အပိုင်း(၁၁၈၃)
Vol. 024 Ch. 1183
သွေးနဂါး တိုးဝင်လာသည့်အခါ ရေခဲလုံးသည် နောက်သို့ ထပ်မဆုတ်တော့ပေ။ အလောင်းကောင်ကလန်၏ ဘုရင်ရှစ်ပါး ထိန်းချုပ်မှုအောက်တွင် ၎င်းရေခဲလုံးမှာ သွေးနဂါးထံသို့ တန်ပြန် တိုးဝင်လာသည်။
ဘက်နှစ်ဖက်က နီးသထက်နီးလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် ထိတိုက်ကြလေပြီ။
ကောင်းကင်တစ်ခွင် တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ရေခဲလုံးသည် နဂါးနှင့် ထိတိုက်မိချိန်တွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးနှင့် ဝင်ဆောင့်သကဲ့သို့ ရှိလေသည်။ ၎င်းသည် ချက်ခြင်း တစစီဖြစ်ကာ အစိတ်အပိုင်းရှစ်ခုအဖြစ် ပေါက်ကွဲထွက်လေ၏။
သို့ရာတွင် ၎င်းပေါက်ကွဲမှုကနေ ပြင်းထန်သောအားတစ်ခု ဖြစ်ပေါ်ကာ သွေးနဂါး၏ဦးခေါင်းကို ဝင်ဆောင့်သည်။
ဝေါင်း…။
သွေးနဂါးသည် နာနာကျင်ကျင် ဟိန်းဟောက်၏။ ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးမှာ တုန်ခါ၍ နောက်သို့ အလျင်အမြန် ဆုတ်သည်။သွေးဖြင့် ပြုလုပ်ထားသည့် ၎င်း၏ခန္ဓာကိုယ်ကြီးမှာ သွေးချင်းနီရဲနေ၏။ အခုချိန်၌ ၎င်း၏ခန္ဓာကိုယ်ပတ်လည်တွင် တစ္ဆေအလင်းတစ်ခု ပေါ်လာချေပြီ။ ထိုတစ္ဆေအလင်း ဖြတ်သန်းသွားသည့် နေရာတိုင်း အက်ကွဲသံများ ပဲ့တင်ထပ်၏။ သွေးနဂါးသည် လုံးဝ ချိပ်ပိတ်ထားခြင်း ခံရသလို ဖြစ်သွားသည်။
နဂါးသည် နာကျင်စွာ ဟိန်းဟောက်ရင်း နောက်သို့ ပြန်ဆုတ်နေ၏။
ရေခဲနက်အပိုင်းရှစ်ခုမှာ တစစီဖြစ်သွားသည့် ရေခဲလုံးကြီးထံကနေ ခွဲထွက်လာကြကာ ဘုရင်ရှစ်ပါးအဖြစ် ပေါ်ထွက်လာ၏။ သို့ရာတွင် ခုနစ်ခုမြောက်ရေခဲပိုင်းမှာ ပျော်ဝင်သွားချိန်၌ ဘုရင်ရှစ်ပါးထဲမှ တစ်ယောက်ဖြစ်သူ သက်လတ်ပိုင်းလူ၏ နှဖူးထက်တွင် အက်ကြောင်းတစ်ခု ပေါ်လာတော့သည်။ ထိုအက်ကြောင်းက မကြာခင်မှာပင် သူ့ခန္ဓာကိုယ်အနှံ့သို့ ချဲ့ထွက်ကာ သူသည် နှစ်ပိုင်းကွဲသွားသည့်အလား။
သူ့ခန္ဓာကိုယ်မှာ ပျက်စီး၍ အအေးစွမ်းအင် လှိမ့်ထွက်လာ၏။ ထိုစွမ်းအင်သည် လူသားအသွင်ဖြစ်တည်၍ ဘေးပတ်လည်မှ လူခုနစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်သည်။
“ဒီခန္ဓာကိုယ်က အခုချိန် ဒီစွမ်းအားကို တောင့်မခံနိုင်တော့ဘူး…”
သူ ထိုသို့ ဆိုသည်နှင့် ခုနစ်ယောက်ထဲမှ အဘိုးအိုတစ်ယောက်က သူ့လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ သိုလှောင်နေရာလွတ်အက်ကြောင်းတစ်ခု ပေါ်လာလေသည်။ ၎င်းအက်ကြောင်းထဲကနေ အင်းကွက်များနှင့် ခရမ်းရောင်ခေါင်းတလားသည် ချက်ခြင်း ပျံသန်းထွက်လာသည်။
