အခန်း ၁၉၀
Vol. 19 Ch. 190
190
ဆွန်းချန်သည် ကျိုးမင်၏ အထုပ်အပိုးများကို သယ်ယူရန် ကျိုးဟောက်ယွီကို တွန်းဖယ်၍ အခန်းထဲသို့ ဝင်ရန်ပြင်သော်လည်း ကျိုးဟောက်ယွီမှ သူ့ကို ဆွဲတားလိုက်သည်။
“မင်း၊ ကျဲရောက်လာတာ မကြာသေးဘူး၊ မောင်နှမတွေ ကောင်းကောင်းမွန်မွန်တောင် ဆုံရသေးတာ မဟုတ်ဘူး၊ မင်းက ဘာလို့ သူမကို ဒီလိုမျိုး ပေးထွက်သွားရတာလဲ၊ ပြီးတော့ မင်းက သူမရဲ့ အထုပ်အပိုးတွေကိုတောင် ကူသယ်ပေးနေသေးတယ်"
“ဟမ့် ကျိုးမင်ကျဲ ထွက်သွားတာ မင်းကြောင့်လေ ငါ့အပြစ် မဟုတ်ဘူး၊ ကျဲက အခု ဘူတာရုံမှာ စောင့်နေတာ၊ သူမ လာတုန်းက ပြောခဲ့တယ်၊ ၈ နာရီခွဲကျရင် အထုပ်အပိုးတွေ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရထားပေါ် တန်းတက်ပြီး ထွက်သွားတော့မှာတဲ့”
ကျိုးဟောက်ယွီသည် သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရာ မိနစ်နှစ်ဆယ်သာ လိုတော့သည်။ ကျိုးဟောက်ယွီ၏ ဝေခွဲမရဖြစ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ဆွန်းချန်သည် သူ့ကို တွန်းဖယ်ကာ တိုက်ခန်းထဲသို့ ဝင်သွားပြီး ကျိုးမင် ပြောပြထားသည့်အတိုင်း ဒုတိယထပ်ရှိ အိပ်ခန်းထဲသို့ သွားရောက်ကာ ခရီးဆောင်သေတ္တာကို ဆွဲထုတ်လာခဲ့တော့၏။ သူ အပြင်ပြန်ရောက်တော့ ကျိုးဟောက်ယွီမှာ ထိုနေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေဆဲ။
“ဟေ့၊ မင်းက ဘာလို့ ရပ်ကြည့်နေတာလဲ၊ ကျိုးမင်ကျဲ ထွက်သွားတော့မယ်လေ၊ မင်း လိုက်မပို့တော့ဘူးလား”
ကျိုးဟောက်ယွီလည်း သတိပြန်ဝင်လာပြီး ဆွန်းချန်နှင့်အတူ ကားဆီသို့ အပြေးအလွှား လျှောက်လှမ်းလာခဲ့သည်။ သူသည် ကားတံခါးကို အလောတကြီး ဆွဲဖွင့်သော်လည်း ဖွင့်၍မရချေ။
“ဟိုး၊ မင်း သွေးဆုံးကိုင်တာတင်မကဘဲ အယ်လ်ဇိုင်းမားပါ စောစောစီးစီး ရနေပြီလား၊ ကားသော့မပါဘဲ ကားတံခါးကို ဘယ်လိုလုပ် ဖွင့်လို့ရမှာလဲ"
