← Chapters

အခန်း ၅၄၅

Vol. 37 Ch. 545

အခန်း ၅၄၅

Vol. 37 Ch. 545

အခန်း (၅၄၅) - ဧရာမလူသားကြီး၏ ခြေချောင်းပေါ်၌ ပေါက်နေသော သစ်ပင် ၄

ဆီးနှင်းပြင်တစ်ခုလုံးပေါ်တွင် နေရောင်ခြည် ကျရောက်လာသည်နှင့်အမျှ မျက်စိကျိန်းစပ်စေမည့် အလင်းများ ရောင်ပြန်ဟပ်ကာလင်းလာလေသည်။

အလင်းပြန်မှုက ပြင်းထန်လွန်းသဖြင့် သူတို့အားလုံး မျက်လုံးဖွင့်၍ပင် ကြည့်ရခက်လာကြ၏။

ထို့ကြောင့် လူတိုင်းသည် ကျောပိုးအိတ်ထဲမှ နေကာမျက်မှန်များကို အမြန်ထုတ်ယူကာ ဝတ်ဆင်လိုက်ကြသည်။

ချင်ယွန်လုံ၏ သစ်ပင်အိမ်အနီးတွင် ကပ်ပါးသစ်ပင်အိမ် သုံးလုံး ရှိနေပြီး အတွင်း၌ နေထိုင်နေသော ရှင်ကျန်သူများသည် နှင်းလျှောစီးဘုတ်များ၏ အင်ဂျင်သံကို ကြားလိုက်ရသဖြင့် ပြတင်းပေါက်များမှ ခေါင်းထုတ်ကာ အပြင်သို့ လှမ်းကြည့်လာကြ၏။

၎င်းတို့အနက် လူတစ်ယောက်က လက်ကို ဝှေ့ယမ်းနှုတ်ဆက်ရင်း ဝမ်းသာအားရ အော်ပြောလိုက်သည်။

“အစ်ကိုလုံ... အစ်ကိုဟု... မင်းတို့ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာကြပြီပဲ။ ဟင်... ကျောက်ရှောင်ချွမ်းလည်း ဒီကို ရောက်လာတာလား”

ထို့နောက် သူ၏ အကြည့်က အုပ်စုအလယ်တွင် ရပ်နေသော ရွှီရှင်းထံ ရောက်သွားပေသည်။

ရွှီရှင်း၏ တည်ငြိမ်ခန့်ညားသော အမူအရာကို မြင်လိုက်ရသဖြင့် သူ အနည်းငယ် အံ့အားသင့်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒါနဲ့... အလယ်မှာ ရပ်နေတဲ့ ဒီအစ်ကိုက ဘယ်သူများလဲ။ ငါ အရင်က မတွေ့ဖူးသလိုပဲ...”

“ကဲ ငါ မင်းတို့စီ ဘယ်သူ့ကို ခေါ်လာပေးထားတယ်ဆိုတာ ခန့်မှန်းကြည့်စမ်းပါဦး။”

ချင်ယွန်လုံက ပြုံးရယ်ရင်း ရွှီရှင်း၏ ပုခုံးကို လှမ်းပုတ်လိုက်ကာ သစ်ပင်အိမ်များဆီသို့ လှမ်းအော်လိုက်၏။

“ဒီအစ်ကိုကြီးက ငါတို့ ရှင်ကျန်သူလူသားအားလုံးရဲ့ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာကို အမြဲယူထားတဲ့ ရွှီရှင်းပဲ။ သူ့နာမည်ကိုတော့ ထပ်ပြီး မိတ်ဆက်ပေးဖို့ မလိုတော့ဘူး ထင်ပါတယ်နော်”

စကားဆုံးသည်နှင့် သစ်ပင်အိမ်များထဲမှ လူသုံးယောက်စလုံး အံ့အားသင့်သွားကြ၏။

သူတို့၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သည့် အမူအရာဖြင့် အော်ဟစ်လိုက်ကြလေသည်။

