှု က ပိုပြီး အစွမ်းထက်လာမှာ"

ကျိုးဟောက်ယွီသည် ဝေ့ရှီယုကို League of Legends ဆော့နည်းကို စိတ်ရှည်လက်ရှည် သင်ကြားပေးနေပြီး တစ်ဆင့်ချင်းစီကို ရှင်းပြနေမိသည်။ သူတို့နှစ်ဦး မည်မျှအထိ နီးကပ်စွာ တည်ရှိနေသည်ကို ကျိုးဟောက်ယွီတစ်ယောက် သတိမထားမိဘဲ ကွန်ပျူတာစခရင်ပေါ်တွင် “Victory” ဟူသော စာလုံးကြီး ပေါ်လာမှသာ သူမလက်ကို လွှတ်ပြီး ကိုယ်ကို မတ်လိုက်တော့၏။

“နားလည်သွားပြီလား၊ ဒါနဲ့ မင်းမျက်နှာက ဘာလို့ ဒီလောက်တောင် ရဲနေရတာလဲ၊ ဖျားနေလို့လား”

ကျိုးဟောက်ယွီမှာ ဝေ့ရှီယု၏ နားရွက်ကလေးများအထိ နီရဲနေသည်ကို ကြည့်ကာ မေးလိုက်သည်။

“ဟုတ် ဟုတ်တယ် ငါပူလို့ပါ၊ အော် ဒါနဲ့ နေပါဦး၊ နင် ငါ့အခန်းထဲကို ဘာလာလုပ်တာလဲ"

ဝေ့ရှီယုမှာ နီမြန်းနေသော သူမပါးပြင်ကို ထိတွေ့ရင်း စကားလုံးများကို အနိုင်နိုင် ရှာဖွေကာ ပြန်ပြောလိုက်သည်။

“အော်၊ ငါ ငါ မင်းကို အကူအညီတစ်ခု တောင်းချင်လို့ပါ”

ဒီတစ်ကြိမ်တွင်တော့ ကျိုးဟောက်ယွီတစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်ရမည့် အလှည့် ရောက်သွားသည်။

“ငါ့အကူအညီ လိုချင်ရုံနဲ့ ငါ့အခန်းထဲကို သဘောရှိ ဝင်လာလို့ရရောလား၊ တံခါးတောင် မခေါက်ဘူးလား"

ဝေ့ရှီယုမှ မသိကျိုးကျွံပြုကာ မေးစေ့ကို ပင့်လျက် မေးလိုက်သည်။

“ဒါပေမဲ့ ငါ တံခါးခေါက်သားပဲ၊ မင်းမကြားတာ”

ကျိုးဟောက်ယွီမှ မတတ်သာဘဲ ပြောရှာသည်။

“ဒါဆိုရင်လည်း ဖုန်းမဆက်ဘူးလား၊ စာပို့လို့လည်း ရတာပဲ၊ မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲကို ဒီအတိုင်း ဇွတ်ဝင်လာလို့ ရမလား၊ နင်က ရတယ်လို့ ထင်နေတာလား၊ ရတယ်လို့ ထင်နေတာလား”

ပြောပြောဆိုဆိုဖြင့် ဝေ့ရှီယုမှာ ကုလားထိုင်ပေါ်မှ ခေါင်းအုံးကို ကောက်ယူကာ ကျိုးဟောက်ယွီကို လိုက်ထုတော့သည်။ သူမ နာကျင်သွားမည်ကို စိုးရိမ်သဖြင့် ကျိုးဟောက်ယွီတစ်ယောက် အခန်းပြင်သို့ နှင်ထုတ်ခံလိုက်ရပြီး သူ့ရှေ့တွင် တံခါးကြီး ဝုန်းခနဲ ပိတ်သွားသည်ကို ကြည့်ကာ မတတ်နိုင်တော့ချေ။

“ဟင်း"

ကျိုးဟောက်ယွီမှာ ချစ်စဖွယ် အမူအရာဖြင့် ခေါင်းကို ကုတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဝေ့ရှီယုမှာတော့ တံခါးကို မှီထားရင်း ပူထူနေသော သူမမျက်နှာကို ထိတွေ့ကာ မသိမသာ ပြုံးလိုက်မိပြီး ရေရွတ်လိုက်မိ၏။

“ငတုံး"

အချစ်ကူးစက်ခံထားရသော မိန်းကလေးများမှာ တကယ့်ကို အူကြောင်ကြောင်နိုင်လှသည်။ မရည်ရွယ်ဘဲ ထိတွေ့မိရုံမျှဖြင့်ပင် သူတို့ကို အတိုင်းထက်အလွန် ပျော်ရွှင်သွားစေနိုင်၏။ သူသည် ဝေ့ရှီယု၏ နှလုံးသားထဲသို့ တဖြည်းဖြည်းနှင့် နက်ရှိုင်းစွာ ဝင်ရောက်နေမိမှန်း တစ်ခါ ဝင်ရောက်သွားပြီးလျှင် ဘယ်တော့မှ ပြန်ထွက်လို့ ရတော့မည်မဟုတ်မှန်း ကျိုးဟောက်ယွီတစ်ယောက် မသိရှာခဲ့ချေ။

All Chapters