← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

189

ကျိုးဟောက်ယွီသည် အခန်းထဲသို့ စိတ်လေလွင့်စွာဖြင့် ပြန်လည်လျှောက်လှမ်းလာခဲ့ပြီး နူးညံ့လှသော မွေ့ရာပေါ်သို့ လှဲချလိုက်ရင်း ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင် ဖြစ်နေတော့သည်။

“ငါ တကယ်ပဲ မှားသွားခဲ့တာလား”

ကျိုးဟောက်ယွီ၏ စိတ်အစဉ်မှာ ရှုပ်ထွေးဆူပူနေပြီး ယနေ့ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောမိနေစဉ် သူ့ဦးနှောက်ထဲ၌ ဝတ်စုံဖြူနှင့် ဝတ်စုံနီ ဝတ်ဆင်ထားသော လူပုလေးနှစ်ယောက် အပြင်းအထန် ငြင်းခုံနေကြသည့်အလား ခံစားလိုက်ရသည်။ ဝတ်စုံဖြူနှင့် လူပုလေးမှ ပြောလိုက်၏။

“ငါမမှားဘူး၊ ငါ ဘယ်လိုလုပ် မှားမှာလဲ၊ ငါက ငါ့နှလုံးသားနောက်ကိုလိုက်ပြီး ငါလုပ်သင့်တယ်ထင်တာကို လုပ်ခဲ့တာပဲ”

ဝတ်စုံနီနှင့် လူပုလေးမှာမူ ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက မင်းရဲ့ အချစ်ဆုံးအစ်မကြီးကို ထွက်ပြေးအောင်လုပ်လိုက်တာလေ၊ အဲ့ဒါ မင်းအပြစ်ပဲ”

ဝတ်စုံဖြူလေးမှာ ခဏမျှ ဆွံအသွားသည်။

“သူမကိုယ်တိုင်ပဲ ငါ့ကို မောင်အဖြစ် မလိုချင်တော့ဘူးလို့ ပြောခဲ့တာလေ”

ဝတ်စုံနီလေးမှာ တင်းမာစွာဖြင့် တားမြစ်လိုက်သည်။

“သူမက ဒေါသထွက်လို့ ပြောလိုက်တဲ့ စကားပဲဟာ၊ မင်း မှားသွားလို့ သူမ စိတ်ဆိုးသွားတာလေ၊ မင်းတို့မောင်နှမနှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ဦးနဲ့တစ်ဦး မှီခိုပြီး ကြီးပြင်းလာခဲ့ကြတာ၊ မင်းရဲ့ကျဲက မင်းကြီးပြင်းလာအောင် သေသေချာချာ ပြုစုပျိုးထောင်ပေးဖို့ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ၊ မင်း လုံးဝကို မှားနေပြီ”

“ငါမမှားဘူး၊ သူမက အပိုတွေ လုပ်နေတာ၊ လူတစ်ယောက်ရဲ့ ခြေထောက်ကို ချိုးပစ်လိုက်တာ ဘာဆန်းလို့လဲ”

“မင်းကတော့ သွားပြီ၊ ကုလို့မရတော့တဲ့ လူနာပဲ၊ ခေါင်းမာပြီး ပြုပြင်လို့မရတော့တဲ့ကောင်”

“မင်းကမှ အရူး"

ထိုလူပုလေးနှစ်ယောက်သည် ငြင်းခုံရုံနှင့် အားမရဘဲ စိတ်ထဲတွင် အော်ဟစ်သတ်ပုတ်နေကြသဖြင့် ကျိုးဟောက်ယွီသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို စောင်အောက်ထဲသို့ ဇွတ်အတင်း ထိုးထည့်ပစ်လိုက်တော့သည်။ ညဉ့်နက်သန်းခေါင်အချိန်တွင် ကျိုးဟောက်ယွီ၏ ဖုန်းသည် ရုတ်တရက် မြည်ဟီးလာခဲ့၏။ သူလန့်ဖျပ်သွားပြီး ကျိုးမင် ဖုန်းဆက်လာသည်အမှတ်ဖြင့် ချက်ချင်းပင် ကောက်ကိုင်လိုက်သည်။

“ကျဲ ကျဲ ဘယ်ရောက်နေတာလဲ၊ မိုးလည်း ဒီလောက်ချုပ်နေပြီ အမြန်ပြန်လာပါတော့၊ ဒီနေ့ည ကျွန်တော်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ကျဲကို တောင်းပန်ပါတယ် ဟုတ်ပြီလား၊ ကျဲ ပြန်လာရင် ကျဲခိုင်းတာ အကုန်လုပ်ပါ့မယ်"