အအေးစွမ်းအင်ကနေ ဖြစ်ပေါ်သည့် ပုံရိပ်မှာ ခေါင်းတလားထဲသို့ ဝင်ရောက်လိုက်၏။ ခဏအကြာတွင် ခေါင်းတလားအဖုံးဝမှာ ပွင့်ဟ၍ အသက်ခုနစ်နှစ်၊ရှစ်နှစ်ဝန်းကျင် ကောင်လေးတစ်ယောက်သည် ဖြည်းဖြည်းချင်း ထထိုင်လာသည်။
ထိုကောင်လေး ထလာချိန်၌ သူသည် ခန္ဓာကိုယ်ကို လှုပ်ရှားကာ သူ့ဘေးရှိ ခုနစ်ယောက်ကို ခေါင်းငြိမ့်ပြသည်။
ခေါင်းတလားကို ထုတ်ယူလိုက်သည့် အဘိုးအိုက ပြတ်သားစွာ ပြောလာ၏။ “ဆက်လိုက်မယ်…”
သူတို့ရှစ်ယောက်မှာ အလင်းတန်းများအဖြစ်သို့ ပြောင်း၍ သွေးနဂါးနောက်သို့ လိုက်လေ၏။
ဝမ်လင်းကမူ သွေးလှိုင်းနောက်သို့ လိုက်ရင်း ၎င်းလှိုင်းထွက်ပေါ်လာသည့် ရင်းမြစ်နေရာသို့ လာနေသည်။ သို့ရာတွင် သူ ရောက်ရှိလာချိန်၌ ထိုနေရာတွင် ကြမ်းကြုတ်သည့် တိုက်ပွဲတစ်ခု၏ ကြောက်မက်ဖွယ်အရိပ်အယောင်များကလွဲ၍ ဘာတစ်ခုမှ ရှိမနေခဲ့ပေ။
ဝမ်လင်းသည် ဤနေရာတွင် ကြာကြာဆက်မနေဘဲ ဦးတည်ရာ ပြောင်း၏။ သူ မြန်ဆန်စွာ မလှုပ်ရှားနိုင်ခင်မှာပင် ရုတ်တရက် ဤလေဟာနယ်အတွင်း၌ တုန်ခါလှိုင်းတွန့်တစ်ခု ချဲ့ကားလာသည်ဟု ခံစားမိလိုက်သည်။
ထိုတုန်ခါလှိုင်းသည် အခြားသူများအဖို့ စိမ်းနေနိုင်၏။ သို့သော် ဝမ်လင်းကမူ ဤတုန်ခါလှိုင်းသည် အတိတ်တုန်းက ထာဆန် နတ်ဆိုးပင်လယ်ထဲ၌ ခြေလှမ်းရာကနေ ထွက်ပေါ်လာသည့် လှိုင်းနှင့် အတူတူ ဖြစ်မှန်း မှတ်မိနေပေသည်။
ထိုတုန်ခါမှုမှာ မြန်ဆန်စွာ ပြန်ပျောက်ကွယ်သွား၏။ သို့သော် ကြောက်မက်ဖွယ်အော်ရာတစ်ရာကျော်လောက် ပေါ်လာသည်။ ဝမ်လင်းမှာ ခေါင်းကြိမ်းသွားမိ၏။ သူသည် ကြောက်မက်ဖွယ်အော်ရာများ လာနေသည့် နေရာကနေ တတ်နိုင်သမျှ ခပ်မြန်မြန် လစ်တော့သည်။
သို့ရာတွင် ဤအခိုက်၌ အလင်းတန်းသုံးခု လေဟာနယ်ထဲကနေ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဝမ်လင်းကို ချက်ခြင်း ထောက်လှမ်းမိကာ သူ့နောက်သို့ လိုက်လာတော့၏။
ထိုအလင်းတန်းသုံးမှာ ရှေးဟောင်းကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့ထဲမှ နှစ်ယောက်သည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင် ရှိကြ၏။ ကျန်တစ်ယောက်ကတော့ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်၊ နိဗ္ဗာနဖြိုခွဲခြင်းနှင့် ခြေတစ်လှမ်းလောက်သာ လိုတော့သည့် ကျင့်ကြံမှုအဆင့် ပိုင်ဆိုင်ထားသည်။
