အခန်း ၁၉၁
Vol. 20 Ch. 191
191
ယနေ့ညသည် ကျိုးဟောက်ယွီအတွက်တော့ တကယ့်ကို ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့ပင် ဖြစ်တော့သည်။ ကျိုးဟောက်ယွီသည် ဒေါသအလိပ်လိပ် ထွက်လာပြီး ကားတံခါးကို ဆောင့်ကန်ပစ်လိုက်ရာ ပျက်စီးနေသော ကားတံခါးမှာ တွန့်လိမ်သွားပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့၏။
“အရူးပဲ၊ တကယ့်အရူး ငါဘယ်လိုလုပ်ပြီး ဒီလိုအရူးမျိုးနဲ့ လာတိုးရတာလဲ"
ကျိုးဟောက်ယွီသည် ထိုလေကန်သမားကို ဒေါသတကြီး စိုက်ကြည့်လိုက်ရာ ထိုကောင်သည် စိတ်ဆိုးရမည့်အစား တဟဲဟဲနှင့် ခိုးပြုံးနေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။ ကျိုးဟောက်ယွီ၏ ရင်ထဲ၌ ဒေါသမီးများ ပိုမိုတောက်လောင်လာသော်လည်း တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူရှေ့ဆက်မတိုးမိချေ။ ထိုသူ၏ ထူးဆန်းလှသော အပြုံးကြောင့်ပင်လား။ သို့မဟုတ် ထိုလေကန်သမားထံမှ ထွက်ပေါ်နေသော ထူးခြားသည့် အရှိန်အဝါကြောင့်ပင်လားမသိ ကျိုးဟောက်ယွီ၏ ရင်ထဲ၌ တစ်ခါဖူးမျှ မခံစားဖူးသည့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
“ဟေ့၊ မင်းတို့နှစ်ယောက် လေကန်လို့ ပြီးကြပြီလား၊ ဒါကို ဘယ်လိုရှင်းကြမှာလဲ"
ကားပိုင်ရှင်သည် ကျိုးဟောက်ယွီနှင့် သူ့ခရီးသည်တို့ အကြာကြီး ငြိမ်သက်နေသည်ကို မြင်သောအခါ စိတ်မရှည်တော့ဘဲ အော်ဟစ်လိုက်တော့သည်။
“ရဲခေါ်ပြီး ရှင်းမလား၊ ဒါမှမဟုတ် သီးသန့်ပဲ ရှင်းမလား၊ မင်းတို့ ကြိုက်သလို ရွေး"
“သီးသန့်ရှင်းမယ်၊ ဒါပေါ့ သီးသန့်ရှင်းတာ ပိုကောင်းတာပေါ့၊ ပိုက်ဆံဆိုတာ ဘာမှမဟုတ်ပါဘူး၊ ငါ့မှာ အများကြီးရှိတယ်၊ ရော့ ဒါက အဓိကဘဏ်ကြီးတွေ အားလုံးမှာ ငွေထုတ်လို့ရတဲ့ ချက်လက်မှတ်”
ထိုလေကန်သမားသည် သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြုံးလျက် အိတ်ကပ်ထဲမှ ချက်လက်မှတ်တစ်စောင်ကို ထုတ်ယူကာ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်၍ ကားပိုင်ရှင်ထံ ကမ်းပေးလိုက်သည်။ သူမှာ ပိုက်ဆံလျော်ပေးရသူ ဖြစ်သော်လည်း အမူအရာမှာမူ စစ်ပွဲတစ်ခုတွင် အနိုင်ရရှိသွားသည့် စစ်သူကြီးအလား ဝင့်ဝါနေဆဲပင်။ ကားပိုင်ရှင်သည် ချက်လက်မှတ်ကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးများ ဝင်းလက်သွားပြီး ရယ်မောကာ ချက်လက်မှတ်ကို ဝေ့ယမ်းရင်း ပြောလိုက်သည်။
“ဒါဆိုရင်လည်း ပြီးတာပဲ၊ အေးဆေးပေါ့”