ဆွန်းချန်မှ သူ့ကို ကြည့်ပြီး လုံးဝ အံ့ဩနေတော့သည်။ ကျိုးဟောက်ယွီသည် မိမိနဖူးကို ကိုယ်တိုင်ရိုက်လိုက်မိပြီး ရင်ထဲ၌ အလိုမကျဖြစ်သွားရ၏။ မနေ့ညက သိုင်းသွေးဖောက်ပြန်လုနီးပါး ဖြစ်ပြီးကတည်းက သူ့စိတ်အာရုံများမှာ ဝေဝါးနေပြီး ဦးနှောက်ကို ခွေးစားခံလိုက်ရသည့်အလား ခံစားနေရသည်။ ယခုမှပင် ကျိုးဟောက်ယွီသည် မိမိ၏ မကြာသေးမီက စရိုက်လက္ခဏာနှင့် စိတ်နေစိတ်ထား ပြောင်းလဲလာမှုများသည် တကယ့်ကို စိုးရိမ်စရာကောင်းမှန်း နောက်ကျမှ သိရှိလိုက်ရတော့သည်။ သူသည် ခေါင်းကို ရမ်းခါကာ စိတ်ကို ပြန်လည်စုစည်းပြီး အိတ်ကပ်ထဲမှ ကားသော့ကို ထုတ်ကာ ကျိုးမင်၏ ခရီးဆောင်သေတ္တာများနှင့်အတူ ဘူတာရုံဆီသို့ ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့တော့၏။ ဘူတာရုံ၏ စောင့်ဆိုင်းခန်းအတွင်း၌ ကျိုးမင်တစ်ယောက် စိတ်မရှည် ဖြစ်နေစဉ်မှာပင် ဆွန်းချန်မှ ခရီးဆောင်သေတ္တာကို ဆွဲပြီး ကျိုးဟောက်ယွီမှာတော့ အနောက်မှ အပြေးအလွှား ဝင်လာသည်ကို ရုတ်တရက် မြင်လိုက်ရ၏။ ကျိုးမင်သည် ဝမ်းသာအားရဖြင့် သူတို့ဆီသို့ လက်လှမ်းပြလိုက်မိသည်။ သို့သော်လည်း ကျိုးဟောက်ယွီတို့ အနားသို့ ရောက်လာသောအခါတွင်မူ ကျိုးမင်သည် မနေ့ညက ခံစားခဲ့ရသော နာကျည်းမှုများကို ပြန်လည်သတိရသွားပြီး မျက်နှာကို ချက်ချင်း ပြန်လည်တင်းမာလိုက်သည်။
“ကျဲ ကျွန်တော် မှားသွားပါတယ်၊ ကျွန်တော့်အပေါ် စိတ်မဆိုးပါနဲ့တော့နော် ဟုတ်ပြီလား၊ ကျဲ ရောက်လာတာ မကြာသေးဘူး၊ ကျွန်တော်ကပဲ ကျဲကို ထွက်သွားအောင် လုပ်မိသလို ဖြစ်သွားတယ်၊ တကယ်တော့ မောင်တစ်ယောက်အနေနဲ့ ကျွန်တော် တကယ့်ကို ထိတ်လန့်ပူပန်နေရပါတယ်"
ကျိုးမင်မှ နှာမှုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“နင်က ငါ့ကို အမွှန်းတင်လွန်းနေပါပြီ၊ ငါ့လို သာမန်လူတစ်ယောက်က နင့်လို အာဏာရှင်ဆန်ပြီး အကြမ်းဖက်တတ်တဲ့ မောင်လိုမျိုးနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်ရဲမှာလဲ”
“ကျဲ ကျွန်တော့်ကို အဲ့လိုမျိုး မပြောပါနဲ့၊ ကျဲက ငယ်ငယ်ကတည်းက ကျွန်တော် အလေးစားရဆုံး အစ်မကြီးပါ၊ မောင်နှမအရင်းတွေ မဟုတ်ကျပေမဲ့ ကျဲက အမအရင်းထက်တောင်ပိုကောင်းပါသေးတယ်"
ထိုစကားများကို ကြားလိုက်ရသောအခါ ကျိုးမင်၏ ရင်ထဲ၌ လှုပ်ခတ်သွားရသည်။ ကျိုးဟောက်ယွီ၏ နက်မှောင်လှသော မျက်လုံးများကို စိုက်ကြည့်ရင်း ကျိုးမင်၏ တင်းမာနေသော မျက်နှာအမူအရာမှာ တဖြည်းဖြည်းချင်း ပျော့ပြောင်းသွားခဲ့၏။ ကျိုးဟောက်ယွီမှာ အခွင့်အရေးကို အရယူလိုက်သည်။
