အခန်း ၁၈၈
Vol. 19 Ch. 188
188
မိမိ၏ ခြေထောက်များ အချိုးခံရတော့မည်ဟူသော စကားကို ကြားလိုက်ရသောအခါ လျူထုန်တစ်ယောက် မျက်နှာတစ်ခုလုံး ပျက်ပြတ်သွားကာ ချက်ချင်းပင် ငိုသံပါကြီးဖြင့် အသနားခံတော့သည်
“အစ်ကိုကြီး၊ တခြားနည်းနဲ့ သက်သေပြလို့ မရဘူးလား၊ ကျွန်တော့်မှာ ခြေထောက်တွေ မရှိရင် တကယ် မရှင်သန်နိုင်လို့ပါ၊ မဟုတ်ရင် ကျွန်တော် ဘယ်လိုမှ အသက်ဆက်လို့ ရမှာမဟုတ်တော့ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ"
ကျိုးဟောက်ယွီမှ နှာခေါင်းရှုံ့လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
“မင်းက ငါ့ကို ဒီလောက်အကြာကြီး ပတ်ပြေးအောင် လုပ်ခဲ့ပြီးမှ အခုကျတော့ ဒီအတိုင်း လွယ်လွယ်လေး လွှတ်ပေးရမယ် ဟုတ်လား၊ အဲ့ဒါဆို မင်းအတွက် သက်သာလွန်းရာ မကျဘူးလား၊ မင်းကိုယ်တိုင် မလုပ်ဘူးဆိုရင်တော့ ငါကိုယ်တိုင်ပဲ ကူညီပေးရတာပေါ့”
ကျိုးဟောက်ယွီသည် ခြေထောက်ကို မြှောက်ကာ လျူထုန်၏ ခြေသလုံးရိုးကို ကန်ချလိုက်သည်။ တမင်သက်သက် အရုပ်တစ်ရုပ်လို ကစားနေသည့်အလား သူအသုံးပြုလိုက်သော အင်အားမှာ အနေတော်ပင်ဖြစ်၏။ ခြေရိုးကို တစ်ခါတည်း ကျိုးမသွားစေဘဲ လျူထုန်အား မခံမရပ်နိုင်လောက်အောင် နာကျင်မှုကိုသာ ပေးစွမ်းလိုက်ခြင်း ဖြစ်သည်။ ကျိုးဟောက်ယွီမှာ ဘာမှမသိသည့်အလား အပြစ်ကင်းစင်ဟန်ဆောင် နေလိုက်သည်။
“အော် ဆော်ရီးပဲ၊ ခြေလှမ်းလွဲသွားလို့ အရိုးက မကျိုးသွားဘူးပဲ၊ နောက်တစ်ခါ ထပ်ကြိုးစားကြည့်ရတာပေါ့၊ ဟဲဟဲ”
“အားးးး အစ်ကိုကြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ခါတည်း သတ်လိုက်ပါတော့၊ ဒီလိုမျိုး နှိပ်စက်မနေပါနဲ့တော့"
လျူထုန်သည် နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားနေရှာသည်။ အသားကို တဖြည်းဖြည်းချင်း လှီးဖြတ်ခံနေရသကဲ့သို့ ပြင်းထန်လှသော ထိုဝေဒနာကြောင့် သူ့ရင်ထဲ၌ နောင်တတရားများ အတိုင်းအဆမရှိ တိုးဝင်လာသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်၏။
“စိတ်မပူပါနဲ့၊ ငါ မင်းကို တစ်ခါတည်း အဆုံးစီရင်ပေးမှာပါ”
ကျိုးဟောက်ယွီမှာ သဘောတူသကဲ့သို့ ပြောဆိုရင်း သူ၏ ရက်စက်ကြမ်းကြုတ်လှသော ခြေချိုးခြင်းလုပ်ငန်းစဉ်ကို ဆက်လုပ်ရန် ခြေထောက်ကို ပြန်မြှောက်လိုက်သည်။ လျူထုန်မှာမူ အော်ဟစ်ရန်ပင် အင်အားမရှိတော့ဘဲ မျှော်လင့်ချက်မဲ့စွာ မျက်လုံးများကိုသာ ပိတ်ထားမိတော့၏။ ထိုစဉ် ကျိုးမင်သည် အနောက်မှ အသက်ရှူမဝဘဲ မောဟိုက်လျက် ပြေးလာပြီး ရပ်ပစ်ရန် အကြိမ်ကြိမ် အော်ဟစ်တားမြစ်တော့သည်။ သို့သော် ကျိုးဟောက်ယွီမှာမူ မကြားချင်ယောင် ဆောင်နေခဲ့၏။ အခြေအနေ မဟန်တော့သဖြင့် ကျိုးမင်သည် အပြေးအလွှား လာရောက်ကာ သူ့ကို ဘေးသို့ တွန်းဖယ်ပစ်လိုက်သည်။
