← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

186

ကျိုးဟောက်ယွီမှာ တဟဲဟဲရယ်မောရင်း အခြေအနေကို အမြန်ထိန်းလိုက်ကာ လေးနက်သောမျက်နှာပေးဖြင့် ပြောလိုက်သည်။

“အဟမ်း ကျဲအထင်လွဲနေပြီ၊ ကျဲထင်သလို မဟုတ်ပါဘူး၊ ကျွန်တော် စောစောကတင် ပြောသားပဲ ဒီအိမ်က သူငယ်ချင်းက ငှားပေးထားတာပါဆို၊ အဲ့ဒီသူငယ်ချင်းက တကယ်တော့ မီဒီယာကုမ္ပဏီတစ်ခု ထောင်ထားတာလေ၊ သူ့ရဲ့ အနုပညာရှင်မလေးတွေက အရင်က ဒီမှာ လာပြီး ဇာတ်တိုက်လေ့ကျင့်ကြတာ၊ ဒါတွေက သူတို့ရဲ့ဝတ်စုံတွေပေါ့၊ အခုထိ လာမသိမ်းရသေးလို့ပါ ဟဲဟဲ”

ကျိုးမင်မှာ သူ့ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ ကျိုးဟောက်ယွီ၏ အပြစ်ကင်းစင်လှသော မျက်နှာကို ကြည့်လိုက် ဗီရိုထဲကို လှမ်းကြည့်လိုက်ရင်းမှ ဇာပန်းရောင် အတွင်းခံဘရာစီယာလေး တစ်ထည်ကို လက်ညှိုးထိုးပြကာ ညင်သာစွာ ပြောလိုက်၏။

“ဟောက်ယွီ နင့်သူငယ်ချင်း ဇာတ်တိုက်နေတဲ့ အစီအစဉ်က နည်းနည်းတော့ အရှက်အကြောက် နည်းမနေဘူးလား၊ ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်အာဏာပိုင်အဖွဲ့က ဒါမျိုးကို ခွင့်ပြုပါ့မလား”

ကျိုးဟောက်ယွီမှာ ဆွံ့အကာ စကားတစ်ခွန်းမျှ မထွက်တော့ဘဲ မျက်နှာတစ်ခုလုံး အိုးတိုးအောက်တောက် ဖြစ်သွားရရှာသည်။ သို့သော်လည်း သူ အတင်းအကျပ် ပြုံးလိုက်ရင်း ရှင်းပြလိုက်၏။

“လွန်ခဲ့တဲ့အပတ်က သူငယ်ချင်းပြောတာတော့ သူတို့က အတွင်းခံမော်ဒယ်လ် ဓာတ်ပုံအစုလိုက် ရိုက်ကူးနေကြတာတဲ့၊ ရုပ်ရှင်အာဏာပိုင်အဖွဲ့ကလည်း ဒီလောက်အထိတော့ မတင်းကြပ်လောက်ပါဘူး”

ကျိုးမင်မှ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ကျိုးဟောက်ယွီမှာ သူမမေးခွန်းများကို ဖြတ်တောက်ရန်အတွက် ရှေ့သို့ အမြန်တိုးကာ အရေးယူဆောင်ရွက်လိုက်တော့သည်။ သူငယ်စဉ်ကတည်းကအတိုင်း ကျိုးမင်၏ ပုခုံးကို သံယောဇဉ်တကြီး ဖက်လိုက်ရင်း ပြောလိုက်၏။

“အာ ကျဲ ဒါတွေ စိတ်ထဲထားမနေပါနဲ့၊ ကျဲက ဒီလောက်ဝေးဝေးကနေ လာရတာ ကျွန်တော်က အကောင်းဆုံး ဧည့်ခံရမှာပေါ့၊ ကျဲ ပင်းဟိုင် ကို မရောက်တာ နှစ်ချီနေပြီ၊ အခုဆို အများကြီး ပြောင်းလဲသွားပြီ၊ ကျွန်တော် လိုက်ပြပါ့မယ်”