"ကျဲ မသွားပါနဲ့ဦး၊ ကျွန်တော်တို့မောင်နှမတွေ မဆုံရတာ ဒီလောက်တောင် ကြာပြီပဲ၊ အချိန်နည်းနည်းလောက် ထပ်ပေးပြီး နေပေးပါဦးလား”
ကျိုးမင်မှ ညင်သာစွာဖြင့် ပြန်ပြောလေသည်။
“ဒါပေါ့၊ မဆုံရတာ ကြာပြီဆိုတော့ ကျဲလည်း နင့်ကို သိပ်လွမ်းနေတာ"
အတိအကျပင် ထိုအချိန်၌ အသက်ခြောက်ဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦးသည် ရထားနောက်ကျမည်ကို စိုးရိမ်သဖြင့် အပြေးအလွှား သွားနေစဉ် ကျိုးဟောက်ယွီကို မတော်တဆ ဝင်တိုက်မိသွားခဲ့သည်။ ကျိုးဟောက်ယွီသည် အသိစိတ်မဲ့စွာဖြင့် ထိုအဘိုးအိုကို ဆောင့်တွန်းပစ်လိုက်ပြီး ကြိမ်းမောင်းလိုက်၏။
“မင်း မျက်စိမပါဘူးလား၊ လမ်းကို ဘယ်လို လျှောက်နေတာလဲ”
ကျိုးမင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လုံးဝ စိတ်ပျက်သွားတော့သည်။ သူမသည် ဆွန်းချန် ဆွဲထားသော ခရီးဆောင်သေတ္တာကို ချက်ချင်း လုယူလိုက်ပြီး ဘူတာရုံ ဂိတ်ပေါက်ဆီသို့ ဒေါသတကြီး လှည့်ထွက်သွားတော့၏။ ထိုအဘိုးအိုမှာမူ ကျိုးဟောက်ယွီ၏ ရှေ့တွင် တုန်တုန်ရင်ရင်ဖြင့် အပြစ်မကင်းသလို တောင်းပန်နေရှာသည်။ ကျိုးမင် ထွက်ခွာသွားသည်ကို မြင်သောအခါ ကျိုးဟောက်ယွီသည် အဘိုးအိုကို တွန်းဖယ်ကာ သူမအနောက်သို့ အပြေးအလွှား လိုက်လံတားဆီးရတော့သည်။
“ကျဲ မသွားပါနဲ့ဦး"
“နင့် စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲသွားပြီလို့ ငါ ထင်နေခဲ့တာ၊ ဒါပေမဲ့ အသက်ကြီးတဲ့ အဘိုးအိုတစ်ယောက်ကိုတောင် ဒီလောက်အထိ ရက်ရက်စက်စက် တွန်းထိုးရဲတဲ့အထိ နှလုံးသားမရှိတဲ့ကောင် ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး၊ နင့်လို လူစားမျိုးနဲ့ ငါ အချိန်အကုန်မခံနိုင်ဘူး”
ပြောပြောဆိုဆိုဖြင့် ကျိုးမင်သည် ဘူတာရုံဂိတ်ပေါက်မှနေ၍ ပြတ်ပြတ်သားသားပင် လှည့်ထွက်သွားတော့သည်။ ကျိုးဟောက်ယွီသည် ထိုနေရာတွင်တင် မှင်တက်စွာ ကျန်ရစ်ခဲ့ပြီး ရင်ထဲ၌ အတိုင်းအဆမရှိ နောင်တရပူပန်နေမိ၏။ ဆွန်းချန်မှာ အနားသို့ လျှောက်လာပြီး ကျိုးဟောက်ယွီ၏ ပုခုံးကို ပုတ်ကာ ပြောသည်။
“လိုက်မကြည့်နဲ့တော့၊ သူမ ထွက်သွားပြီ မင်းကိုယ်မင်းပဲ ပြန်ပြီး ဆင်ခြင်သုံးသပ်ပါဦး၊ ငါ့မှာ လုပ်စရာကိစ္စရှိလို့ သွားတော့မယ်”