ထို့နောက် ကားမောင်းပြီး ထွက်ခွာသွားတော့သည်။ ကျိုးဟောက်ယွီသည် ထိုလေကန်သမားမှာ ချက်လက်မှတ်ကို ပေါ့ပေါ့ဆဆ ပစ်ပေးလိုက်သည်ကို ကြည့်ပြီး စိတ်ကုန်လွန်းသဖြင့် သူ့ကို ဆက်ပြီး စကားမပြောချင်တော့ချေ။ သူသည် အနောက်သို့ လှည့်ကာ ပျက်စီးသွားသော မိမိ၏ ကားထဲမှ ယာဉ်မောင်းလိုင်စင်နှင့် ဖုန်းကို ယူလိုက်ပြီး ပိုက်ဆံအိတ်ကို အိတ်ကပ်ထဲသို့ ထိုးထည့်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့တော့သည်။
'ဒီလို ရှုပ်ထွေးတဲ့ ပြဿနာတွေကိုတော့ ပိုက်ဆံရှိတဲ့ လူချမ်းသာတွေပဲ ရှင်းကြပါစေတော့'
ထို့ကြောင့်ပင် ကျိုးဟောက်ယွီသည် မိမိ၏ နားရွက်နောက်ဘက်ကို စူးစိုက်ကြည့်နေသော ထိုလေကန်သမား၏ အကြည့်ကို သတိမထားမိခဲ့ချေ။ ထိုသူသည် ကျိုးဟောက်ယွီ၏ နားရွက်နောက်မှ ထူးဆန်းသောအမှတ်အသားကို တန်ဖိုးကြီးရတနာတစ်ခုအလား စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲတွင်မူ အမည်းရောင် စွမ်းအင်အငွေ့အသက်များ ဖြာထွက်နေခဲ့သည်။ ကျိုးဟောက်ယွီသည် လမ်းမကြီးအတိုင်း ဦးတည်ချက်မရှိ လျှောက်လှမ်းနေမိရင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို စိတ်ထဲတွင် တဖန်ပြန်လည် စဉ်းစားနေမိ၏။
'ဒါတွေအားလုံးက ဘယ်အချိန်ကတည်းက စတင်ခဲ့တာလဲ၊ သူသည် ဘယ်အချိန်ကစပြီး ဒီလောက်အထိ စိတ်တိုလွယ်၊ ဒေါသကြီးပြီး ရက်စက်တတ်တဲ့သူ ဖြစ်သွားရတာလဲ၊ သူ ဘာလို့ အမြဲတမ်း ပြဿနာရှာတဲ့သူတွေနဲ့ပဲ လာတိုးနေရတာလဲ၊ သာမန်ပြန်ပေးဆွဲမှုတွေလား၊ ဒါမှမဟုတ် သူနတ်ဘုရားများနှင့် စတင်တွေ့ဆုံပြီးကတည်းကလား'
ထို့နောက်တွင် သူသည် အစွမ်းအစများ ပြသလာခဲ့ပြီး လူတော်တော်များများကို ပြစ်မှားမိခဲ့ကာ ပြဿနာဖြစ်တိုင်း လူတွေ၏ ခြေထောက်ကို ချိုးပစ်ခြင်းကိုသာ သူ့ကိုယ်ပိုင်စည်းမျဉ်းတစ်ခုလို ကျင့်သုံးခဲ့မိသည်။
“ကျိုးဟောက်ယွီ ကျိုးဟောက်ယွီ၊ မင်းက အရင်က သာမန်လူတစ်ယောက်၊ ဒီဒီ အငှားယာဉ်မောင်းတစ်ယောက်၊ နေ့စဉ်ရတဲ့ ဝင်ငွေလေးနဲ့တင် ရုန်းကန်နေရတဲ့ သာမန်လူစားမျိုးပဲ မဟုတ်လား၊ အခု မင်း ဘယ်လိုဖြစ်လို့ ဒီလိုပုံစံမျိုး ပြောင်းလဲသွားရတာလဲ”
စိတ်လေလွင့်နေစဉ်မှာပင် အစ်မဖြစ်သူ ကျိုးမင် ရိုက်လိုက်သော ပါးပြင်ဆီမှ ခပ်ဖွဖွ နာကျင်မှုကို ခံစားလိုက်ရသလိုပင်။ ကျိုးမင်၏ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးအစုံမှာ သူ့ဦးနှောက်ထဲတွင် ထပ်ခါတလဲလဲ ပြန်လည်ပေါ်လာခဲ့သည်။ ခဏမျှသော အချိန်အတွင်းမှာပင် ကျိုးဟောက်ယွီသည် မိမိကိုယ်ကိုယ်ပင် ပြန်လည်၍ မမှတ်မိတော့သကဲ့သို့ ခံစားလိုက်ရ၏။
