← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

185

ကျိုးဟောက်ယွီသည် သူ့အခန်းသို့ ပြန်ရောက်သောအခါ ဝေ့ရှီယုကို အကူအညီတောင်းရန် ကိစ္စရှိသည်ကို သတိရသွားသည်။ သူသည် အပေါ်ထပ်သို့ ပြန်တက်ရန် ပြင်လိုက်ပြီးမှ စောစောက ဝေ့ရှီယု ပြောခဲ့သည့် စကားကို ပြန်ကြားယောင်မိသဖြင့် ဖုန်းကို ထုတ်ကာ စပ်ဖြဲဖြဲပြုံးနေသည့် အီမိုဂျီလေး တစ်ခုနှင့်အတူ စာတစ်စောင် ပို့လိုက်တော့၏။ စက္ကန့်သုံးဆယ်ပင် မပြည့်လိုက် ဝေ့ရှီယုထံမှ မေးခွန်းထုတ်သည့် သဘောဖြင့် အာမေဍိတ်လက္ခဏာ “?” တစ်ခု ပြန်ရောက်လာသည်။

“တစ်ခုလောက် ကူညီပါဦး၊ (စပ်ဖြဲဖြဲပြုံးအီမိုဂျီ)”

“ဘာကိစ္စလဲ”

“မနက်ဖြန် ငါ့ကျဲ လာလည်မလို့၊ ဒီမှာ တစ်ညလောက် တည်းလိမ့်မယ်ထင်တယ်၊ အဲ့ဒါ ယာယီတည်းဖို့ နေရာလေးတစ်ခုလောက် ကူရှာပေးပါလား၊ သိပ်ပြီး ဟန်ပန်ကြီးဖို့မလိုပါဘူး၊ ပြီးတော့ ပိုက်ဆံလည်း နည်းနည်းလောက် ချေးချင်လို့၊ အော် ပြီးတော့ အလုပ်လည်း ခွင့်တိုင်ပေးပါဦး”

“ဘယ်လောက်လဲ”

“ယွမ် ၅၀၀၀ လောက်”

“ဒါ နင့်ရဲ့ Wechat နံပါတ်လား၊ Wechat ကနေပဲ လွှဲပေးလိုက်မယ်”

“ဟုတ်တယ်"

ကျိုးဟောက်ယွီ စာပို့ပြီးရုံရှိသေး၊ Wechatထံမှ နိုတီဖီကေးရှင်းတစ်ခု တက်လာသည် “ဝေ့ရှီယု” မှသင့်ထံ မိတ်ဆွေအဖြစ် အပ်နှံရန် တောင်းဆိုထားပါသည်။ ကျိုးဟောက်ယွီ လက်ခံလိုက်ပြီး တစ်မိနစ်ပင် မပြည့်မီမှာပင် ပိုက်ဆံလွှဲမှု ရောက်ရှိလာတော့၏။ ဝေ့ရှီယုသည် တိုက်ရိုက်ပင် ယွမ် ၁၀၀၀၀ လွှဲပေးလိုက်ခြင်း ဖြစ်၏။

“ကျေးဇူးပဲ၊ ဒါနဲ့ ဘာလို့ ယွမ်၁၀၀၀၀ တောင် လွှဲပေးရတာလဲ”

“ရတယ်၊ အဆင်ပြေပါတယ်”

'အခုတော့ အရင်ကတင်ထားတဲ့ အကြွေး ယွမ်လေးသောင်းတောင် မဆပ်ရသေးဘူး၊အခု နောက်ထပ် တစ်သောင်း ထပ်တိုးသွားပြန်ပြီ'

“ကောင်းပါပြီ၊ ကျေးဇူးအများကြီးတင်ပါတယ်"