ဝမ်လင်းသည် လေဟာနယ်ထဲသို့ သူ့ညာလက်ကို ဆန့်ထုတ်၏။ သူသည် သူ့သိုလှောင်နေရာလွတ်ထဲမှ အဝါရောင်အဆောင်တစ်ခုကို ခပ်သွက်သွက် ထုတ်ယူကာ သူ့ရင်ဘက်ပေါ်သို့ နေရာချသည်။ လေပွေတစ်ခု သူ့ဘေးတွင် ဝန်းရံလာရင်း ဝမ်လင်းသည် အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားလေ၏။
သူသည် ထိုသူများနှင့်သူ့ကြား အကွာအဝေးတစ်ခုကို ချက်ခြင်း ဖန်တီးပစ်သည်။ ဝမ်လင်း၏အသွင်မှာ သုန်မှုန်နေ၏။ သူသည် သွေးပင်လယ်ပွင့်သည်နှင့် ရှေးဟောင်းကျင့်ကြံသူတော်တော်များများ လွတ်လာမည်ကို သိထားသည်။
သည်ရှေးဟောင်းကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်များသည် အရင်နှင့်ယှဉ်ပါက ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားပေလိမ့်မည်။ ထိုအချက်က လုံးဝ အကျိုးအကြောင်း မဆီလျော်လှပါ။ သို့ရာတွင် ဤအချက်က ထာဆန်နှင့် ပတ်သတ်နေသည်ကို တွေးမိသည့်အခါ ဝမ်လင်းသည် ထိုအချက်ကို နားမလည်နိုင်တော့ပေ။
“ထာဆန်လည်း သိပ်မကြာခင် ထွက်လာလောက်ပြီ…” ဝမ်လင်းသည် ပျံသန်းနေရင်း သူ့ခေါင်းထဲ၌ အတွေးများနေ၏။ သူ့နတ်ဘုရားအာရုံကို သူ့နောက်ဘက်သို့ ဖြန့်ကျက်ကြည့်၏။ သူသည် မျက်မှောင်ကြုံ့မိသွားသည်။
ရှေးဟောင်းကျင့်ကြံသူများသည် အမည်မသိနည်းလမ်းအချို့ကို အသုံးပြုလာရာ သူတို့၏အမြန်နှုန်းမှာလည်း တိုးလာ၏။ သူတို့သည် ဝမ်လင်းနောက်သို့ ဆက်လိုက်လာနေကြဆဲ ဖြစ်၏။
“နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်နှစ်ယောက်နဲ့ အထွတ်အထိပ်အဆင့်တစ်ယောက်…”
ဝမ်လင်းမျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် ပေါ်လာ၏။ အခုလိုသာ စိမ်ပြေးတမ်း ဖြစ်နေပါက သူ့ရှေ့တည့်တည့်တွင် အခြားရှေးဟောင်းကျင့်ကြံသူများ ရှိနေခဲ့ပါလျှင် ဝမ်လင်းသည် ဘေးကြပ်နံကြပ် ရှေ့နောက် တိုက်ခိုက်ခံရကာ အန္တရာယ် များသွားနိုင်ပေ၏။
သူ့နတ်ဘုရားအာရုံဖြင့် အခုဧရိယာကို စစ်ဆေးကြည့်ပြီးနောက် ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ရုတ်တရက် ရပ်သည်။ သူသည် နောက်လှည့်ကာ ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ဘေးပတ်လည်တွင် မီးတောင်ပုံရိပ်များ ပေါ်လာတော့၏။
သူ့လက်နှစ်ဖက်ကို လှုပ်ရှားရင်း သူ့ဘေးပတ်လည်ရှိ မီးတောင်များထဲသို့ မူလစွမ်းအင် ထည့်သွင်းသည်။ မီးတောင်ပုံရိပ်များသည် အထည်ဒြပ်ဆန်လာ၏။ ၎င်းတို့သည် လုံးဝ ဒြပ်ထု ဖြစ်လာခါနီးချိန်တွင် ဝမ်လင်းက လက်ဝေ့ယမ်းရာ ဤမီးတောင်များအားလုံး ပျောက်ကွယ်သွားတော့သည်။
