ထွက်ပေါ်လာပြီ…
Vol. 024 Ch. 1186
သွေးနဂါးသည် ဝမ်လင်းကို သတိပြုမိပေ၏။ သို့သော် သူ့မျက်လုံးထဲတွင် ထိုကျင့်ကြံသူမှာ ပုရွတ်ဆိတ်တစ်ကောင်မျှသာ။ ထိုကျင့်ကြံသူသည် သူ့အနား ရောက်မလာခင်မှာပင် ၎င်း၏အမှောင်ထုကြောင့် သေဆုံးသွားရပေမည်။
ထိုအရာကား အမှန်တရား ဖြစ်၏။ ဝမ်လင်း သွေးနဂါးနှင့် ပေတစ်ထောင်အတွင်း ရောက်လာချိန်၌ အမှောင်ထုသည် နောက်တဖန် ခြုံလွှမ်းသည်။ သို့ရာတွင် သည်တစ်ကြိမ်၌ ခြားနားသွားသည့်အချက်မှာ အမှောင်ထုသည် ဝတ်စုံနက်နှင့်အဘိုးအိုကို ဝမ်လင်းအပေါ် ပထမဆုံးအကြိမ် အာရုံစိုက်လာစေသည်။
ဝမ်လင်းသည် အစောပိုင်းကတည်းက အမှောင်ထုနှင့်ပတ်သတ်၍ ဉာဏ်အလင်း ရရှိနေပေပြီ။ ထိုဉာဏ်အလင်းမှာ သူ့ကျင့်ကြံမှုနှင့် ဘာမှ မသက်ဆိုင်၊ သူ့နေသာသောညမန္တာန်ကနေ တစ်ဆင့် ရရှိလာခြင်းသာ ဖြစ်ပေသည်။
နေသာသောညတွင် ဥပဒေသရင်းမြစ်၏ အရိပ်အမြွက် ပါ၏။ ထို့အတူ အလင်းဥပဒေသ ရင်းမြစ်လည်း ပါသည်။ အမှောင်ထုသည် အလင်းရှေ့တွင် လွင့်ပါးရသည်သာပင်။
သို့ရာတွင် လောကရှိ ဖြစ်တည်မှုအားလုံးမှာ ဆက်နွှယ်နေပေသည်။ ဥပဒေသ၏ ရင်းမြစ်ရှိပါက အဆုံးသပ်လည်း ရှိပေမည်။ အမှောင်ထုကား ဥပဒေသ၏ အဆုံးသပ်ကြောင့် ဖြစ်ပေါ်ခြင်းတည်း။
အမှောင်ထု ပေါ်လာချိန်၌ ဝမ်လင်းသည် သူ့ကိုယ်ပိုင်စွမ်းအားဖြင့် နေသာသောညမန္တာန်ကို အသုံးပြုသည်။ သူသည် ရန်သူကို သတ်ရန် ရှာဖွေလိုခြင်းမဟုတ်၊ အမှောင်ထုအတွင်း ရှင်သန်နိုင်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် အလင်းတန်းတစ်ခု အမှောင်ထုအတွင်း ပေါ်လာသည်။ ၎င်းအလင်းမှာ အားကောင်းလွန်းလှခြင်းမရှိသော်လည်း ပေါ်လာနေဆဲသာ ဖြစ်သည်။
အလင်းထဲ၌ ဝမ်လင်းသည် သူ့ခန္ဓာကိုယ် လောင်ကျွမ်းမှုအား ခံစားမိ၏။ သူ့မူလစွမ်းအင်၊ မူလစိတ်ဝိညာဉ်တို့မှာ လောင်ကျွမ်းနေ၏။ သူ့ကျောက်တုံးခန္ဓာကိုယ်သည်ပင် လောင်ကျွမ်းနေရသည်။
ဤသို့ လောင်ကျွမ်းရင်းဖြင့် သူသည် အမှောင်ထုကို ပေတစ်ထောင်လောက်ထိ ဖြတ်ကျော်လာသည်။ ထို့နောက် သူက သွေးနဂါး၏ ဒဏ်ရာကြီးထဲသို့ ဝင်ရောက်သည်။