နောက်တစ်နေ့ မနက်ခင်းတွင် ကျိုးဟောက်ယွီသည် စိုးရိမ်ပူပန်မှု အပေါင်းမှ ကင်းဝေးစွာဖြင့် လေချွန်ရင်း ကားမောင်းထွက်လာခဲ့သည်။ ကျိုးမင်သည် မွန်းလွဲပိုင်းလောက်မှ ရောက်ရှိမည်ဖြစ်ရာ ကျိုးဟောက်ယွီမှ ထိုအတောအတွင်း ဒီဒီတက္ကစီ ခဏလောက် ထပ်မောင်းရန် ဆုံးဖြတ်လိုက်၏။ ခရီးသည်နှစ်ခေါက် ပို့ဆောင်ပြီးနောက် နောက်ထပ် နှစ်ခေါက်ခန့် ထပ်မောင်းရန် ပြင်ဆင်နေစဉ် လမ်းဘေးတွင် လှပသော ကိုယ်ဟန်အမူအရာတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ၎င်းမှာ အခြားသူမဟုတ်ပေ။ ပြီးခဲ့သည့်အကြိမ် ကပွဲခန်းမထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သော ဟန်ဘာပင် ဖြစ်တော့သည်။ ကျိုးဟောက်ယွီ သူမထံသို့ ကားကို အမြန်မောင်းသွားလိုက်ရင်း မေးလိုက်၏။

“ဟန်ဘာ ဘယ်သွားမလို့လဲ၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်”

ဟန်ဘာမှ ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ကားပေါ်သို့ တက်ထိုင်လိုက်သည်။

“ဘယ်လဲ”

“ခွန်းလွန်တောင်ကို”

“ဟေ့ ဟန်ဘာ၊ ပြီးခဲ့တဲ့အပတ်က ကပွဲခန်းမကနေ ဘာလို့ ကျွန်တော့်ကိုတောင် မပြောဘဲ စောစောကြီး ထွက်သွားရတာလဲ"

ကျိုးဟောက်ယွီမှ မေးလိုက်သည်။ ဟန်ဘာ သူ့မေးခွန်းကို မဖြေဘဲ ကျိုးဟောက်ယွီကို စိုက်ကြည့်ရင်း ပြောလိုက်၏။

“ရှင့်ကားကို စီးဖို့ဆိုရင် ကျွန်မက ရတနာတစ်ခုခု လက်ဆောင်ပေးရဦးမှာလား၊ အဲ့ဒီအစား တခြားအရာတစ်ခုခုနဲ့ လဲလှယ်လို့ မရဘူးလား”

ကြည့်ရသည်မှာ သူမ၌ ပေးစရာ ရတနာမရှိ၍သာ တက္ကစီမစီးဘဲ နေခြင်းဖြစ်ပေလိမ့်မည်။ ကျိုးဟောက်ယွီမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။

“ရတာပေါ့၊ ဒါပေမဲ့ ဟန်ဘာကျဲလို အလှလေးမလို့ ခွင့်ပြုတာနော်၊ တခြားသူဆိုရင်တော့ လုံးဝမရဘူး”

ကျိုးဟောက်ယွီမှ သူ့ထုံးစံအတိုင်း ပေါ့ပျက်ပျက် လေသံဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မ ရှင့်ကို အကြံပြုချက်တစ်ခု ပေးမယ်၊ ရှင့်မှာ ကပ်ဘေးတစ်ခု ဆိုက်ရောက်တော့မယ်၊ ပြီးတော့ အရိုက်အနှက်လည်း ခံရလိမ့်မယ်၊ သတိထားပါ”

“ဟမ် ကပ်ဘေး ဟုတ်လား၊ ဘာကပ်ဘေးမျိုးလဲ"

ကျိုးဟောက်ယွီမှာ လန့်ဖျပ်သွားရသည်။

'ကပ်ဘေးတဲ့လား၊ ဘယ်လိုဘေးမျိုးပါလိမ့်၊ ပြီးတော့ အရိုက်အနှက်ပါ ခံရဦးမယ်တဲ့၊ သူ သေသွားနိုင်မလား'

