← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

192

ကျိုးဟောက်ယွီသည် မနေ့က ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို အသည်းအသန် ပြန်လည်စဉ်းစားရန် ကြိုးစားသော်လည်း စိတ်မကောင်းစွာဖြင့်ပင် သူ့မှတ်ဉာဏ်များမှာ အပိုင်းပိုင်းအစစ ပြတ်တောက်နေခဲ့သည်။ မနက်ပိုင်းတွင် ကျိုးမင်ကျဲကို ဘူတာရုံ၌ လိုက်လံပို့ဆောင်ခဲ့၏။ ထို့နောက် အငြင်းသန်သမားနှင့် တိုးပြီး ကားချင်းဆင့်တိုက်မိခဲ့သည်။ ပြီးနောက် စိတ်လေလွင့်ရင်း ခွန်းလွန်တောင်သို့ ရောက်ရှိသွားခဲ့သည်။ ထိုမျှသာ သူ မှတ်မိတော့၏။

“ငါ ဘယ်လိုဖြစ်ပြီး ခွန်းလွန်တောင်အထိ ရောက်သွားရတာလဲ”

“နင် ဘယ်လိုထူးဆန်းတဲ့ ကိစ္စတွေ လျှောက်လုပ်နေလဲဆိုတာ ငါက ဘယ်လိုလုပ်သိမှာလဲ”

ကျိုးဟောက်ယွီတစ်ယောက် ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ ဝေ့ရှီယုသည် လေသံကို နည်းငယ်လျှော့ကာ ညင်သာစွာ မေးလိုက်သည်။

“တကယ် ဘာတွေဖြစ်ခဲ့တာလဲ"

“ငါ မေ့သွားပြီ”

“ဟွန့် မပြောချင်လည်း နေပေါ့၊ နင် မပြောပေမဲ့လည်း ကောင်းတဲ့ကိစ္စတော့ လျှောက်လုပ်နေတာ မဟုတ်မှန်း သိတယ်၊ တောထဲမှာ သွားပြီး ထင်တိုင်းကြဲနေတာ နေမှာ၊ အဲ့လို လူသူပြတ်တဲ့ တောနက်ကြီးကတော့ မရိုးသားတဲ့ ကိစ္စတွေ လျှောက်လုပ်ဖို့ အကောင်းဆုံးနေရာပဲလေ”

“ဒီမယ် မင်းရဲ့ စိတ်ကူးယဉ်မှုက ဒီ့ထက် ပိုပြီး ဆန်းကြယ်လို့ မရတော့ဘူးလား”

ကျိုးဟောက်ယွီမှ လျှာသပ်ရင်း ပြောလိုက်သည်။

“နင်မလုပ်ရဲတာ ဘာမှမရှိဘူး ငါစိတ်မကူးမိတာပဲ ရှိတာ၊ တကယ်လို့ နင်က ပြောဖို့ ရှက်နေရင် ငါကပဲ နင့်ကိုယ်စား ပြောပေးမယ်၊ နင် အဲ့ဒီမှာ နင့်ရဲ့ အချစ်လေးနဲ့ အချစ်ညတစ်ညကို ဖြတ်သန်းနေတာ သေချာတယ်၊ တစ်ချီတည်းနဲ့ အားမရဘူး မဟုတ်လား၊ နင့်ရဲ့ အားအင်ကုန်ခမ်းနေတဲ့ ပုံစံကို ကြည့်ရတာ သုံးချီ၊ ငါးချီ၊ ခုနစ်ချီ မဟုတ်ရင် ရှစ်ချီလောက်တောင် အချစ်ကြမ်းခဲ့ပုံပဲ”

ကျိုးဟောက်ယွီသည် ချောင်းနှစ်ချက်ဆိုးကာ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရတော့သည်။ ဝေ့ရှီယုမှာမူ သူမ၏ ခန့်မှန်းချက် မှန်ကန်သွားသည်ဟု ထင်မှတ်ကာ ချက်ချင်းပင် ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။

“အခု နင် ငါ့ကို ပိုက်ဆံ ဘယ်လောက်တောင် အကြွေးတင်နေပြီလဲ၊ အဲ့ဒီ အကြွေးတွေ ဘယ်တော့ပြန်ရမလဲမသိတဲ့ အခြေအနေမှာ ငါ နင့်ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ သတိပေးလိုက်မယ်နော်၊ အသေခံဖို့ ကြိုးစားတာက စွန့်စားရလွန်းတယ်၊ ပြီးတော့ မိန်းမကိစ္စ ရှုပ်တဲ့အခါမှာလည်း သတိထားဦး၊ နင် ဘာလို့ ဘာမှပြန်မပြောတာလဲ”