“ကျဲ ဘာလုပ်တာလဲ”
ကျိုးဟောက်ယွီမှာ ထိုတွန်းအားကြောင့် လဲကျလုနီးပါး ဖြစ်သွားရသဖြင့် ဟန်ချက်ကို အနိုင်နိုင် ပြန်ထိန်းလိုက်ရသည်။
“နင် ရူးနေတာလား"
ကျိုးမင်မှာ ကျိုးဟောက်ယွီကို မယုံကြည်နိုင်လောက်အောင် သူမ၏ လှပသော ဗာဒံစေ့ပုံစံ မျက်လုံးအစုံဖြင့် စိုက်ကြည့်နေမိသည်။
“ကျွန်တော် မရူးပါဘူး၊ ဒီကောင်က ကျဲရဲ့ ပိုက်ဆံကို လိမ်သွားတာလေ၊ ကျွန်တော့်အနေနဲ့ သူ့ကို သင်ခန်းစာတစ်ခု ပေးသင့်တာ မဟုတ်ဘူးလား”
“ဒါပေမဲ့ နင်က သူ့ခြေထောက်ကို တကယ်ကြီး ရိုက်ချိုးပစ်ချင်နေတာပဲ၊ ရက်စက်လွန်းတယ်လို့ မထင်ဘူးလား၊ သူက တို့ပိုက်ဆံကို လိမ်တာ မှားပေမဲ့ ဒီလောက်အထိ အပြစ်ပေးခံရဖို့ မထိုက်တန်ပါဘူး”
“ဒီလိုလူလိမ်မျိုးက ခြေထောက်ကောင်းနေသေးရင် လူ့အဖွဲ့အစည်းကို ဆက်ပြီး ဒုက္ခပေးနေဦးမှာ၊ တကယ်လို့ ကျဲက သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရင် ကျဲကပါ သူ့ရဲ့ ကြံရာပါ ဖြစ်သွားလိမ့်မယ်၊ ကျဲကို ‘တောင်သူလယ်သမားနဲ့ မြွေဟောက်’ ပုံပြင်အကြောင်း ကျွန်တော် ထပ်ပြောပြနေဖို့ မလိုတော့ဘူးမလား”
“ဒါပေမဲ့ သူ အခုလည်း ဒီလောက်အထိ ဖြစ်သွားပြီပဲ၊ ခံရတာ လုံလောက်ပါပြီ တော်လိုက်ပါတော့”
ကျိုးဟောက်ယွီသည် ခဏမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ကျိုးမင်၏ မျက်စိရှေ့မှောက်မှာပင် လျင်မြန်လှသော ခြေကန်ချက်တစ်ခုဖြင့် လျူထုန်၏ ဘယ်ဘက်ခြေထောက်ကို ကန်ချိုးပစ်လိုက်သည်။ ခွပ်ခနဲ မြည်သော အရိုးကျိုးသံနှင့်အတူ လျူထုန်သည် ဝက်တစ်ကောင်အလား စူးစူးဝါးဝါး အော်ဟစ်လိုက်တော့၏။ ကျိုးဟောက်ယွီမှာ အေးစက်စွာဖြင့် ပြောလိုက်သည်။
“တကယ်တော့ ငါ့ရဲ့ထုံးစံအတိုင်းဆိုရင် မင်းရဲ့ ခြေထောက်နှစ်ဖက်စလုံးကို ချိုးပစ်မှာ၊ ဒါပေမဲ့ မင်း ကံကောင်းသွားတယ်၊ ငါ့ရဲ့ အချစ်ဆုံးအစ်မကြီးက မင်းအတွက် အသနားခံပေးလို့ ဒီတစ်ကြိမ်တော့ ချန်ထားပေးလိုက်မယ်၊ နောက်တစ်ခါ မင်း မဟုတ်တာလုပ်တာကို ငါ ထပ်တွေ့ရင်တော့ ခြေထောက်ကျိုးရုံတင်တင်နဲ့ ပြီးမှာမဟုတ်ဘူး”
သူ၏ ကြောက်မက်ဖွယ် စကားလုံးများကို ဆိုပြီးနောက် ကျိုးဟောက်ယွီသည် ချက်ချင်းပင် အပြုံးမျက်နှာဖြင့် ပြောင်းလဲကာ ကျိုးမင်၏ ပုခုံးကို ဖက်လိုက်သည်။
“ကျဲ ပြန်ကြစို့”
