အခန်း ၂၀၀
Vol. 20 Ch. 200
200
ကျိုးဟောက်ယွီသည် မြေပုံပေါ်ရှိ နေရာဆီသို့ ကားကို အရှိန်အဟုန်ပြင်းစွာ မောင်းနှင်ခဲ့ပြီး၊ ချိုင်းဝှမ်းများနှင့် တောင်တန်းများစွာကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် လောင်ရှန်း၏ မြို့စွန်အရပ်သို့ ရောက်ရှိလာခဲ့တော့သည်။ လမ်းခရီးတစ်လျှောက်တွင် သူသည် လက်ခြေအင်္ဂါ ချို့တဲ့နေသူများနှင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော လူပေါင်းများစွာကို မြင်တွေ့ခဲ့ရ၏။ ထိုသူများသည် ကုမရသော ရောဂါအတွက် ဆေးမြစ်ကို ရှာဖွေရန် ထိုဆိတ်သုဉ်းသောမြေပြင်ကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ကြသူများဖြစ်ကြောင်း သူသိရှိလိုက်ရသည်။ ထိုရောဂါကို ကုသနိုင်ပါက ရရှိမည့် ယွမ် သန်းတစ်ထောင်ဆုကြေး၏မက်လုံးမှာ ငြင်းပယ်နိုင်ဖွယ်မရှိသဖြင့် လူပေါင်းများစွာကို ဤစွန့်စားခန်းထဲသို့ တွန်းပို့နေခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ထိုဆိတ်သုဉ်းသောဒေသကို မဖြတ်ကျော်နိုင်မီမှာပင် သူတို့သည် ဆိပ်ငွေ့များကြောင့် အဆိပ်မိခြင်း သို့မဟုတ် ကိုးပါးမြေအောက်နဂါးကြီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းတို့ကို ခံခဲ့ကြရသည်။ ထိပ်တန်းသိုင်းပညာရှင်အမြောက်အမြားပင် ထိုဆိတ်သုဉ်းသောအရပ်၌ အသက်ပျောက်ခဲ့ကြရပြီး၊ မည်သူမျှ လျှို့ဝှက်ဆန်းကြယ်အိုင်ထဲသို့ မဝင်ရောက်နိုင်ခဲ့ကြချေ။ လောင်ရှန်း၏ မြို့စွန်အရပ်မှာမူ အလွန်ပင် စည်ကားလှသော ရှေးဟောင်းမြို့တော်ကြီးတစ်ခု ဖြစ်ပြီး၊ မြို့တွင်းရှိ ရှေးဆန်သော အငွေ့အသက်များကြောင့် လူတစ်ယောက်ကို ထန်မင်းဆက် ခေတ်ဆီသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။
“ဒီက ဖားတွေက ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ၊ ဖားတစ်ကောင်တည်းနဲ့တင် ငါတို့ကို လဝက်လောက် ကျွေးထားနိုင်တာပဲ"
ကျိုးဟောက်ယွီသည် ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် နွားတစ်ကောင်နီးပါးကြီးမားသော ဖားကြီးတစ်ကောင်ကို သတိပြုမိသွားကာ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ သူသည် နုပျိုသော ခရမ်းရောင် သန်းနေသည့် ကောင်းကင်ယံကြီးကို မော့ကြည့်လိုက်၏။
“ဝါး ဒီဖရုံသီးကြီးကလည်း အကြီးကြီးပဲ၊ ဖရုံသီးတစ်လုံးတည်းနဲ့တင် တစ်လလောက် စားလို့ရတယ်"
ကျိုးဟောက်ယွီသည် အိမ်တစ်လုံးနီးပါး ကြီးမားလှသော ဖရုံသီးကြီးကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိသည်။