သူ ထိုဒဏ်ရာအတွင်းသို့ ဝင်ရောက်ချိန်တွင် ဝမ်လင်းမှာ သူ့လောင်ကျွမ်းနေသော ခန္ဓာကိုယ်ကို လစ်လျူရှု၍ သူ့လက်ကို အသာဝေ့ယမ်းသည်။ သွေးနဂါး၏ သွေးသလင်းကျောက်များစွာမှာ ပျောက်ကွယ်ကာ ဝမ်လင်း၏ သိုလှောင်နေရာလွတ်ထဲသို့ စုဆောင်းသိမ်းဆည်းခြင်း ခံလိုက်ရတော့သည်သူ့မျက်နှာ၌ ကျေနပ်မှုတို့ ဖြစ်ပေါ်နေ၏။ ထို့အတူ နောင်တလည်း ရသည်။ သူသည် ဤနေရာတွင် ရှေးဟောင်းနတ်ဘုရားသွေးနှလုံးကို ရရှိဖို့အတွက် မမျှော်လင့်ခဲ့ပေ။ တကယ်တော့ ရှေးဟောင်းနတ်ဘုရားနယ်မြေ အပေါ် သူ့နားလည်မှုအရ နှလုံးသွေးအားလုံးမှာ ထာဆန်၏ ယူဆောင်ခြင်း ခံရပြီးသည်ကို သိထားခဲ့သည်။
သူသည် ၎င်းနှလုံးသွေးကို ထာဆန်ထံမှ ရယူရန်မှာ အလွန်ခက်ခဲမှန်း သိသည်။
နှလုံးသွေးကို ရရှိခြင်းက သူ့အဖို့ ကျေနပ်စရာ ကောင်းလှသော်လည်း တစ်ချိန်တည်းမှာလည်း သူသည် ထာဆန်၏ခွန်အားကို လေ့လာဖို့ရာ လက်လွှတ်ရပေတော့မည်။ ထိုအဖြစ်က သူ့ကို နောင်တရမှုကိုတော့ ဖြစ်စေသည်ပင်။
နောင်တနှင့်ပျော်ရွှင်မှုတို့ ရောပြွမ်းနေရင်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှာ သည်အမှောင်ထု ပျောက်ကွယ်ချိန်၌ တစ်ပါးတည်း လုံးဝ လောင်ကျွမ်းလုနီးပါး ဖြစ်လာသည်။ သူ့မူလစိတ်ဝိညာဉ်က ပျက်စီးလုနီး၍ နောက်တစ်ကြိမ် သေခါနီး ဖြစ်လာ၏။
တကယ်တော့ သူသည် နေသာသောညမန္တာန်ကို စိတ်ရှိသလို အသုံးပြုနိုင်ဖို့အထိ လုံလောက်အောင် မသန်မာသေးပေ။
သို့သော် ဤအချိန်အခိုက်အတန့်မှာ ဝမ်လင်းကြောင့် ဖြစ်ပေါ်စေခဲ့သည့် အမှောင်ထုအတွင်းမှ အလင်းကို လှမ်းကြည့်နေသော ဝတ်စုံနက်အဘိုးအိုထံမှ ထူးဆန်းသောအကြည့် ထွက်ပေါ်လာ၏။ သူ အစောပိုင်းအချိန်ထိ နားမလည်သလို ဖြစ်နေသည့် ကိစ္စမှာ အမှောင်ထုအတွင်း အလင်းကြောင့် သက်ရောက်မှုရှိသွားပြီး သူ တစ်ခုခုကို ရှာတွေ့သွားဟန် တူသည်။
ခြေတစ်လှမ်းဖြင့်ပင် အမှောင်ထု ပျောက်ကွယ်သွားချိန်၌ သူသည် သွေးနဂါးဘေးနားတွင် ပေါ်လာတော့သည်။ သူ့ညာလက်ကို ရှေ့သို့ ကျာပမ်း လက်ညွှန်၏။ သွေးနဂါးသည် အော်ဟစ်လိုက်ရပြီး နောက်သို့ အလျင်အမြန် ဆုတ်သွားရလေသည်။ ၎င်း၏ခန္ဓာကိုယ်မှ မည်ဟည်းသံများ ထွက်ပေါ်ကာ ပျက်စီးသွားတော့မလို ထင်ရသည်။
ဝမ်လင်း၏အမြင်မှာ ဝေဝါးသွား၏။ အဘိုးအိုသည် သွေးနဂါးထံကနေ သူ့ကို လှမ်းဆွဲယူလိုက်ရာ သူသည် အဘိုးအိုရှေ့တွင် ခြေချပြီး ဖြစ်သွားတော့သည်။
