အခန်း ၁၉၈
Vol. 20 Ch. 198
198
ထိုတွင်းနက်ကြီးမှာ အမှန်စင်စစ် ရေတွင်းဟောင်းကြီးတစ်တွင်း ဖြစ်နေပြီး အတွင်း၌ သစ်သားလှေငယ်တစ်စင်း အသင့်ရှိနေသည်။ ကျိုးဟောက်ယွီသည် ထိုလှေငယ်ပေါ်သို့ ကျရောက်သွားခဲ့ရပြီးမှသာ ခုနက ရှထုံထျန်း၏ လက်ဝါးနှင့် ထိပ်တိုက်တွေ့ခဲ့သော သူ့လက်သီးမှာ နီမြန်းရောင်ရမ်းနေပြီး ပုခုံးကိုပင် မမြှောက်နိုင်တော့ကြောင်း သတိပြုမိတော့၏။ ထိုရေတွင်းဝသည် ပင်လယ်ပြင်ကြီးဆီသို့ ဦးတည်နေသဖြင့် ကျိုးဟောက်ယွီသည် လက်တစ်ဖက်တည်းဖြင့် လှေကို ခက်ခဲစွာ လှော်ခတ်ခဲ့ရသည်။ အောက်ခြေဂူကြီးအတွင်း၌ အလွန်အမင်း မှောင်မိုက်နေပြီး ပင့်ကူအိမ်များလည်း အနှံ့အပြား ရှိနေ၏။ နောက်ဆုံးတွင်မူ နေမဝင်မီ အချိန်လေး၌ သူသည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲသို့ လှော်ခတ်ရောက်ရှိလာခဲ့သော်လည်း ထိုအချိန်၌ပင် လှေငယ်လေးမှာ တစစီ ပျက်စီးသွားခဲ့ရတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကျိုးဟောက်ယွီသည် ရေပေါ်ပေါ်နေသော သစ်တုံးတစ်တုံးကို အသက်လုဖက်တွယ်ထားနိုင်ခဲ့ပြီး နောက်တစ်နေ့အထိ ကြံ့ကြံ့ခံနိုင်ခဲ့သည်။ တစ်ညလုံး ဆာလောင်မွန်းသိပ်မှုနှင့် အအေးဒဏ်ကို အလူးအလဲ ခံစားခဲ့ရသော်လည်း သူစိတ်မပျက်ဘဲ အောင့်အီးသည်းခံခဲ့၏။ အရုဏ်တက်ချိန်တွင်မူ ပင်လယ်ပြင်ထက်၌ သင်္ဘောကြီးတစ်စင်း ပေါ်လာခဲ့သည်။
“ကယ်ကြပါဦး"
“ဟိုးဘက်မှာ လူတစ်ယောက် ရှိနေသလိုပဲ၊ သွားကြည့်ကြရအောင်"
သင်္ဘောပေါ်မှ သွေးကဲ့သို့ အနီရောင် ဝတ်ရုံကို ဆင်မြန်းထားသည့် ဘုန်းတော်ကြီးတစ်ပါးမှာ ကျိုးဟောက်ယွီရှိရာသို့ ညွှန်ပြလိုက်သည်။
“ဆရာတော်၊ တကယ်ကြီး သွားမှာလား၊ တပည့်တော်အထင်တော့ အဲ့ဒီလူမှာ ရောဂါပိုးမွှားတွေ ရှိနေလိမ့်မယ်၊ မသွားတာပဲ ကောင်းပါတယ်၊ မဟုတ်ရင် ကျွန်တော်တို့ပါ ကူးစက်ခံရလိမ့်မယ်"
ပိန်လှီသော ကိုရင်လေးတစ်ပါးမှ လျှောက်ထား၏။
“တပည့်၊ မင်းရဲ့ သုံးသပ်ချက်က ကွက်တိပဲ၊ ဒါဆိုရင်လည်း မသွားတော့ဘူး"
သူသည် ထိုသင်္ဘောကြီး ပင်လယ်ပြင်ထဲသို့ တရွေ့ရွေ့ ပျောက်ကွယ်သွားသည်ကို စိတ်ပျက်အားလျော့စွာဖြင့် ငေးကြည့်ကျန်ရစ်ခဲ့ရသည်။
‘တောက် လောကကြီးကတော့ ပျက်စီးနေပြီပဲ၊ ဒီခေတ်ကြီးထဲမှာ ဘုန်းကြီးတွေတောင် အားကိုးလို့မရတော့ဘူး၊ လူဆိုတာ ကိုယ့်ကိုယ်ကိုသာ အားကိုးရမယ်'