“ဟာ တကယ်ကြီးလား။ ဆရာကြီးရွှီရှင်းက ဒီလောက်တောင် ခန့်ညားတဲ့လူမျိုးလား။ ပြီးတော့ ပုခုံးပေါ်က ဝက်ဝံပေါက်လေးလည်း အရမ်းချစ်ဖို့ကောင်းတာပဲ”

“ငါတို့လည်း ခုနကပဲ နယ်မြေချန်နယ်ထဲမှာ ဆရာကြီးရွှီရှင်းအကြောင်း ပြောနေကြတာ။ မထင်ထားဘူး အခုတော့ လူကိုယ်တိုင် ဒီကို ရောက်လာတာပဲ။ မင်္ဂလာပါ ဆရာကြီးရွှီရှင်း။”

နောက်တစ်ယောက်ကလည်း မျက်နှာတွင် မယုံနိုင်သေးသည့် အမူအရာဖြင့် ပြောလိုက်၏။

“တကယ်ပဲ ဆရာကြီးရွှီရှင်းလားဗျာ။ အစ်ကိုလုံက အရင်ရက်တွေတုန်းက ချန်နယ်ထဲမှာ ဆရာကြီးနဲ့ သိတယ်လို့ ပြောတုန်းက ကျွန်တော်က ကြွားနေတာလို့ပဲ ထင်ခဲ့တာ။ အခုတော့ တကယ်ကြီး လူကိုယ်တိုင် ခေါ်လာနိုင်မယ်လို့ ဘယ်လိုမှ မထင်ထားခဲ့ဘူး”

ချင်ယွန်လုံသည် ထိုစကားကို ကြားလိုက်သည်နှင့် မျက်နှာတစ်ခုလုံး ရှက်ရွံ့သွားကာ မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

“ငါက ဘာလို့ ကြွားနေရမှာလဲ။ ငါလည်း ထိပ်တန်းဆရာကြီးတွေနဲ့ အတူတူ စူးစမ်းရှာဖွေသူအဖွဲ့မှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်ပဲ မဟုတ်လား...”

ချင်ယွန်ဟုက ပြုံးကာ ပြန်ပြောလိုက်၏။

“ဒါပေမဲ့ မင်းက စနစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်စာရင်းမှာ တစ်ခါမှ မဝင်ဖူးသေးဘူးလေ။ ဒါကြောင့် သူတို့အမြင်မှာ မင်းပြောတာတွေကို မယုံတာလည်း သဘာဝကျပါတယ်။”

“ငါ....”

ချင်ယွန်လုံသည် ချက်ချင်းပင် စကားဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွား၏။

ခဏအကြာမှသာ မကျေမနပ် ရေရွတ်လိုက်မိသည်။

“မင်းလည်း ငါနဲ့ သိပ်မကွာပါဘူး”

အမှန်တကယ်တော့ သူတို့အုပ်စုထဲတွင် ရွှီရှင်းနှင့် ကျိချောင်းယန်တို့၏ စွမ်းရည်ကို ထည့်ပြောစရာပင် မလိုတော့ပေ။

ဝမ်ကွေ့ရှင်း၊ ဝမ်လေ့နှင့် ကျောက်ရှောင်ချွမ်းတို့ သုံးယောက်စလုံးသည်လည်း ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်ပိုင်းတွင် အကြိမ်ကြိမ် ရပ်တည်ဖူးသူများ ဖြစ်ကြပေသည်။

ထို့အပြင် ချီရွှယ်ဖေးသည်လည်း စနစ်၏ ကမ္ဘာလုံးဆိုင်ရာ ချန်နယ်တွင် အရည်အသွေးမြင့် ဆေးလုံးများကို အမြဲရောင်းချနေသောကြောင့် သူမ၏ နာမည်မှာ ရှင်ကျန်သူများကြားတွင် အလွန်ကျော်ကြားသည်။