အဘိုးအို၏ လက်က ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ကျရောက်ကာ အံ့မခန်းအားတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ တရဟော တိုးဝင်သည်။ တစီစီအသံများ ထွက်ပေါ်လာ၏။ ဝမ်လင်းသည် သူ့အသိစိတ်ကို ပြန်ရရှိသည်။ သူ့မူလစိတ်ဝိညာဉ်မှာ ပျက်စီးလုခါနီးကနေ ပြန်၍ ဖွဲ့တည်ကာ ကောင်းမွန်လာ၏။
ထိုအခြင်းအရာမှာ လျှပ်တပြတ်သာ ကြာမြင့်လိုက်ပေသည်။
“လူတော်…လူငယ်လေး…” အဘိုးအိုသည် ဝမ်လင်းကို ကြည့်၏။ သူ့အကြည့်ထဲ၌ အသိအမှတ်ပြုမှု ပါဝင်နေသည်။
“ရှင်းနေတာပဲ။ မင်းက မင်းရဲ့ကိုယ်ပွားနဲ့ ရှေးဟောင်းနတ်ဘုရားကို တွေ့မြင်ဖို့ ရောက်လာခဲ့တာ။ ဒီတော့ ဒီအဘိုးအိုက မင်း ဆန္ဒကို ကျေနပ်စေအောင် လုပ်ပေးရမှာပေါ့…”
ဝမ်လင်း၏ စိတ်မှာ တုန်လှုပ်သွား၏။ တစ်စုံတစ်ယောက်က သူ့အကြံအစည်ကို ချက်ခြင်း ထုတ်ဖော်လိုက်ချိန်တွင် သူ့မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားမိလေ၏။ သို့သော် မြန်ဆန်စွာပင် သူသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။ အဘိုးအို၏ မျက်လုံးထဲရှိ အသိအမှတ်ပြုမှုက ပိုအားကောင်းလာသည်။ သူသည် ဝမ်လင်း သို့မဟုတ် သွေးနဂါးတို့ကို ဆက်၍ ကြည့်မနေ၊ ထိုအစား သူ့ညာလက်ဖြင့် ဝဲကတော့ထံသို့ လက်ညွှန်လိုက်ချေသည်။
လက်ညွှန်ချက်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် ဝမ်လင်း၏အမြင်တွင် ထိုလက်ချောင်းမှာ လောကကို ထွင်းဖောက်သွားနိုင်သည်ဟု မြင်၏။
ထိုလက်ညွှန်ချက်၏ ရှေ့တွင် ကောင်းကင်ထက်ရှိ ဝဲကတော့သည် ရုတ်တရက် ရပ်တန့်သွားကာ မထင်မှတ်စွာပင် လှည့်လည်နေရာကနေ ရပ်တန့်သွားသည်။
ဤသွေးရောင်လွှမ်းသောကမ္ဘာတွင် လုံးချွန်သဏ္ဌာန်တောင် ပေါ်လာ၏။ လူတစ်ယောက်သည် ထိုတောင်ပေါ်တွင် မားမားရပ်နေသည်။
ထိုသူ၏ ဆံပင်နီများမှာ လေမတိုက်ပါဘဲ လှုပ်ခတ်နေ၏။ သူ့မျက်လုံးမှာ သွေးရောင်နီရဲနေသည်။ သူ့နီရဲရဲ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်နှင့် အံ့မခန်းမောက်မာမှုတို့ ရှိလေ၏။ သူ့မျက်လုံးတစ်စုံကပင် လူအများ၏ အာရုံစိုက်မှုကို ချက်ခြင်း ဆွဲခေါ်နိုင်ချေသည်။