“ကဲ ကျွန်မပြောနိုင်တာ ဒါအကုန်ပဲ”

ဟန်ဘာမှ ခေါင်းခါပြလိုက်သည်။ ကျိုးဟောက်ယွီမှာ ဟန်ဘာ၏ စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားရ၏။ ဟန်ဘာမှာ ဘေးဒုက္ခတွေကို ဆောင်ကျဉ်းပေးတဲ့ နတ်ဘုရားမဆိုပေမဲ့ နတ်ဘုရားတော့ နတ်ဘုရားပင် မဟုတ်ပါလား။ နတ်ဘုရားတစ်ပါးမှ ပြောလိုက်သည့် ကပ်ဘေးဆိုသည်မှာ အသေးအဖွဲတော့ ဖြစ်နိုင်မည်မဟုတ်ချေ။

'တကယ်လို့၊ တကယ်လို့ သူ သေသွားခဲ့ရင်ကော'

ကျိုးဟောက်ယွီသည် နတ်ဘုရားမကို သူမသွားလိုသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။ သူမ ကားပေါ်မှ ဆင်းသွားပြီးသည့်တိုင်အောင် သူအလွန်အကျွံ တွေးတောပူပန်နေမိဆဲဖြစ်၏။ သူသေရမှာ ကြောက်သည်မဟုတ်ပေ။ ဘဝကို သေသေချာချာမရှင်သန်ရသေး၍ ဖြစ်သည်။ ကျိုးမင်မှာ ယခုအခါ ကိုယ့်အိမ်ထောင်နှင့်ကိုယ် ရှိနေပြီဖြစ်ရာ သူတစ်ကိုယ်တည်းသမား သက်သက်သာဖြစ်၏။ သူ့မှာ တွယ်တာစရာ ဘာမျှမရှိတော့ဟု ဆိုနိုင်သော်လည်း သူဌေးကြီးများ၏ ဘဝမျိုးကို တစ်ခါမျှ မခံစားဖူးသေးသဖြင့် ထိုဘဝမျိုးကို အပြည့်အဝ ခံစားစံစားပြီးမှ နောင်တမရှိဘဲ သေချင်၍ ဖြစ်သည်။ နတ်ဘုရားမသည်လည်း သူမ၏ စကားနှစ်ခွန်းမှာ ကျိုးဟောက်ယွီကို ဤမျှအထိ အတွေးလွန်သွားစေလိမ့်မည်ဟု ထင်ထားပုံမရချေ။ သူမ ဆိုလိုသည်မှာ “ဘေးဥပါဒ်အသေးအဖွဲ၊ ကိစ္စအသေးအဖွဲ” မျှသာ ဖြစ်သည်။

ထိုအချိန်မှစ၍ ကျိုးဟောက်ယွီသည် ဘာပြဿနာမျှ မဖြစ်စေရန် ကားကို အလွန်အမင်းသတိထား၍ မောင်းနှင်နေတော့သည်။ သူကားဒရိုင်ဘာတစ်ဦး ဖြစ်သည်မဟုတ်ပါလား။ ဤ “ကပ်ဘေး” ဆိုသည်မှာ ယာဉ်မတော်တဆမှုအဖြစ် ပြောင်းလဲသွားမလား မည်သူသိနိုင်မည်နည်း။ သတိထားရသည်မှာ ပို၍ စိတ်ချရပေသည်။ ကပ်ဆိုးနတ်ဘုရားမသည် တကယ့်ကို ကပ်ဘေးဒုက္ခရဲ့ ပြယုဂ် နတ်ဘုရားမတစ်ပါး ဖြစ်ပေ၏။ သူမနှင့် ဆုံတွေ့ရခြင်းမှာ ဘယ်သောအခါမျှ ကောင်းသောအရာမဟုတ်သော်လည်း လုံးဝဆိုးဝါးလှသည်တော့လည်း မဟုတ်ချေ။ သူသည် အာရုံစိုက်လွန်းနေသဖြင့် ဖုန်းမြည်လာသံကြောင့်ပင် လန့်ဖျပ်သွားရရှာသည်။ ကျိုးဟောက်ယွီ အသက်ကို ခပ်ပြင်းပြင်း အကြိမ်ကြိမ် ရှူလိုက်ပြီးမှ ဖုန်းကို ကိုင်လိုက်၏။