ထိုသို့ နှိုင်းယှဉ်လိုက်လျှင် ချင်ယွန်လုံနှင့် ချင်ယွန်ဟုတို့ ညီအစ်ကိုနှစ်ယောက်သာ အဖွဲ့ထဲတွင် လူသိနည်းဆုံး ဖြစ်နေပေသည်။

ထို့ကြောင့် အခြားသူများက ချင်ယွန်လုံ၏ စကားကို အစပိုင်းတွင် မယုံကြည်ခဲ့ခြင်းမှာလည်း အံ့ဩစရာ မဟုတ်ချေ။

ထို့ကြောင့် လက်ရှိအချိန်တွင် သူတို့အဖွဲ့ထဲ၌ ကမ္ဘာတစ်ဝှမ်း ကျော်ကြားမှု မရှိသေးသူများဆိုလျှင် ချင်ယွန်လုံ၊ ချင်ယွန်ဟု ညီအစ်ကိုနှစ်ယောက်နှင့် လီဝမ်ရှီးတို့ သုံးယောက်သာ ကျန်ရှိတော့သည်။

သို့သော် လီဝမ်ရှီးမှာမူ သူတို့အဖွဲ့၏ ရှေ့တန်းစစ်ဆင်ရေးတိုင်းတွင် လိုအပ်သည့် အဖိုးတန်ပစ္စည်းများနှင့် အရင်းအမြစ်များကို အမြဲတမ်း ထောက်ပံ့ပေးနေသော အရေးပါဆုံး ကျောထောက်နောက်ခံတစ်ဦး ဖြစ်ပေသည်။

သူမသည် ရှေ့တန်းတွင် ထင်ရှားလိုသူမဟုတ်ဘဲ နောက်ကွယ်မှသာ တိတ်တဆိတ် ကူညီပေးရခြင်းကို ပိုနှစ်သက်သူ ဖြစ်၏။

ထို့ကြောင့် သူမသည် မိမိကိုယ်ကို လူအများရှေ့တွင် ထင်ရှားစေလိုသည့် ဆန္ဒမျိုးလည်း မရှိခဲ့ပေ။

ချင်ယွန်လုံနှင့် ချင်ယွန်ဟုတို့၏ အခြေအနေကတော့ မတူပေ။

ပြင်းထန်သော ဆောင်းရာသီ စတင်ပြီးနောက် သူတို့၏ အထူးစွမ်းရည်များသည် ရေခဲနှင့် ဆီးနှင်းထုကြီးများကြောင့် အလွန်ကန့်သတ်ခံခဲ့ရ၏။

မူလက ရှိခဲ့သည့် စွမ်းအားများကို အပြည့်အဝ မထုတ်ဖော်နိုင်တော့သဖြင့် လူအများရှေ့တွင် မိမိတို့၏ အရည်အချင်းကို ပြသချင်သော်လည်း လက်တွေ့တွင် ထင်ရှားသည့် စွမ်းဆောင်မှုများ ပြသနိုင်ရန် ခက်ခဲနေခဲ့ရသည်။

ဤအခြေအနေသည် ချင်ယွန်လုံနှင့် ချင်ယွန်ဟု ညီအစ်ကိုနှစ်ဦးအတွက် အကြီးမားဆုံး အားနည်းချက်တစ်ခု ဖြစ်နေခဲ့၏။

သူတို့နှစ်ဦးသည် မည်သည့်အချိန်မှ စနစ်၏ ကမ္ဘာလုံးဆိုင်ရာ အမှတ်စာရင်းဘုတ်ပေါ်သို့ တရားဝင် ရောက်နိုင်မည်ကိုပင် မသိနိုင်သေးပေ။