“ဝေ့မိသားစုက သခင်မလေး၊ ငါ အခု ခေါင်းအရမ်းကို ကိုက်နေလို့ပါ၊ ခဏလောက် ငြိမ်ငြိမ်လေး နေပေးလို့ ရမလား”

ကျိုးဟောက်ယွီမှ မျက်မှောင်ကြုတ်ကာ သူ့နားထင်များကို ပွတ်သပ်ရင်း ပြောလိုက်သည်။

ဝေ့ရှီယုသည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်၏။

“ဟွန့်၊ ငါက ခက်ခက်ခဲခဲနဲ့ နင့်ကို ဆေးရုံအထိ ပို့ပေးခဲ့တာကို ကျေးဇူးတင်စကား မပြောရတဲ့အပြင် အခုကျတော့ ငါ့ကို ဆူညံတယ်လို့ လာအပြစ်တင်တယ်ပေါ့၊ ကောင်းပြီလေ နင် အေးအေးဆေးဆေး နေချင်ရင် ငါထွက်သွားပေးမယ်"

ပြောပြောဆိုဆိုဖြင့် ဝေ့ရှီယုသည် သူမလက်ဆွဲအိတ်ကို ကောက်ကိုင်ကာ အခန်းတံခါးဆီသို့ ဒေါသတကြီး လျှောက်လှမ်းသွားတော့သည်။

“ခဏနေဦး”

ကျိုးဟောက်ယွီ တစ်ခုခုကို သတိရသွားသဖြင့် လှမ်းခေါ်လိုက်သည်။ ဝေ့ရှီယု၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာပြီးမှ မျက်နှာကို ချက်ချင်း ပြန်အေးစက်လိုက်၏။

“ဘာလဲ၊ ငါ့ကို မောင်းထုတ်မိလို့ နောင်တရသွားပြီလား၊ ငါ ပြောလိုက်မယ် အခု တကယ် စိတ်ဆိုးနေတာ၊ နင် ဘာပြောပြော ငါခွင့်မလွှတ်ဘူး”

ကျိုးဟောက်ယွီမှ အိုးတိုးအမ်းတမ်းဖြင့် ရယ်မောရင်း ထပ်ပြောသည်။

“အဲ၊ ငါက ဆေးရုံစရိတ်အကြောင်း မေးမလို့ပါ”

ဝေ့ရှီယုသည် ကျိုးဟောက်ယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ငါ စိုက်ပေးထားပြီးပြီ၊ သိပ်လည်း စိတ်မလှုပ်ရှားသွားနဲ့ဦး၊ အဲ့ဒီ ငွေတောင်းခံလွှာကို နင့်ရဲ့ အကြွေးစာရင်းထဲ ထည့်ထားလိုက်ပြီ၊ တကယ်လို့ နင် အကြွေးဆပ်ဖို့ ငြင်းဆန်ရဲရင် နင့်ကို အသက်ရှင်ရတာထက် သေရတာက ပိုကောင်းတယ်လို့ ခံစားရစေမယ့် နည်းလမ်းတွေ အများကြီး ရှိတယ်”

ဝေ့ရှီယုမှ ကျိုးဟောက်ယွီကို ခြိမ်းခြောက်လိုက်သည်။ သူမသည် ဟောက်ယွီမှ မိမိကို ဆူညံသည်ဟု ပြောသဖြင့် စိတ်ဆိုးနေသော်လည်း သူ အနားယူရန် လိုအပ်နေသည်ကို သိသဖြင့် ပြတ်ပြတ်သားသားပင် တံခါးကို ဖွင့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

“ရှီယု၊ ကျေးဇူးပဲနော်"

ဝေ့ရှီယု အနောက်သို့ လှည့်ကြည့်လိုက်ရာ ကျိုးဟောက်ယွီမှာ သူမကို ကြည့်ပြီး ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ သူမနှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု လှိုက်တက်လာသော်လည်း သူမမှာ မာနကြီးသောအကြည့်ဖြင့် တစ်ချက်စောင်းငဲ့ကြည့်ကာ အခန်းပြင်သို့ ထွက်ခွာသွားတော့၏။ ကျိုးဟောက်ယွီသည် တစ်ရေးပြန်အိပ်လိုက်ပြီး နောက်ရက်တွင် တာဝန်ခံဆရာဝန်မှ လာရောက်စစ်ဆေးသောအခါ အရာအားလုံး ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဆရာဝန်သည် ကျိုးဟောက်ယွီ၏ နားရွက်နောက်မှ ထူးဆန်းသော အစင်းကြောင်းများကိုမူ သိပ္ပံနည်းကျ ရှင်းပြနိုင်ခြင်း မရှိခဲ့ချေ။