“ဒီနေရာက အန္တရာယ်များလွန်းတယ်။ ဒါ့ကြောင့် ငါတတ်နိုင်သမျှ ပွဲဖြတ်ရမယ်…”
ဝမ်လင်းသည် မော့ကြည့်၏။ အလင်းတန်းသုံးခု သူ့ထံသို့ တိုးဝင်လာသည်ကို တွေ့သည်။ ရှေ့ဆုံးမှ အလင်းတန်းမှာ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့် အဘိုးအို ဖြစ်၏။
သူသည် အမြန်ဆုံးဖြစ်ရာ ချက်ခြင်း ဝမ်လင်းထံ နီးကပ်လာသည်။ ဝမ်ငလ်းသည် မျက်မှောင်ကြုတ်သွား၏။ သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်သည်။ ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်ကာ လှမ်းအော်၏။ “ရပ်တန့်ခြင်း…”
စကားတစ်ခွန်းဖြင့် ဥပဒေသသည် လောကတွင် ပေါ်လာသည်။ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့် အဘိုးအိုမှာ မရေမတွက်နိုင်သောကြိုးများ လေထုထဲကနေ ထွက်ပေါ်လာကာ သူ့အား ရစ်နှောင်သည်ဟု ခံစားမိ၏။ သူသည် ချက်ခြင်း ခဏတာ တန့်သွားသည်။
တကယ်တော့ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်မှာ နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းသာ ရှိသေး၏။ ထို့ကြောင့် သူလည်း ရပ်တန့်ခြင်းမန္တာန်၏ တန်ပြန်ဒဏ်ကို ခံရသည်။ သို့သော် သည်လိုမျိုး ထိခိုက်မှုမှာ သူ ဖိနှိပ်နိုင်သည့်အရာ တစ်ခုသာ ဖြစ်၏။ သူသည် ချက်ခြင်း နောက်ဆုတ်၏။
နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်အဘိုးအို ရပ်တန့်သွားချိန်တွင် သူ့နောက်မှ အခြားနှစ်ယောက်သည် ချက်ခြင်း အနား ရောက်လာ၏။ သူတို့သည် ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်း၌ ရှိလေ၏။ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ချင်စိတ် ဖြစ်ပေါ်ကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖန်တီးပြီး အော်ပြော၏။ “တောင်…”
စကားတစ်ခွန်းဖြင့်ပင် မီးတောင်နှစ်ခုသည် ဝမ်လင်းထံ တိုးဝင်လာသည့်သူ နှစ်ယောက်ရှေ့တွင် ပေါ်လာ၏။ အဘိုးအိုနှစ်ယောက်၏ အသွင်မှာ ပြောင်းလဲကုန်၏။ သူတို့သည် နောက်သို့ ပြန်ဆုတ်ချင်သည်။ သို့ရာတွင် ဝမ်လင်းက ဤထောင်ချောက်ကို ကြိုပြင်ဆင်ထားခဲ့သည် မဟုတ်လား။ သူတို့နှစ်ယောက် သူနှင့် ပေတစ်ထောင်အတွင်း ရောက်လာသည်နှင့် တောင်ခြေမွခြင်းမန္တာန်၏ တိုက်ခိုက်မှုကို ခံစားလိုက်ရတော့သည်။