အကယ်၍ ထိုနေ့မရောက်သေးသရွေ့ နောင်တွင် သူတို့လက်အောက်သို့ ဝင်ရောက်ခိုလှုံလာမည့် ရှင်ကျန်သူများ၏ မျက်စိထဲ၌ပင် သူတို့၏ အရည်အချင်းကို အထင်သေးခံရနိုင်သေးသည်။

ထိုအချိန်တွင် လွန်ခဲ့သည့် ခဏက စနစ်၏ နယ်မြေချန်နယ်အတွင်း၌ ရွှီရှင်းအကြောင်း စိတ်ဝင်တစား ဆွေးနွေးနေခဲ့သော ရှင်ကျန်သူတစ်ဦးက ကိုယ်ပိုင်နယ်မြေချန်နယ်ကို အလျင်အမြန် ပြန်ဖွင့်လိုက်ပြီး ဝမ်းသာအားရစွာဖြင့် စာတစ်စောင် ရေးတင်လိုက်သည်။

"အားလုံး နားထောင်ကြဦး။ ရှေ့တန်းက ဂန္ထဝင်ဆရာကြီး ရွှီရှင်းကိုယ်တိုင် အခုလေးတင် ငါ့သစ်ပင်အိမ်နားကို ရောက်လာခဲ့ပြီ။ ဒါတင်မကဘူး... ငါကိုယ်တိုင်လည်း ဆရာကြီးရဲ့ တကယ့်ရုပ်ရည်ကို မျက်စိနဲ့ မြင်ခွင့်ရခဲ့ပြီ"

ထိုစာပို့ပြီး မကြာမီမှာပင် အခြားသူတစ်ဦးက အံ့ဩတကြီး ပြန်မေးလိုက်သည်။

"တကယ်ပြောတာလား။ မင်း အခုရောက်နေတဲ့နေရာကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်သွားတာလဲ။ မင်းတို့အဖွဲ့က ရှေ့တန်းဆရာကြီးတွေဆီက အဲဒီအဖိုးတန် စက်ကိရိယာတွေကို ရထားပြီလား"

"တောက်... တကယ်ကို ဆိုးလိုက်တာကွာ။ မင်းက စနစ်ကို တစ်နည်းနည်းနဲ့ လှည့်စားပြီး အခွင့်အရေးယူနေတဲ့သူပဲ ဖြစ်ရမယ်"

"ဟေ့... မင်းတို့တွေ ဘာကိုမှ သေသေချာချာ မသိဘဲ လျှောက်ဆဲမနေနဲ့။ ဒီစာရေးနေတဲ့သူက ဘယ်သူလဲဆိုတာ မသိကြဘူးလား။ သူက လတ်တလော ရက်ပိုင်းအတွင်း စနစ်ချန်နယ်မှာ ရှေ့တန်းစူးစမ်းရှာဖွေသူအဖွဲ့ရဲ့ ကူညီမှုနဲ့ ဗဟိုနယ်မြေကို ရောက်လာခဲ့ပြီဆိုပြီး အားရပါးရ ကြွားနေခဲ့တဲ့သူပဲ မဟုတ်လား"

"အား... အခုမှ မှတ်မိတော့တယ်။ မင်းက အရင်တုန်းက နယ်မြေ ၁၈၉ မှာ နေခဲ့တာမဟုတ်လား။ နောက်မှ အစ်ကိုကြီး ချင်ယွန်လုံရဲ့ ဖိတ်ခေါ်မှုနဲ့ ဒီဘက်ကို ရောက်လာတဲ့သူလေ"

ထိုစကားများကို မြင်လိုက်သည်နှင့် ထိုရှင်ကျန်သူက ချက်ချင်း ပြန်တုံ့ပြန်လိုက်၏။

"ဘာလို့ နယ်မြေ ၁၈၉ အကြောင်းကို ဒီမှာ လာဆွဲထည့်နေရတာလဲ။ အဲဒီနယ်မြေနဲ့ ငါ့ကို ဘာဆိုင်လို့လဲ"