ကျိုးဟောက်ယွီသည် မောပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်အထက်ပိုင်းကို အားယူကာ ရေကူးလျက် ကမ်းခြေဆီသို့ တဖြည်းဖြည်း ချဉ်းကပ်ခဲ့သည်။ အရှိန်မှာ အလွန်နှေးကွေးလှပြီး ရေမိုင်တစ်မိုင်ခရီးကို နာရီဝက်ခန့် ကူးခတ်ရသော်လည်း ကမ်းခြေအလှမှာ သူ့မျက်စိရှေ့သို့ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီဖြစ်၏။ ညသန်းခေါင်ယံအချိန်တွင်မူ သူသည် ပင်ပန်းနွမ်းနယ်၍ ရေစိုရွှဲနေသော ခန္ဓာကိုယ်ကြီးကို ကမ်းခြေပေါ်သို့ ဆွဲတင်နိုင်ခဲ့တော့သည်။ သူသည် ပင်လယ်ပြင်ကြီးကို အေးစက်စွာ လှည့်ကြည့်ရင်း ကျိန်ဆိုလိုက်၏။
“ရှထုံထျန်း၊ မင်းငါ့ကို လုပ်ခဲ့တဲ့အကြွေးကို ဆယ်ဆပြန်ဆပ်စေရမယ်၊ နောင်တစ်နေ့ကျရင် မင်းတို့ မိကျောင်းဂိုဏ်းသားတွေအားလုံးကို မိကျောင်းစာ ကျွေးပစ်မယ်"
သူသည် လရောင်အောက်ရှိ သဲသောင်ပြင်ပေါ်တွင် ခြေတင်ပလ္လင်ခွေထိုင်လိုက်သည်။ တစ်ညတာ ကုန်လွန်သွားသောအခါ သူ့ဒဏ်ရာအားလုံးမှာ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ နံနက်ခင်း ပင်လယ်လေပြေမှာ သူ့အဝတ်အစားများကို သာယာစွာ တိုက်ခတ်နေတော့၏။
‘ဒုက္ခမခံရင် သုခမရနိုင်ပါလား၊ အရင်ကသာ ငါ ကျင့်စဉ်ကို သေသေချာချာ ကြိုးစားကျင့်ခဲ့ရင် အခုလို အခြေအနေမျိုး ရောက်မှာမဟုတ်ဘူး၊ အခုအချိန်မှာတော့ ငါ ရှထုံထျန်းကို ယှဉ်နိုင်ဦးမှာမဟုတ်ဘူး'
ကျိုးဟောက်ယွီသည် မိမိကိုယ်မိမိ စိတ်ထဲမှ အပြစ်တင်ရင်း မတ်တပ်ရပ်ကာ ခြေပစ်လက်ပစ် ဆန့်တန်းလိုက်ရာ သဲသောင်ပြင်ပေါ်တွင် ရပ်ထားသော အမည်းရောင် ကားတစ်စီးကို လှမ်းမြင်လိုက်ရသည်။ ထိုကား၏ လိုင်စင်နံပါတ်မှာ အလွန်ရင်းနှီးလှပေရာ ရှထုံထျန်း၏ ကားပင် ဖြစ်၏။
‘သူက ငါမသေသေးတာကို သိနေတာလား၊ ငါ့ကို ရှာတွေ့သွားတာလား'
ကျိုးဟောက်ယွီတစ်ယောက် ချွေးစေးများ ပြန်လာခဲ့ပြီး ကမ်းခြေဘက်သို့ အပြေးအလွှား သွားခဲ့သော်လည်း သူ မည်မျှပင် ပုန်းကွယ်ရန် ကြိုးစားပါစေ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။ ထိုအမည်းရောင်ကားကြီးသည် သူ့နောက်သို့ တကောက်ကောက် လိုက်ပါလာခဲ့သည်။
“တောက်၊ မင်းတို့က ငါ့ကို အကျပ်ကိုင်လွန်းတယ်”
ကျိုးဟောက်ယွီ ကျိန်ဆဲလိုက်ရင်း ပြေးနေရာမှ ရပ်တံ့ကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်တော့သည်။ ထိုအမည်းရောင်ကားကြီးသည် ရုတ်တရက် ရပ်တံ့သွားခဲ့ပြီး ကားတံခါးပွင့်ကာ ဂုန်နီအိတ်တစ်အိတ် လမ်းပေါ်သို့ လွင့်စင်ကျလာခဲ့ပြီးနောက် ကားကြီးမှာ အရှိန်ပြင်းစွာ ထွက်ခွာသွားခဲ့တော့၏။