ကျိုးဟောက်ယွီတစ်ယောက် ရင်ထဲကရှိသမျှ နောင်တတရားများဖြင့် တောင်းပန်နေစဉ်မှာပင် ဖုန်းဆီမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျိုးဟောက်ယွီ တစ်ခုခုမှားနေပြီဆိုတာ သဘောပေါက်သွားပြီး ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူမှာ ဝေ့ရှီယုဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ကျိုးဟောက်ယွီမှာ စိတ်တိုတိုဖြင့် ဟောက်လိုက်သည်။

“မင်းက ဘာရယ်တာလဲ”

“ဟဲဟဲ ဟုတ်တယ်၊ ငါ နင့်ကို ရယ်နေတာလေ၊ ညဘက်ကျရင် ငိုတတ်တဲ့ ကလေးဆိုးကြီး၊ ဒီကျိုးမင်ကျဲကတော့ တကယ်ကို အစွမ်းထက်တာပဲ၊ နင့်လို တောမြင်းရိုင်းတစ်ကောင်ကို အချိန်တိုအတွင်းမှာ ဒီလောက်အထိ လိမ္မာတဲ့ မြည်းတစ်ကောင်ဖြစ်အောင် ယဉ်ပါးသွားစေတာပဲ၊ တစ်နေ့ကျရင် ငါ သူမကို ဆရာတင်ပြီး ပညာသင်ဦးမှပဲ”

“ဒီမယ် မင်း ညဉ့်နက်သန်းခေါင်ကြီး ငါ့ကို လာပြီး ကျီစယ်ဖို့ပဲ ဖုန်းဆက်တာတော့ မဟုတ်ပါဘူးနော်”

“ဘာလို့မဖြစ်ရမှာလဲ”

“အဘွားကြီး၊ ငါ အခု စိတ်အခြေအနေ သိပ်မကောင်းဘူး၊ မင်းနဲ့ ရန်ဖြစ်နေဖို့ တကယ် အချိန်မရှိဘူး”

“အင်း၊ နင် စိတ်မချမ်းသာဘူးဆိုတာ သိရတော့ ငါ စိတ်အေးသွားပြီ”

ကျိုးဟောက်ယွီသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးအစုံကို လှန်လိုက်ပြီး ဖုန်းချပစ်ရန် ပြင်လိုက်စဉ်မှာပင် ဝေ့ရှီယုမှ တည်ငြိမ်စွာဖြင့် လှမ်းမေးလိုက်သည်။

“နင် ခုနက နင့်ကျဲ ပျောက်သွားတယ်လို့ ပြောတယ်မလား၊ တကယ်လို့ အကူအညီ လိုချင်ရင် ငါ့ရဲ့ အသိုင်းအဝိုင်းကို သုံးပြီး သူမကို ရှာပေးလို့ရတယ်နော်”

ထိုသို့ပြောပြီးနောက် တစ်ခုခုကို ဖုံးကွယ်ချင်သည့်အလား ဝေ့ရှီယုမှာ ချက်ချင်း ဖြည့်စွက်ပြောလိုက်သည်။

“ဒါပေမဲ့၊ ငါ့ကို ကူညီခအဖြစ် ပေးရမယ့် အကျိုးအမြတ်ကတော့ နည်းမှာမဟုတ်ဘူးနော်”

“အဘွားကြီး၊ မင်း နောက်ဆုံးတော့ လူစကား ပြောတတ်ပြီပဲ၊ တကယ်ကို ကျေးဇူးတင်ပါတယ်၊ အရမ်းကို ကျေးဇူးတင်တာပဲ"

ဖုန်းလိုင်းတစ်ဖက်တွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝေ့ရှီယုမှာ ရုတ်တရက် တိုးညင်းလှသော လေသံဖြင့် မေးလိုက်သည်။

“တကယ်လို့ တစ်နေ့နေ့မှာ ငါသာ ပျောက်သွားခဲ့ရင်ရော နင်ငါ့ကို အခုလိုမျိုး ကမ္ဘာပတ်ပြီး အသည်းအသန် လိုက်ရှာမိမှာလား”

“ဟမ်"

ကျိုးဟောက်ယွီတစ်ယောက် ကြောင်အမ်းသွားရသည်။

'သိက္ခာကြီးမားလှသော ဝေ့မိသားစုရဲ့ သခင်မလေးက ဘယ်လိုလုပ်ပြီး ပျောက်ဆုံးသွားနိုင်မှာလဲ၊ တကယ်လို့ ပျောက်သွားရင်တောင် ဝေ့မိသားစုမှာ သူမကို လိုက်ရှာပေးမည့်သူတွေ အပုံအပင် ရှိနေတာပဲ'