သူက စနစ်ချန်နယ်ထဲတွင် ချက်ချင်း စာပြန်ရေးလိုက်သည်။

"ငါက စနစ်စတင်တဲ့အချိန်ကတည်းက နယ်မြေ ၁၈၈ မှာ မွေးဖွားပြီး ရှင်သန်လာတဲ့ အမာခံရှင်ကျန်သူတစ်ယောက်ပဲ။ နောက်တစ်နေ့ သေရင်တောင် ငါ့ဝိညာဉ်ကလည်း နယ်မြေ ၁၈၈ မှာပဲ သရဲအဖြစ် ကျန်နေဦးမှာ။ ဒါကြောင့် ငါ့ကို နယ်မြေ ၁၈၉ အကြောင်းမပြောနဲ့"

"တောက်... တကယ်ကို အားကျလိုက်တာဗျာ။ နယ်မြေ ၁၈၉ က လူတွေကတော့ ဒီလောက်စောတဲ့အချိန်ကတည်းက ရှေ့တန်းစူးစမ်းရှာဖွေသူအဖွဲ့နဲ့ အဆက်အသွယ်ရပြီးကြပြီ။ ဒါပေမဲ့ ငါကတော့ အခုထိ ကောင်းကင်က ခရမ်းနက်ရောင် အလင်းတိုင်နှစ်ခုနဲ့ အရမ်းဝေးတဲ့နေရာမှာ ပိတ်မိနေလို့ အဲဒီနေရာကို သွားနိုင်စွမ်း မရှိသေးဘူး။ စဉ်းစားမိတိုင်း ဝမ်းနည်းလွန်းလို့ မျက်ရည်တောင် ကျမိတော့မယ်.."

"ဟေ့... ငါ အခုလေးတင်ပဲ ပြောထားတယ်မဟုတ်လား။ ငါက နယ်မြေ ၁၈၈ က ရှင်ကျန်သူစစ်စစ်ပါ။ အခုကစပြီး ငါ့ရှေ့မှာ နယ်မြေ ၁၈၉ အကြောင်းကို ထပ်ပြောတဲ့သူရှိရင် ငါ အဲဒီလူနဲ့ အဆုံးထိ ရန်ဖြစ်ပစ်မယ်"

"ဒါနဲ့... ဆရာကြီးရွှီရှင်းရဲ့ ရုပ်ရည်က တကယ် ဘယ်လိုလဲဗျ။ အပြင်မှာ ပြောနေကြသလို မျက်နှာစိမ်းစိမ်း၊ သွားစွယ်ကြီးတွေနဲ့ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိတာ တကယ်လား"

"ဟာ... မင်းက ဘာတွေ လျှောက်ပြောနေတာလဲ။ ဒီလို ကောလာဟလမျိုး ဘယ်တုန်းက ထွက်ဖူးလို့လဲ။ ငါ ကိုယ်တိုင် မြင်ခဲ့ရတာက အစ်ကိုရှင်းရဲ့ ရုပ်ရည်က မယုံနိုင်လောက်အောင် ခန့်ညားတယ်"

"အပေါ်က စာရေးတဲ့သူက...ထိပ်တန်းဆရာကြီး ဝမ်လေ့ မဟုတ်ဘူးလား"

"ဟုတ်တယ်ဟေ့။ ဆရာကြီး ဝမ်လေ့ကလည်း စနစ်ချန်နယ်ထဲကို ဝင်လာပြန်ပြီ"

"ဆရာကြီးရွှီရှင်းက အင်အားကလည်း ကမ္ဘာ့ထိပ်တန်း၊ ရုပ်ရည်ကလည်း ဒီလောက်တောင် ခန့်ညားတာဆိုရင်... အား... ငါ မခံနိုင်တော့ဘူး။ နောင်ကျရင် ဆရာကြီးရွှီရှင်းအတွက် ချစ်စရာကလေးတွေ အများကြီး မွေးပေးချင်လိုက်တာ"