“အား အား နာလိုက်တာ"
အမည်းရောင်ကားကြီး အဝေးသို့ ရောက်ရှိသွားသောအခါ အိတ်အတွင်းမှ နာကျင်စွာ အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ အလွန်ရင်းနှီးလှပေရာ ရှထုံထျန်း၏ အသံပင် ဖြစ်၏။ သို့သော် ရှထုံထျန်းတစ်ယောက် မည်သည့်အကြောင်းကြောင့် ဤအိတ်ထဲသို့ ရောက်ရှိနေသည်ကိုမူ သူမသိရှိချေ။ ကျိုးဟောက်ယွီသည် ထိုအိတ်အနားသို့ လျှောက်လှမ်းသွားပြီးနောက် အိတ်ကို လက်သီးဖြင့် ထိုး၊ ခြေထောက်ဖြင့် ကန်ကာ စိတ်ကြိုက် နှိပ်စက်လေတော့သည်။
“ဘယ်ကောင် ငါ့ကို လာကန်နေတာလဲ၊ သေချင်လို့လား အား"
ထိုအချိန်တွင် ကျိုးဟောက်ယွီသည် ရိုက်နှက်ကန်ကျောက်လွန်းသဖြင့် ခြေထောက်များပင် မခိုင်ချင်တော့ချေ။ အိတ်ကြီးမှာ ရုတ်တရက် ဖောင်းပွလာခဲ့ပြီး ပေါက်ကွဲတော့မည့်အလား ဖြစ်လာခဲ့သည်။ အခြေအနေ မဟန်တော့သည်ကို မြင်လျှင်ပင် ကျိုးဟောက်ယွီသည် ကမ်းခြေမှ ချက်ချင်း အစဖျောက် ပျောက်ကွယ်သွားခဲ့တော့၏။
“အခုဆိုရင် ရှထုံထျန်းကိုယ်တိုင်တောင် ငါ့ကို မှတ်မိမှာမဟုတ်တော့ဘူး၊ ဟဲဟဲ"
ကျိုးဟောက်ယွီသည် မှန်ထဲတွင် မိမိကိုယ်မိမိ ပြန်ကြည့်ကာ ကျေနပ်နေမိသည်။ ယခုမူ သူ့မျက်နှာတွင် မုတ်ဆိတ်ဖြူကြီးများ ရှိနေပြီး အနီရောင်ဦးထုပ်ကို ဆင်မြန်းလျက် နှာခေါင်းတွင်လည်း နှုတ်ခမ်းနီများ ပေကျံနေသဖြင့် ဆန်တာကလော့စ် တစ်ဦးနှင့် အလွန်ပင် တူညီနေတော့၏။
“ဖန်လိုင်ကို သွားရမယ့် အချိန်ရောက်ပြီ၊ ဘိုင့်ဘိုင်"
ကျိုးဟောက်ယွီသည် မှန်ထဲမှ မိမိ၏ ပုံရိပ်ကို လက်ပြနှုတ်ဆက်ကာ လေဆိပ်သို့ ဦးတည်ထွက်ခွာခဲ့သည်။ သူ ဟိုတယ်ပြင်ပသို့ လှမ်းထွက်လိုက်သည်နှင့် မျက်လုံးအစုံမှာ အံ့အားသင့်လွန်းသဖြင့် ကျုံ့သွားရတော့၏။ ရှထုံထျန်း၏ အမည်းရောင်ကားကြီးမှာ ဟိုတယ်ရှေ့တွင် အသင့်ရပ်ထားဆဲ ဖြစ်ပေသည်။
‘ငါတော့ သရဲနဲ့တိုးပြီ ထင်တယ်'
သူ စိတ်မသက်မသာ ဖြစ်သွားရကာ ဟိုတယ်မှ အမြန်ဆုံး ထွက်ခွာခဲ့သည်။ သူသည် အမည်းရောင်ကားကြီး၏ အနားမှ ဖြတ်ကျော်ခါနီးတွင် ကားတံခါးမှာ ရုတ်တရက် ပွင့်သွားခဲ့ပြီး အပြာရောင်ဆံပင်နှင့် ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ထွက်လာခဲ့၏။ အဝေးမှ ကြည့်လျှင်မူ ချောမောလှပသော အမျိုးသမီးတစ်ဦးအလား ထင်မှတ်ရပေသည်။ ထိုလူငယ်၏ အမူအရာမှာ အလွန်တည်ကြည်လှပြီး ခြေလှမ်းများမှာလည်း