← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

194

ကျိုးဟောက်ယွီသည် ကမ္ဘာပေါ်တွင် ဇိမ်ခံကားကြီးကို စီးပြီး ဒီဒီ မောင်းသည့် ပထမဆုံးလူသား ဖြစ်လာနိုင်ချေရှိသည်။ မူလမှာမူ ကျိုးဟောက်ယွီသည် ဤကားကြီးကို သူငယ်ချင်းဖြစ်သူ ဆွန်းချန်းအား ခေတ္တငှားရမ်းကာ သူဌေးမလေးများနှင့် ချိတ်ဆက်နိုင်ရန် ကူညီပေးဖို့သာ စဉ်းစားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ ဒီဒီမောင်းနေရသည်။

“ကျွန်မ ဒီဒီခေါ်ထားတာ ကြာလှပြီ၊ ဘာလို့ ရောက်မလာသေးတာလဲ၊ အခုချက်ချင်း ရောက်မလာရင်တော့ Bad review ပေးလိုက်တော့မယ်”

အငှားယာဉ်အက်ပလီကေးရှင်း၏ စာတိုပေးပို့ရန်နေရာ၌ ခရီးသည်မှ ဝုန်းဒိုင်းကြဲကာ လောနေတော့သည်။ ကျိုးဟောက်ယွီမှာ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ပေ။ သူသည် ကားဟွန်းကို အချက်ပေါင်းများစွာ တီးခဲ့ပြီးပြီဖြစ်သည်။

“ညီမလေး၊ အစ်ကိုက ညီမလေးရဲ့ လမ်းတစ်ဖက်ခြမ်းမှာ ရောက်နေတာပါ”

“လမ်းတစ်ဖက်ခြမ်းမှာ၊ ဘယ်မှာလဲ ကျွန်မမမြင်ပါဘူး၊ လူကို လိမ်တာ ကျွန်မမျက်စိရှေ့မှာ မေဘက်ခ် ကားကြီးပဲ ရှိတာ၊ ရှင် ရူးနေတာလား မေဘက်ခ်ကြီးစီးပြီး ဒီဒီမောင်းရအောင် ရှင်က အဲ့လောက်တောင် ချမ်းသာနေလို့လား”

“...”

“ဟုတ်ပါတယ် ညီမလေး၊ ညီမလေးမြင်နေရတဲ့ မေဘက်ခ်ကားကြီးက အစ်ကို့ကားပါပဲ"

ကျိုးဟောက်ယွီသည် စာရိုက်ပြီးနောက် အမျိုးသမီးခရီးသည်မှ ယုံကြည်မည်မဟုတ်သည်ကို စိုးရိမ်သဖြင့် ကားမှန်ပြတင်းကို ချလိုက်ကာ ကားဟွန်းနှစ်ချက် ထပ်တီးလိုက်ပြီး ဖုန်းကို လှမ်းပြလိုက်သည်။ ထိုအခြင်းအရာကို မြင်လျှင်ပင် ခရီးသည်မိန်းကလေးမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ လက်ကလေးဖြင့် အသာအယာအုပ်လျက် မယုံကြည်နိုင်သည့် ခြေလှမ်းများဖြင့် လျှောက်လာခဲ့တော့၏။

“ရှင်က တကယ်ပဲ"

“ဟုတ်ပါတယ်"

ကျိုးဟောက်ယွီမှ မတတ်သာသည့်အလား ခေါင်းငြိမ့်ပြလိုက်သည်။

“ဘုရားရေ အစ်ကိုက ချောလည်းချောတယ်၊ ကျွန်မတို့ WeChat အကောင့်ချင်း အပ်ထားကြမလား"

ကားပေါ်သို့ တက်လာသည်နှင့် မိန်းကလေးသည် ကားတွင်းအပြင်အဆင်များကို ငေးမောအားကျကာ ဟိုဟိုဒီဒီ လိုက်လံကိုင်တွယ်နေတော့သည်။

“အာ ဟို"

ကျိုးဟောက်ယွီမှာ စကားပင် ဆွံ့အသွားရကာ သူအနေဖြင့် အခြားအလုပ်တစ်ခုခုကို ရှာဖွေသင့်ပြီဟု တွေးမိလိုက်သည်။ မေဘက်ခ်ကြီးနှင့် ဒီဒီမောင်းနေရသည်မှာ သိပ်တော့ အဆင်မပြေလှချေ။

“အစ်ကိုက အဲ့လောက်ချမ်းသာတာကို ဘာလို့ ဒီဒီမောင်းနေသေးတာလဲ"