“ဒီနေရာက သဘာဝစွမ်းအင်တွေ အရမ်းပြည့်နှက်နေတာ၊ ဖရုံသီးတွေနဲ့ ဖားတွေက အဲဒီစွမ်းအင်တွေကို စုပ်ယူပြီး ကြီးထွားလာကြလို့ အခုလို အကောင်ကြီးနေကြတာပေါ့"
ကျောက်ဇီလန်သည် ကျိုးဟောက်ယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် လမ်းမထက်တွင် သွားလာနေကြသော ဒုက္ခိတလူနာများကို ကြည့်ကာ ပြောလိုက်သည်။
"ဟောက်ယွီကော၊ ဒီနေရာက ကျင့်စဉ်ကျင့်ဖို့အတွက် အကောင်းဆုံးနေရာပဲ၊ ကျွန်မတို့ ဒီမှာ ရက်ပိုင်းလောက် တည်းခိုပြီး အင်အားကို မြှင့်တင်ကြရင် မကောင်းဘူးလား၊ ဒါဆိုရင် ရှေ့မှာကြုံရမယ့် အန္တရာယ်တွေကို ပိုပြီး ရင်ဆိုင်နိုင်တာပေါ့"
“ကောင်းပြီလေ၊ ဒါပေမဲ့ ငါ့မှာ ကောင်းမွန်တဲ့ တိုက်ခိုက်ရေးကျင့်စဉ် ဘာမှမရှိဘူး"
ကျိုးဟောက်ယွီမှ လက်ခါလျက် ပြောလိုက်သည်။ ရှစ်ဆယ့်ကိုးသွယ် အံ့ဖွယ်အတတ်မှာ ထွက်ပြေးဖို့အတွက် ကောင်းမွန်သော်လည်း တိုက်ခိုက်ရေးအပိုင်းတွင်မူ အလွန်အမင်း အားနည်းလှပေသည်။ တိုက်ပွဲဖြစ်တိုင်း သူအမြဲတမ်း ထွက်ပြေးနေ၍ မဖြစ်ချေ။
“ကျွန်မဆီမှာ ကျင့်စဉ်တွေအများကြီး ရှိပါတယ်၊ ဟောက်ယွီကော ဘာပညာရပ်ကို သင်ယူချင်လဲ၊ လက်သီးသိုင်းလား၊ ဓားကောက်သိုင်းလား ဒါမှမဟုတ် ဓားရှည် သိုင်းလား"
“ဓားရှည်သိုင်းပဲ"
'သေချာတာပေါ့၊ ဓားရှည်သိုင်းကို သင်ယူရတာက အမိုက်ဆုံးပဲလေ'
“ကောင်းပါပြီ ကျွန်မဆီမှာ နဂါးနှိမ်ဓားသိုင်းလက်စွဲစာအုပ် ရှိတယ်၊ အကယ်၍ ကောသာ အဆင့်ရှစ်အထိ တတ်မြောက်သွားခဲ့ရင် ကိုးပါးမြေအောက်နဂါးကြီးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မယ်"
ကျောက်ဇီလန်သည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဟောင်းနွမ်းဝါကျင့်နေသော ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ယူကာ ကျိုးဟောက်ယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်ရင်း ပြောလိုက်သည်။
“သေသေချာချာ ကြိုးစားလေ့လာပါ ဟောက်ယွီကော၊ ကော ဒါကို တတ်မြောက်သွားမှသာ ကော ကာကွယ်ချင်တဲ့လူတွေကို ကာကွယ်ပေးနိုင်မှာ"
“ငါ ကာကွယ်ချင်တဲ့လူတွေကို ကာကွယ်ပေးနိုင်မှာ"
ကျိုးဟောက်ယွီမှ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် ကောင်းကင်ယံထက်တွင် ဧရာမလင်းယုန်ကြီးတစ်ကောင် ပျံသန်းသွားခဲ့ရာ မြေပြင်ပေါ်တွင် ရဟတ်ယာဉ်တစ်စင်းအလား အရိပ်အာဝါသကြီးတစ်ခု ကျရောက်သွားခဲ့သည်။ ထိုလင်းယုန်ကြီး၏ နောက်ကျောပေါ်တွင် လူနှစ်ဦး ထိုင်နေသည်ကို မရေမရာ လှမ်းမြင်လိုက်ရ၏။
“ဒီလင်းယုန်က တကယ်ကြီးတာပဲ၊ လူနှစ်ယောက်တောင် တင်လို့ရတယ်”