ကျိုးမင်မှ ကလက်သော အပြုံးလေးဖြင့် စနောက်လိုက်သည်။

“အော်၊ ဟောက်ယွီလေးက တကယ့်ကို လူကြီးဖြစ်လို့ အိမ်ရှင်အရာ ရောက်နေပြီပေါ့လေ”

ကျိုးဟောက်ယွီမှ တဟဲဟဲရယ်ရင်း အရှက်မရှိဘဲ ပြောလိုက်သည်။

"ကျဲ၊ လူဆိုတာ သုံးရက်မတွေ့ရင်တင် မျက်စိတစ်ဆုံး ပြောင်းလဲသွားတာ၊ ကျဲနဲ့ ကျွန်တော် မတွေ့ရတာ နှစ်တွေတောင် ကြာပြီ၊ ကျွန်တော်က အရင်လို ကျဲအနောက်မှာ ပုန်းပြီး ငိုတတ်တဲ့ နှပ်ချေးပေကောင်လေး မဟုတ်တော့ပါဘူး၊ အခုချိန်မှာ လောကကြီးမှာ အောင်မြင်ကြီးပွားနေပြီလို့ မပြောနိုင်သေးပေမဲ့ ကျဲကို လိုက်ပို့ဖို့ကတော့ စာကလေးချေးပါသလောက် အေးဆေးပါပဲ”

ကျိုးဟောက်ယွီမှ နာရီကို လှမ်းကြည့်လိုက်ရာ မွန်းလွဲ ၃နာရီ ၁၅မိနစ် ရှိနေပြီဖြစ်သည်။

“သွားကြစို့၊ ကျဲကို နှင်းတောင်ဆီ အရင်လိုက်ပို့မယ်”

ကျိုးမင်မှာ မျက်နှာထက်တွင် အပြုံးများဖြင့် ကျိုးဟောက်ယွီ၏ ဦးဆောင်မှုအနောက်သို့ လိုက်ပါကာ အောက်ထပ်သို့ ဆင်းလာခဲ့ပြီး အိမ်ပြင်ထွက်၍ ကားပေါ်တက်ကာ မြို့လယ်ခေါင်သို့ ဦးတည်မောင်းနှင်ခဲ့ကြသည်။ ရေခဲပြင်စကိတ်စီးခြင်းမှာ ပင်းဟိုင်မြို့တွင် အလှဆုံးနှင့် အပန်းဖြေစရာ အကောင်းဆုံး ဖျော်ဖြေရေးတစ်ခု ဖြစ်ပေ၏။ “နှင်းတောင် ရေခဲပြင်စကိတ်ကွင်း” သည် ပင်းဟိုင်မြို့တွင် အလွန်လူသိများပြီး အဆင့်မြင့်လှသော ကွင်းတစ်ခု ဖြစ်သည်။ ယခင်က သူသည် ဝေ့ရှီယုနှင့်အတူ ဤနေရာသို့ တစ်ခါ ရောက်ဖူးခဲ့သဖြင့် အမှတ်တရ အချို့ ရှိခဲ့ဖူး၏။ ကျိုးမင်ကို ဤနေရာသို့ ခေါ်လာရခြင်းသည် တစ်ဖက်မှာ မိမိ၏ အဆင့်အတန်းကို ပြသချင်၍ဖြစ်ပြီး ကျန်တစ်ဖက်မှာတော့ မိမိ ပင်းဟိုင်တွင် အဆင်ပြေပြေ နေထိုင်နေရကြောင်း သက်သေပြချင်၍ဖြစ်သည်။ မိမိ၏ အချစ်ဆုံးအစ်မကြီး ယုံကြည်သွားလျှင်ပဲ သူ ကျေနပ်နေပြီဖြစ်သည်။