များစွာ တည်ငြိမ်လှ၏။ ကျိုးဟောက်ယွီသည် ရှထုံထျန်းတစ်ယောက် ခုနက အိတ်ထဲသို့ အတင်းအဓမ္မ ထည့်ခံရပြီး ကားပေါ်မှ ပစ်ချခံခဲ့ရသည်ကို ပြန်လည်တွေးတောမိသည်။ ရှထုံထျန်း၏ ရန်သူသည် မိမိ၏ မိတ်ဆွေပင် ဖြစ်ရာ၊ ရှထုံထျန်းမှာ ယခုထက်ထိ အသက်ရှင်လျက် ကျန်းမာစွာ ရှိနေသေးကြောင်း ထိုလူငယ်အား ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“မင်္ဂလာပါ"
သူသည် အပြာရောင်ဆံပင်နှင့် လူငယ်၏ လမ်းကြောင်းကို ရုတ်တရက် ပိတ်ဆို့လိုက်သည်။
“ကောင်းပါပြီ ဘာကိစ္စရှိလို့လဲ"
အပြာရောင်ဆံပင်နှင့် လူငယ်မှာ မျက်မှောင်အသာကုတ်ကာ မေးမြန်းသည်။
“ရှထုံထျန်းက အသက်ရှင်နေတုန်းပဲ၊ သူ အိတ်ထဲကနေ လွတ်မြောက်သွားလောက်ပြီ"
“အဲ့လိုလား၊ ဒါဆိုရင် ငါ့ကို သူ့ဆီ လိုက်ပို့ပေးစမ်းပါ"
အပြာရောင်ဆံပင်နှင့် လူငယ်၏ မျက်နှာတွင် သံသယအရိပ်အယောင်အချို့ ပေါ်ထွက်လာသည်။ ကျိုးဟောက်ယွီ စိတ်ထဲမှ ကျိတ်၍ ဝမ်းမြောက်မိသွား၏။ မိမိရှေ့မှ အပြာရောင်ဆံပင်နှင့် လူငယ်သည် သိုင်းပညာရပ်တွင် ရှထုံထျန်းထက် များစွာ သာလွန်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ဤအခွင့်အရေးကို အသုံးချကာ ရှထုံထျန်းအား ပြင်းထန်စွာ ဆုံးမခိုင်းရန် ကြံစည်လိုက်တော့သည်။
ကမ်းခြေသို့ ရောက်သောအခါ
“မင်္ဂလာပါ ဂိုဏ်းချုပ်"
ကျိုးဟောက်ယွီက ခပ်ပြုံးပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
“မင်း အခုထိ အသက်ရှင်နေတုန်းပဲလား"
ရှထုံထျန်းမှ ကျိုးဟောက်ယွီအား မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။
“ငါက ဒီလောက်အလွယ်တကူနဲ့ ဘယ်သေပါ့မလဲ"
“ကောင်းပြီလေ၊ ဒါဆိုရင်တော့ အခုပဲ သေပေတော့"
ရှထုံထျန်းမှာ အေးစက်စွာ ဆိုကာ ကျိုးဟောက်ယွီထံသို့ ပြင်းထန်သော လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ ကျိုးဟောက်ယွီမှာမူ ခပ်ပြုံးပြုံးဖြင့်ပင် ဘေးသို့ အသာအယာ ရှောင်ကွင်းလိုက်၏။ ထိုအခါမှပဲ အပြာရောင်ဆံပင်နှင့် လူငယ်သည် ရှထုံထျန်း၏ မျက်စိရှေ့သို့ ပေါ်ထွက်လာခဲ့တော့သည်။
“လပြာသူရဲကောင်း"
ရှထုံထျန်းသည် သူ့လက်သီးကို ရုတ်တရက် ရပ်တံ့လိုက်ရကာ မျက်နှာကြွက်သားများမှာလည်း တင်းမာအေးစက်သွားခဲ့ရသည်။
“ရှထုံထျန်း၊ မင်းရဲ့ စွမ်းဆောင်ရည်တွေက ငါ့ကို တကယ်ပဲ စိတ်ပျက်စေတယ်၊ အဲ့ဒါကြောင့် မင်း အပြစ်ပေးခံရမယ်"