ဆေးရုံမှ ဆင်းပြီးနောက် ကျိုးဟောက်ယွီသည် ဝေ့ရှီယုထံသို့ ဖုန်းဆက်၍ အသိပေးလိုက်သည်။ ဝေ့ရှီယုသည် ယနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပုံရပြီး ကျိုးဟောက်ယွီကို သဘောထားကြီးစွာဖြင့် တစ်ရက်ခွင့်ပင် ပေးခဲ့သေး၏။ ကျိုးဟောက်ယွီသည် လမ်းမထက်တွင် မတ်တတ်ရပ်နေရင်း ဘယ်ကိုသွားရမှန်းမသိဘဲ လမ်းပျောက်နေမိသည်။ ပုံမှန်ဆိုလျှင် ခွင့်ရက်ရသည့်နေ့များတွင် ဒီဒီမောင်းပြီး ပိုက်ဆံရှာလေ့ရှိသော်လည်း၊ အခုတော့ သူ့ကားလေးမှာ ပျက်စီးသွားပြီး ကားဝပ်ရှော့ ထဲ ရောက်နေခဲ့ပြီ။ ကျိုးဟောက်ယွီသည် မနေ့က ခွန်းလွန်တောင်ပေါ်တွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို အသည်းအသန် စဉ်းစားရန် ကြိုးစားနေမိသော်လည်း ခေါင်းကိုက်လာသည်အထိ စဉ်းစားသော်လည်း ဘာမျှ မမှတ်မိချေ။

သူ ထိုကိစ္စနှင့် လုံးပန်းနေစဉ်မှာပင် လူတစ်ယောက်မှ သူ့ပုခုံးကို ရုတ်တရက် လှမ်းပုတ်လိုက်သည်။ ကျိုးဟောက်ယွီ အနောက်သို့ လှည့်ကြည့်လိုက်ရာ တာအိုဝတ်စုံကို ဆင်မြန်းထားပြီး နှင်းကဲ့သို့ ဖြူဆွတ်နေသော မုတ်ဆိတ်မွေးများကိုပင် ဖဲပြားပုံစံ လှလှပပ ချည်နှောင်ထားသည့် လောင်ဇီ သည် သူ့ရှေ့တွင် ပြုံးလျက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရတော့၏။

“သံပရာသီးတွေတောင် ခင်ဗျားလောက် ချဥ်စရာမကောင်းဘူး”

လောင်ဇီမှ မာနကြီးစွာဖြင့် ရယ်မောလိုက်ပြီး မသိချင်ယောင်ဆောင်လိုက်သည်။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ငါမင်းကို လိုက်ရှာနေတာ ကြာပြီ”

“ခွန်းလွန်တောင်ကို ထပ်သွားမလို့လား၊ စိတ်မကောင်းစရာပဲ မနေ့က ကျွန်တော် ကားအက်ဆီးဒင့်ဖြစ်ပြီး ကားတစ်စီးလုံး ပျက်စီးသွားပြီ၊ အဲ့ဒါ ဒီလိုလုပ်မလား ခင်ဗျားအတွက် ကျွန်တော် တခြားတက္ကစီတစ်စီး လှမ်းခေါ်ပေးမယ်လေ”

“မလောပါနဲ့၊ မင်း မနေ့က အက်ဆီးဒင့်ဖြစ်ခဲ့တယ် ဟုတ်လား”

ကျိုးဟောက်ယွီမှ ခေါင်းငြိမ့်ပြလိုက်သည်။ လောင်ဇီသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ့လက်ချောင်းဆစ် သုံးဆစ်ကို သေသေချာချာ သုံးသပ်လျက် ဗေဒင်တွက်ချက်နေတော့သည်။ ခဏမျှ ကြာပြီးနောက် လောင်ဇီ၏ မျက်ခုံးမွှေးများမှာ တစ်ချက် လှုပ်ခါသွားခဲ့၏။ လောင်ဇီနှင့် ကျိုးဟောက်ယွီတို့သည် လူသူရှင်းလင်းသော ဆိတ်ငြိမ်ရာနေရာတစ်ခုသို့ လမ်းလျှောက်လာခဲ့ကြသည်။ လောင်ဇီသည် ကျိုးဟောက်ယွီ၏ လည်ပင်းနောက်ဘက်ကို သေသေချာချာ အကဲခတ်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် နားရွက်နောက်မှ အမည်းရောင် အစင်းကြောင်းများကို တွေ့လိုက်ရတော့သည်။ လောင်ဇီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်သွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်လည်ထိန်းချုပ်လိုက်သည်။