ထိုနှစ်ယောက်ကို အချိန်ပေး၍ မဖြစ်။ ဝမ်လင်းက ချက်ခြင်းပင် နောက်ဆုတ်ရင်း လှမ်းအော်သည်။ “ခြေမွခြင်း…”
မီးတောင်နှစ်ခုသည် ဝုန်းခနဲ ပေါက်ကွဲထွက်သည်။ ချေရည်ပူများ စီးဆင်းကျလာကာ အဖျက်အစီးအားတစ်ခု ပေါ်လာသည်။ ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု ပျံ့နှံ့လာ၏။
တောင်ခြေမွခြင်း၏ခွန်အားမှာ ဝမ်လင်းအဖို့ ကျင့်ကြံခြင်းအဆင့်တူများကြား လုံးဝ သာလွန်မှုကို ပေးစွမ်းလေသည်။ အဘိုးအိုနှစ်ယောက်၏အခြေအနေမှာ သနားစရာအဖြစ်သို့ ဆိုက်ရောက်ရသည်။ သူတို့နှစ်ယောက်သည် သွေးအန်ထွက်ကာ နောက်ဆုတ်ရန် ပြင်သည်။
ထိုအဘိုးအိုနှစ်ယောက် နောက်ဆုတ်ချိန်တွင် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အလင်းတန်းအဖြစ် ပြောင်း၍ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူ့လက်ချောင်းများကို ဓားတစ်လက်အဖြစ် ရှိစေကာ ထိုအဘိုးအို၏မျက်ခုံးနှစ်ခုကြားသို့ ထိုးစိုက်ချသည်။
ထိုအဘိုးအိုသည် တောင်ခြေမွခြင်းကြောင့် ဒဏ်ရာအပြင်းအထန် ရနေခဲ့ပြီး ဖြစ်ရာ သူ့ခန္ဓာကိုယ်သည် တုန်ယင်၍ ပေါက်ကွဲထွက်သွားတော့သည်။ သူ ပေါက်ကွဲမသွားခင်လေး အခိုက်အတန့်၌ သူ့ထံကန စိတ်သက်သာရာရသည့် အပြုံးတစ်ခုကို လှစ်ဟသွားသည်ကို တွေ့ရသည်။
ထိုအပြုံးကို တွေ့မြင်သည့်အခါ ဝမ်လင်းသည် မျက်မှောင်ကြုံ့သွားသည်။ သူက နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်သည်။ သူသည် အခြားတစ်ယောက်နှင့် ရင်ဆိုင်ရန် လုပ်၏။ သို့သော် ဤအခိုက်လေးတွင် ကြောက်မက်ဖွယ်အန္တရာယ်အာရုံတစ်ခု ဝမ်လင်းထံ ခြုံလွှမ်းသွားသည်။ သူသည် ထိုအဘိုးအိုကို သတ်ဖို့ ဂရုမစိုက်တော့ဘဲ ထိုအစား ဘေးတစ်ဖက်သို့ ချက်ခြင်း နောက်ဆုတ်လိုက်သည်။
သူ လှုပ်ရှားလိုက်သည့်နောက် မွန်းစတားဆန်သော သွေးအလင်းသည် လေဟာနယ်နေရာတွင် ပြည့်လာ၏။ ၎င်းမှာ အလောင်းကောင်ကလန်၏ ဘုရင်ရှစ်ပါးကြောင့် ဒဏ်ရာရထားသော သွေးနဂါးတည်း။ ခုချိန်၌ ၎င်း၏ သေးငယ်သောအစိတ်အပိုင်းအချို့မှာ အပြာရောင်အေးခဲနေပေပြီ။
သို့သော် ၎င်းနဂါး၏အမြန်နှုန်းမှာ တစ်စက်မျှ လျော့ကျမသွားချေ။ ၎င်းသည် ဝမ်လင်းကို ဖြတ်ကျော်သွား၏။ ကြမ်းတမ်းသည့် လေပြင်းသည် ဝမ်လင်းခန္ဓာကိုယ်ကို တုန်ယင်သွားစေကာ အက်ကွဲသံတစ်ခု ထွက်ပေါ်သွားသည်။ အက်ကြောင်းတစ်ခု သူ့ရင်ဘက်ပေါ်တွင် ပေါ်လာသည်။သူ့ကိုယ်ပွား၏ ရင်ဘက်ပေါ်တွင် ဒဏ်ရာတစ်ခု ရရှိသွားခဲ့ပေပြီ။