“ထာဆန်…” ဝမ်လင်းသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်၏။ သူတို့၏ ကံကြမ္မာကား ဆက်နွှယ်နေသည် မဟုတ်လား။ ဝမ်လင်းသာ မပေါ်လာခဲ့ပါက ထာဆန်သည် ရှေးဟောင်းနတ်ဘုရား၏ အသိဉာဏ်အမွေအနှစ်ကို ရရှိကာ လွန်ခဲ့သောအချိန်ကြာမြင့်ချိန်ကတည်းက လွတ်မြောက်နေခဲ့ပေပြီ။ သူသည် ထူစီ၏ ခန္ဓာကိုယ်ဖြင့် ကြယ်များကြား အုပ်ချုပ်နိုင်စွမ်း ရှိလာခဲ့လောက်ပေပြီ။
တကယ်တော့ သူသည် ထူစီသာ ဖြစ်၏။ ထူစီ မန္တာန်တစ်ခု ကျင့်ကြံရာတွင် ကျရှုံးခဲ့ချိန်၌ ထာဆန်မှာ ထူစီ၏ အတွင်းနတ်ဆိုးအဖြစ် မွေးဖွားခဲ့ခြင်း မဟုတ်လား။ ထို့အတွက်ကြောင့် ထာဆန်သည် အတွင်းနတ်ဆိုး ဖြစ်သည်ဖြစ်စေ၊မဖြစ်သည်ဖြစ်စေ အစစ်အမှန် ရှေးဟောင်းနတ်ဘုရား၊ အစစ်အမှန်တော်ဝင်ရှေးဟောင်းနတ်ဘုရားဟု ဆိုနိုင်ပေသည်။
ထာဆန်နှင့်မတူသည်က ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်မှာ ရှေးဟောင်းနတ်ဘုရားနည်းစနစ်ကနေ ဖြစ်တည်ခဲ့ခြင်းပင်။ သူသည် ကံကောင်းမှု ဆက်တိုက်ကြုံရသဖြင့် ကြယ်ငါးလုံးအဆင့်သို့ ရောက်ရှိခဲ့ရသည်။ သို့သော် သူ့မူလခန္ဓာကိုယ်မှာ ကပ်ဘေးခုနစ်ခုစမ်းသပ်မှုသုံးခုကို မရင်ဆိုင်ရသေးခင်တွင် ဝမ်လင်းသည် သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်မှာ မပြည့်စုံသေးမှန်း သိထားခဲ့ပေ၏။
ထာဆန်သည် ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်လာ၏။ထိုအခါတွင် သူ့စိတ်ရှုပ်ထွေးမှုမှာ ပျောက်ကွယ်သွား၍ ထိုအစား တည်ငြိမ်မှုတစ်ခု အစားထိုးလာသည်။
လူသားနှင့်နတ်ဘုရားတို့မှာ ဝဲကတော့ကို ဖြတ်သန်း၍ တစ်ယောက်နှင့်တစ်ယောက် ကံကြမ္မာအရ ယှက်လိမ်မှုကြောင့် အပြန်အလှန် ကြည့်နေကြသည်။
ထာဆန်၏ ပါးစပ်မှာ တွန့်လိမ်၍ သူသည် ခြေတစ်လှမ်း လှမ်းသည်။ သူသည် တောင်ကို စွန့်ခွာကာ ဝဲကတော့အထက်သို့ ရောက်သည်။ သူက ခြုံငုံ၍ ဝေ့ကြည့်၏။
အရှင်မီးတောက်သည် ထာဆန်၏အကြည့်နှင့် ဆုံသည့်အခါ သူ့စိတ်သည် မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူသည် မထင်မှတ်စွာဖြင့် သူ့နှလုံးခုန်သံကိုသူ ပြန်ကြားရလေသည်။ သူ့နှလုံးခုန်သံမှာ မြန်သထက်ပိုမြန်လာကာ အာစေးနေမိလေ၏။ သူသည် နောက်သို့ပင် အလိုလို ဆုတ်မိသည်။ သူသည် ထာဆန်ကို ယှဉ်မကြည့်ဝံ့ချေ။