ကျိုးဟောက်ယွီသည် စိတ်လေလွင့်စွာဖြင့် ဘူတာရုံပြင်ပသို့ လျှောက်လှမ်းလာခဲ့ပြီး ကားပေါ်သို့ တက်ထိုင်လိုက်သော်လည်း ဘယ်ကိုသွားရမှန်း မသိချေ။ သူသည် မောင်းနှင်သူနေရာ၌ ကြောင်စီစီဖြင့် ထိုင်နေမိရင်း ခုနက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောနေမိသည်။
“ငါ့ကို လူတစ်ယောက်က မတော်တဆ ဝင်တိုက်မိရုံလေးနဲ့ ငါက ဘာလို့ ဆဲဆိုပြီး လူကိုတောင် တွန်းထိုးမိရတာလဲ၊ ဒါ ငါ့ရဲ့ ပုံစံမဟုတ်ပါဘူး ငါ ဘယ်အချိန်ကစပြီး ဒီလောက်အထိ စိတ်တိုလွယ်ပြီး ဒေါသကြီးတဲ့သူ ဖြစ်သွားရတာလဲ"
ကျိုးဟောက်ယွီသည် မှန်ထဲသို့ လှမ်းကြည့်လိုက်ရာ သူ့နားရွက်နောက်မှ ထူးဆန်းသော အမည်းရောင် အစင်းကြောင်းများကို ထပ်မံတွေ့ရှိလိုက်ရပြန်သည်။ အစင်းကြောင်းများ၏ အလယ်ဗဟိုရှိ အနီစက်လေးမှာ ပိုမိုရဲရဲနီလာပြီး ထိုအမည်းရောင် အစင်းကြောင်းများသည် သူ၏ စတုတ္ထမြောက် လည်ပင်းဆစ်ရိုး အထိပင် ပြန့်နှံ့လာခဲ့ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူထိတ်လန့်သွားရတော့၏။ ထိုကျောချမ်းဖွယ်ရာ အမှတ်အသားကြီးကြောင့် သူအလွန်အမင်း ဂနာမငြိမ် ဖြစ်လာခဲ့သည်။ သူ့အခြေအနေကို ရှင်းပြပေးနိုင်မည့် နတ်ဘုရားတစ်ပါးပါးနှင့် အရေးတကြီး တိုင်ပင်ဆွေးနွေးရန် လိုအပ်နေပြီဖြစ်သည်။ သို့သော်လည်း ကံဆိုးချင်တော့ သူ နတ်ဘုရားနှင့် တွေ့ဆုံချင်လေလေ မည်သည့်နတ်ဘုရားမျှ ပေါ်မလာလေလေပင်။ ကျိုးဟောက်ယွီသည် ဒီဒီ အငှားယာဉ်မောင်း စနစ်ကို ဖွင့်လှစ်လိုက်ပြီး နတ်ဘုရားတစ်ပါးပါးထံမှ အော်ဒါတက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း နတ်ဘုရားထံမှ အော်ဒါတက်မလာဘဲ ကပ်ဆိုးတစ်ခုသာ ရောက်ရှိလာခဲ့တော့၏။
“အငြင်းသန်သည့် နာမည်ကျော် လေကန်သမား” ဟုအမည်ရသော အကောင့်ပိုင်ရှင်တစ်ဦးထံမှ ခရီးသည်ခေါ်ဆိုမှု အော်ဒါတစ်ခု ဝင်ရောက်လာခဲ့သည်။ ကျိုးဟောက်ယွီ တည်နေရာကို စစ်ဆေးကြည့်လိုက်ရာ ထိုသူသည် မီတာ ၃၀၀ ပင်မပြည့်သော အကွာအဝေးတွင် ရှိနေ၏။ ကျိုးဟောက်ယွီလည်း နတ်ဘုရားကို စောင့်ဆိုင်းရင်း ပိုက်ဆံရှာရန် ဆုံးဖြတ်လိုက်၏။ ကျိုးဟောက်ယွီသည် စတီယာရင်ကို လှည့်ကာ ထိုခရီးသည်ကို သွားရောက်ကြိုဆိုခဲ့သည်။ ထို “အငြင်းသန်လှသည့် နာမည်ကျော် လေကန်သမား” ဆိုသူသည် သူ၏ နာမည်နှင့်အညီ အငြင်းအခုံလောက၏ ဘုရင်တစ်ပါးအလား အမှန်ပင် လေကန်လွန်းလှ၏။
