← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

196

“ကောင်းပြီလေ၊ ဒါဆိုရင်လည်း နင် သွားချင်တဲ့နေရာ သွားတော့၊ အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွား၊ ငါ နင့်ကို ပြောလိုက်မယ် ပြင်ပကမ္ဘာကြီးက နင်ထင်သလောက် မရိုးရှင်းဘူး၊ အရမ်းအန္တရာယ်များတယ်၊ နင့်အပေါ် ဒီလောက်အထိ ကောင်းပေးနိုင်တာ ငါတစ်ယောက်ပဲ ရှိတယ်၊ ငါ့အနားက ထွက်သွားတာက နင့်ရဲ့ ပျော်ရွှင်မှုတွေကို စွန့်ပစ်လိုက်တာနဲ့ အတူတူပဲ"

ဝေ့ရှီယုမှ ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ အော်ဟစ်လေတော့သည်။ ထိုအခါမှပဲ ကျိုးဟောက်ယွီသည် စိတ်သက်သာရာရသွားကာ တွေးလိုက်၏။

‘နောက်ဆုံးတော့လည်း ငါ ဒီနေရာကနေ ထွက်ခွာခွင့်ရပြီပဲ’

ထို့နောက် လှည့်ထွက်ခဲ့တော့သည်။ သို့သော်ငြားလည်း သူ့စိတ်ထဲတွင် သိမ်ငယ်မှုနှင့် စိုးရိမ်စိတ်အချို့မှာ အရိပ်ပမာ ခိုအောင်းနေဆဲ ဖြစ်၏။

‘ပြင်ပကမ္ဘာကြီးက တကယ်ပဲ အန္တရာယ်များနေတာလား၊ ငါ့အပေါ်မှာ သူတစ်ယောက်ပဲ တကယ်ကောင်းတာလား၊ ငါသာ သူနဲ့ ဝေးရာကို ထွက်သွားရင် တကယ်ပဲ ဒုက္ခရောက်ရမှာလား'

သူ သံသယဝင်မိသည်။ စိတ်မသက်မသာ ဖြစ်မိ၏။ သို့သော် ဤစွန့်စားမှုကို သူရင်ဆိုင်ချင်မိသည်။ အကယ်၍ ပြင်ပကမ္ဘာကြီးမှာ တကယ်ပင် အန္တရာယ်များလှသည်ဆိုပါက သူပြန်လာခဲ့ရုံသာ ရှိသည်မဟုတ်ပါလား။

“ဒါပေမဲ့ နင် မထွက်သွားခင်မှာ ငါ့ဆီက ချေးထားတဲ့ ပိုက်ဆံတွေအကုန်လုံးကို အရင်းရော အတိုးပါ တစ်ပြားမကျန် ပြန်ဆပ်ရမယ်၊ အားလုံးပေါင်း ယွမ် ၁၁သန်း ၄သိန်း ရှိတယ်"

အေးစက်သော အသံတစ်သံမှာ နောက်ကွယ်မှ ထွက်ပေါ်လာခဲ့သည်။ ကျိုးဟောက်ယွီတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆွံ့အလျက် ရပ်တန့်သွားရတော့၏။ ထိုငွေဆယ်သန်းကျော်ကို ဆပ်နိုင်ရန်အတွက် သူ ဒီဒီယာဉ်ကို နှစ်ပေါင်းရာချီ မောင်းနှင်ရပေလိမ့်မည်။ သို့သော် သူ့စိတ်ထဲတွင်မူ တစ်မျိုးတစ်ဖုံ ပျော်ရွှင်နေမိဆဲ ဖြစ်သည်။ မထွက်ခွာနိုင်တော့လျှင်လည်း မထွက်ခွာတော့ရုံသာရှိ၏။ နောင်တစ်ချိန်တွင် မိမိနှင့် နေ့စဉ်ရက်ဆက် စကားများ ရန်ဖြစ်ပေးမည့် ဤလူသား မရှိတော့ပါက သူနေသားကျလိမ့်မည်မဟုတ်ချေ။ ဤလက်ခုပ်ထဲမှ မလွတ်မြောက်နိုင်တော့လျှင်လည်း ကိစ္စမရှိပေ။

“ဟဲဟဲ"