“ငါက ငါ့ကိုယ်တိုင်ရော ဟုတ်သေးရဲ့လား”
လူစိမ်းများ ဖြတ်သန်းသွားလာနေပြီး ကားဟွန်းသံများ ဆူညံနေသော လမ်းမကြီးထက်တွင် လျှောက်လှမ်းနေရင်း ရုတ်တရက် အထီးကျန်ဆန်မှုကြီးမှာ သူ့ကို လွှမ်းမိုးသွားခဲ့သည်။ ဘေးပတ်ဝန်းကျင်မှ ဘာတစ်ခုမျှ သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။ သူသည် ဤလောကကြီးထဲတွင် အထီးကျန်စွာ ဖြတ်သန်းသွားလာနေပြီး ပတ်ဝန်းကျင်၏ ရုန်းကန်လှုပ်ရှားမှုများကို ခေတ္တမျှ ငေးမောကြည့်ကာ အိမ်ပြန်မည့် ခရီးသည်တစ်ဦးအလား။ ပတ်ဝန်းကျင်လေထုမှာပင် သူ့ရင်ကို မွန်းကြပ်စေသည်။ ကျိုးဟောက်ယွီသည် အကြောင်းပြချက်မရှိဘဲ စိတ်တိုလာသဖြင့် လ
ူသူနည်းပါးသော နေရာများဆီသို့ အသိစိတ်မဲ့စွာ ခြေဦးလှည့်မိတော့သည်။ ထိုစဉ် ဖုန်းမြည်သံကြောင့် သူ့စိတ်အာရုံများ ပြတ်တောက်သွားခဲ့၏။ မျက်နှာပြင်ကို ကြည့်လိုက်ရာ ဝေ့ရှီယု ဖြစ်နေသည်။
“ဟယ်လို”
“နင် ဘယ်မှာလဲ၊ ဘာတွေဖြစ်ခဲ့တာလဲ၊ ရဲစခန်းက ငါ့အဖေဆီ ဖုန်းဆက်တယ်၊ ကုမ္ပဏီက ကားတစ်စီး မတော်တဆမှုဖြစ်လို့ လာရှင်းပေးဖို့တဲ့၊ လိုင်စင်နံပါတ်ကြည့်တော့ နင့်ကား ဖြစ်နေတယ်၊ နင် ဘာမှမဖြစ်ဘူးမလား”
ဝေ့ရှီယု၏ လေသံမှာ အလောတကြီးဖြင့် ပူပန်မှုများ ပြည့်နှက်နေသည်။ သူမ၏ သဘာဝအတိုင်း စူးရှလှသော လေသံမှာ အလောတကြီး ပြောလိုက်သောအခါ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း ယခုအချိန်တွင်မူ ကျိုးဟောက်ယွီ၏ နားထဲ၌ ထိုအသံသည် သူ၏ အထီးကျန်ဆန်မှုများကို ပြေပျောက်စေပြီး နှလုံးသားထဲသို့ နွေးထွေးသော စမ်းရေအလား စီးဆင်းသွားခဲ့၏။ သူ့ရင်ထဲမှ ဒေါသမီးများမှာ တဖြည်းဖြည်း ငြိမ်းချမ်းသွားခဲ့ပြီး ရေနစ်နေသူတစ်ဦးမှာ နောက်ဆုံးမျှော်လင့်ချက် ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲလိုက်ရသည့်အလား ခံစားလိုက်ရသည်။
“ငါ ဘာမှမဖြစ်ပါဘူး၊ ကားကတော့ ပျက်သွားပြီဆိုတော့ မနက်ဖြန်ကျရင် မင်းကို လျှပ်စစ်စကူတာလေးနဲ့ပဲ လာကြိုရတော့မယ် ထင်တယ်”
ကျိုးဟောက်ယွီသည် မိမိကိုယ်ကိုယ် ဒေါသထွက်လွယ်နေမှန်း သိသဖြင့် သူ့စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ အကောင်းမြင်စိတ်မွေးပြီး ပျော်ရွှင်စရာများကိုသာ တွေးတောရန် ကြိုးစားလိုက်သည်။ ထိုစကားကို ကြားမှ ဝေ့ရှီယုလည်း သက်ပြင်းချနိုင်တော့၏။
'တော်သေးတာပေါ့၊ သူ ဘာဒဏ်ရာမှ မရခဲ့လို့'
“နင်ကတော့ ဒီလိုအချိန်မျိုးမှာတောင် ငါ့ကို နောက်ပြောင်ဖို့ စိတ်ကူးရှိသေးတယ်ပေါ့"