“ဟေ့ ဒါနဲ့ အဘိုးကြီး၊ ခင်ဗျားကို ကျွန်တော် အရေးကြီးတဲ့ ကိစ္စတစ်ခု မေးစရာရှိတယ်"

“မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ၊ ယဉ်ကျေးမှု မရှိလိုက်တာ"

လောင်ဇီ၏ ဖြူဆွတ်သော မျက်ခုံးမွှေးများ ထောင်တက်သွားပြီး ကျိုးဟောက်ယွီ၏ နဖူးကို လက်ညှိုးဖြင့် တောက်ရန် ပြင်လိုက်သည်။ ဟောက်ယွီမှ ဖျတ်လတ်စွာဖြင့် ရှောင်တိမ်းလိုက်ပြီး အတင်းပြုံးပြကာ ပြောလိုက်၏။

“စိတ်လျှော့ပါ စိတ်လျှော့ပါ၊ ဟဲဟဲ နတ်မင်းကြီး ကျွန်တော့်နားရွက်နောက်က အဲ့ဒီအမှတ်အသားက ဘာကြီးလဲ၊ ဒါကသိုင်းပညာရပ် ကျင့်ကြံခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများလား"

“ဟင် လျှောက်မပြောနဲ့၊ သိုင်းပညာရပ် ဆိုတာ ရွှေတိမ်တိုက်ဂူက ကျောက်စိမ်းအိုး နတ်ဒေဝါ ရဲ့ တစ်သက်တာ ကြိုးစားအားထုတ်မှုတွေရဲ့ အထွတ်အထိပ် အောင်မြင်မှုပဲ၊ ဒါက အမြင့်မြတ်ဆုံးသော ကာကွယ်ရေး နတ်သိုင်းပညာရပ်ပဲ၊ ဘယ်လိုလုပ်ပြီး ဘေးထွက်ဆိုးကျိုး ရှိရမှာလဲ”

“ဘာနတ်သိုင်းပညာရပ်လဲ၊ နားထောင်ရတာ အလွန်ဆန်းကြယ်လွန်းနေပြီ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက အဲ့ဒါကို ကျင့်ရင်းနဲ့ ကျွန်တော် သိုင်းသွေးဖောက်ပြန်လုနီးပါး တောင် ဖြစ်ခဲ့တာ”

ထိုစကားကို ကြားလိုက်ရသောအခါ နတ်မင်းကြီး လောင်ဇီသည် ဟောက်ယွီ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းဆွဲကာ သွေးခုန်နှုန်းကို စမ်းသပ်စစ်ဆေးလိုက်သည်။

“အင်း၊ ကံကောင်းထောက်မစွာနဲ့ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတော့ မရှိပါဘူး”

နတ်မင်းကြီး လောင်ဇီမှာ ခဏမျှ စဉ်းစားတွေးတောပြီးနောက် ပြောလေသည်။

“မိစ္ဆာဆိုတာ စိတ်ကနေ အမြစ်တွယ်တာပဲ၊ မင်း သိုင်းကျင့်နေတဲ့အချိန်မှာ အာရုံများလွန်းလို့ စိတ်အာရုံ ပျက်ပြားသွားတာ နေမှာပါ၊ ဒါက သိုင်းပညာကျင့်ကြံတဲ့နေရာမှာ အကြီးမားဆုံးသော တားမြစ်ချက်ပဲ”

ကျိုးဟောက်ယွီမှ ခေါင်းငြိမ်လိုက်သည်။

“အော်"

ထိုနေ့က သူသည် ကျိုးမင်ကျဲအတွက် တကယ်ပင် စိုးရိမ်ပူပန်နေခဲ့သဖြင့် စိတ်ကို တည်ငြိမ်အောင် မထားနိုင်ခဲ့သည်မှာ အမှန်ပင်။ လောင်ဇီသည် သူ၏ မုတ်ဆိတ်မွှေးကို သပ်ရင်း ခဏမျှ စဉ်းစားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းရဲ့ နားရွက်နောက်က အစင်းကြောင်းတွေက တကယ်ကို ဆန်းကြယ်တယ်၊ ငါ အရင်က အဲ့ဒါမျိုးကို မြင်ဖူးသလိုပဲ၊ ဟူး အသက်ကြီးလာတော့ မှတ်ဉာဏ်တွေက တော်တော်လေး လျော့နည်းလာခဲ့ပြီ၊ အတိတ်က ကိစ္စတော်တော်များများကို ငါ မေ့ကုန်ပြီ"