ကျိုးဟောက်ယွီသည် သူ့မေးစေ့ကို ပွတ်သပ်ရင်း ရယ်မောလိုက်မိသည်။

“ဘာရယ်တာလဲ၊ နောက်တစ်ခါဆိုရင် စောစောပြန်လာခဲ့၊ မဟုတ်ရင် နင့်လစာကို ဖြတ်ပစ်မယ်"

ဝေ့ရှီယုမှ အမိန့်ပေးသံဖြင့် နှုတ်ခမ်းလေးစူကာ ပြောဆိုပြီးနောက် တံခါးကို ဝုန်းခနဲ ပိတ်၍ အိပ်စက်ရန် ဝင်သွားခဲ့တော့သည်။

“စိတ်ချပါ သခင်မလေး"

ကျိုးဟောက်ယွီမှ ခပ်ပြုံးပြုံးဖြင့် ရေရွတ်ကာ ဆီးနှင်းပမာ ဖြူစင်သော လရောင်လွှမ်းနေသည့် သူ့အခန်းလေးထဲသို့ ပြန်လာခဲ့သည်။ သူသည် တင်ပလ္လင်ခွေထိုင်ကာ ကျင့်စဉ် ကို နံနက်အစောပိုင်း နှစ်နာရီအထိ ကြိုးပမ်းကျင့်ကြံပြီးမှသာ အိပ်စက်ခြင်းသို့ ရောက်ရှိသွားခဲ့တော့၏။

နောက်တစ်နေ့ နံနက်ခင်းတွင်။

“အား"

ကျိုးဟောက်ယွီသည် သူ့ခါးအောက်ပိုင်းတွင် ဓားဖြင့် မွှန်းလိုက်သည့်အလား စူးရှပြင်းထန်သော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် လန့်နိုးလာခဲ့သည်။ သို့သော် ထိုပြင်းထန်လှသော နာကျင်မှုမှာ ခဏချင်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့၏။ သူ မှန်ရှေ့တွင် ရပ်ကြည့်လိုက်သောအခါ သူ့နားရွက်နောက်ကွယ်မှ တက်တူးချည်မျှင်လေးမှာ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး ယခင်ကထက် ပိုမိုရှည်လျားကာ ထူထဲလာသည်ကို တွေ့လိုက်ရသည်။

“ငါ့မှာ တကယ်ပဲ ကုမရတဲ့ ရောဂါဆိုးကြီး ရှိနေတာလား"

သူတောင်းစားမလေး ပြောခဲ့သည့် စကားများကို သူ ရုတ်တရက် ပြန်လည်သတိရသွားမိသည်။ တစ်ရက်အကြာတွင်မူ သူသည် ထိုက်ရှန်း တောင်ထိပ်သို့ ရောက်ရှိလာခဲ့၏။ တောင်ထိပ်ပေါ်တွင် လေပြင်းများ တိုက်ခတ်နေပြီး ကောင်းကင်ယံကြီးမှာ ကျယ်ပြောလှသည်။ လျှောကျလုနီးဖြစ်နေသော နေဝင်ဆည်းဆာကြီးမှာ ဝေးကွာလှသော တောင်တန်းကြီးများအထက်တွင် လိမ္မော်နီရောင် ဒေါနပန်းပွင့်ကြီးတစ်ပွင့်အလား တင့်တယ်စွာ တည်ရှိနေ၏။ ဘဝနှင့် သေခြင်းတရားကို ရင်ဆိုင်နေရချိန်တွင် သူသည် လောကီစည်းစိမ်နှင့် ဂုဏ်ဒြပ်များကို ဂုဏ်မောက်မနေနိုင်တော့ချေ။ ဝေ့ရှီယုမှ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း သူ ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပေ။

တောင်ပေါ်ရှိ အမြင့်ဆုံး ကျောက်ဆောင်ကြီးပေါ်တွင် ဆွဲဆောင်မှုရှိသော အရိပ်သဏ္ဌာန်တစ်ခု ပေါ်လာခဲ့သည်။ ဝတ်စုံဖြူကို ဆင်မြန်းထားသော ဆံပင်ရှည်ကျောလယ်ကျောင်းသူလေးတစ်ဦးသည် ကျောက်ဆောင်ကြီးပေါ်တွင် တည်ငြိမ်စွာ ရပ်တံ့နေ၏။ သူမသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် စိမ်းဖျော့ရောင် ပုလွေလေးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူမလက်ချောင်းပေါ်တွင်မူ လှုပ်ရှားသက်ဝင်တော့မည့်အလား ခရမ်းရောင် လိပ်ပြာရုပ်လေးတစ်ခုကို ထုဆစ်ထားပေသည်။