“အမှိုက်…”
ထာဆန်၏အကြည့်ထဲ၌ အထင်သေးမှုတို့ ပြည့်နေ၏။ သူ့အကြည့်က အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါးထံ ရောက်လာပြန်သည်။ သူ့အထင်သေးမှုက ပိုတိုးလာသည်။
“အနည်းဆုံးတော့ အမှိုက်ဆိုတာ လူတွေပဲ။ မင်းတို့အားလုံးက အမှိုက်ထက်တောင် ပိုအသုံးမကျတဲ့ကောင်တွေပဲ…”
အလောင်းကောင်ကလန်၏ ဘုရင်ရှစ်ပါးမှာ အလောင်းကောင်ကလန်တွင် အလွန်မြင့်မားသည့် အဆင့်တွင် ရှိကြ၏။ သို့ရာတွင် အခုအချိန် ထာဆန်၏အကြည့် ရှေ့တွင် သူတို့သည် အရှင်မီးတောက်ထက်ပင် ပိုဆိုးနေတော့သည်။ သူတို့၏မျက်နှာမှာ ဖြူရောကာ နောက်သို့ အဆတ်မပြတ် ဆုတ်ရ၏။ထိုအကြည့်က သူတို့၏ စဉ်းစားဉာဏ်ကိုပါ လွတ်သွားစေသည့်အလား။
သူတို့သည် ဤလူက ဒေါသပုန်ထလာခဲ့ပါလျှင် ကောင်းကင်နှင့်မြေကြီးပင် သူ့အား နာခံရမည်ကဲ့သို့ ခံစားမိကြသည်။
သူတို့သည် ထာဆန်၏စွမ်းအားကို လုံးဝ မတွေ့ဖူးကြ။ သို့သော် အချို့အကြောင်းပြချက်များကြောင့် သူတို့သည် ထာဆန်ကို တွေ့မြင်ရချိန်တွင်ပ် အန္တရာယ်ကို ခံစားမိရသည်။ ထိုခံစားချက်မှာ ထူးဆန်းလွန်းသည်။
အကြောင်းရင်းကား ထာဆန်သည် နတ်ဘုရား၊ ကြယ်ရှစ်လုံးနတ်ဘုရား ဖြစ်၍ သူတို့သည် သေမျိုးများ၊ ကျင့်ကြံသူများမျှသာ ဖြစ်နေခြင်းကြောင့်လော။
ဝတ်စုံနက်နှင့်အဘိုးအိုတစ်ယောက်သည် တည်ငြိမ်စွာ ရှိနေ၏။ သူသည် ဖြည်းဖြည်းချင်း ဆိုသည်။ “တော်ဝင်ရှေးဟောင်းနတ်ဘုရားရဲ့ စိတ်ဝိညာဉ်…”
ထာဆန်၏အကြည့်သည် ဝတ်စုံနက်နှင့်လူပေါ်သို့ ကျရောက်လာ၏။ သူ့အကြည့်မှာ မပြောင်းလဲသွားပေ။ သူသည် အေးစက်စက် ပြောလာသည်။ “နောက်ဆုံးတော့ အမှိုက်မဟုတ်တဲ့ တည်ရှိမှုတစ်ခုကို တွေ့ရပြီပဲ…”
အဘိုးအိုသည် ဒေါသမထွက်သွားပေ။ သူသည် ခပ်ရေးရေးပင် ပြုံးလိုက်သေး၏။ သူသည် သူ့ညာလက်ကို သာမန်လျှံကာ ဝေ့ယမ်းရာ သူနှင့်ထာဆန်ကြားရှိ လေဟာနယ်နေရာမှာ တုန်ဟည်းလေတော့သည်။လေဟာနယ် ပြိုဆင်း၍ မမြင်ရသော မုန်တိုင်းတစ်ခုအဖြစ် ထာဆန်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေ၏။
