အခန်း ၁၉၃
Vol. 20 Ch. 193
193
“ကျွန်တော့်ကို လာမခြောက်ပါနဲ့၊ အဘိုးကြီး ကျွန်တော်သာ ဒုက္ခနဲ့ အခက်အခဲတွေကို ကြောက်တဲ့သူဆိုရင် ခင်ဗျားလည်း ကျွန်တော့်အတွက် အချိန်ဖြုန်းနေမှာ မဟုတ်ဘူးမလား”
ကျိုးဟောက်ယွီမှ လောင်ဇီကို ကြည့်ပြီး ပြုံးလိုက်သည်။ လောင်ဇီမှ နှာမှုတ်လိုက်ပြီး ဆေးလုံးကို ကျိုးဟောက်ယွီ၏ လက်ဖဝါးထဲသို့ ထည့်ပေးကာ မိန့်၏။
“ဒါက စိတ်တည်ငြိမ်ဆေးလုံးပဲ၊ ပြန်ရောက်ရင် ရေထဲမှာ တစ်နာရီလောက် စိမ်ထားပြီး သိုင်းကျင့်တဲ့အချိန်မှာ သောက်လိုက်၊ ဒါက မင်းကို စိတ်အာရုံစုစည်းစေပြီး သိုင်းကျင့်စဉ်မှာ ဘေးအန္တရာယ်မဖြစ်အောင် ကာကွယ်ပေးလိမ့်မယ်”
ကျိုးဟောက်ယွီမှ ဆေးလုံးကို သိမ်းဆည်းလိုက်ပြီး မေးလိုက်သည်။
“ဒါနဲ့ ကျွန်တော် ဘယ်တော့ နတ်ဘုရား ဖြစ်မှာလဲ”
“အဲ့ဒါက မင်းရဲ့ အသိဉာဏ်နဲ့ ပေါက်မြောက်မှုအပေါ်မှာပဲ မူတည်တယ်၊ လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာ ရှိကြတာဆိုတော့ ပုံသေနည်းတွက်လို့ မရဘူး၊ ပြန်ရောက်ရင် ရှစ်ဆယ့်ကိုးသွယ် အံ့ဖွယ်အတတ်ကိုပဲ ကြိုးကြိုးစားစား ကျင့်ကြံပါ၊ စိတ်ထဲမှာ အာရုံများတာတွေ၊ စိတ်လောတာတွေ မရှိစေနဲ့"
ကျိုးဟောက်ယွီ လေးနက်စွာ ခေါင်းငြိတ်လိုက်သည်။ ထို့နောက် လောင်ဇီမှ ဆက်ပြီးမှာကြား၏။
“သိုင်းကျင့်သူတွေဆိုတာ တည်ငြိမ်အေးချမ်းမှုကို တန်ဖိုးထားရတယ်၊ အခုကြည့်ရတာ မင်းက မီးတွေ တောက်လောင်ပြီး ဒေါသအရမ်းကြီးနေတယ်၊ ဒါက နတ်ဘုရားဖြစ်ဖို့ ကျင့်ကြံတဲ့နေရာမှာ အဟန့်အတား ဖြစ်စေတယ်”
“အော်၊ နောက်ဆိုရင် စိတ်ခံစားချက်တွေကို သေချာထိန်းချုပ်ပြီး ဘယ်တော့မှ အလွယ်တကူ ဒေါသမထွက်တော့ပါဘူး"
လောင်ဇီသည် သူ၏ ကျယ်ဝန်းလှသော အင်္ကျီအိတ်ထဲတွင် ခေတ္တမျှ မွှေနှောက်ရှာဖွေပြီးနောက် အလွန်တရာ အနံ့ဆိုးလှသော အညိုရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ အနံ့မှာ အန်ချင်စရာကောင်းလှ၏။ ကျိုးဟောက်ယွီသည် ချက်ချင်းပင် နှာခေါင်းကို ပိတ်လိုက်ပြီး မေးတော့သည်။
“အဘိုးကြီး ဒါကဘာကြီးလဲ၊ အနံ့ကလည်း ဆိုးလိုက်တာ၊ ခင်ဗျား ဒါကို အိမ်သာထဲက ကောက်လာတာတော့ မဟုတ်ပါဘူးနော်”
လောင်ဇီမှာ အသေအချာ ပြုံးလိုက်သည်။
