အခန်း ၅၄၇
Vol. 37 Ch. 547
အခန်း (၅၄၇) - ညီအစ်ကိုနှစ်ယောက်ရဲ့ သစ်ပင်အိမ် (၂)
မကြာမီတွင် ၎င်းတို့အဖွဲ့သည် ချင်ယွန်ဟု၏ သစ်ပင်အိမ် ရှိရာနယ်မြေသို့ အန္တရာယ်တစ်စုံတစ်ရာ မကြုံတွေ့ရဘဲ ချောမွေ့စွာ ရောက်ရှိလာခဲ့ကြ၏။
ချင်ယွန်ဟု၏ သစ်ပင်အိမ်တစ်ခုလုံးမှာ ယခုထိ ထူထပ်သည့် ဆီးနှင်းများအောက်တွင် ဖုံးလွှမ်းနေဆဲဖြစ်ပြီး နေရာအချို့တွင်သာ စိမ်းလန်းသော သစ်ရွက်များက ဆီးနှင်းကြားမှ မသိမသာ ပေါ်ထွက်နေ၏။
အဝေးမှ လှမ်းကြည့်လိုက်လျှင် သစ်ပင်အိမ်တစ်လုံးဟုပင် မထင်ရတော့ဘဲ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ တည်ရှိနေသော ဧရာမဆီးနှင်းလုံးကြီးတစ်လုံးနှင့်သာ တူနေတော့သည်။
မူလသစ်ပင်အိမ်၏ ပတ်ဝန်းကျင်တွင် ကပ်ပါးသစ်ပင်အိမ် နှစ်လုံးလည်း တိတ်ဆိတ်စွာ တည်ရှိနေ၏။
သို့သော် သူတို့ ရောက်လာသည့်အချိန်ထိ ထိုသစ်ပင်အိမ်နှစ်လုံး၏ ပြတင်းပေါက်များတွင် လူတစ်ယောက်တစ်လေမှ ခေါင်းပြူကြည့်နေသည်ကို မတွေ့ရပေ။
ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း လူသူကင်းမဲ့နေသည့် နယ်မြေတစ်ခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏။
"ကပ်ပါးသစ်ပင်အိမ် နှစ်လုံးက ဘယ်သူမှ မနေတော့ပါဘူး။"
ချင်ယွန်လုံက ရွှီရှင်းဘက်သို့ လှည့်ကြည့်ရင်း အေးဆေးစွာ ရှင်းပြလေသည်။
"အဲဒီနှစ်လုံးထဲက တစ်လုံးက ကမ္ဘာဦးခေတ်တုန်းက ဒီနယ်မြေကို ပထမဆုံး စူးစမ်းခဲ့တဲ့အချိန်မှာ ပိုင်ရှင်ဖြစ်တဲ့ ရှင်ကျန်သူက အပြင်မှာ အန္တရာယ်နဲ့ကြုံပြီး အသက်ဆုံးရှုံးသွားခဲ့လို့ ကျန်ရစ်ခဲ့တဲ့ သစ်ပင်အိမ်ပါ။"
သူက ခဏရပ်ပြီးမှ ဆက်ပြော၏။
"နောက်တစ်လုံးကတော့ ဝမ်ကွေ့ရှင်းရဲ့ လက်ချက်ပဲ။ အဲဒီတုန်းက သူက ရန်သူကို သတ်လိုက်တဲ့အတွက် သစ်ပင်အိမ်ပိုင်ရှင်လည်း သေဆုံးသွားခဲ့တယ်။ ဒါကြောင့် အဲဒီသစ်ပင်အိမ်လည်း ပိုင်ရှင်မဲ့ သစ်ပင်အိမ်အဖြစ် ကျန်နေခဲ့တာပါ။"
ချင်ယွန်လုံက ပြုံးလိုက်ကာ ဆက်ပြော၏။
"တကယ်တော့ ယွန်ဟုက သူ့သစ်ပင်အိမ်နားမှာ လူများများ လာအခြေချတာကို သိပ်မကြိုက်ဘူး။ သူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ လွတ်လွတ်လပ်လပ် နေရတာကို ပိုသဘောကျတဲ့သူ။ အဲဒါကြောင့် ကျန်နေတဲ့ သစ်ပင်အိမ်အလွတ်ကိုလည်း ဘယ်သူ့ကိုမှ မပေးဘဲ ဒီအတိုင်းထားဖို့ ဆုံးဖြတ်ထားတာပါ။"
"ကပ်ပါးသစ်ပင်အိမ် နှစ်လုံးလုံး အခုထိ ပိုင်ရှင်မရှိဘဲ အလွတ်အဖြစ် ကျန်နေသေးတာလား..."