လေဟာနယ်ပြိုပျက်ပျက်စီးမှုကို ရင်ဆိုင်ရန် ထာဆန်သည် သူ့ ညာလက်ကို မြှောက်ကာ လက်သီးချက်တစ်လုံး ပစ်သွင်းသည်။
လောကသည် တုန်ယင်၏။ လေဟာနယ်သည် ပြင်းပြင်းထန်ထန် တုန်ခါသည်။ ဤအခိုက်အတန့်တွင် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူ အချို့လည်း သည်နေရာသို့ ရောက်လာခဲ့ပေပြီ။ သူတို့သည် ဤလက်သီးချက်ကို တွေ့မြင်ရသည့်အခါ သူတို့၏မျက်နှာမှာ ကြီးစွာ ပြောင်းလဲကုန်သည်။ သူတို့ထံ၌ ကြောက်ရွှံ့မှု၊ အသေအလဲ ထိတ်လန့်မှုတို့သာ ပြည့်နှက်ကုန်လေ၏။
ဝမ်လင်း၏မျက်နှာမှာလည်း ဖြူရောသည်။ သူသည် ထိုလက်သီးချက်၏စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။
ထိုလက်သီးချက် ကျဆင်းချိန်တွင် လေဟာနယ်တုန်ခါမှုမှာ အထွတ်အထိပ်သို့ ရောက်လေ၏။ အဘိုးအိုနှင့်ထာဆန်တို့ကြား ဧရာအက်ကြောင်းတစ်ခု ပေါ်လာပေပြီ။ ဟင်းလင်းပြင် စုတ်ပြဲသံပင် ကြားရသည်။ မျက်စိတစ်မှိတ်အတွင်း ဤလေဟာနယ်မှာ ထက်ပိုင်းကွဲသည်။
ထာဆန်ကြောင့် စုတ်ပြဲသွားရသည့် လေဟာနယ်ထဲရှိ အက်ကြောင်းသည် မတူညီသောနယ်မြေနှစ်ခုအဖြစ်သို့ ရောက်ရှိရသည်။ ဝတ်စုံနက်အဘိုးအိုက ရှေ့သို့ ခြေလှမ်းကာ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသည့်အခါ သူသည် လေဟာနယ်၏ အခြားတစ်ဖက်သို့ ရောက်နေပေပြီ။ သူ့လက်နှစ်ဖက်မှာ ချိပ်ဟန်များ ထုတ်ဖော်နေဖို့ မလိုပေ။ သူသည် သူ့အင်္ကျီလက်အိုးကိုသာ ဝေ့ယမ်း၍ ကျယ်လောင်စွာ မြည်ဟိန်းစေသည်။ ရေခဲချပ်လွှာများ ပေါ်လာ၏။ သိပ်မကြာခင်တွင် ၎င်းတို့မှာ ဤဟင်းလင်းပြင်၏ ကီလိုမီတာငါးထောင်ကျော်ကို ဖုံးအုပ်သွားသည်။
ထိုကီလိုမီတာငါးထောင် ဧရိယာမှာ ရေခဲချပ်လွှာများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့အားလုံးမှာ ပြိုပျက်၍ ထာဆန်ထံသို့ ဦးတည်သည်။
“ပါချီပါချဲ့ မန္တာန်လောက်နဲ့…။မင်းက နိဗ္ဗာနလေဟာနယ်အဆင့်ကို ရောက်ရှိပြီး ဥပဒေသမှာ ဉာဏ်အလင်းရတော့ ဘာဖြစ်သလဲ…”
ထာဆန်၏မျက်လုံးထဲတွင် မွန်းစတားဆန်သော မောက်မာမှုတို့ ပြည့်နှက်ရင်း သူသည် မောက်မာစွာ ရယ်မောကာ နောက်ထပ်လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်လေသည်။