ကျိုးဟောက်ယွီ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
‘ဒီနေရာကတော့ ဖားပြုတ်တောင် မင်းသားဖြစ်နိုင်တဲ့ နေရာပဲ၊ ငါ ကျိုးဟောက်ယွီသာ ဒီမှာ တစ်နှစ်လောက် နေလိုက်ရင် နတ်ဘုရားတစ်ပါး ဖြစ်သွားနိုင်တာပေါ့။'
“ဟောက်ယွီကော၊ ကျွန်မတို့ အရင်ဆုံး တည်းခိုဖို့ အိမ်တစ်လုံး ရှာကြရအောင်၊ ကျွန်မ ဒီက အိမ်ဈေးနှုန်းတွေကို စုံစမ်းကြည့်ပြီးပြီ၊ အရမ်းပေါတယ်၊ ဗီလာအိမ်တစ်လုံးကိုမှ တရုတ်ငွေ ယွမ်သုံးရာယွမ် ဝန်းကျင်ပဲ ရှိတာ"
ကျောက်ဇီလန်က သူမ၏ ပလွေကို ကိုင်ဆောင်လျက် ဝေးကွာလှသော တိမ်တိုက်ကြီးများကို ငေးကြည့်ရင်း ပြောလိုက်သည်။
“ဒီလောက်တောင် ဈေးပေါတာလား၊ ဒါဆို အခုချက်ချင်း တစ်လုံးလောက် သွားဝယ်ကြစို့"
ကျိုးဟောက်ယွီသည် မိမိနားကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ သို့သော် ပြန်လည်တွေးတောကြည့်သောအခါ ဤနေရာတွင် သဘာဝစွမ်းအင်များ ပြည့်နှက်နေပြီး အစားအစာနှင့် သစ်သားများလည်း လုံလောက်စွာ ရှိနေသဖြင့် ဗီလာအိမ်တစ်လုံး ဆောက်လုပ်ရန် လွယ်ကူလှပေရာ ဤမျှ ပေါစျေးဖြစ်နေသည်မှာ မဆန်းချေ။ သူသည် မြို့ကြီးများတွင် ဘဝတစ်ခုလုံး ရုန်းကန်လှုပ်ရှားခဲ့သော်လည်း ဗီလာအိမ်တစ်လုံးကို မပိုင်ဆိုင်နိုင်ခဲ့ချေ။ ဤနေရာတွင်မူ ဤမျှ ပေါစျေးရှိနေသဖြင့် အလွန်ပင် ကောင်းမွန်လှပေသည်။
"အစ်ကိုတို့က ဒီကို အသစ်ရောက်လာတာလား၊ အိမ်ဝယ်ချင်လို့လား"
ဝတ်စုံဖြူဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးသည် လမ်းမထက်တွင် လမ်းသွားလမ်းလာများကို လက်ကမ်းစာစောင်များ လိုက်လံဝေငှနေသည်။
“သေချာတာပေါ့၊ ဗီလာတစ်လုံးကို ဘယ်လောက်လဲ"
ကျိုးဟောက်ယွီမှ ရှေ့သို့ လှမ်းတက်ကာ မေးမြန်းလိုက်သည်။
“ကျွန်မတို့ တောင်ပြာကမ်းခြေ ပေါ်က ဗီလာတွေကတော့ တစ်လုံးကို ၁၅၀ ယွမ်ဝန်းကျင်ပဲ ရှိပါတယ်"
ဝတ်စုံဖြူနှင့် မိန်းကလေးမှ ပြောလိုက်သည်။
“ဒီလောက်တောင် ဈေးပေါတာလား"
ကျိုးဟောက်ယွီ မယုံနိုင်ဘဲ ရှိတော့သည်။
“ဈေးပေါလို့လား၊ ကျွန်မအထင်တော့ ဈေးကြီးပါတယ်၊ အရင်က ဗီလာတစ်လုံးကို ၁၀၀ ယွမ်ပဲ ရှိတာ"
ဝတ်စုံဖြူနှင့် မိန်းကလေးမှာ မကျေမနပ် ပြောလိုက်သည်။
“ညီမလေး၊ ကျွန်မတို့ကို လိုက်ပြပေးပါဦး"
ကျောက်ဇီလန်မှ ပြုံးလျက် ပြောလိုက်၏။
“ကောင်းပါပြီ၊ ကျွန်မနောက်ကို လိုက်ခဲ့ကြပါ"
သူတို့သုံးဦးသည် တောင်ပြာကမ်းခြေဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ကြတော့သည်။ သူတို့နှစ်ဦးသည် တောင်ပြာကမ်းခြေပေါ်တွင် ဗီလာအိမ်တစ်လုံးကို ဝယ်ယူပြီးနောက် အခြေချ နေထိုင်ခဲ့ကြ၏။