“ကျဲ ကျွန်တော် ရောက်နေပြီ၊ ကျဲ ဘယ်နားမှာလဲ လာကြိုပါ့မယ်”

“အေး မောင်လေး ရှိတဲ့နေရာမှာပဲ စောင့်နေ၊ ကျဲ အခုပဲ လာခဲ့မယ်”

မီးရထားဘူတာရုံကြီး၌ လူစုလူဝေးကြီးမှာ တိုးဝှေ့နေကြသည်။ အချို့မှာ ပြန်လာကြသူများ၊ အချို့မှာ ငိုကြွေးနေကြသူများ၊ အချို့မှာတော့ ရယ်မောပျော်ရွှင်နေကြသူများ။ ပုံမှန်ဆိုလျှင် ကျိုးဟောက်ယွီသည် ဤနေရာသို့ ရောက်လာပါက ဘာခံစားချက်မျှ ရှိမည်မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဟန်ဘာ၏ စကားများမှာ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပုံရသည်။ ဤဆုံစည်းကွဲကွာခြင်း မြင်ကွင်းကို ကြည့်ရင်း သူ ရင်ထဲ၌ ဝမ်းနည်းမှုတစ်ခု ဖြတ်သန်းသွားကာ နှာခေါင်းထဲ စူးခနဲဖြစ်လာပြီး မျက်ရည်များ ဝဲတက်လာမိ၏။

ကျယ်ဝန်းလှသော နားနေဆောင်ကြီးထဲတွင် ကျိုးဟောက်ယွီသည် ကျိုးမင်ကို ချက်ချင်းပင် လှမ်းမြင်လိုက်ရသည်။ ကျိုးမင်၏ ရုပ်ရည်မှာ သူထွက်ခွာသွားကတည်းက သိပ်မပြောင်းလဲသေးသော်လည်း ပို၍ ပိန်သွားပုံရ၏။ သူမသည် အနက်ရောင် ကုတ်အင်္ကျီအရှည်ကြီးနှင့် ဘောင်းဘီအပွကြီးကို ဝတ်ဆင်ထားရာ ထိုအပွများမှာ သူမ၏ သွယ်လျသော ကိုယ်ဟန်ကို ဖုံးကွယ်ထားသည်။ သူမ၏ ဆံပင်များကို မြင့်မြင့် စည်းထားပြီးမိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားရာ ပဲရစ်ဖက်ရှင်ရက်သတ္တပတ်မှ ခုလေးတင် ပြန်ရောက်လာသည့် မော်ဒယ်လ်တစ်ဦးကဲ့သို့ ထင်မှတ်ရ၏။ သူမသည် ကျိုးဟောက်ယွီ မထွက်ခွာမီကထက် ပို၍ လှပလာပြီး မိန်းမဆန်သော ဆွဲဆောင်မှုများ ပိုမို ပြည့်နှက်နေတော့သည်။ ကျိုးဟောက်ယွီသည် ဝေ့ရှီယု ပေးထားသော ရိုးရိုးရှင်းရှင်းနှင့် စတိုင်ကျလှသည့် မီးခိုးရောင် ဝတ်စုံကို သေသပ်အောင် ပြန်ပြင်လိုက်ပြီး မျက်နှာကို ပွတ်သပ်ကာ အမူအရာကို ထိန်းညှိပြီးနောက် လျှောက်သွားလိုက်၏။