ကျိုးမင်မှ ခေါင်းငုံ့လျက် မျက်မှောင်ကုပ်ကာ ကျိုးဟောက်ယွီ၏ လက်ကို အေးစက်စွာဖြင့် ပုတ်ထုတ်ပစ်လိုက်ပြီး သူမဘာသာ ခပ်သွက်သွက် ထွက်ခွာသွားတော့သည်။ ၎င်းကို မြင်သောအခါ ကျိုးဟောက်ယွီမှာ ရှေ့သို့ အမြန်တိုးကာ ကျိုးမင်ကို ဆွဲလိုက်ရင်း အတင်းအကျပ် ပြုံးကာ ပြောလိုက်၏။
“ကျဲ၊ အဲ့ဒီလူရဲ့ ခြေထောက်ကို ချိုးပစ်လိုက်လို့ ကျွန်တော့်ကို စိတ်ဆိုးနေတာလား”
ကျိုးမင်မှ ဘာမှမပြောဘဲ တိတ်ဆိတ်နေဆဲပေ။ ကျိုးဟောက်ယွီမှာ သူမပုခုံးနှစ်ဖက်ကို ကိုင်လိုက်သည်။
“ကျဲ စိတ်မဆိုးပါနဲ့၊ ကျဲ စိတ်ဆိုးနေရင် ကျွန်တော် ရင်ထဲမှာ မကောင်းလို့ပါ”
ကျိုးမင်မှ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
“ဟောက်ယွီ၊ နင်က ကျဲရင်ခွင်ထဲမှာ ကြီးပြင်းလာတဲ့ မောင်လေးတစ်ယောက်ပါ၊ နင့်မှာ အမှားအမှန်ကို ခွဲခြားနိုင်တဲ့ စိတ်ရှိပြီး တရားမျှတမှုကို မြတ်နိုးတာ ကောင်းပါတယ်၊ ဒါပေမဲ့ နင် လူတစ်ယောက်ရဲ့ ခြေထောက်ကို ဒီလောက်အထိ ရက်ရက်စက်စက် ရိုက်ချိုးပစ်တာကို မြင်ရတော့ ကျဲ ရင်ထဲမှာ အသက်ရှူရတာ တကယ်ကို မွန်းကြပ်လွန်းလို့ပါ”
“ကျဲ အဲ့ဒီလူက လူလိမ်လေ၊ အရင်ကလည်း လူတွေအများကြီးကို ဒုက္ခပေးခဲ့တာ၊ သူက ထိုက်လို့ ရတာပါ၊ ကျဲအနေနဲ့ အကောင်းအဆိုးကို မဝေခွဲနိုင်ဘဲ လူဆိုးဘက်ကနေ ရှေ့နေလိုက်မပေးပါနဲ့”
ကျိုးမင်မှ နောက်ထပ် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်သည်။
“ကဲပါ တော်ပါပြီ၊ မိုးလည်း ချုပ်နေပြီ ပြန်ကြစို့”
မောင်နှမနှစ်ဦးစလုံး ဘာစကားမျှမဆိုဘဲ ဝေ့ရှီယု ငှားရမ်းပေးထားသော တိုက်ခန်းဆီသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းလာခဲ့ကြသည်။ လမ်းတွင် ဘားတစ်ခုအနားမှ ဖြတ်အလျှောက်တွင်မူ လုံးဝမူးနေသော အမျိုးသားတစ်ဦးသည် ကျိုးဟောက်ယွီနှင့် ကျိုးမင်တို့၏ ဘေးမှ ဖြတ်သွားရင်း ကျိုးမင်ကို တမင်သက်သက် တိုက်မိသွားခဲ့၏။ ထိုမူးနေသူမှာ ဟန်ဆောင်ပန်ဆောင် တောင်းပန်ချင်ယောင်ဆောင်ရင်း သူ့လက်တစ်ဖက်ကို ကျိုးမင်၏ ပုခုံးပေါ်သို့ ခပ်ပေါ့ပေါ့ တင်လိုက်သည်။ သူ၏ ညစ်ညမ်းလှသော မျက်လုံးများမှာ ကျိုးမင်၏ ရင်သားအစုံထံသို့ ရောက်ရှိသွားကာ ဖြဲပြုံးကြီးဖြင့် မေးလိုက်၏။
“အလှလေး၊ တစ်ညကို ဘယ်လောက်လဲ”
ကျိုးမင်မှာ အေးစက်လှသော လေသံဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“ဖယ်စမ်း"
“အော် အစွာလေးပေါ့၊ ငါကတော့ သဘောကျသားပဲ”
ထိုမူးနေသူမှာ ကျိုးမင်၏မျက်နှာကို ကိုင်တွယ်ရန် လက်လှမ်းလိုက်သော်လည်း သူမကို မထိမိခင်မှာပင် ကျိုးဟောက်ယွီမှာ ထိုသူ့လက်ကို လှမ်းဖမ်းကာ လိမ်ချိုးပစ်လိုက်ရာ လက်ကောက်ဝတ်ရိုးကျိုးသွားတော့သည်။ ၎င်းအပြင် အရှိန်ဖြင့်တွန်းထုတ်ပစ်လိုက်သဖြင့် မူးနေသူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားရတော့၏။ သူသည် နာကျင်နေသော လက်ကို ဆုပ်ကိုင်ရင်း ဒေါသတကြီး ဆဲဆိုလိုက်သည်။