ဝမ်လင်းက ခေါင်းမော့ကြည့်၏။ သို့သော် သွေးနဂါးသည် အဝေးသို့ ရောက်သွားလေပြီ။ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်နှင့် ဒဏ်ရာအပြင်းအထန် ရထားသော အစောပိုင်းအဆင့်ကျင့်ကြံသူတို့ပါ သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။
ဝမ်လင်းသည် အေးစိမ့်မှုကို ခံစားမိ၏။ သူသည် ဤအခြေအနေကို ပင့်သက်ရှိုက်မိသွားသည်။ သို့ရာတွင် နဂါးတစ်လျှောက် ပျံ့နှံ့နေသည့် အပြာရောင်ရေခဲအကြောင်း တွေးမိသည့်အခါ ဝမ်လင်းသည် တက်နိုင်သမျှ ခပ်မြန်မြန် ပျံသန်းထွက်တော့၏။
သူ့ဉာဏ်ရည်ဖြင့် သူသည် ဤသွေးနဂါးမှာ ဒဏ်ရာရ၍ ထွက်ပြေးလာမှန်းကို ချက်ခြင်း ခန့်မှန်းမိပေသည်။ ထို့အတွက်ကြောင့် ၎င်းနောက်သို့ လိုက်လာသည့် တစ်ယောက်ယောက် ရှိနေနိုင်သည်။ ဝမ်လင်းသည် ထိုကဲ့သို့သော လူမျိုးနှင့် ရုတ်တရက်ကြီး မတွေ့ဆုံချင်ပေ။
သူသည် နောက်သို့ အချိန်ကြာကြာ မဆုတ်ရခင်မှာပင် အလင်းတန်းရှစ်ခု ဖြတ်ကျော်ကာ ထွက်ပြေးနေသော သွေးနဂါးနောက်သို့ လိုက်လေ၏။ သူတို့ထဲမှ သက်လတ်ပိုင်းအရွယ် မောက်မာသည့်တစ်ယောက်က ဝမ်လင်းကို လှမ်းကြည့်ကာ အံ့အားတသင့် ဖြစ်သွား၏။ သို့သော် သူက ရပ်တန့်ခြင်းမရှိ၊ အခြားခုနစ်ယောက်နှင့်အတူ ပျောက်ကွယ်သွားသည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက လက်ဆန့်ထုတ်၍ အမြန်နှုန်းသားရဲအရေပြားကို သူ့သိုလှောင်နေရာလွတ်ထဲကနေ ထုတ်ယူသည်။ ၎င်းကို သူ့ရင်ဘက်ပေါ်တွင် နေရာချကာ ချက်ခြင်းပင် ရှေ့သို့ ဦးတည်သွားတော့သည်။
သူ့အမြန်နှုန်းသည် အထွတ်အထိပ်သို့ ရောက်လာပေပြီ။ သူသည် ထာဆန်ထွက်ပေါ်လာတော့မည်ဟုလည်း ခပ်ရေးရေး ခံစားမိသည်။
သွေးနဂါးသည် မြန်ဆန်စွာ သွားနေရင်း ဆက်တိုက် ဟိန်းဟောက်နေသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ဝက်ကျော်မှာ အပြာရောင်ရေခဲအဖြစ် ခဲနေပေပြီ။ ၎င်းသည် လေဟာနယ်နေရာ၏ ဗဟိုချက်သို့ အမြန်ဆုံးသွားနေသည်။
ထိုနေရာသို့ ရောက်လာသည့်နောက် သွေးနဂါးသည် သူ့ခန္ဓာကိုယ်ကို ခွေလိုက်ကာ ရှေးဟောင်းဘာသာစကားတစ်ခုကို ရွတ်ဆိုသည်။ ရှေးဟောင်းအော်ရာတစ်ခု ပေါ်လာ၏။ သွေးနဂါးသည် ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်သံ ပြုသည်။
ဟိန်းသံများ ပဲ့တင်ထပ်နေရင်း သွေးနဂါး၏ ပါးစပ်ထဲကနေ အချိန်စွမ်းအား ပေါက်ကွဲထွက်လာကာ ဤလေဟာနယ်နေရာကို ခြုံလွှမ်းလေသည်။
***