“ဟောက်ယွီ၊ ဒီနေရာက တကယ့်ကို ကောင်းတာပဲ၊ နင် ဒီကို ခဏခဏ လာဖြစ်လား”

ကျိုးမင်မှ စကိတ်ကွင်းအစွန်းမှနေ၍ မေးလိုက်သည်။

'ဘုရားရေ၊ ဒီမှာ ဆော့ရင် ယွမ် ရာချီ ကုန်မှာလေ၊ တစ်နေ့လုံး ပင်ပင်ပန်းပန်း ရှာထားသမျှ ပိုက်ဆံတွေ ရေခဲပြင်ပေါ်မှာ နှစ်ခေါက်လောက် စကိတ်စီးရုံနဲ့တင် ပြောင်သွားနိုင်တယ်'

ကျိုးဟောက်ယွီ၏ လက်ရှိ ဘဏ္ဍာရေးအခြေအနေနှင့်ဆိုလျှင် ဤမျှအထိ သုံးဖြုန်းရန် မတတ်နိုင်ချေ။ သူသည် စိတ်ထဲမှ ခါးခါးသီးသီး ပြုံးမိလိုက်သော်လည်း အပြင်ပန်းတွင်မူ ပြတ်သားစွာဖြင့် ပြောလိုက်သည်။

“မကြာခဏတော့ မဟုတ်ပါဘူး၊ တစ်ပတ်မှာ ခြောက်ရက် ခုနစ်ရက်လောက်ပါပဲ၊ ကျဲ ကျွန်တော် လေလုံးထွားနေတာ မဟုတ်ဘူးနော်၊ ကျွန်တော့်ရဲ့ စကိတ်စီးတဲ့ ဟန်ပန်က တကယ့်ကို စမတ်ကျတာ၊ လူတွေအများကြီးက ကျွန်တော့်ကို ‘ရေခဲပြင််မင်းသားလေး’ လို့တောင် ချီးကျူးကြတာ”

ကျိုးမင်မှာ ကျိုးဟောက်ယွီကို ကြည့်လိုက်သောအခါ သူမမျက်လုံးအစုံမှာ ပီတိ၊ စိတ်သက်သာရာရမှုနှင့် ဂုဏ်ယူဝင့်ကြွားမှုတို့ဖြင့် အရည်လဲ့သွားရသည်။ ကျိုးဟောက်ယွီ အောင်မြင်သည်ကို မြင်ရလျှင် သူမအခြားသူအားလုံးထက် ပို၍ ပျော်ရွှင်ရသူဖြစ်၏။

“တကယ်လား၊ ကျဲ အရင်က နင့်ရဲ့တူလေးကို စကိတ်ကွင်း ခေါ်သွားဖူးတယ်၊ သူက ကျဲရဲ့ စကိတ်စီးပုံကို ကြည့်ပြီး လှောင်နေတာ၊ ဒီနေ့တော့ နင်ပဲ ကျဲကို သေသေချာချာ သင်ပေးရမယ်နော်”

“ဟဲဟဲ ရတာပေါ့၊ ပြဿနာမရှိပါဘူး”

ကျိုးဟောက်ယွီမှ ရင်တထိတ်ထိတ်ဖြင့် ခြောက်ကပ်ကပ် ပြန်ပြောလိုက်ရရှာသည်။ မောင်နှမနှစ်ယောက်စလုံး စကိတ်ဖိနပ်များ လဲလှယ်စီးဆင်းလိုက်ကြ၏။ ကျိုးဟောက်ယွီသည် တောက်ပနေသော ရေခဲပြင်ကြီးကို ကြည့်ကာ ရင်တုန်နေမိသည်။ အမှန်အတိုင်းပြောရလျှင် သူ အနည်းငယ် ကြောက်ရွံ့နေမိသော်လည်း အားနည်းချက်ကို အသိမခံချေ။ အရှက်ကွဲရပါစေဦးတော့ ဟန်ကတော့ ပျက်လို့မဖြစ်ပေ။ သူသည် ဘေးဘောင်လက်ရန်းကို အားပြုကိုင်ကာ အနိုင်နိုင် ထရပ်လိုက်သည်။ ဝေ့ရှီယု၏ စကိတ်စီးကွက်များကို စိတ်ထဲမှ ပြန်လည်ပုံဖော်ရင်း သတ္တိမွေးကာ တင်ပါးကို ကော့လျက် ဝင့်ကြွားလှသော ကြက်မတစ်ကောင်ကဲ့သို့ စတင်လျှောတိုက် ထွက်ခွာသွားတော့၏။