“ဒါက ရတနာပဲ၊ ဒီကမ္ဘာပေါ်မှာ တစ်လုံးတည်းပဲ ရှိတာ၊ အဲ့ဒီတုန်းက ငါ့ရဲ့ ကျင့်ကြံမှုသက်တမ်း နှစ်တစ်ထောင်ကို အနစ်နာခံပြီး ဒီဆေးလုံးကို ဖော်စပ်ခဲ့ရတာ၊ မူလကတော့ ငါ့အတွက်ပဲ သိမ်းထားတာ၊ ဒါပေမဲ့ မင်းနဲ့ငါနဲ့က ထူးခြားတဲ့ ရေစက်ရှိနေတော့ မင်းကိုပဲ ပေးလိုက်မယ်"
“ဒီဆေးလုံးက ဘာတွေများ ထူးဆန်းလို့လဲ”
လောင်ဇီမှ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်သည်။
“ဒါက အသည်းနဲ့ သည်းခြေကို အကျိုးပြုတယ်၊ အောင်းနေတဲ့ အပူအောင်းတွေကို ဖယ်ရှားပေးတယ်၊ မကောင်းတာတွေကို နှိမ်နင်းပြီး ခန္ဓာကိုယ်ကို သန်မာစေတယ်၊ အသက်ရှူလမ်းကြောင်းနဲ့ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေတယ်၊ သူ့ရဲ့ အာနိသင်က သုံးလို့မကုန်နိုင်ဘူး"
“တကယ်လား၊ ယွမ်သုံးရာတန် ဆေးတစ်လုံးတည်းနဲ့တင် ဒီလိုအာနိသင်မျိုး ရနိုင်တာကို ဘာလို့ ကျင့်ကြံမှုသက်တမ်း နှစ်တစ်ထောင်တောင် အနစ်နာခံနေဦးမှာလဲ၊ ပြီးတော့ ဒီဆေးက အနံ့ကလည်း ဆိုးတော့ ညစ်ပတ်တဲ့ အရာတွေနဲ့ လုပ်ထားတာ သေချာတယ်၊ ကျွန်တော် မလိုချင်ပါဘူး"
“အဲ့ဒါက မင်းသဘောအတိုင်း ဖြစ်ခွင့်မရှိဘူး"
လောင်ဇီသည် သူ၏ သဘောကောင်းလှသော မျက်နှာထားကို ချက်ချင်းပင် ပြောင်းလဲလိုက်ပြီး ကျိုးဟောက်ယွီ၏ မေးရိုးကို အတင်းဖြဲကာ ဆေးလုံးကို ပါးစပ်ထဲသို့ ချက်ချင်း ထိုးထည့်လိုက်တော့သည်။ ထို့နောက် မျှိုချသည့် အကြောမှတ်ကို သေသေချာချာ ဖိနှိပ်လိုက်ရာ ဆေးလုံး မျှောကျသွားမှသာ သူ့ကို လွှတ်ပေးလိုက်တော့၏။
“ဒီအရူးကောင်ကြီး၊ ခင်ဗျားကို သတ်ပစ်မယ်"
ကျိုးဟောက်ယွီက ဒေါသတကြီး ဟိန်းဟောက်ရင်း လောင်ဇီထံသို့ လက်သီးဖြင့် ထိုးလိုက်သော်လည်း လေကိုသာ ထိမှန်သွားခဲ့သည်။ လောင်ဇီမှ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားရာ သူ့ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးသွားပြီး နေ့ခင်းကြောင်တောင်ကြီးတွင်ပင် ပျောက်ကွယ်သွားတော့၏။
“ဒီအဘိုးကြီး တော်တော်ပြေးတာ မြန်တာပဲ"
ကျိုးဟောက်ယွီသည် လမ်းဘေး သစ်ပင်များရှိရာသို့ အမြန်ပြေးသွားပြီး လက်ညှိုးဖြင့် ထိုးကာ ထိုရွံစရာကောင်းသော ဆေးလုံးကို အန်ထုတ်ရန် ကြိုးစားသော်လည်း ဘာမျှ ထွက်မလာခဲ့ချေ။ ကျိုးဟောက်ယွီသည် စိတ်ထဲတွင် လောင်ဇီကို ကိုးဆယ့်ကိုးကြိမ်တိုင်တိုင် ကျိန်ဆဲနေမိသည်။ ထိုစဉ်မှာပင် ဝေ့ရှီယုမှ ဖုန်းဆက်လာပြီး သူ့ကို ချက်ချင်း ပြန်လာခဲ့ရန် လှမ်းပြောတော့၏။ ကျိုးဟောက်ယွီသည် ကြီးကြီးမားမား ကိစ္စတစ်ခုခု ဖြစ်ပြီဟု ထင်မှတ်ကာ ဝေ့မိသားစု၏ ဗီလာဆီသို့ အပြေးအလွှား သွားခဲ့သည်။ သို့သော်လည်း ခြံဝင်းတံခါးဝသို့ ရောက်သောအခါ ဝေ့ရှီယုသည် ပြဿနာတစ်စုံတစ်ရာ ရှိမနေဘဲ ကားအသစ်စက်စက်ကြီးတစ်စီးကို ပြုံးရွှင်စွာဖြင့် ငေးမောကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့ ငါ့ကို ဒီလောက်အရေးတကြီး လှမ်းခေါ်ရတာလဲ၊ ဘာဖြစ်လို့လဲ”
“ဒီကားကို ကြည့်ရတာ ဘယ်လိုနေလဲ”
ဝေ့ရှီယုမှ ပျော်ရွှင်စွာ မေးလိုက်သည်။
“မဆိုးပါဘူး၊ အဆင့်မြင့်ပြီး စမတ်ကျတယ်၊ အခုတင် ဝယ်လာတာလား”
“အင်း၊ ဒါက ဒီနှစ်ထွက် မော်ဒယ်အသစ်ပဲ၊ ပင်းဟိုင်မှာ ကန့်သတ်အရေတွက်နဲ့ ထွက်တာ၊ လူအများကြီးက ဒီကားကို လိုချင်နေကြတာ၊ တော်သေးလို့ ငါ အမြန်လုဝယ်လိုက်နိုင်တာ”
ဝေ့ရှီယုမှ ကျေနပ်အားရစွာ ပြောလိုက်သည်။
“ငါ့ကို ဒီလောက် အလောတကြီး လှမ်းခေါ်တာ မင်းရဲ့ချမ်းသာမှုကို လာကြွားဖို့ သက်သက်ပဲလား”
ကျိုးဟောက်ယွီ၏ ရင်ထဲတွင် လူချမ်းသာများအပေါ် မကျေနပ်ချက်များ ထွက်ပေါ်လာခဲ့သည်။ ဝေ့ရှီယုမှ သူ့ကို မျက်လုံးလှန်ပြလိုက်ပြီး ပြတ်ပြတ်သားသားပင်ပြော၏။
“ငါသာ တကယ် ကြွားချင်တယ်ဆိုရင် နင့်ရဲ့မျက်လုံးတွေတောင် ကန်းသွားတာ ကြာပြီ”
“ဒါဆိုရင် ဘာအတွက်လဲ”
“နင့်ရဲ့ စုတ်ချာချာ ကားအိုကြီးက ပျက်စီးသွားပြီလေ၊ ငါ့မိသားစုမှာ အစေခံတွေအပါအဝင် ဘယ်သူမှ ဒီလို စုတ်စုတ်ပြတ်ပြတ် ကားမျိုး မမောင်းဘူး၊ အခု နင်က သက်တော်စောင့် ဖြစ်နေပြီဆိုတော့ ဒီလိုကားစုတ်ကြီး မောင်းနေရင် ဝေ့မိသားစုရဲ့ သိက္ခာကို ကျဆင်းစေတယ်”
“အဲ့တော့ ဘာဖြစ်လဲ”
ကျိုးဟောက်ယွီ တစ်စုံတစ်ခုကို ရိပ်မိသွားသော်လည်း မယုံကြည်နိုင် ဖြစ်နေဆဲပင်။
“ဒါကြောင့် နင့်ရဲ့ ကားအိုကြီးကို သံတိုသံစ အရောင်းဆိုင်ဆီ ရောင်းပစ်လိုက်ပြီ၊ ဒီကားအသစ်ကတော့ နင် သဘောရှိ မောင်းနိုင်ဖို့ပဲ”
ကျိုးဟောက်ယွီသည် ထိတ်လန့်သွားလွန်းသဖြင့် မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားရသည်။ ဝေ့ရှီယုမှာ သူအထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် ထပ်လောင်းရှင်းပြ၏။