“ဟောက်ယွီကော ရောက်လာပြီပဲ"

ဝတ်စုံဖြူနှင့် မိန်းကလေးသည် လှည့်ကြည့်လိုက်ရာ ကျိုးဟောက်ယွီကို လှမ်းမြင်လိုက်ရသည်။ နတ်သမီးတစ်ပါးပမာ လှပလွန်းလှသော သူမ၏ မျက်နှာကို မြင်လိုက်ရရုံမျှဖြင့် ကျိုးဟောက်ယွီတစ်ယောက် ရုတ်တရက် မိန်းမောသွားရတော့၏။ သူမ၏ မျက်လုံးအစုံမှာမူ ဆောင်းဦးရာသီ၏ ကြည်လင်သော ရေပြင်ပမာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။

“မင်းက ဟိုနေ့က သူတောင်းစားမလေးလား။”

“ဟုတ်ပါတယ် ဟောက်ယွီကော၊ အမှန်တော့ ကျွန်မရဲ့ နာမည်အရင်းက ကျောက်ဇီလန်ပါ"

ကျောက်ဇီလန်မှ ပြုံးလျက် ပြောလိုက်သည်။ အတိတ်ကာလတွင် သူသည် ဝေ့ရှီယု၏ စိမ်းကားသောအကြည့်များ၊ မလေးစားမှုများနှင့် အပြုံးကင်းမဲ့သော မျက်နှာကိုသာ အမြဲတမ်း ရင်ဆိုင်ခဲ့ရသည်။ ယနေ့တွင်မူ ဤမျှ ဆွဲဆောင်မှုရှိသော အပြုံးနှင့် နူးညံ့သိမ်မွေ့လှသော အသံချိုချိုလေးကို ရုတ်တရက် ကြားလိုက်ရသဖြင့် ကျိုးဟောက်ယွီသည် လူသားတစ်ဦး၏ သိက္ခာနှင့် တန်ဖိုးကို ပထမဆုံးအကြိမ် ခံစားလိုက်ရတော့သည်။ သူ့ကျောပြင်မှာ မတ်ခနဲ ဖြစ်သွားရကာ ရင်ထဲတွင်လည်း ကြည်နူးမှုများ လှိုင်းပမာ ထကြွလာခဲ့၏။

"သိက္ခာဆိုတာ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အရာပဲ"

ကျိုးဟောက်ယွီ စိတ်ထဲမှ ရေရွတ်မိသည်။

“ဟောက်ယွီကော၊ ဟိုးတောင်စောင်းက သစ်ခွပန်းလေးကို လှမ်းကြည့်လိုက်ပါ၊ အရမ်းမလှဘူးလား"

ကျောက်ဇီလန်မှာ သူမ၏ နုနယ်သော လက်ချောင်းလေးဖြင့် ဝေးကွာလှသော ကမ်းပါးယံဆီသို့ ညွှန်ပြလိုက်သည်။ ကျိုးဟောက်ယွီသည် ကျောက်ဆောင်ကြီးပေါ်သို့ လှမ်းတက်လိုက်ရင်း မိမိအနေဖြင့် ကျင့်စဉ်ကို ဤမျှကြာအောင် ကျင့်ကြံခဲ့သော်လည်း လေထဲတွင် မပျံသန်းနိုင်သေးသဖြင့် ဤပညာမှာ အသုံးမဝင်လှဟု တွေးမိလိုက်သည်။ ကျောက်ဆောင်ပေါ်သို့ ရောက်သောအခါ တောင်စောင်းတွင် ပေါက်ရောက်နေသော ခရမ်းရောင် သစ်ခွပန်းလေးကို အမှန်ပင် မြင်တွေ့လိုက်ရ၏။ သစ်ခွပန်း၏ စိမ်းမြသော အရွက်များပေါ်တွင် ရွှေရောင်အလင်းတန်းများ ယှက်သန်းနေပြီး ခရမ်းရောင် အဖူးအပွင့်လေးမှာလည်း ကောင်းကင်ယံသို့ ဦးတည်လျက် ပွင့်အာလုနီး ဖြစ်နေသည်။ လေပြင်းထဲတွင် သစ်ခွပန်း၏ သင်းပျံ့သော ရနံ့ဖျော့ဖျော့ကို အဝေးမှပင် ရရှိနိုင်ပေသည်။ ဤကဲ့သို့ လှပလှသော ရှုခင်းကြီးကို မြင်တွေ့လိုက်ရသောအခါ ကျိုးဟောက်ယွီသည် မိမိ၏ ရောဂါဝေဒနာနှင့် သေခြင်းတရားကို မေ့လျော့သွားခဲ့ရကာ ဤနေရာသို့ လာခဲ့သည့် ရည်ရွယ်ချက်ကိုပင် ခေတ္တမျှ သတိမရတော့ချေ။