အစပိုင်းတွင်တော့ အဆင်ပြေနေဆဲဖြစ်သော်လည်း လူဆိုသည်မှာ ဝင့်ကြွားလွန်လျှင် အလဲကျမြန်တတ်စမြဲဖြစ်သည်။ ကျိုးဟောက်ယွီသည် နောက်သို့ လှည့်ကာ ကျိုးမင်ကို ပြုံးပြရန် ပြင်လိုက်စဉ်မှာပင် ခြေချော်ကာ ရှေ့တည့်တည့်သို့ ဟန်ချက်ပျက်ပြီး လဲကျသွားတော့၏။ ကျိုးမင်သည် ဘာမျှမစဉ်းစားတော့ဘဲ အမြန်ဆုံး စကိတ်စီးလာကာ သူ့ကို တွဲထူပေးလိုက်သည်။

“ဘယ်လိုလဲ နာသွားသေးလား၊ နင် ပါးစပ်သတ္တိပြတာ ခံရပြီမဟုတ်လား၊ စကိတ် မစီးတတ်ရင်လည်း ဇွတ်မလုပ်ပါနဲ့၊ ကျဲက နင့်အတွက် သူစိမ်းမှမဟုတ်တာ၊ စကိတ်မစီးတတ်တာကို ကျဲ မလှောင်ပါဘူး”

ကျိုးဟောက်ယွီသည် မိမိကိုယ်ကိုယ် ကြွားဝါမှု ပျက်စီးသွားသဖြင့် အရှက်တကွဲ ဖြစ်ရသော်လည်း ခေါင်းမာစွာဖြင့်ပင် ပြောလိုက်သည်။

“ဘယ်သူက မစီးတတ်ဘူးလို့ ပြောလဲ၊ ကျွန်တော် မကြာသေးခင်က မစီးဖြစ်လို့ နည်းနည်း မေ့သွားတာ၊ ဒီနေ့ ကံမကောင်းလို့ပါ”

“ကဲပါ ကဲပါ၊ ဒါက မတော်တဆဖြစ်သွားတာလို့ ကျဲ လက်ခံပေးပါ့မယ် ဟုတ်ပြီလား၊ နင်ကတော့ ဘာမှမပြောင်းလဲသေးပါလား”

ကျိုးမင်မှ အလိုလိုက်သော အမူအရာဖြင့် ကျိုးဟောက်ယွီကို ဘေးဘောင်လက်ရန်းဆီသို့ ပြန်လည်တွဲပို့ပေးလိုက်သည်။

“ကျဲ၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့၊ ကျဲဘာသာပဲ လွတ်လွတ်လပ်လပ် စီးပါ၊ ကျွန်တော် ဘေးကနေ လမ်းညွှန်ပေးမယ်"

“တော်ပါပြီ၊ ကျဲ ဒီနေ့ ကားအကြာကြီး စီးလာရလို့ နည်းနည်း ပင်ပန်းနေပြီ၊ ပြန်ကြစို့”