လှပသော ခရီးသည်မလေးမှာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းပြန်သည်။ ကျိုးဟောက်ယွီလည်း မည်သို့ပြန်ပြောရမှန်းမသိသဖြင့် အလိမ်အညာတစ်ခုကိုသာ လုပ်ကြံဖန်တီးလိုက်ရ၏။

“အစ်ကိုက ဒီဒီမောင်းရင်းနဲ့ပဲ လက်လုပ်လက်စားဘဝကနေ ကြီးပွားလာခဲ့တာလေ၊ အဲ့ဒါကြောင့် ဒီအလုပ်အပေါ် သံယောဇဉ်တွယ်နေလို့ပါ"

မမျှော်လင့်ဘဲ ထိုစကားမှာ နောက်ပိုင်းတွင် ကွက်တိဖြစ်သွားခဲ့သည်။ နောင်တွင် ကျိုးဟောက်ယွီ ပြန်တွေးမိတိုင်း မရယ်ဘဲ မနေနိုင်ခဲ့ချေ။ အမှန်စင်စစ် သူသည် ဒီဒီမောင်းရင်းဖြင့်ပင် ဘဝကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“ဝါး၊ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပဲ"

လှပသော ခရီးသည်မလေးသည် ထိုစကားကို ကြားရသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားပုံရသည်။ ဤသို့ အဓိပ္ပာယ်ဖွင့်ရခက်သော ခံစားချက်ကြောင့် ကျိုးဟောက်ယွီ စိတ်မသက်မသာ ဖြစ်လာသဖြင့် အမျိုးသမီးခရီးသည်ကို သူမသွားလိုရာနေရာသို့ အမြန်ဆုံး ပို့ဆောင်ပေးကာ ထွက်ခွာလာခဲ့တော့၏။ ကျိုးဟောက်ယွီသည် မိမိကိုယ်မိမိ မကြာမီ နာမည်ကြီးတော့မည်ကို လုံးဝမသိရှိခဲ့ပေ။ ထိုအမျိုးသမီးခရီးသည်မှာ ပင်းဟိုင်မြို့ရှိ နာမည်ကြီးတက္ကသိုလ်တစ်ခုမှ ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမသည် ကျောင်းသို့ပြန်ရောက်လျှင်ပင် အခန်းဖော်များကို ထိုအကြောင်းအရာအားလုံးကို ပြန်လည်ဖောက်သည်ချရာ အားလုံးမှာ မနာလိုစိတ်များဖြင့် အားကျနေကြတော့သည်။ ထို့နောက်တွင်မူ ထိုသတင်းသည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် တောမီးပမာ ပျံ့နှံ့သွားခဲ့လေ၏။

ကျိုးဟောက်ယွီသည် ထိုကောလိပ်ကျောင်းသူလေးများ၏ မျက်စိထဲတွင် အမှောင်ထဲမှ မင်းသားတစ်ပါးသဖွယ်လည်းကောင်း၊ ယောက်ျားထုကြီး၏ စံပြပုဂ္ဂိုလ်တစ်ဦး သဖွယ်လည်းကောင်း အလိုအလျောက် ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရသည်။ လူချမ်းသာအထာပြပြီး မိန်းကလေး လိုက်ငြှိနေခြင်းသာ ဖြစ်သည်ဟု မနာလိုသူ အနည်းငယ်ရှိသော်လည်း အများစု၏ တုံ့ပြန်မှုမှာ အလွန်ကောင်းမွန်လှသဖြင့် သူ၏ ဒီဒီလုပ်ငန်းမှာ အဟုန်အရှိန်ဖြင့် အောင်မြင်လာခဲ့တော့သည်။

မူလခရီးသည်ဖြစ်သော ကျောင်းသူလေးကိုယ်တိုင်ပင် ဤမျှအထိ ဖြစ်ပျက်သွားလိမ့်မည်ဟု တွေးထင်ထားခဲ့မည်မဟုတ်ပေ။ မေဘက်ခ်ကြီးဖြင့် ဒီဒီမောင်းရသည့် အသေးအဖွဲ အဆင်မပြေမှုလေးမှလွဲ၍ ကျိုးဟောက်ယွီသည် ယနေ့တစ်နေ့တာလုံး အဆင်ပြေချောမွေ့ခဲ့သည်ဟု ခံစားရကာ မကောင်းသော စိတ်များ ကင်းဝေးပြီး စိတ်ကြည်လင်နေခဲ့သည်။ လူတစ်ယောက် စိတ်အခြေအနေ ကောင်းမွန်လာသောအခါ စိတ်အာရုံတို့သည် လွတ်လပ်ပေါ့ပါးသွားတတ်ပြီး ထိုပေါ့ပါးမှုနှင့်အတူ ကျိုးဟောက်ယွီသည်လည်း စိတ်ကူးယဉ် အိပ်မက်ကမ္ဘာထဲသို့ မျောပါသွားတော့သည်။