“ဟောက်ယွီ‌ကော၊ မကြာသေးခင်က ခါးနာတဲ့ ဝေဒနာကို ခံစားနေရတယ် မဟုတ်လား၊ ပြီးတော့ ပိုပြီးတော့တောင် ပြင်းထန်လာသလိုပဲနော်"

ကျောက်ဇီလန်မှ ကျိုးဟောက်ယွီဘက်သို့ လှည့်ကာ လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်တယ်"

ထိုအခါမှပဲ သူ ဤနေရာသို့ လာခဲ့သည့် အဓိကရည်ရွယ်ချက်ကို ရုတ်တရက် ပြန်လည်သတိရသွားတော့သည်။

“ဟောက်ယွီကော၊ အမှန်အတိုင်း ပြောရရင်တော့ ကောရဲ့ ကုမရတဲ့ ရောဂါဆိုးကို ကျွန်မလည်း အမြစ်ပြတ်အောင် မကုသပေးနိုင်ပါဘူး၊ ဒါပေမဲ့ အဲ့ဒီတောင်စောင်းက သစ်ခွပန်းလေးကတော့ ကောရဲ့ သက်တမ်းကို သုံးနှစ်လောက် ဆွဲဆန့်ပေးနိုင်ပါတယ်"

“သုံးနှစ်ပဲလား၊ ဟူး ငါ့ဘဝရဲ့ ဒီနှစ်တွေအားလုံးကို ဝေဝေဝါးဝါးနဲ့ပဲ ဖြတ်သန်းခဲ့ရတာ၊ ငါ့ဘဝရဲ့ နောက်ဆုံး သုံးနှစ်တာ အချိန်အတွင်းမှာတော့ အဓိပ္ပာယ်အရှိဆုံး ဖြစ်အောင် ရှင်သန်သွားရမယ်"

ကျိုးဟောက်ယွီမှာ လက်သီးကို တင်းတင်းဆုပ်လိုက်မိကာ သူ့ခန္ဓာကိုယ်မှာ ပိုမိုကြံ့ခိုင် တောင့်တင်းလာသကဲ့သို့ ခံစားလိုက်ရသည်။

“အကယ်၍ ကျွန်မအနေနဲ့ သုံးနှစ်အတွင်းမှာ ဒီရောဂါဆိုးကို အောင်နိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့ရင်တော့ ဟောက်ယွီကောဟာ အသက်ရာကျော်အထိ နေရမှာပါ၊ ကျွန်မ ဒီရောဂါကို ကုသနိုင်မယ့် ဆေးဘက်ဝင်အပင်တွေကို ကမ္ဘာမြေအနှံ့ လှည့်လည်ရှာဖွေပါ့မယ်၊ အောင်မြင်ခဲ့ရင် ကောကို ပြန်လာကုပေးပါ့မယ်။”

ကျောက်ဇီလန်မှ ပေြာကာ သူမလက်ချောင်းကို အသာအယာ ဝှေ့ယမ်းလိုက်ရာ တောင်စောင်းမှ သစ်ခွပန်းလေးသည် ပြင်းထန်စွာ တုန်ခါသွားပြီး သူမ၏ လက်ဖဝါးပေါ်သို့ ပျံသန်းရောက်ရှိလာခဲ့တော့သည်။

“ဒါဆိုရင်တော့ မင်းအနေနဲ့ ရောဂါဆိုးကို ကုသနိုင်မယ့် လျှို့ဝှက်ဆေးပင်ကို အမြန်ဆုံး ရှာဖွေနိုင်ပါစေ၊ ကောက မင်းရဲ့ ကယ်တင်မှုကို စောင့်မျှော်နေပါ့မယ်"