ဝေ့ရှီယုမှ ပြောလိုက်သည်။
“ဟဲဟဲ၊ မင်း ငါ့ရဲ့ လျှပ်စစ်စကူတာကို မမြင်ဖူးသေးလို့ပါ၊ အဲ့ဒါက လူတိုင်းစီးခွင့်ရတာ မဟုတ်ဘူးနော်၊ တစ်ခါစီးပြီးရင် ထပ်ခါတလဲလဲ စီးချင်နေလိမ့်မယ်လို့ ငါ အာမခံတယ်၊ ဒီကမ္ဘာပေါ်မှာ တစ်စီးတည်းရှိတဲ့ အလန်းစားပဲ”
ဝေ့ရှီယုနှင့် စကားပြောရင်း ကျိုးဟောက်ယွီ၏ ကိုယ်ပိုင်ထိန်းချုပ်မှုကြောင့် သူ့စိတ်အာရုံများမှာ ပြန်လည်တည်ငြိမ်လာခဲ့သည်။
“ဟမ့်"
ဝေ့ရှီယုမှ ဖုန်းလိုင်းတစ်ဖက်မှ မျက်လုံးလှန်လိုက်ရင်း မေးလိုက်သည်။
“ဒါနဲ့ အခု နင် ဘယ်နားမှာလဲ”
“ငါ အခု ခွန်းလွန်တောင်နားမှာ”
ကျိုးဟောက်ယွီ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မှ ကိုယ့်ကိုကိုယ်မသိလိုက်ဘဲ ခွန်းလွန်တောင်ခြေသို့ ရောက်ရှိနေမှန်း သတိပြုမိတော့သည်။
“ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဝေးတဲ့နေရာကို ရောက်သွားရတာလဲ၊ အဲ့ဒီမှာပဲစောင့်နေ ငါလူလွှတ်ပြီး နင့်ကို လာခေါ်ခိုင်းမယ်၊ အဲ့ဒီနားမှာ တက္ကစီတွေ မရှိဘူး”
ဝေ့ရှီယုသည် ကျိုးဟောက်ယွီ၏ ပြန်လည်ဖြေကြားမှုကိုပင် မစောင့်တော့ဘဲ ဖုန်းချပစ်လိုက်တော့သည်။ ကျိုးဟောက်ယွီသည် ဖုန်းကို ချလိုက်ပြီး တိမ်တိုက်များကြားတွင် ပုန်းကွယ်နေသော ခွန်းလွန်တောင်ကြီးကို မော့ကြည့်ရင်း အသိစိတ်မဲ့စွာဖြင့် တောင်ပေါ်သို့ ခြေလှမ်းလှမ်းမိတော့၏။ သူသည် စိတ်လေလွင့်စွာဖြင့် တောင်ကုန်းအလယ်အလတ်ပိုင်းသို့ တက်လှမ်းလာခဲ့ပြီး ခွန်းလွန်တောင်၏ နဂါးခေါင်း တည်ရှိရာနေရာကို မော့ကြည့်လိုက်မိသည်။ ထိုစဉ် ကျိုးဟောက်ယွီသည် တိမ်တိုက်များကြားတွင် အချင်းနှစ်မီတာကျော်ခန့်ရှိသော ရွှေရောင်အဝိုင်းတစ်ခုကို ဝေဝါးစွာ မြင်တွေ့လိုက်ရ၏။ ထိုအဝိုင်းကြီးသည် တုန်ယင်လှုပ်ရှားနေပြီး ကြည့်ရသည်မှာ မျက်လုံးအစုံနှင့် အလားသဏ္ဌာန်တူလှသည်။
“အားးး"
ကျိုးဟောက်ယွီသည် ရုတ်တရက် ဦးနှောက်တစ်ခုလုံး ကွဲအက်မတတ် ပြင်းထန်လှသော ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရသဖြင့် မအောင့်နိုင်ဘဲ အော်ဟစ်မိတော့သည်။ ချွေးစေးကြီးများမှာ တသွင်သွင် စီးကျလာပြီး မြေဆီလွှာထဲသို့ စိမ့်ဝင်သွားခဲ့၏။ ကျိုးဟောက်ယွီသည် နာကျင်မှုကို သက်သာစေရန် မိမိခေါင်းကို လက်ဖြင့် အသည်းအသန် ထုရိုက်နေမိသော်လည်း ဘာမျှမထူးခြားချေ။ နောက်ဆုံးတွင် သူသည် မြေပြင်ပေါ်၌ လူးလှိမ့်နေရတော့သည်။
“အားးး"
“ဝူးးး"
“အားးး"
“ဝူးးး”
ကျိုးဟောက်ယွီ၏အော်ဟစ်သံများနှင့်အတူ တောင်ထဲမှ အသံနက်ကြီးတစ်ခုမှာ သူ့ကို ပြန်လည်တုံ့ပြန်နေသည့်အလား။ အစပိုင်းတွင် ထိုအသံနှစ်ခုသည် တစ်ခုပြီးမှတစ်ခု ထွက်ပေါ်လာသော်လည်း တဖြည်းဖြည်းချင်း အသံနှစ်ခုစလုံးမှာ တစ်သားတည်း ပေါင်းစည်းသွားပြီး တူညီသော ကြိမ်နှုန်းဖြင့် ကမ္ဘာမြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့သည်။ ခွန်းလွန်တောင်ဒေသတစ်ခုလုံးရှိ သားရဲတိရစ္ဆာန်အားလုံးသည် ကြောက်ရွံ့တုန်လှုပ်လျက် ဒူးထောက်အညံ့ခံခဲ့ကြရသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကို တုန်ဟိန်းသွားစေသော ထိုဟိန်းဟောက်သံကြီးကို လူတိုင်းမကြားနိုင်ခဲ့ကြချေ။
ခွန်းလွန်တောင်၏ ပြင်ပရှိ စည်ကားလှသော လူ့ကမ္ဘာကြီးမှာတော့ ပုံမှန်အတိုင်းပင် ဆူညံလှုပ်ရှားနေဆဲပင်။ နောက်ဆုံးတွင် ကျိုးဟောက်ယွီသည် ပြင်းထန်လှသော နာကျင်မှုဒဏ်ကို မခံနိုင်တော့ဘဲ သတိလစ်မေ့မြောသွားခဲ့ပြီး ထိုအသံနက်ကြီးသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့တော့သည်။ ပြဿနာ၏ အလယ်ဗဟိုတွင် ရှိနေသော ကျိုးဟောက်ယွီကိုယ်တိုင်မူ သူ့ဟိန်းဟောက်သံများသည် လောကသုံးပါးကို တုန်လှုပ်ချောက်ချားသွားစေခဲ့ပြီး ဤအသံသည် သူ့ဘဝအလှည့်အပြောင်းကို စတင်စေမည့် နိမိတ်တစ်ခု ဖြစ်မှန်း လုံးဝ မသိရှိခဲ့ရှာချေ။ ကျိုးဟောက်ယွီ မျက်လုံးပြန်ပွင့်လာသောအခါ စူးရှလှသော အလင်းဖြူကို အရင်ဆုံး မြင်တွေ့လိုက်ရသည်။ သူသည် ဆေးရုံတစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်၏။ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲနေသဖြင့် မအောင့်နိုင်ဘဲ ညည်းတွားမိသွားသည်။ ထိုညည်းတွားသံကြောင့် ကုတင်ဘေးတွင် အိပ်ပျော်နေသော ဝေ့ရှီယုသည် လန့်နိုးလာခဲ့သည်။
“ကျိုးဟောက်ယွီ နင် နိုးလာပြီပဲ၊ ဘယ်လိုနေသေးလဲ၊ ဘယ်နေရာက နာနေသေးလို့လဲ”
ဝေ့ရှီယုမှ ပူပန်တကြီး မေးလိုက်သည်။
“ငါ ဘာလို့ ဆေးရုံကို ရောက်နေတာလဲ”
ကျိုးဟောက်ယွီမှ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ သူ ခွန်းလွန်တောင်ပေါ်မှာ ရှိနေခဲ့တာကို မှတ်မိသော်လည်း၊ ဝေ့ရှီယုမှာ သူ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ။
“နင် ဖြစ်ပျက်ခဲ့တာတွေကို ဘာမှမမှတ်မိတော့ဘူးလား၊ ငါ ဖုန်းချပြီးတာနဲ့ နင့်ကိုလိုက်ရှာတာ ခွန်းလွန်တောင်ခြေမှာ နင်တစ်ကိုယ်လုံး ရွှံ့တွေပေပွပြီး လဲကျနေတာကိုတွေ့လို့ ဆေးရုံကို အမြန်ဆုံး ပို့လိုက်ရတာလေ”