ကျိုးမင်မှာ မောင်ဖြစ်သူ မျက်နှာငယ်ရမည်စိုးသဖြင့် တမင်သက်သက် ပင်ပန်းချင်ယောင် ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ ကျိုးဟောက်ယွီ၏ ရင်ထဲ၌ နွေးထွေးမှုလှိုင်းတစ်ခု ဖြတ်သန်းသွားရ၏။ သူ ဘာမှမပြောတော့ဘဲ ကိုယ်ကိုကိုင်းကာ ဖိနပ်များ ပြန်လဲပြီးနောက် ကျိုးမင်၏ လက်မောင်းကို တွဲကာ စကိတ်ကွင်းထဲမှ ထွက်ခွာလာခဲ့ကြသည်။ ဆောင်းရာသီ၏ နေ့ရက်များသည် အမြဲတမ်း တိုတောင်းလှသည်။ ညနေ ၅ နာရီခွဲ ကျော်ရုံရှိသေး နေမှာ ဝင်ရိုးစွန်းအောက်သို့ တဖြည်းဖြည်း နစ်မြုပ်သွားကာ မိုးချုပ်လုနီးပြီဖြစ်၏။ နှင်းတောင်စကိတ်ကွင်းမှ ထွက်လာပြီးနောက် ကျိုးဟောက်ယွီမှ ပြောလိုက်သည်။

“ကျဲ ဗိုက်ဆာပြီလား၊ ကျွန်တော် ကောင်းတဲ့ အီတလီစားသောက်ဆိုင်တစ်ဆိုင် သိတယ်၊ ကျဲကို လိုက်ကျွေးမယ်”

“ဘာလို့ အနောက်တိုင်းစာလဲ၊ ကျဲကတော့ တရုတ်စာကိုပဲ ပိုကြိုက်ပါတယ်”

“ဒါဆိုရင်တော့ တရုတ်စာထဲမှာ ဟော့ပေါ့ က အကောင်းဆုံးပေါ့၊ ကျွန်တော် စီချွမ်းစတိုင် ဟော့ပေါ့ဆိုင်တစ်ဆိုင် သိတယ်၊ သူတို့ရဲ့ ဟင်းရည်က တကယ့်ကို လျှာလည်သွားစေလောက်အောင် အနံ့ရော အရသာပါ ထိပ်တန်းပဲ၊ ပြီးတော့ သူတို့ရဲ့ လျှို့ဝှက်ချက်နည်းအတိုင်း လုပ်ထားတဲ့ အနှစ်တွေကလည်း တကယ့်ကို အံ့မခန်းပဲ"

“ဒါဆိုလည်း ချန်ဇီကိုပါ ခေါ်လိုက်လေ၊ နင်နဲ့ ချန်ဇီတို့ ကောလိပ်တုန်းက တစ်တွဲတွဲ ရှိနေကြတာ ကျဲ မှတ်မိသေးတယ်၊ မတွေ့ရတာတောင် နှစ်တွေအကြာကြီး ရှိပြီ”

“ချန်ဇီကတော့ အခုတလော သူဌေးမလေးတွေကို လိုက်ဖားနေတာနဲ့ အလုပ်ရှုပ်နေတာ၊ အချိန်ရှိမယ်မထင်ဘူး”

ကျိုးဟောက်ယွီမှာ ပါးစပ်ကသာ ထိုသို့ပြောနေသော်လည်း လက်မှာတော့ ဆွန်းချန်ထံ ဖုန်းခေါ်ဆိုလိုက်ပြီးဖြစ်သည်။ အလကားကျွေးမည့် ထမင်းစားပွဲအကြောင်း ကြားသည်နှင့် ဆွန်းချန်တစ်ယောက် ယုန်ထက်ပင် မြန်အောင် ပြေးလာခဲ့ရာ ကျိုးဟောက်ယွီတို့ မရောက်မီကတည်းက ဟော့ပေါ့ဆိုင်သို့ ကြိုတင်ရောက်ရှိနေတော့၏။