မူလက ကျိုးဟောက်ယွီသည် သူ့နားနောက်ကွယ်မှ တက်တူးအကြောင်းကို တွေးတောနေခြင်း ဖြစ်သော်လည်း၊ နောက်ပိုင်းတွင် လောင်ဇီမှ သူ့အား မသေမျိုးကျင့်စဉ်ကို ကျင့်ကြံနိုင်သည်ဟု ပြောခဲ့သည်ကို သတိရသွားသည်။ မသေမျိုးနတ်မင်းတစ်ပါး ဖြစ်လာမည့်အရေးကို တွေးမိသောအခါ ချန်အယ်ကို ပြေးမြင်မိပြီး သူမနှင့်အတူ ပေါင်းသင်းနေထိုင်ရမည့် ဘဝကို စိတ်ကူးယဉ်လေတော့၏။ သူသည် ချန်အယ်၏ ခါးသိမ်သိမ်လေးကို ဖက်ထားမည်။ သူမက သူ့ပုခုံးပေါ်သို့ မှီတွယ်ထားမည်။ ထို့နောက် ဒန်းပေါ်တွင် အတူတူထိုင်ရင်း လမင်းကြီးကို ငေးမောကြည့်ရှုကြမည်။ ထိုအခါ ‘ကျောက်စိမ်းယုန်ဖြူ’ လေးသည်လည်း ယုန်အသွင် ပြောင်းလဲကာ ချန်အယ်၏ ပေါင်ပေါ်သို့ ခုန်တက်ပြီး လမင်းကြီးကို အတူတကွ ငေးမောကြလိမ့်မည်။ ချန်အယ်မှ ကျောက်စိမ်းယုန်ဖြူလေး၏ ကျောပြင်ကို သာယာစွာ ပွတ်သပ်ပေးရင်း စိတ်ကြည်လင်သည့်အခါ သီချင်းတေးသံလေးကို တိုးတိုး ညည်းဆိုနေလိမ့်မည်။

“ဟောက်ယွီ မင်း ဘာတွေ စိတ်ကူးယဉ်နေတာလဲ၊ ငါခေါ်နေတာ ကြာလှပြီ၊ ပြန်လည်း မထူးဘူး"

ဆွန်းချန်မှ ကျိုးဟောက်ယွီ၏ နဖူးကို အသာပုတ်ကာ နှိုးလိုက်သည်။

“အာ ချန်ဇီ၊ မင်း ဘယ်တုန်းက ရောက်လာတာလဲ၊ ဘာကိစ္စရှိလို့လဲ"

ကျိုးဟောက်ယွီ၏ စိတ်ကူးယဉ်အိပ်မက်သည် ရုတ်တရက် အနှောင့်အယှက်ခံလိုက်ရသဖြင့် သူသည် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်သွားရသည်။

“ဟောက်ယွီ မင်း ဖျားနေတာလား၊ ဒီည ငါတို့နှစ်ယောက် မုန့် သွားစားကြမယ်ဆိုပြီး မင်းကိုယ်တိုင် ငါ့ဆီလာတာ မဟုတ်ဘူးလား၊ ပြီးတော့ ဒါက ငါ့အိမ်အောက်ထပ်လေ၊ ငါ ဘယ်လိုရောက်လာရမလဲ"

ဆွန်းချန်မှာ ကျိုးဟောက်ယွီ၏ နဖူးကို စမ်းကြည့်လိုက်သော်လည်း ပူမနေချေ။ ကျိုးဟောက်ယွီသည် အကြောင်းအရာတစ်ခုကို ရုတ်တရက် သတိရသွားပြီး မိမိခုနက တွေးတောနေသည်များကို ပြန်လည်ဆင်ခြင်မိကာ မျက်နှာရဲခနဲဖြစ်သွားရင်း ခပ်ရိုးရိုးပင် ပြောလိုက်ရသည်။

“ငါ ခဏ စိတ်လွင့်သွားလို့ပါ၊ ဘာမှမဟုတ်ပါဘူး"