“သိပ်လည်း စိတ်မလှုပ်ရှားသွားနဲ့ဦး၊ ဒါက နင့်ကို အလကားပေးတာ မဟုတ်ဘူးနော်၊ ဒီကားကို ယွမ် ငါးသန်းနှစ်သိန်း ပေးပြီး ဝယ်ခဲ့တာ၊ နင့်ရဲ့ အကြွေးစာရင်းထဲ ထည့်ထားပြီးပြီဆိုတော့ နောက်ကျရင် နင် ငါ့ကို ပြန်ဆပ်ရမယ်”
“ဘာ"
ကျိုးဟောက်ယွီသည် ထိတ်လန့်မှုမှ မလွတ်မြောက်သေးခင်မှာပင် ချက်ချင်းပင် စိတ်ပျက်အားလျော့မှုကြီးထဲသို့ နစ်မြုပ်သွားရတော့သည်။ ယွမ် ၅သန်းကျော်ဆိုသည်မှာ သူ တစ်သက်လုံး ရှာလျှင်တောင် ပြန်ဆပ်နိုင်မည့် ပမာဏ မဟုတ်ချေ။ ကျိုးဟောက်ယွီ ငြိမ်သက်သွားသည်ကို မြင်သောအခါ ဝေ့ရှီယုမှ ချက်ချင်း ဖြည့်စွက်ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ဒီကားက နင့်ကား ဖြစ်သွားပြီဆိုတော့ နင် စိတ်ကြိုက် ဆုံးဖြတ်ပြီး သုံးပိုင်ခွင့်ရှိပါတယ်၊ ငါ မလိုတဲ့ အချိန်မျိုးတွေမှာ နင် ဒါကို ဒီဒီမောင်းပြီး ပိုက်ဆံရှာလို့လည်း ရတာပဲ”
“ဟမ်၊ ဒီကားနဲ့ ဒီဒီ မောင်းရမယ် ဟုတ်လား၊ ခရီးသည်တွေ လန့်ကုန်ကြတော့မှာပဲ၊ လူချမ်းသာတွေရဲ့ စိတ်ကူးကတော့ တကယ်ကို ဆန်းကြယ်လွန်းတယ်”
“ကဲ၊ ရော့ ဒါကသော့၊ ငါစာချုပ်တချို့ စစ်ဆေးစရာ ရှိသေးလို့ ဒီမှာ လာရှုပ်မနေနဲ့တော့၊ ကားအသစ်ကြီး စီးပြီး အေးဆေးတဲ့နေရာကို သွားတော့"
မနေ့က ဆေးရုံတွင် ကျိုးဟောက်ယွီမှာ သူမကို နှင်ထုတ်ခဲ့သဖြင့် ဝေ့ရှီယုသည် ယခုအချိန်တွင် ကလဲ့စားချေသည့်အနေဖြင့် သူ့ကို ချက်ချင်းပင် ပြန်ပြီး နှင်ထုတ်လိုက်တော့သည်။
“ဟုတ်ကဲ့ပါ၊ သွားပါပြီ”
ကျိုးဟောက်ယွီသည် ကားသော့ကို လှမ်းယူလိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားသောကြောင့်ပင်လားမသိ ကားထဲသို့ အဝင်တွင် ကားတံခါးနှင့် ခေါင်းကို ဝင်ဆောင့်မိသွားသည်။ သူ့၏ ဖြစ်ပျက်သွားမှုကြောင့် ဝေ့ရှီယုသည် မအောင့်နိုင်ဘဲ ပြုံးမိသွားပြီး သူကားမောင်းထွက်သွားသည်ကို ငေးကြည့်နေမိတော့၏။ သူမသည် ဘာဖြစ်လို့ သူ့အတွက် ဒီလောက်အထိ တန်ဖိုးကြီးတဲ့ ကားတစ်စီးကို ဝယ်ပေးမိလဲဆိုတာ သူမကိုယ်တိုင်ပင် အဖြေရှာမရချေ။ စင်စစ် သူ၏နွေးထွေးသော အပြုံးနှင့် ရိုးရှင်းလှသော ကျေးဇူးတင်စကားလေးကြောင့်ပင်လား။ သို့မဟုတ် ဒီလောက်ကြီးမားလှတဲ့ အကြွေးများနဲ့ ကျိုးဟောက်ယွီကို သူမရဲ့အနားမှာ မြဲမြံစွာ တွဲချည်ထားချင်လို့ပင်လား မသိတော့ချေ။