“နတ်ဘုရားတွေလည်း မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ ဖြစ်တတ်တာပဲလား”

ကျိုးဟောက်ယွီမှ ဇဝေဇဝါဖြင့် မေးလိုက်သည်။

“မင်း နတ်ဘုရားတစ်ပါး ဖြစ်ချင်သလား”

လောင်ဇီမှ ကျိုးဟောက်ယွီကို သေသေချာချာ စိုက်ကြည့်ရင်း မေးလိုက်သည်။

“ဟမ်၊ ကျွန်တော်လည်း နတ်ဘုရား ဖြစ်လို့ရတာပဲလား”

ကျိုးဟောက်ယွီတစ်ယောက် လုံးဝ မယုံကြည်နိုင် ဖြစ်သွားရသည်။

“မူလကတော့ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ မင်းက ငါနဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီဆိုတော့ ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိတော့ဘူးပေါ့”

လောင်ဇီမှ ပညာရှိတစ်ဦးအလား ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော်သာ နတ်ဘုရား ဖြစ်သွားရင် ကောင်းကင်ဘုံမှာ သွားနေလို့ရမှာလား"

“ဒါပေါ့ အသေအချာပေါ့၊ ဒါပေမဲ့ မင်း ကောင်းကင်ဘုံရောက်ရင် လူ့ပြည်က ဘဝကို ပြန်ပြီး တမ်းတမိမှာကိုတော့ ငါ စိုးရိမ်မိတယ်”

လောင်ဇီမှာ ကျိုးဟောက်ယွီကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက် စိုက်ကြည့်လိုက်သည်။ ကျိုးဟောက်ယွီ၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့၏။ တကယ်လို့ သူသာ နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့ရင် သူသည် ချန်အယ်နှင့် တန်းတူရပ်တည်နိုင်ပြီး သူမကို ရဲရဲဝံ့ဝံ့ ဖွင့်ပြောနိုင်တော့မည် မဟုတ်လား။ ထိုသို့ စိတ်ကူးယဉ်မိရုံမျှဖြင့်ပင် သူ စွဲလမ်းနှစ်သက်ရသော ထိုနတ်သမီးလေးသည် မလှမ်းမကမ်းနေရာမှ သူ့ကို လှမ်းခေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။ ကျိုးဟောက်ယွီသည် ပြတ်ပြတ်သားသားပင် သဘောတူလိုက်၏။

“ကောင်းပါပြီ၊ ကျွန်တော် နတ်ဘုရား ဖြစ်ချင်ပါတယ်၊ ကောင်းကင်ဘုံမှာ ပျော်ပျော်ပါးပါး နေရမှာပေါ့၊ ဟားဟားဟား"

ထိုအချိန်တွင် တိုက်ဆိုင်စွာပင် ထိုက်ရှန်းလောင်ကျွင်းနှင့် ကျိုးဟောက်ယွီတို့သည် တစ်ပြိုင်နက်တည်း တဟားဟား ရယ်မောလိုက်ကြသည်။ သို့သော်လည်း ကျိုးဟောက်ယွီသည် ထိုက်ရှန်းလောင်ကျွင်း၏ ရယ်မောသံထဲတွင် ပါဝင်နေသော ထူးဆန်းဆန်းကြယ်လှသည့် အဓိပ္ပာယ်ကိုမူ သတိမထားမိခဲ့ချေ။ ထိုက်ရှန်းလောင်ကျွင်းသည် လက်ကို ဝေ့ယမ်းလိုက်ရာ ထူးဆန်းသော ဆေးလုံးတစ်လုံး ရုတ်တရက် ပေါ်လာခဲ့ပြီး ကျိုးဟောက်ယွီထံသို့ ကမ်းပေးလိုက်ရင်း လေးနက်စွာဖြင့် မိန့်ကြားလိုက်သည်။

“နတ်ဘုရားဖြစ်မယ့် လမ်းစဉ်ဆိုတာ ဆူးခက်တွေ၊ ရွှံ့နွံတွေနဲ့ ပြည့်နှက်နေပြီး အခက်အခဲနဲ့ အန္တရာယ်တွေ အပြည့်ရှိတာ၊ တကယ်လို့ မင်းက နတ်ဘုရားတစ်ပါး ဖြစ်ချင်တယ်ဆိုရင် အလွန်တရာ ရက်စက်လှတဲ့ စမ်းသပ်မှုတွေနဲ့ နာကျင်မှုဝေဒနာတွေကို ကြံ့ကြံ့ခံကျော်ဖြတ်ရလိမ့်မယ်၊ မင်း အဲ့ဒါကို ရင်ဆိုင်ရဲရဲ့လား”

All Chapters