လပြာသူရဲကောင်းမှာ သူ့မျက်လုံးများကို အသာအယာ မှေးစက်လိုက်ရင်း ဝါးရောင်အိတ်ကြီးတစ်အိတ်ကို တဖြည်းဖြည်း ဖွင့်လှစ်လိုက်သည်။
“ငါက ဘာပဲဖြစ်ဖြစ် မိကျောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ ငါ့ကို အကျပ်မကိုင်နဲ့၊ မင်းနဲ့ ငါ အသေအလဲ တိုက်ခိုက်ကြရအောင်၊ ငါ့ရဲ့ အစွမ်းကုန်ကို ထုတ်သုံးရင် မင်းလည်း ငါ့ကို နိုင်ချင်မှ နိုင်မှာ။”
ရှထုံထျန်း၏ မျက်လုံးများတွင် သွေးရောင်များ ယှက်သန်းလာခဲ့ပြီး ကြွက်သားကြီးများမှာလည်း ဖောင်းပွလာခဲ့သည်။ သူသည် မူလကပင် အရပ်အမောင်း မြင့်မားသူ ဖြစ်ရာ ယခု ပင်လယ်လေထဲတွင် အဝတ်အစားများ တလွင့်လွင့် ဖြစ်နေသည်မှာ မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေသည့် ဝက်ဝံနက်ကြီးတစ်ကောင်အလား ပိုမိုကြီးမား ထွားကျိုင်းလှပေ၏။
“အဲ့လိုလား၊ ဒါဆိုရင်တော့ မင်းရဲ့ အစွမ်းကုန်ထုတ်သုံးတဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။”
လပြာသူရဲကောင်းမှာ သူ့ဆံပင်အပြာရောင်ကို အသာအယာ သပ်တင်လိုက်ရင်း ဆိုသည်။
“ပြီးတော့ နောက်ထပ်တစ်ချက်က ငါ မိကျောင်းဂိုဏ်းဆိုတဲ့ နာမည်ကို နောက်ဘယ်တော့မှ မကြားချင်တော့ဘူး၊ မိကျောင်းဂိုဏ်းကို ဖျက်သိမ်းဖို့ မင်းမှာ အချိန်သုံးရက်ပဲ ရှိတယ်"
“ငါ အကုန်လုံးကို သဘောတူပါတယ်"
“လပြာသူရဲကောင်းကြီး၊ ရှထုံထျန်းဆိုတာ ကောက်ကျစ်ပြီး စကားမတည်တတ်တဲ့ လူယုတ်မာတစ်ဦးပါ၊ အကယ်၍ မင်းအနေနဲ့ သူ့ရဲ့ သိုင်းပညာရပ်တွေအားလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့ရင်တော့ သူနောက်နောင် ဘယ်လိုဒုစရိုက်မျိုးမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး"
ကျိုးဟောက်ယွီမှ မလိုတမာ အပြုံးဖြင့် သွေးထိုးလိုက်သည်။ ရှထုံထျန်း၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားခဲ့ရကာ ကျိုးဟောက်ယွီအား တစ်စစီ ဆွဲဖြဲပစ်ချင်စိတ်များ ပြင်းထန်နေတော့၏။
“အကြံကောင်းပဲ"
လပြာသူရဲကောင်းသည် လေပွေလှိုင်းပမာ ရှထုံထျန်း၏ နောက်ကွယ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့ပြီးနောက် သူ့ပုခုံးကို ညင်သာစွာ ပုတ်လိုက်တော့သည်။ ထိုအခါ ရှထုံထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်အားများမှာ ဆုတ်ယုတ်ကင်းမဲ့သွားခဲ့ရသည့်အလား သူသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ ဒူးထောက်လဲကျသွားခဲ့တော့၏။