ကျိုးဟောက်ယွီသည် ကားအသစ်ကြီးကို အားရပါးရ မောင်းနှင်ကာ လမ်းမထက်သို့ ထွက်လာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ဤစူပါကားကြီးမှာ သူ၏ကားအိုကြီးနှင့် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပြီး မောင်းရသည်မှာ အလွန်တရာ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ သူ၏ မာနနှင့် ဝင့်ဝါမှုများလည်း ပြန်လည်တောက်လောင်လာခဲ့ပြီး ကျိုးဟောက်ယွီသည် မိမိကိုယ်ကိုယ် ပို၍ပင် ချောမောခန့်ညားလာသည်ဟု ခံစားလိုက်ရ၏။ သူ့ရုပ်ရည်ကို အတည်ပြုရန်အတွက် မှန်ကိုကြည့်ကာ ပုံစံအမျိုးမျိုး ဖမ်းနေမိပြီး သူ့ဆံပင်များကိုပင် စတိုင်ကျကျ ခါယမ်းလိုက်သေးသည်။ သို့သော်လည်း ကျိုးဟောက်ယွီသည် အံ့ဩဖွယ်ရာ တစ်ခုကို သတိပြုမိသွားသည်။ သူ့လည်ပင်းအထိ ပျံ့နှံ့နေခဲ့သော အမည်းရောင် အစင်းကြောင်းများသည် ယခုအခါတွင် နားသီးဆီသို့ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ထိုအစင်းကြောင်းများ၏ အလယ်ဗဟိုရှိ အနီစက်ကလေးမှာလည်း အရောင်မှိန်ဖျော့သွားကာ သက်မဲ့သဖွယ် ဖြစ်နေခဲ့ပြီဖြစ်၏။
“ဟင်၊ ဒါက ဘာဖြစ်တာလဲ”
ကျိုးဟောက်ယွီသည် သူ့နားရွက်ကို စမ်းသပ်ကြည့်လိုက်သော်လည်း ထူးခြားသော မသက်မသာဖြစ်မှုကို မခံစားရချေ။
“ဒါက လောင်ဇီ ပေးလိုက်တဲ့ ဆေးလုံးရဲ့ အာနိသင်ကြောင့်များလား”
ကျိုးဟောက်ယွီသည် ဘာတွေဖြစ်ပျက်နေမှန်း အဖြေရှာမရသော်လည်း ထိုအမည်းရောင် အစင်းကြောင်းများ ကျုံ့ဝင်သွားသည်ကို မြင်ရသဖြင့် ရင်ထဲတွင် တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော်လည်း စိတ်သက်သာရာရမှုနှင့်အတူ ပူပန်မှုများမှာလည်း တပါးတည်း ရောက်ရှိလာခဲ့ပြန်၏။ ကြီးမားလှသော အကြွေးများမှာ ကားအသစ်ကြောင့် ဖြစ်ပေါ်လာသည့် ပျော်ရွှင်မှုများကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့တော့သည်။
“ဆင်းရဲမွဲတေမှုဟာ ကြိုးစားအားထုတ်မှုအားလုံးရဲ့ မြစ်ဖျားခံရာပဲ”
ကျိုးဟောက်ယွီသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် “တိုက်ပွဲဝင်မုဒ်” ထဲသို့ ချက်ချင်း ပြောင်းလဲလိုက်သည်။ သူသည် ဒီဒီ စနစ်ကို ဖွင့်လိုက်ပြီး ခရီးသည်များအနေဖြင့် သူ၏ ကားအသစ်ကြီးကို ကြည့်ကာ လန့်မပြေးကြပါစေနှင့်ဟု စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိတော့၏။