တစ်နေ့ပြီးတစ်နေ့ကုန်လွန်ပြီးသော်
တစ်နေ့သော နေဝင်ရိုးရီ ညနေဆည်းဆာအချိန်တွင်မူ စိမ်းစို စိုပြေလှသော ရှေးဟောင်းတောင်တန်းကြီးအတွင်းရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ကျိုးဟောက်ယွီသည် ကျောက်ပြာပြားကြီးတစ်ခုပေါ်၌ ခြေတင်ပလ္လင်ခွေ ထိုင်နေခဲ့သည်။ သူသည် ရုတ်တရက် သူ့လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်ကာ ဓားသဏ္ဌာန်ပြုလုပ်လျက် ရှေ့ရှိ ကျောက်ပြာပြားကြီးဆီသို့ ထိုးနှက်လိုက်၏။ သူ့လက်ချောင်းထိပ်ဖျားမှ သွေးကဲ့သို့ ရဲရဲနီသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတန်းသည် ကျောက်ပြာပြားကြီးကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။ ကျောက်ပြာပြားကြီးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး စူးရှသော အသံတစ်သံ ထွက်ပေါ်လာကာ ခြောက်သွေ့နေသော မြေပြင်ပမာ စုတ်စုတ်ပြတ်ပြတ် ကြေမွပျက်စီးသွားခဲ့ရတော့သည်။
‘ကျောက်ဇီလန်က တစ်ပတ်အတွင်းမှာ နဂါးနှိမ်ဓားသိုင်း အဆင့်ကိုးအထိ သင်ယူတတ်မြောက်သွားခဲ့ပေမယ့် ငါကတော့ တစ်ပတ်လုံး ကြိုးစားကျင့်ကြံတာတောင် ပထမအဆင့်ကိုပဲ တတ်မြောက်သေးတယ်၊ ငါ့မှာ ဓားသိုင်းပညာရပ်ဆိုင်ရာ ပါရမီ သိပ်မပါဘူး ထင်ပါရဲ့၊ ဒါပေမဲ့လည်း ဒီနဂါးနှိမ်ဓားသိုင်းရဲ့ စွမ်းအားကတော့ တကယ်ကို ထူးခြားဆန်းပြားတာပဲ၊ အကယ်၍ ငါသာ အဆင့်ရှစ်အထိ တတ်မြောက်သွားခဲ့ရင် ဘယ်လောက်တောင် စွမ်းအားကြီးမားလိုက်မလဲ မသိဘူး'
သူ့မျက်နှာတွင် စိတ်ပျက်မှုနှင့် ဝမ်းမြောက်မှုတို့ ဒွန်တွဲ၍ ပေါ်ထွက်နေသည်။ မိမိ၏ ဓားသိုင်းပါရမီမှာ သာမန်မျှသာ ရှိသဖြင့် စိတ်ပျက်မိသော်လည်း ဤမျှ အစွမ်းထက်သော ဓားသိုင်းလက်စွဲကို ပိုင်ဆိုင်ထားရသဖြင့် ဝမ်းမြောက်နေမိခြင်းဖြစ်၏။ ဤနဂါးနှိမ်ဓားသိုင်း၏ ပထမအဆင့်မျှဖြင့်ပင် သူသည် ပင်းဟိုင်မြို့ရှိ လူမိုက်အားလုံးကို အလွယ်တကူ အမြစ်ပြတ်ချေမှုန်းနိုင်ပေလိမ့်မည်။
‘ငါက ပါရမီညံ့ဖျင်းတဲ့သူပဲ၊ ဒါကြောင့် နောင်ကို ကျင့်စဉ်ကျင့်ကြံတဲ့နေရာမှာ ပိုပြီးတော့ ကြိုးစားအားထုတ်ရမယ်"
ကျိုးဟောက်ယွီ သက်ပြင်းချလိုက်မိသည်။ ကောင်းကင်ယံထက်တွင်မူ အထီးကျန် ဆိတ်ငြိမ်လှသော ကြယ်ပွင့်အချို့ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ သူသည် သစ်ကိုင်းတစ်ကိုင်းကို ချိုးယူလိုက်ပြီး ဓားအသွင်အသုံးပြုကာ စာအုပ်ထဲရှိ ဓားကွက်များကို ပြန်လည်အောက်မေ့ရင်း တောင်ခြေဆီသို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့၏။