သူသည် စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်လေသည်။

“လာ၊ ငါ့ရဲ့ ကားအသစ်ကြီးကို လိုက်ကြည့်ရအောင်"

“ကားအသစ် ဟုတ်လား၊ ဟောက်ယွီ မင်း ကြီးပွားသွားပြီပဲ၊ ကားတောင် ဝယ်နိုင်ပြီပေါ့ ဟင် အမလေး မေဘက်ခ်ကြီးပါလား၊ ဘုရားရေ"

ဆွန်းချန်သည် ကားကြီးကို ပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုနေပြီး သူ့မျက်လုံးများတွင် အားကျနှစ်သက်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။

“ကဲ ကြည့်တာ တော်လောက်ပြီ၊ ကားပေါ်တက် ငါမင်းကို တစ်ပတ်လိုက်ပို့မယ်"

ကျိုးဟောက်ယွီမှ ကားသော့ကို မြှောက်ပြကာ ကားပေါ်သို့ တက်လိုက်ပြီး ဆွန်းချန်လည်း အပြေးအလွှား လိုက်တက်လာခဲ့သည်။

“အမလေး၊ ဒီသားရေထိုင်ခုံတွေ ဒီအဆင့်အတန်းတွေကတော့ အရမ်း သက်တောင့်သက်သာ ရှိတာပဲ"

ဆွန်းချန်သည် နောက်ခန်းထိုင်ခုံတွင် မှီချလိုက်ပြီး ကလေးငယ်တစ်ဦးကဲ့သို့ တဆတ်ဆတ် ခုန်ပေါက်နေတော့သည်။

“ဟေး ဟောက်ယွီ၊ မင်း ဘာတွေလုပ်နေလဲဆိုတာ ငါ့ကို အမှန်အတိုင်းပြောစမ်းပါ၊ ဘဏ်ကို ဓားပြတိုက်လိုက်တာလား၊ ဒါမှမဟုတ် သူဌေးမလေးတစ်ယောက်ယောက်နဲ့ ငြိနေတာလား၊ ဒီလောက်အဖိုးတန်တဲ့ ကားကြီးကို မင်း တကယ်ကြီး ဝယ်နိုင်တယ်ပေါ့"

ဆွန်းချန်သည် စိတ်ငြိမ်သွားပြီးနောက် ကျိုးဟောက်ယွီ၏ မျက်နှာကို ကပ်ကြည့်ကာ မေးမြန်းလေသည်။

“ဘာတွေ လျှောက်ပြောနေတာလဲ၊ မနေ့က ငါ့ကား ပျက်သွားတာလေ၊ ငါက ဝေ့ရှီယု ရဲ့ ကားဒရိုင်ဘာဆိုတော့ ငါ့ကားအဟောင်းက အဆင့်မမှီဘူးဆိုပြီး သူက ဒီကားတစ်စီး ထပ်ပေးတာ"

ကျိုးဟောက်ယ်မှ ရှင်းပြလိုက်သည်။

“အော်၊ ဒါဆို မင်းကို သူဌေးမလေးက မွေးထားတာပေါ့ ဟုတ်လား"

ဆွန်းချန်မှ နားလည်သွားသည့်အလား ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။

“တောက်၊ ငါမင်းကို ကားပေါ်က ကန်ချလိုက်ရမလား၊ ငါက သူ့ရဲ့ ကားဒရိုင်ဘာမို့လို့ အတန်တန် ပြောနေရတာကို"

ကျိုးဟောက်ယွီသည် ကားအရှိန်ကို ရုတ်တရက် မြှင့်လိုက်တော့သည်။ ဆွန်းချန်မှာ ကားအရှိန်ကြောင့် နောက်သို့ လန်ကျသွားရကာ ကားဆောင့်မိသဖြင့် အနည်းငယ် နာကျင်နေသော သူ့ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်၏။

“ဒါကတော့ ဒီလိုပဲလေ၊ ပင်းဟိုင်မြို့က ဘယ်ဒရိုင်ဘာကိုမဆို သွားမေးကြည့်လိုက်၊ မင်းလိုလူမျိုး တစ်ယောက်မှ ရှိမှာမဟုတ်ဘူး၊ အကျွေးအမွေး အိပ့်စရာ နေစရာအပြင် ကားပါရသေးတယ်၊ ပြီးတော့ တစ်နေ့ကုန်လည်း အားနေတာပဲ၊ စားချင်တဲ့အချိန်စား အိပ်ချင်တဲ့အချိန်အိပ်"