“အစ်ကို၊ ဘယ်ကို သွားမှာလဲ"
ကျိုးဟောက်ယွီမှ တည်ငြိမ်စွာ မေးလိုက်သည်။
“မင်းက လူတစ်ယောက်ကို ‘အစ်ကို’ လို့ လွယ်လွယ်ကူကူ မခေါ်သင့်ဘူး၊ အစ်ကိုဆိုတာ သုခ ဆုလာဘ်တွေကို အတူတူမျှဝေပြီး ဒုက္ခတွေကို အတူရင်ဆိုင်ရမယ့်သူ၊ လိုအပ်လာရင် မင်းအတွက် အသက်တောင် စွန့်လွှတ်ရဲတဲ့သူ၊ မင်းရဲ့ ရင်ဖွင့်ချက်တွေကို နားထောင်ပေးပြီး အသက်အန္တရာယ်ကိုတောင် အတူရင်ဆိုင်ရဲတဲ့သူကို ခေါ်တာ၊ မင်းက အဲ့လိုလူမျိုးလား”
ကျိုးဟောက်ယွီ၏ ညာဘက်မျက်လုံးမှာ တဆတ်ဆတ် တုန်ယင်သွားရသည်။
“ကောင်းပါပြီ၊။ဒါဆိုရင် အခေါ်အဝေါ် ပြောင်းပေးပါ့မယ်၊ သခင်ကြီး ဘယ်ကို ကြွမှာလဲ"
ထိုနာမည်ကျော် လေကန်သမားသည် မိမိ၏ စကားနိုင်လုမှု အောင်ပွဲအတွက် ကျေနပ်သွားပြီးနောက် ယွင်ရှီးရှုခင်းသာဒေသ ဟု ပြောလိုက်သည်။
“အော်၊ အဲ့ဒါက တကယ့်ကို နာမည်ကြီးတဲ့ ကမ္ဘာလှည့်ခရီးသွားနေရာပဲ၊ အဲ့ဒီက ရှုခင်းတွေက တကယ့်ကို ထူးခြားလှပတာ၊ ကျွန်တော်လည်း အရင်က သူငယ်ချင်းတစ်ယောက်နဲ့ တစ်ခေါက် ရောက်ဖူးတယ်"
“မင်း အဲ့လိုပြောတာ ကြားရတာ ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်၊ အခုခေတ် ရှုခင်းသာဒေသတွေဆိုတာ အနှစ်သာရအားဖြင့် စီးပွားရေးဇုန်တွေပဲဆိုတာ ငါတစ်ယောက်တည်း သိနေတာလား၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့က မူလသဘာဝ ဂေဟစနစ်ကို ဖျက်ဆီးပစ်ကြတယ်၊ တန်ဖိုးရှိတဲ့ သစ်တောသစ်ပင်တွေကို ကြိုက်သလို ခုတ်ထွင်ရှင်းလင်းပစ်ကြတယ်၊ ဒေသခံ တောရိုင်းတိရစ္ဆာန်တွေကို လိုက်လံဖမ်းဆီး မောင်းထုတ်ပစ်ကြတယ်၊ အဲ့ဒီ တိရစ္ဆာန်တွေ မျိုးသုဉ်းလုနီးပါး ဖြစ်သွားတော့မှ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး သတ္တဝါတွေကို ကာကွယ်စောင့်ရှောက်ရေးဆိုပြီး ဆိုင်းဘုတ်အယောင်ဆောင်တွေ ချိတ်ဆွဲကြတယ်၊ ဒါတွေအားလုံးက အလကား အပိုတွေပဲ၊ အရူးအုပ်စုကြီးက အဲ့လို ယုတ်မာတဲ့နေရာမျိုးကို သွားပြီး လူ့ဘုံကို ရောက်နေသလိုမျိုး လက်နှစ်ချောင်းထောင်ပြပြီး အရူးတွေလို တဟဲဟဲ ရယ်မောနေကြတာကို စိတ်ကူးကြည့်လို့တောင် မရဘူး”