မကြာမီ အားလုံး စုံလင်သွားကြပြီး အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုပြီးနောက် ဆွန်းချန်မှာ ကျွမ်းကျင်စွာဖြင့် ဟင်းရည်အိုးအမျိုးအစားကို မှာယူလိုက်ပြီး ကျိုးမင်မှာတော့ အခြားဟင်းပွဲများကို မှာယူလိုက်သည်။ ကျိုးဟောက်ယွီ အားလုံးအတွက် လက်ဖက်ရည် လောင်းထည့်ပေးရင်း စကားစမြည် ပြောဆိုနေမိသည်

“ချန်ဇီ၊ မင်းကို ကြည့်ရတာ မျက်နှာတစ်ခုလုံး ရွှန်းစိုပြီး အပြုံးတွေ ဝေဆာနေပါလား၊ မင်းရဲ့ မြင့်မြတ်တဲ့ ရည်မှန်းချက်ကြီး အောင်မြင်သွားပြီလား၊ ဘယ်က အမြင်အာရုံချို့တဲ့တဲ့ သူဌေးမလေးက မင်းကျော့ကွင်းထဲကို သက်ဆင်းလာလို့လဲ၊ ငါတို့ရဲ့ သူငယ်ချင်းသံယောဇဉ်အရ ငါကတော့ မင်းအတွက် ဝမ်းမြောက်ဝမ်းသာ ရှိပါတယ် ဟဲဟဲ”

ဆွန်းချန်မှ မျက်စောင်းထိုးလိုက်သည်။

“ငါ ဒီအဆင့်အထိ ရောက်ဖို့ ဘုရားသခင်ဆီမှာ ကမ္ဘာပေါင်းများစွာ ဆုတောင်းခဲ့ရတာ၊ ဒါပေမဲ့ ကောင်းကင်ကြီးက မျက်စိကန်းနေလို့ ငါ့လို ခန့်ညားထက်မြက်တဲ့ လူစားမျိုးကို တစ်ကိုယ်တည်းသမားအဖြစ် သေဆုံးခွင့်ပြုထားတာ၊ ဟူး."

“အဲ့ဒီအစား မင်းလို ဘာထူးခြားချက်မှမရှိတဲ့ ကောင်ကျတော့၊ ငါ ငါ တကယ်ကို နားမလည်နိုင်တာက အဲ့ဒီ ဝေ့ရှီယုက မင်းနဲ့ဘယ်လိုဖြစ်ပြီး အဲ့ဒီလို မရေမရာ ပတ်သက်မှုမျိုး ရှိနေရတာလဲဆိုတာပဲ”

ဆွန်းချန်မှ ဝန်တိုမှု၊ မနာလိုစိတ်နှင့် မုန်းတီးမှုတို့ ပြည့်နှက်နေသော မျက်နှာဖြင့် သွားကြိတ်ကာ ပြောလိုက်သည်။ ကျိုးမင်မှာ အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ပြီး ပြောလိုက်၏။

“ချန်ဇီ၊ နင် စောစောက ဘာပြောလိုက်တာလဲ၊ ဝေ့ရှီယု ဟုတ်လား”

ကျိုးဟောက်ယွီသည် ချက်ချင်းပင် ဆွန်းချန်ကို တင်းမာသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး လက်သီးပြကာ ခြိမ်းခြောက်လိုက်သည်။ ဆွန်းချန်မှာ နှာခေါင်းရှုံ့လိုက်ပြီး ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလေ၏။

“ဘယ်သူ ရှိရဦးမှာလဲ၊ သူငယ်ချင်းရဲ့ ခွေးပေါက်လေးတစ်ကောင်ပါပဲ၊ သူက ဟောက်ယွီကို တွေ့တိုင်း မျက်လုံးတွေ အရည်လဲ့နေတတ်တာ”

ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ၏ လက်များ တုန်ရင်သွားကာ လက်ဖက်ရည်များ စားပွဲပေါ်သို့ ဖိတ်စင်ကုန်တော့သည်။

All Chapters