“ဘာမှမဟုတ်တော့ဘူး”

ဝေ့ရှီယုမှာ ဖုန်းကို ဆက်ခနဲ ချပစ်လိုက်သည်။ ကျိုးဟောက်ယွီမှာတော့ အထူးအဆန်းမဖြစ်တော့ချေ။ သူမ ဖုန်းချပစ်သည်ကို သူ နေသားကျနေပြီ ဖြစ်သည်။ သို့သော် ဝေ့ရှီယုမှ လူရှာပေးမည်ဟု ဆိုသဖြင့် ကျိုးဟောက်ယွီ၏ ရင်ထဲ၌ တော်တော်လေး စိတ်အေးသွားရတော့၏။ သူသည် ကျိုးမင်ထံသို့ ဖုန်းအကြိမ်ကြိမ်

ခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။ WeChat စာတိုများကိုလည်း သူမ ပြန်လည်ဖြေကြားခြင်း မရှိချေ။ ဘယ်လိုမှ အိပ်မပျော်နိုင်တော့သဖြင့် ကျိုးဟောက်ယွီသည် ကန့်လန့်ဖြတ် ထိုင်လိုက်ပြီး မိမိ၏ သိုင်းပညာရပ်ကိုသာ ကျင့်ကြံနေမိတော့သည်။ သို့သော်လည်း ယနေ့ညတွင်မူ စူးစိုက်ကျင့်ကြံရန် စိတ်စုစည်း၍ မရနိုင် ဖြစ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ သိုင်းသွေးအရှိန်အဟုန် စီးဆင်းမှုမှာ ထစ်ငေါ့နေပြီး စိတ်အစဉ်မှာလည်း ရှုပ်ထွေးနေသည်။ ကျိုးဟောက်ယွီသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလေလေ သူ့စိတ်အာရုံမှာ ပိုမိုပျက်ပြားလာလေလေဖြစ်၏။ ရုတ်တရက် သူသည် သားရဲတစ်ကောင်အလား အော်ဟစ်မြည်တမ်းလိုက်မိပြီး မျက်လုံးအစုံမှာ သွေးရောင်လွှမ်းသွားကာ တစ်ကိုယ်လုံးလည်း ချွေးရွှဲနှစ်သွားတော့သည်။ ချီကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်သွားကာ စိတ်ရိုင်းများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။

ထိုစဉ် ထူးဆန်းလှသော စွမ်းအင်တစ်ခုသည် သူ့ဦးနှောက်ထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သဖြင့် ကျိုးဟောက်ယွီသည် တစ်ချက်တုန်ရင်သွားကာ ကုတင်ပေါ်သို့ လဲကျသွားပြီး အသက်ကို လုရှူနေရတော့သည်။ ခဏမျှ ကြာပြီးနောက် ကျိုးဟောက်ယွီ မျက်လုံး ပြန်ပွင့်လာသောအခါတွင်မူ မျက်လုံးထဲမှ သွေးရောင်များ ကွယ်ပျောက်သွားခဲ့ပြီဖြစ်၏။ သူ့ဖုန်းလေးမှာတော့ ဘေးနားတွင် ဘာစာတိုမျှ တက်မလာဘဲ ငြိမ်သက်နေဆဲပေ။ ဘာသတင်းမှ မကြားရခြင်းမှာ ကောင်းသောသတင်း ဖြစ်နိုင်သည်ဟု တွေးတောရင်း ကျိုးဟောက်ယွီသည် တဖြည်းဖြည်းချင်း အိပ်ပျော်ခြင်းဆီသို့ ရောက်ရှိသွားတော့သည်။ မနက်လင်းလာသောအခါတွင်လည်း ကျိုးမင်ထံမှ ဘာသတင်းမျှ မရရှိသေးချေ။ ကျိုးဟောက်ယွီတစ်ယောက် ပူပန်သောကရောက်ကာ ဂနာမငြိမ် ဖြစ်နေစဉ်မှာပင် ဆီးအောင့်လာသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ကုတင်ပေါ်မှထကာ သန့်စင်ခန်းသို့ လာခဲ့ရသည်။ သူသည် ဘေစင်တွင် ရေအေးဖြင့် မျက်နှာသစ်လိုက်ပြီး မှန်ထဲတွင် မိမိကိုယ်ကိုယ် အကဲခတ်လိုက်မိသောအခါ ထူးဆန်းသော အမည်းရောင် အစင်းကြောင်းအချို့ကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားရတော့၏။