"ဒါဆို ငါ့ကိုလည်း စာရင်းထဲ ထည့်ထားလိုက်ဦးနော်။ ငါလည်း ဆရာကြီးရွှီရှင်းအတွက် ချစ်စရာကောင်းတဲ့ ကလေးလေးတွေ အများကြီး မွေးပေးချင်တယ်ဗျာ"

"ဟေ့... အပေါ်က စာရေးနေတဲ့လူ၊ မင်းက ယောကျ်ားကြီး မဟုတ်ဘူးလား"

"ယောကျ်ားဖြစ်နေရင် ဘာဖြစ်လဲ။ စနစ်က ယောကျ်ားတွေ ကလေးမွေးခွင့်မရှိဘူးလို့ ဘယ်တုန်းက ပြောထားလို့လဲ။ ဟူး... တွေးလေ စိတ်ဓာတ်ကျလေပဲ။ အခုလည်း အေးလွန်းလို့ တစ်ကိုယ်လုံး တုန်နေပြီ။ ငါတို့ယောကျ်ားတွေ ဘယ်တော့မှ ကိုယ့်အစွမ်းအစကို လူတိုင်းရှေ့မှာ ပြန်ပြီး သက်သေပြနိုင်ကြမလဲ မသိတော့ဘူး..."

ချင်ယွန်လုံကတော့ အစောပိုင်းကတည်းက ဤပတ်ဝန်းကျင်ရှိ ကပ်ပါးသစ်ပင်အိမ်များတွင် နေထိုင်နေသော ရှင်ကျန်သူများကို ယနေ့လုပ်ဆောင်ရမည့် အရေးကြီးကိစ္စများအားလုံးကို သေချာရှင်းပြထားပြီး ဖြစ်သည်။

ထို့ကြောင့် ထိုရှင်ကျန်သူ သုံးဦးသည် သစ်ပင်အိမ်၏ ပြတင်းပေါက်မှနေ၍ အောက်တွင် လှုပ်ရှားနေကြသော အဖွဲ့ကိုသာ တိတ်တဆိတ် စောင့်ကြည့်နေကြပြီး အောက်သို့ ဆင်းလာခြင်း မရှိကြပေ။

ကျောက်ရှောင်ချွမ်းကလည်း လက်ပတ်နာရီမှတစ်ဆင့် စနစ်၏ နယ်မြေချန်နယ်အတွင်း ဖြစ်ပျက်နေသည့် စကားဝိုင်းကို အစအဆုံး ဖတ်နေခဲ့၏

သူသည် ခေါင်းကို မတတ်သာသလို ခါယမ်းကာ ပြောလိုက်၏။

"ဒီဝမ်လေ့ဆိုတဲ့ကောင်ကတော့ တကယ်ပဲ... နယ်မြေချန်နယ်ထဲမှာ လူတိုင်းနဲ့ ပေါက်ကရစကားတွေ ပြောနေတာကိုး။ အခုမှပဲ ဘာကြောင့် အပြင်ထွက်ပြီး ငါတို့ကို လမ်းလာပြမပေးတာလဲဆိုတာ သဘောပေါက်တော့တယ်။ သူက အဲဒီထဲမှာ စကားပြောနေရတာနဲ့တင် အလုပ်ရှုပ်နေတာပဲ။"

ရွှီရှင်းက အဖွဲ့သားများကို လှည့်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ကောင်းပြီ... ဒီမှာ အချိန်မဖြုန်းတော့ဘူး။ တယ်လီပို့အမှတ်အသားကို အမြန်ဆုံး အသက်သွင်းလိုက်ကြရအောင်။ ပြီးရင် ကျန်တဲ့သူငယ်ချင်းတွေရဲ့ သစ်ပင်အိမ်တွေကို ဆက်ပြီး သွားကြမယ်။"

အခန်း ၅၄၅ ပြီး။

All Chapters