“ဟောက်ယွီ‌ကော၊ ဒီလိုကုမရတဲ့ ရောဂါဆိုးကို ကုသပေးနိုင်ရင် ယွမ် သန်းပေါင်း ၃၀၀၀ အထိ ဆုလာဘ်ရနိုင်တယ်ဆိုတာ ကောသိလား၊ ကျွန်မတို့နှစ်ယောက် တူတူ ဆေးပင်တွေ သွားရှာကြမလား၊ အောင်မြင်ခဲ့ရင် ကောဟာ အသက်ရာကျော် ရှင်သန်နိုင်မယ့် သူဌေးကြီးတစ်ယောက် ဖြစ်လာမှာပေါ့"

ကျောက်ဇီလန်၏ ညာလက်ဖဝါးပေါ်တွင် ခရမ်းရောင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ခရမ်းရောင် သစ်ခွပန်းလေးကို အသာအယာ တိုက်စားလေတော့သည်။ စိမ်းဖျော့ရောင် အရည်စက်ကလေးများသည် လက်ချောင်းခန့်ရှိသော ဗူးသီးပုံစံ ခွက်ကလေးထဲသို့ တစိမ့်စိမ့် စီးဆင်းသွားခဲ့၏။

“ယွမ် သန်း ၃၀၀၀ ဟုတ်လား၊ အဲ့ဒါ အများကြီးပဲပဲ"

“ဟုတ်တာပေါ့၊ အကယ်၍ ကျွန်မတို့ ယွမ်သန်း ၃၀၀၀ သာ ရခဲ့ရင် အညီအမျှ ခွဲကြမလား"

ကျောက်ဇီလန်၏ မျက်လုံးများတွင် နူးညံ့သော အပြုံးအရိပ်အယောင်များ ယှက်သန်းနေသည်။

“ကောင်းတာပေါ့၊ နောက်နောင်ကျရင် ကောက မင်းနဲ့အတူ ကမ္ဘာမြေအဆုံးအထိ လိုက်ခဲ့ပါ့မယ်"

သူသည် ဝေ့ရှီယုအတွက် အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးခဲ့သော်လည်း မည်သည့်ဆုလာဘ်မျှ မရရှိခဲ့သည်ကို ပြန်လည်သတိရမိသည်။ ယနေ့တွင်မူ မိမိအား ငွေကြေးများကို အညီအမျှ ခွဲဝေပေးမည့်သူတစ်ဦးနှင့် ဆုံတွေ့ရသဖြင့် အလွန်အမင်း ဝမ်းမြောက်မိပေ၏။ ကျောက်ဇီလန်၏ လက်ဖဝါးပေါ်မှ မီးတောက်ကြီး ပျောက်ကွယ်သွားခဲ့ပြီး လက်ချောင်းခန့်ရှိသော ဗူးသီးပုံစံခွက်လေးထဲတွင်မူ စိမ်းဖျော့ရောင်ရှိသည့် နှစ်တစ်ထောင်သစ်ခွပုံဆောင်ခဲ အရည်များ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

“ဟောက်ယွီ‌ကော၊ သေသေချာချာ စဉ်းစားကြည့်ပါဦး၊ အကယ်၍ ကေယအနေနဲ့ ကျွန်မနဲ့အတူ ရောဂါဆိုးကို ကုသနိုင်မယ့် ဆေးပင်တွေကို လိုက်လံရှာဖွေဖို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့ နောက်သုံးရက်နေရင် ဖန်လိုင်ရဲ့ အမြင့်ဆုံးနန်းဆောင်ဆီကို လာရှာလှည့်ပါ"

ကျောက်ဇီလန်သည် ဖြူစင်သော ကြွေခွက်ကလေးကို ကျိုးဟောက်ယွီ၏ လက်ထဲသို့ အသာအယာ ထည့်ပေးလိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။

“တစ်ခါသောက်ရင် တစ်မီလီလီတာစီ၊ တစ်ရက်ကို သုံးကြိမ် သောက်ရပါမယ်"

ထို့နောက် သူမသည် နှုတ်ဆက်စကား ပြောလိုက်တော့သည်။ သူမသည် စိမ်းမြသော ပုလွေလေးကို အသာအယာ မှုတ်လိုက်ရင်း နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ဆင်မြန်းကာ၊ ဖြူစင်သော ဝတ်စုံလေး လေတွင် ဝဲပျံလျက် တောင်ထိပ်ပေါ်မှ နေဝင်ဆည်းဆာကြီးနှင့်အတူ ပျောက်ကွယ်သွားခဲ့တော့၏။

All Chapters