“ဘာကြီးလဲ"

ကျိုးဟောက်ယွီသည် လည်ပင်းကို စောင်းငဲ့ကာ နားရွက်နောက်ကို လှည့်ကြည့်လိုက်ရာ နားရွက်နောက်မှ အနီစက်လေးမှာ သွေးကဲ့သို့ ရဲရဲနီနေသည့် အမှတ်အသားကြီး ဖြစ်နေသည်ကို တုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်။ သူ့စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်နေသည်လား မသိသော်လည်း ထိုအနီစက်ကို သေသေချာချာ စိုက်ကြည့်နေစဉ်မှာပင် ထိုမိစ္ဆာဆန်လှသော အမှတ်အသားလေးသည် အနည်းငယ် လင်းလက်လှုပ်ရှားသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုအချိန်မှာပင် အနီစက်လေးဆီမှ ဖြာထွက်လာသော အမည်းရောင် အစင်းကြောင်းများသည် သူ့လည်ပင်းဆီသို့ တဖြည်းဖြည်း တိုးချဲ့အမြစ်တွယ်နေပြီ ဖြစ်သည်။

“ဒါက တကယ်ပဲ သိုင်းပညာရပ် ရဲ့ ဘေးထွက်ဆိုးကျိုးများလား၊ မနေ့ညက ငါ သိုင်းကျင့်ရင်း ချီဖောက်ပြန်လုနီးပါးဖြစ်ခဲ့တာကကော ဒီထူးဆန်းတဲ့ အစင်းကြောင်းတွေနဲ့ ပတ်သက်နေမလား"

ကျိုးဟောက်ယွီတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားပြီး မိမိနားရွက်နောက်ကို အသည်းအသန် ပွတ်နေမိတော့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုစဉ်မှာပင် ဝေ့ရှီယုထံမှ ဖုန်းဝင်လာခဲ့ပြီး သူမလူများမှာ ကျိုးမင်ကို ရှာတွေ့ပြီဖြစ်ကြောင်း၊ ကျိုးမင်သည် ပင်းဟိုင်မှ ထွက်ခွာမည့် အစောဆုံးရထားလက်မှတ်ကို ဝယ်ယူရန် ဘူတာရုံတွင် ရောက်ရှိနေကြောင်း လှမ်းပြောခဲ့သည်။ ကျိုးဟောက်ယွီသည် အဝတ်အစားများကို ကပျာကယာ ကောက်စွပ်ကာ တံခါးပြင်ပသို့ ဝုန်းခနဲ ပြေးထွက်ခဲ့ရာ လူတစ်ယောက်နှင့် အရှိန်ပြင်းပြင်း တိုက်မိသွားတော့၏။ ကျိုးဟောက်ယွီသည် ဆွန်းချန် တစ်ယောက် တံခါးဝတွင် ပိတ်ရပ်လျက် ရင်ဘတ်ကို ဖိကာ နာကျင်လွန်း၍ အော်ဟစ်နေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် ကန်ချလိုက်ရင်း အော်ဟစ်လိုက်သည်။

“မင်းငတုံး လမ်း လာမပိတ်နဲ့၊ ဖယ်စမ်း"

ဆွန်းချန်သည် နာကျင်နေသော နေရာကို ဆုပ်ကိုင်ရင်း ဒေါသပုန်ထသွားတော့သည်။ သူသည် ဘေးသို့ ဖယ်မပေးသည့်အပြင် ကျိုးဟောက်ယွီကို ပြန်လည်တွန်းထုတ်ပစ်လိုက်ရာ ဟောက်ယွီမှာ အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားရ၏။

“ဟေ့ ဟောက်ဇီ၊ မင်း အခု တော်တော်လေး စရိုက်ကြမ်းနေပါလား”

“စကားအပိုတွေ ပြောမနေနဲ့၊ မင်း ဖယ်ပေးမှာလား၊ မဖယ်ပေးဘူးလား”

ဆွန်းချန်မှာ ခေါင်းမော့ကာ သူ့ကို ကြည့်ပင်မကြည့်ချေ။ ကျိုးဟောက်ယွီ၏ ဒေါသမီးများ ဝုန်းခနဲ တောက်လောင်သွားပြီး လက်ဝါးစောင်းဖြင့် ဆွန်းချန်၏ လက်မောင်းကို ချိန်ရွယ်ကာ ခြိမ်းခြောက်လိုက်၏။

“မင်း မဖယ်ပေးရင် ငါမင်းရဲ့လက်ကို ချိုးပစ်မယ်”