ကျိုးဟောက်ယွီမှ တိုးညင်းစွာဖြင့် ပြောလိုက်သည်။
“အဟမ်း သခင်ကြီး၊ အခု သခင်ကြီးကိုယ်တိုင်လည်း အဲ့ဒီ ရှုခင်းသာဒေသကို ခရီးသွားဖို့ သွားနေတာ မဟုတ်ဘူးလား"
ထိုလေကန်သမားမှာ တရားမျှတမှုအပြည့်ဖြင့် ပြန်လည်ချေပသည်။
“မှားတယ်၊ ငါက အဲ့ဒီမှာ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောတွေ ဘယ်လောက်အထိ ပျက်စီးသွားပြီလဲဆိုတာကို သွားကြည့်မှာ”
ကျိုးဟောက်ယွီသည် စိတ်မသက်မသာ ဖြစ်နေသော်လည်း ယဉ်ကျေးပျူငှာသော အပြုံးတစ်ခုကို အားတင်း၍ ပြုံးထားလိုက်သည်။ ထိုလေကန်သမားသည် ကျိုးဟောက်ယွီ၏ မျက်နှာအမူအရာကို ကြည့်ပြီး သူ့စိတ်ထဲ၌ တစ်ခုခုကို ကျိတ်ပြီး လှောင်ပြောင်နေသည်ကို ရိပ်မိလိုက်၏။ လေကန်သမားသည် မကျေမနပ်ဖြစ်သွားပြီး ကျိုးဟောက်ယွီ၏ ပုခုံးကို လက်ဖြင့် ကိုင်လှုပ်ကာ လေးနက်စွာဖြင့် အလေးအနက် ပြောလိုက်သည်။
“ငါက အဲ့ဒီ ရှုခင်းသာဒေသကို စစ်ဆေးရေး သွားမှာ၊ ခရီးသွားတာ မဟုတ်ဘူး"
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ ဘာပဲသွားလုပ်လုပ်ပါ၊ သခင်ကြီး ဘေးကင်းကင်းနဲ့ ရောက်အောင်ပဲ ကျွန်တော် မောင်းပေးပါ့မယ်”
ကျိုးဟောက်ယွီ၏ ပြီးစလွယ် တုံ့ပြန်မှုကို မြင်သောအခါ ထိုလေကန်သမားမှာ စိတ်တိုသွားပြီး ကျိုးဟောက်ယွီကို ဇွတ်အတင်း ဆွဲကိုင်လိုက်သည်။
“မင်း အရင်ဆုံး ဝန်ခံရမယ်၊ ငါက စစ်ဆေးရေး သွားတာ၊ ခရီးသွားဖို့ သွားတာ မဟုတ်ဘူးဆိုတာကို"
“အစ်ကိုကြီး လက်ကို လွှတ်ပါဦး၊ ခင်ဗျား ဒီလိုမျိုး လုပ်နေရင် ကျွန်တော် ကားကို ဘယ်လို မောင်းရမလဲ”
“မင်း ငါ့ကို ခရီးသွားတာ မဟုတ်ဘူးလို့ အရင်ဆုံး ဝန်ခံမှ ဖြစ်မယ်"
ထိုလေကန်သမားမှာ ဇွတ်အတင်း ပြောနေတော့သည်။
“မင်း ရူးနေလား"
ကျိုးဟောက်ယွီလည်း ဒေါသပုန်ထသွားပြီး နောက်သို့ လှည့်ကာ ထိုလေကန်သမားကို အရှိန်ပြင်းပြင်းဖြင့် ပြန်လည်တွန်းဖယ်ပစ်လိုက်သည်။ ထိုသို့ လှုပ်ရှားမှုမှာ ပြင်းထန်လွန်းသဖြင့် ကားလေးသည် ရုတ်တရက် ထိန်းချုပ်မှုမဲ့သွားကာ ရှေ့တွင်မောင်းနှင်နေသော ကားကြီး၏ အနောက်ပိုင်းဆီသို့ ဝုန်းခနဲ ပြင်းထန်စွာဝင်တိုက်မိသွားတော့၏။
Book - 20