“ကျဲ”

လူအချို့မှာ ထိုသို့ပင် ရှိတတ်ကြသည်။ ပုံမှန်ဆိုလျှင် ကိုယ့်ရုပ်ရည်ကို ဂရုမစိုက်ဘဲ ဖရိုဖရဲပင် နေတတ်ကြသော်လည်း မိမိချစ်ရသူ သို့မဟုတ် မိမိအတွက် အရေးကြီးသူတစ်ဦးဦးနှင့် တွေ့ဆုံတော့မည်ဆိုပါက မိမိ၏ အလှပဆုံးနှင့် အကောင်းဆုံးသော အစိတ်အပိုင်းများကိုသာ ပြသရန် အစွမ်းကုန် ကြိုးစားတတ်ကြသည်။ ၎င်းမှာ ဟန်ဆောင်ခြင်း သို့မဟုတ် လုပ်ယူခြင်းမျိုး မဟုတ်ပေ။ ရိုးရိုးရှင်းရှင်းပင် သူတို့ကို ချစ်လွန်းသဖြင့် မိမိကို တက်ကြွပြီး ခန့်ညားသော ပုံစံမျိုးဖြင့်သာ မြင်တွေ့စေချင်ကြ‌၍ ဖြစ်သည်။ ကျိုးဟောက်ယွီသည်လည်း ထိုကဲ့သို့သော လူစားမျိုးပင် ဖြစ်ပေသည်။

ကျိုးဟောက်ယွီသည် ဝေ့ရှီယု ကူညီငှားရမ်းပေးထားသော တိုက်ခန်းဆီသို့ ကျိုးမင်ကို ခေါ်ဆောင်လာခဲ့သည်။ ၎င်းမှာ လိမ်ညာမှုတစ်ခု ဖြစ်သော်လည်း စေတနာရှေ့ထားသည့် ဖြစ်သဖြင့် ကျိုးဟောက်ယွီတစ်ယောက် ရှက်ရွံ့ခြင်း မရှိပေ။ တကယ်လို့ ရှက်ရွံ့ရမည်ဆိုပါက အစ်မဖြစ်သူကို စည်းစိမ်ချမ်းသာနှင့် မထားနိုင်ဘဲ အမြဲတမ်း စိတ်ပူပန်အောင်သာ လုပ်နေမိခြင်းအတွက် ဖြစ်ပေလိမ့်မည်။

'ဒါပေမဲ့ ဝေ့ရှီယုရဲ့ အမြင်ကလည်း အတိုင်းထက်အလွန် ကောင်းလွန်းမနေဘူးလား'

၎င်းမှာ နှစ်ထပ်တိုက်ခန်း အိမ်လေးတစ်အိမ် ဖြစ်သည်။ ပထမထပ်တွင် ၇၂ လက်မရှိသော အရည်အသွေးမြင့် LCD တီဗွီကြီးတစ်လုံး၊ စိတ်ကြိုက်ရွှေ့ပြောင်းနိုင်သော အဖြူရောင် သားရေဆိုဖာအိအိကြီးနှင့် တံဆိပ်မပါသော်လည်း သိသိသာသာကြီး တန်ဖိုးကြီးလှသည့် မီးခိုးရောင် ကော်ဇောကြီး ခင်းကျင်းထားသည့် ကျယ်ဝန်းလှသော ဧည့်ခန်းကြီး ရှိ၏။ နံရံများတွင်လည်း နာမည်ကြီး ပန်းချီဆရာများ၏ ပန်းချီကားအချို့ ချိတ်ဆွဲထားသေးသည်။ ယင်း၏ ဘေးတွင်တော့ အကာအရံတစ်ခုဖြင့် ပိုင်းခြားထားသော မီးဖိုချောင် ရှိပြီး၊ ဒုတိယထပ်မှာတော့ အိပ်ခန်း ဖြစ်ပုံရသည်။ ပထမထပ်ကို ကြည့်ရုံတင် ဒုတိယထပ်မှာလည်း ဘယ်လောက်အထိ သားနားမလဲဆိုတာ မှန်းဆနိုင်သည်။ သို့သော် ဤနေရာမျိုးမှာ သူ့လိုလူစားမျိုး လက်ရှိ ဝင်ငွေအခြေအနေနှင့် လုံးဝ မတတ်နိုင်သည့် နေရာမျိုး ဖြစ်နေသည်မှာ အမှန်ပင်။