“ဘယ်ကကောင်လဲ၊ ငါ့ရဲ့ စိတ်ကူးကောင်းတွေကို ဖျက်ဆီးရဲတာ”
“မျက်စိမပါတဲ့ကောင်၊ ငါ့ကျဲကို လာပြီး လက်သရမ်းရဲတယ် သေချင်နေတာပဲ၊ မင်းက အသက်ရှင်ရတာ ငြီးငွေ့နေမှတော့ ငါကိုယ်တိုင်ပဲ ဘဝကူးကောင်းအောင် ကူညီပေးရတာပေါ့”
ကျိုးဟောက်ယွီသည် ဒေါသတကြီး ပြောဆိုလိုက်ပြီး ကျိုးမင်တစ်ယောက် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ရှေ့သို့ အပြေးအလွှား တက်သွားကာ ထိုမူးနေသူ၏ ခြေသလုံးရိုးပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် နင်းချေပစ်လိုက်ရာ ခွပ်ခနဲ အက်ကွဲသံ နှစ်ချက် ထွက်ပေါ်လာသည်။ ထိုအသံသည် ကျိုးဟောက်ယွီ၏ နားထဲတွင်တော့ အလွန်နားဝင်ချိုလှသော တေးသံတစ်ခုအလား။ ထိုမူးနေသူသည် ချက်ချင်းပင် ရင်ကွဲမတတ် စူးစူးဝါးဝါး အော်ဟစ်ညည်းတွားလိုက်ရပြီး နာကျင်မှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကျိုးဟောက်ယွီကို စိုက်ကြည့်နေမိသည်။ အော်သံကြီးမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့၏။ ကျိုးမင်သည် ကျိုးဟောက်ယွီကို လူစိမ်းတစ်ယောက်အလား ကြည့်နေမိပြီး သူမ၏ လှပသော ဗာဒံစေ့မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ကျဲ ဘာဖြစ်လို့လဲ”
ကျိုးဟောက်ယွီမှာ ကျိုးမင်အနားသို့ စိုးရိမ်တကြီး တိုးသွားမိသည်။
“အနားမလာနဲ့၊ နင်က လူမဟုတ်တဲ့မိစ္ဆာပဲ"
“ကျဲ ကျွန်တော့်ကို မမှတ်မိတော့ဘူးလား၊ ကျွန်တော် ကျဲရဲ့မောင် ကျိုးဟောက်ယွီလေ"
“မဟုတ်ဘူး၊ နင်က ငါ့မောင်လေး မဟုတ်ဘူး၊ ငါ့မောင်လေးက နင့်လိုမျိုး ရက်စက်ကြမ်းကြုတ်ပြီး သွေးအေးတဲ့ လူစားမျိုး မဟုတ်ဘူး”
ကျိုးမင်သည် ကျိုးဟောက်ယွီ၏ရက်စက်မှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရသဖြင့် ခေတ္တမျှ ထိတ်လန့်သွားကာ ထိုနေရာမှ ကယောင်ကတမ်းဖြင့် ထွက်ပြေးတော့သည်။ ကျိုးမင်အနေဖြင့် အရင်က လူလိမ်လျူထုန်၏ ခြေထောက်ကို ချိုးပစ်သည်ကို အနိုင်နိုင် လက်ခံပေးနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မူးနေသူတစ်ဦး၏ စကားအနည်းငယ်ကြောင့်နှင့် ခြေထောက်ကို ချိုးပစ်သည်ကိုတော့ သူမ လုံးဝလက်မခံနိုင်တော့ချေ။ တကယ်လို့ မျက်စိနဲ့တပ်အပ်မမြင်ခဲ့ရလျှင် မိမိမောင်လေးမှာ ဤကဲ့သို့ လုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု သူမ ဘယ်သောအခါမျှ ယုံကြည်မည်မဟုတ်ပေ။ ကျိုးမင်တစ်ယောက် အရူးတစ်ယောက်အလား ပြေးနေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီမှာ အနောက်မှ အပြေးအလွှား လိုက်လံဆွဲဖမ်းလိုက်ရသည်။