ကျိုးဟောက်ယွီ ပြန်တွေးကြည့်သောအခါ ထိုစကားက အမှန်ပင် ဖြစ်နေသည်။ ဝေ့ရှီယုသည် သူ့ကို အမြဲတမ်း ကားမောင်းခိုင်းလေ့မရှိသလို သူ ခွင့်ယူသည့်အခါတွင်လည်း သိပ်ပြီး ဂရုစိုက်မနေတတ်ချေ။ ထို့အပြင် သူမတော်တဆမှုဖြစ်စဉ်ကလည်း သူမကိုယ်တိုင် ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးခဲ့သေးသည်။

“ငါ့အထင်တော့ ဝေ့ရှီယုက မင်းကို သဘောကျနေတာ ဖြစ်ရမယ်၊ ကားပေးတယ်ဆိုရင်တောင် ဒရိုင်ဘာတစ်ယောက်ကို ‘မေဘက်ခ်’ ပေးတယ်ဆိုတာ ငါတစ်ခါမှမမြင်ဖူးဘူး”

ဆွန်းချန်မှ ပြောလိုက်သည်။ ကျိုးဟောက်ယွီ တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ချေပလိုက်၏။

“မဖြစ်နိုင်တာ ငါက သူ့အဖေကို ကယ်တင်ခဲ့လို့ပဲ ဖြစ်မှာပါ"

ဝေ့ရှီယုမှ သူ့ကို ဘာကြောင့် သဘောကျရမည်နည်း။ သူသည် ဆင်းရဲပြီး အလိုမလိုက်တတ်သည့်အပြင် တွေ့သည့်အခါတိုင်းလည်း အမြဲ စကားများ ရန်ဖြစ်နေကြရသည် မဟုတ်ပါလား။ လုံးဝ မဖြစ်နိုင်ချေ။ ကျိုးဟောက်ယွီ ထိုအချက်ကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

“ဒါနဲ့ ဟောက်ယွီ မင်ကျဲရော"

ဆွန်းချန်မှ တုံ့ဆိုင်းသွားသည်။ ကျိုးဟောက်ယွီသည် ကားမောင်းနေရင်း ခေတ္တရပ်တန့်သွားကာ မျက်တောင်လေးများ ချလိုက်မိ၏။

“ငါ ဖုန်းခေါ်ခဲ့ပေမယ့် သူ ဖုန်းမကိုင်ဘူး"

ကျိုးမင် ဖုန်းကိုင်ခဲ့လျှင်ပင် ကျိုးဟောက်ယွီအနေဖြင့် မည်သို့ရှင်းပြရမှန်း သိလိမ့်မည်မဟုတ်ချေ။ မိမိ၏ ရည်ရွယ်ချက်မဟုတ်ကြောင်း၊ ကျင့်စဉ်လမ်းတွင် လမ်းလွဲသွားခဲ့၍ ဤကဲ့သို့ ဖြစ်သွားရခြင်းဖြစ်ကြောင်း သူပြောပြရမည်လား သို့မဟုတ် ကျိုးမင်အား သူ ဒီဒီမောင်းနေရင်းနှင့် နတ်ဘုရားများကိုပါ ကားကြုံတင်ပေးနိုင်သည်ဟု ပြောပြရမည်လား။ ထိုအကြောင်းအရာများကို အတိတ်က ကျိုးဟောက်ယွီကိုယ်တိုင်ပင် ယုံကြည်နိုင်မည် မဟုတ်ချေ။ ကျိုးမင်ကော ယုံကြည်ပါ့မည်လား။

“ထားလိုက်ပါတော့ လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ကြရအောင်"

ကျိုးဟောက်ယွီမှ ပြောလိုက်သည်။ သူကိုယ်တိုင်လည်း မည်သို့ရှင်းပြရမည်ကို မသိရှိသဖြင့် ရိုးရိုးရှင်းရှင်းပင် မရှင်းပြတော့ရန် ဆုံးဖြတ်လိုက်၏။ ဤအကြောင်းအရာများသည် မိမိတစ်ဦးတည်းသာ သိမ်းဆည်းထားရမည့်အရာများဖြစ်ပြီး၊း ထုတ်ပြောလိုက်ပါက အခြားသူများမှာ သူ့အား အရူးတစ်ယောက်အဖြစ်သာ သတ်မှတ်ကြပေလိမ့်မည်။ သဘာဝအတိုင်းသာ အချိန်ကို စီးမျောခွင့်ပြုလိုက်ခြင်းမှာ ပိုကောင်းပေလိမ့်မည်။

All Chapters