“ဝူး"
ရုတ်တရက် သူ့နောက်ကွယ်မှ သစ်ပင်တစ်ပင် ကျိုးပျက်သွားသံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ ရေပုံးတစ်ပုံးခန့် ထွားကျိုင်းလှသော ငွေရောင်မြွေကြီးတစ်ကောင်သည် သူ၏ သွေးအိုင်ကဲ့သို့ နီမြန်းလှသော ပါးစပ်ကြီးကို ဟလျက် သူ့ထံသို့ ဦးတည်နေသည်ကို တွေ့လိုက်ရ၏။ ကျိုးဟောက်ယွီသည် သူ့လက်ချောင်းဖြင့် ဓားအသွင်ပြုလုပ်ကာ လွှဲယမ်းလိုက်ရာ သွေးရောင်လွှမ်းနေသော ဓားရိပ်တစ်ခုသည် ထိုဧရာမမြွေကြီးထံသို့ ပျံသန်းကျရောက်သွားခဲ့သည်။ မြွေကြီး၏ ဆန်းပြားသော မြွေစိမ်းမျက်ဝန်းအစုံတွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသော်လည်း ထိုဓားရိပ်သည် ၎င်း၏ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့ပြီး လက်ကောက်ဝတ်ခန့် ကြီးမားလှသော သွေးပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဧရာမမြွေကြီးသည် ပြင်းထန်စွာ အော်ဟစ်ညည်းတွားလိုက်ပြီး ခန္ဓာကိုယ်ကြီးကို မြေပြင်ပေါ်တွင် ရုန်းကန်လူးလဲခဲ့သဖြင့် သစ်ကိုင်းများစွာ ကျိုးပျက်သွားခဲ့ရကာ အကြိမ်အနည်းငယ်မျှ တွန့်လိမ်လှုပ်ရှားပြီးနောက် ၎င်း၏မြွေစိမ်းမျက်ဝန်းများကို မှိတ်လျက် လုံးဝ ငြိမ်သက်သွားခဲ့ရတော့သည်။
“ဒီဓားသိုင်းက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ၊ ဒီမြွေကြီးက သက်တမ်း နှစ်ရာချီနေလောက်ပြီ ဖြစ်မှာ၊ ဒါပေမဲ့ ငါကတော့ သာမန်ဓားကွက်တစ်ကွက်တည်းနဲ့တင် အလွယ်တကူ သတ်ပစ်နိုင်ခဲ့ပြီ"
မြေပြင်ပေါ်ရှိ သေဆုံးနေသော မြွေကြီးကို ကြည့်ရင်း သူ့မျက်နှာတွင် ယုံကြည်မှုအရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့သည်။ သူသည် သီချင်းလေးတစ်အေးအေးဖြင့် တောင်ပေါ်မှ ဆင်းလာခဲ့ပြီး ကုယွဲ့မြို့တော်သို့ ရောက်ရှိလာခဲ့တော့၏။ လျှပ်စစ်မီးရောင်များ လင်းထိန်နေသော စည်ကားလှသည့် ကုယွဲ့မြို့တော်၏ လမ်းမများထက်တွင် အနီရောင်မီးအိမ်ကြီးများသည် လေထဲ၌ လွင့်ပျံလှုပ်ရှားနေကြသည်။ မကြာမီပင် သူသည် ဆေးဘုရင်နန်းဆောင်ဟု ခေါ်တွင်သော ဆေးခန်းတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ထိုဆေးခန်း၏ အပြင်ဘက်တွင်မူ လူနာများစွာ ရှည်လျားစွာ တန်းစီနေကြဆဲ ဖြစ်သော်လည်း ဆေးဘုရင်နန်းဆောင်၏ ဘေးချင်းကပ်ရှိ ဆေးခန်းများအတွင်း၌မူ ငွေရောင်ဆံပင်အရှည်ကြီးများကို ဆင်မြန်းထားကြသည့် အဘိုးအိုအချို့ ထိုင်နေကြသော်လည်း မည်သည့်လူနာမျှ ရှိမနေခဲ့ချေ။