“ကျဲ ဘာဖြစ်တာလဲ၊ ကျွန်တော့်ကို လန့်အောင် မလုပ်ပါနဲ့”
“နင် ဘာလို့ အဲ့ဒီလူရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်ရတာလဲ”
ကျိုးမင်မှ သူ့ကို ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။ ကျိုးဟောက်ယွီလည်း ပြန်လည်ချေပ၏။
“သူက ကျဲကိုလာပြီး နှောင့်ယှက်စော်ကားနေတာလေ၊ ကျွန်တော့်အနေနဲ့ ဒီအတိုင်းကြည့်နေရမှာလား”
“ငါ့မှာ အသားပဲ့ပါသွားတာ မဟုတ်ဘူး၊ မူးနေတဲ့လူရဲ့စကားကို ဒီလောက်အထိ အတည်ယူစရာ လိုလို့လား၊ မောင်းထုတ်လိုက်ရုံနဲ့ ပြီးနေတာကို ဘာလို့ ခြေထောက်အထိ ချိုးပစ်ရတာလဲ”
“ကျဲ၊ ကျဲက ကျွန်တော့်ရဲ့ အချစ်ဆုံး အစ်မကြီးလေ၊ ကျဲကို စော်ကားတာက ကျွန်တော့်ကို စော်ကားတာနဲ့ အတူတူပဲ၊ သူ အဲ့ဒီအတွက် တန်ဖိုးပေးရမယ်၊ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ဘယ်သူ့ကိုမှ လာပြီး နင်းခြေခွင့်မပြုနိုင်ဘူး”
ကျိုးဟောက်ယွီ၏မျက်လုံးထဲတွင် ရက်စက်လှသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
“ဟောက်ယွီ နင်ဘာတွေဖြစ်ကုန်တာလဲ၊ လူတစ်ယောက်ရဲ့အရိုးကျိုးသွားတဲ့ နာကျင်မှုထက် ပိုပြီးမြင့်မားတဲ့ ဂုဏ်သိက္ခာဆိုတာက နင့်ကို အောင်မြင်မှုခံစားချက် ပေးစွမ်းနိုင်လို့လား၊ ဒါကို ‘အာဏာရှင်ဆန်တဲ့ ရက်စက်မှု’ လို့ ခေါ်ရင် ပိုမှန်လိမ့်မယ်"
ကျိုးမင်၏မျက်နှာတစ်ခုလုံး ရင်ကွဲမတတ် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
"ကျဲ ကျွန်တော့်စကားကို နားထောင်ပါဦး"
ကျိုးဟောက်ယွီမှာ ရှင်းပြရန်ပြင်လိုက်စဉ်မှာပင် ကျိုးမင်မှ ရုတ်တရက် သူ့မျက်နှာကို ရိုက်ပစ်လိုက်တော့သည်။
“ငါ့မှာ နင့်လို မောင်မျိုး မရှိဘူး"
ထိုသို့ပြောပြီးနောက် ကျိုးမင်သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ပြေးသွားတော့သည်။ ကျိုးဟောက်ယွီပူထူသွားသော မိမိပါးပြင်ကို ကိုင်ရင်း အနောက်မှ ကပျာကယာလိုက်သွားမိ၏။
“အနောက်ကနေ လိုက်မလာနဲ့"
ကျိုးမင်သည် လမ်းဆုံသို့ရောက်ရှိသွားခဲ့သည်။ ထိုစဉ် တက္ကစီတစ်စီးဖြတ်မောင်းလာသဖြင့် ကျိုးမင် ကားပေါ်သို့ အမြန်တက်ကာ အဝေးသို့ မောင်းထွက်သွားတော့၏။ ကျိုးဟောက်ယွီသည် တက္ကစီကြီး မျက်စိရှေ့မှောက်မှ ပျောက်ကွယ်သွားသည်အထိ ငေးမောကြည့်ရှုရင်း ရင်ထဲ၌ ဝေခွဲမရလှသော ရှုပ်ထွေးမှုများဖြင့် ကျန်ရစ်ခဲ့တော့သည်။