“ငါ့ရှေးဟောင်းနတ်ဘုရားကလန်ဟာ ဥပဒေသတွေကို မကျင့်ကြံဘူး။ ဘာကြောင့်လဲ…ဒီဥပဒေသတွေဟာ ငါ့ကလန်က ချိုးဖျက်တဲ့ အရာတွေ ဖြစ်နေလို့ပဲ…”
ထာဆန်၏ ဒုတိယမ္မိလက်သီးချက် ကျဆင်းလာချိန်တွင် အက်ကြောင်းသံများသည် ရေခဲကမ္ဘာ အနှံ့တွင် အက်သံများ ဖြစ်လာစေတော့သည်။ ထိုလက်သီးချက်ရှေ့၌ သူ့ထံသို့ တိုးဝင်လာသော ရေခဲချပ်များဖြစ်စေ၊ ကီလိုမီတာငါးထောင်ကို လွှမ်းထားသည့် ရေခဲချပ်များဖြစ်စေ ပျက်စီးရလေသည်။
ဝတ်စုံနက်နှင့်အဘိုးအိုသည် အလေးအနက်ဟန် ဖြစ်လာ၏။ ကီလိုမီတာငါးထောင်ရေခဲများသည် ပြိုပျက်ကာ မုန်တိုင်းတစ်ခုအသွင်ပြောင်းလဲ၍ ထာဆန်ထံသို့ ပျံသန်းလာပြန်သည်။
“ငါ့ကလန်ရဲ့ အစစ်အမှန်စွမ်းအားကို မင်းသိအောင် ပြသပေးမယ်…”
ထာဆန်၏အကြည့်ကား ဝတ်စုံနက်အဘိုးအိုပေါ်တွင် မရှိ၊ ဝမ်လင်းပေါ်တွင် ကျရောက်သွားလေ၏။
ဤအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း လေဟာနယ်အတွင်းသို့ ပျောက်ကွယ်လို့သွားသည်။
တစ်ချိန်တည်းမှာ လေဟာနယ်သည် နောက်တစ်ဖန် တုန်လှုပ်ကာ အက်ကြောင်းများ ပေါ်လာပြန်သည်။ ပြင်းထန်သောအားတစ်ခုက ဤလေဟာနယ်ကို ဖွင့်လှစ်စေလိုက်သည့်အလား။ ထာဆန်ပျောက်သွားသော နေရာတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ ၎င်းထံ၌ ပြင်းထန်သောစုပ်အား ပါဝင်သည်။ ဝတ်စုံနက်အဘိုးအိုက ဝဲကတော့ထဲသို့ တည်ငြိမ်စွာ ခြေလှမ်းသည်။
“မင်းတို့အားလုံး…လာခဲ့ကြ…။ ဒါဟာ နက်မှောင်တဲ့နတ်ဘုရားရဲ့ အစစ်အမှန်စွမ်းအား ဖြစ်လာလိမ့်မယ်…” အဘိုးအို၏အသံမှာ ပဲ့တင်ထပ်သည်။ ဝမ်လင်းသည် တုံ့နှေးမနေဘဲ ဝဲကတော့ထဲသို့ ဝင်ရောက်သည်။ သူထံ၌ စိတ်ရှုပ်ထွေးဟန် ထပ်မံ ဖြစ်ပေါ်နေသည်။ သူသည် ထိုဝဲကတော့မှာ ထာဆန်၏ခန္ဓာကိုယ် ရှိနေသော ရုပ်ပိုင်းဆိုင်ရာဟင်းလင်းပြင်ထံသို့ ဦးတည်နေသည်ဟု ခပ်ရေးရေး ခံစားမိနေသည်။
ဟင်းလင်းပြင်အက်ကြောင်းကြီးထဲ၌ ကျင့်ကြံခြင်းဂြိုဟ်တော်တော်များများ အရွယ်အစားလောက် ရှိသည့် ဧရာမရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ် ရှိနေသည်။ သူ့လက်ချောင်းက အနည်းငယ် လှုပ်၍ လက်သီးအသွင် တဖြည်းဖြည်း ဖွဲ့တည်သည်။ နှစ်ပေါင်းများစွာ မှိတ်နေသည့် သူ့မျက်လုံးမှာ ပထမဆုံးအကြိမ်အဖြစ် တဖြည်းဖြည်း ပွင့်ဟလာလေသည်။