ဆွန်းချန်သည် သူ့လက်ကို ကပျာကယာ ပြန်ရုတ်လိုက်ပြီး ကျိုးဟောက်ယွီကို သနားစရာသတ္တဝါတစ်ကောင်လို ကြည့်ကာ နှမြောတသစွာဖြင့် ပြောလိုက်သည်။

“စိတ်ဆတ်တယ်၊ ဒေါသထွက်လွယ်တယ်၊ ဂနာမငြိမ် ဖြစ်ပြီး ပူပန်လွယ်တယ်၊ မင်း သွေးဆုံးကိုင်တဲ့ ရောဂါ စောစောစီးစီး ရနေပြီထင်တယ်၊ ငါ့အထင်တော့ ဆေးရုံသွားပြီး စစ်ဆေးကြည့်သင့်တယ်"

“မင်း တခြားနေရာမှာ သွားပြီး အေးဆေးနေစမ်းပါ၊ ငါ့မှာ အရေးကြီးကိစ္စ ရှိလို့ မင်းနဲ့ ရန်ဖြစ်နေဖို့ အချိန်မရှိဘူး”

ကျိုးဟောက်ယွီမှာ ဆွန်းချန်ကို တွန်းဖယ်ကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဆွန်းချန်မှ သူ့ကို လှမ်းဖမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။

“ဒါတွေအားလုံးက ကျိုးမင်ကျဲကြောင့် မဟုတ်လား၊ အစတုန်းက ကျိုးမင်ကျဲက မင်း အရင်ကနဲ့မတူဘဲ ပြောင်းလဲသွားပြီလို့ ပြောတုန်းက ငါ မယုံခဲ့ဘူး၊ ဒါပေမဲ့ အခု မင်းကို ကိုယ်တိုင်မြင်လိုက်ရတော့မှပဲ ငါမယုံလို့မရတော့ဘူး”

ကျိုးဟောက်ယွီတစ်ယောက် အေးခဲသွားရပြီး ဆွန်းချန်၏မျက်လုံးများကို မှင်တက်စွာ စိုက်ကြည့်ရင်း ရေရွတ်မိတော့သည်

“ငါပြောင်းလဲသွားတယ် ဟုတ်လား”

ဆွန်းချန်မှ လေးနက်စွာဖြင့် ခေါင်းငိတ်ပြလိုက်သည်။

“ပြောင်းလဲသွားတာ နည်းနည်းနောနော မဟုတ်ဘူး၊ ငါတောင် မင်းကို မမှတ်မိချင်တော့ဘူး၊ ကိုယ့်ကိုကိုယ်ပြန်ပြီး အကဲခတ်ကြည့်ဦး၊ မင်းဆီကနေ အခု ငရဲပြည်က ဝိညာဉ်ဆိုးတစ်ခုလိုမျိုး ရက်စက်လှတဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ထွက်နေတယ်”

ကျိုးဟောက်ယွီသည် မိမိကိုယ်ကိုယ် ပြန်လည်အကဲခတ်ကြည့်သော်လည်း ယောက်ျားဆန်သော အနံ့အသက်မှတစ်ပါး ဘာမျှ ထူးခြားမှုမရှိချေ။ ထိုစဉ် ရုတ်တရက် အပေါ်သို့လှမ်းကြည့်လိုက်ရာ ဆွန်းချန်တစ်ယောက် ခိုးပြုံးနေသည်ကို မြင်လိုက်ရ၏။ ကျိုးဟောက်ယွီသည် ဒေါသတကြီးဖြင့် သူ့ကို ထပ်မံကန်ကျောက်ရန် ပြင်လိုက်ပြီးမှ မိမိအနေဖြင့် အနည်းငယ် နှိုးဆွရုံမျှနှင့် လူကို ကန်ကျောက်လိုသည့် စိတ်ရိုင်းဝင်လာခြင်းမှာ အသိစိတ်မဲ့သော အမူအရာတစ်ခု ဖြစ်နေပြီဆိုတာကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူ ထိတ်လန့်သွားပြီး ခြေထောက်ကို ပြန်ရုတ်လိုက်ကာ စိတ်တိုတိုဖြင့် မေးလိုက်သည်။

“မရယ်နဲ့တော့၊ မင်း ဒီကို ဘာလာလုပ်တာလဲ”

"ကျိုးမင်ကျဲရဲ့ အထုပ်အပိုးတွေကို လာသယ်တာလေ၊ သူမ အခုထိ ဘူတာရုံမှာ စောင့်နေတုန်းပဲ”

All Chapters