'သူဌေးသမီးလေးရယ်၊ မင်း နယ်ကို သွားပြီး ဘဝကို ကိုယ်တိုင် တွေ့ကြုံဖူးမှ တော်ကာကျမယ်၊ ဒါမှ ငါတို့ကြားက မျိုးဆက်ကွာဟချက်ကြီးကို ပေါင်းကူးနိုင်မှာ'

“ဟောက်ယွီ ဒါကနင့်အိမ်လား”

ကျိုးမင်သည် လောကကြီးအကြောင်း အများကြီး မသိသေးသော်လည်း အကဲခတ်တော့ တော်သည်။ ဤနေရာမှာ ဈေးပေါသော နေရာမျိုးမဟုတ်ဘဲ ကျွမ်းကျင်သူများမှ သေသေသပ်သပ် ဒီဇိုင်းထုတ်ထားသည့် နေရာမျိုး ဖြစ်ပေ၏။ ဒီအခြေအနေ ရောက်မှတော့ ဘာပဲဖြစ်ဖြစ် အမှန်လိုပဲ လုပ်ရတော့မည်။

“ဟုတ်တယ် ဒါကျွန်တော့်သူငယ်ချင်းတစ်ယောက်က ငှားပေးထားတာ၊ ကျွန်တော်တို့က သူငယ်ချင်းအရင်းကြီးတွေမို့လို့ အိမ်လခကို အများကြီး လျှော့ပေးထားတာ၊ ဟဲဟဲ မဆိုးဘူးမလား”

ကျိုးဟောက်ယွီမှ မရယ်ချင်ဘဲ ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ ကျိုးမင်မှာ ဘာမှမပြောဘဲ အထုပ်အပိုးများကို ချကာ အပေါ်ထပ်သို့ တက်သွားတော့၏။ ကျိုးဟောက်ယွီ ရင်ထဲ၌ မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသဖြင့် အနောက်မှ အပြေးအလွှား လိုက်သွားမိသည်။ ကျိုးမင် ဟိုဟိုဒီဒီ လျှောက်ကြည့်နေပြီးနောက် ကျိုးဟောက်ယွီ သတိမထားမိခင်မှာပင် အဓိကအိပ်ခန်းကြီး၏ ဗီရိုတံခါးကို ဖွင့်လိုက်တော့သည်။ ကျိုးမင် ထင်ထားသည့်အတိုင်းပင် ဗီရိုထဲတွင် မိန်းကလေး ဝတ်စုံများဖြင့် ပြည့်နှက်နေလေ၏။ ကျိုးဟောက်ယွီတစ်ယောက် နဖူးကို လက်ဝါးဖြင့် ရိုက်မိတော့သည်။ သွားပြီ။

“ဟောက်ယွီ၊ ကျဲကို ဖုန်းမဆက်ချင်တော့ဘူးဆိုကတည်းက ကျဲ ရိပ်မိပါတယ်၊ စောစောကလည်း မင်း တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေတာ အခုတော့ ရည်းစားရနေပြီ၊ ရည်းစားရှိတာတောင် ကျဲကို အသိမပေးဘူး၊ မင်းကတော့ ကျဲကို အလိုမရှိတော့ဘူး ထင်ပါရဲ့”

ကျိုးမင်မှ မျက်ခုံးပင့်ကာပြောလိုက်သည်။

All Chapters