ရွှီရှင်းက အသာရေရွတ်လိုက်၏။
ကြည့်ရသလောက် ချင်ယွန်ဟုသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အလွန်ဝန်လေးသူတစ်ယောက် ဖြစ်ပုံရ၏။
သူ့အတွက် လူစိမ်းများနှင့် ရင်းနှီးကျွမ်းဝင်စွာ ပြောဆိုဆက်ဆံရခြင်းမှာ အလွန်ခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်နေပုံပင်။
ထိုအချိန်တွင် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ချင်ယွန်ဟုက ရုတ်တရက် စကားစပြောလာသည်။
"...ငါတို့ သစ်ပင်အိမ်တွေရဲ့ ပတ်ဝန်းကျင်မှာ လာရအခြေချတဲ့ ရှင်ကျန်သူတွေ များလာလေလေ၊ လုံခြုံရေးအန္တရာယ်ကလည်း ပိုများလာလေလေပဲ။ လူများလာတာနဲ့အမျှ မမျှော်လင့်ထားတဲ့ ပြဿနာတွေလည်း ပိုပြီး ဖြစ်ပေါ်လာနိုင်တယ်။"
သူက ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။
"ဒါပေမယ့် ဒီတစ်ခေါက်တော့ အခြေအနေက မတူတော့ဘူး။ မင်းတို့အားလုံး ထမ်းဆောင်နေရတဲ့ တာဝန်တွေက အရမ်းများနေပြီ။ ငါလည်း အဲဒီတာဝန်တွေကို တတ်နိုင်သလောက် မျှဝေထမ်းဆောင်ပြီး မင်းတို့ကို ကူညီပေးသွားမယ်။"
"ဟားဟား... ငါတို့ရဲ့ အစ်ကိုဟုကတော့ အမြဲတမ်း မျက်နှာတည်တည်နဲ့ အေးစက်စက် နေတတ်ပေမယ့်၊ စိတ်ထဲမှာတော့ လူတိုင်းအပေါ် သနားကြင်နာတတ်တဲ့သူပါဗျာ။"
ကျောက်ရှောင်ချွမ်းက အားရပါးရ ရယ်မောရင်း ချင်ယွန်ဟု၏ ပုခုံးပေါ်သို့ လက်တစ်ဖက်တင်ကာ ရင်းရင်းနှီးနှီး ဖက်လိုက်၏။
ချင်ယွန်ဟုကလည်း ထိုအပြုအမူကို ငြင်းဆန်ခြင်းမရှိဘဲ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
ရွှီရှင်းကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။
"ဒါပေမယ့် မင်းတို့ရဲ့ သစ်ပင်အိမ်နားမှာတော့ ရှင်ကျန်သူတချို့ အခြေချနေထိုင်ဖို့ လိုသေးတယ်။"
သူက ခေတ္တရပ်ပြီး ဆက်ပြောလေသည်။
"ဥပမာ အခုလို အခြေအနေမျိုးမှာ မင်းတို့ညီအစ်ကိုနှစ်ယောက်လုံး အရေးကြီးကိစ္စနဲ့ အပြင်ထွက်သွားတဲ့အချိန် သစ်ပင်အိမ်ထဲမှာ ဘယ်သူမှ မကျန်ခဲ့ဘူးဆိုပါစို့။ အဲဒီအချိန်မှာ ဗီဇပြောင်းသားရဲတွေ ဒါမှမဟုတ် အမြတ်ထုတ်ချင်တဲ့ ရှင်ကျန်သူတချို့က ရုတ်တရက် လာတိုက်မယ်ဆိုရင် အဲဒီနေရာကို ကာကွယ်ပေးမယ့်သူ မရှိတော့ဘူး။"
"ဒါကြောင့် သစ်ပင်အိမ်တိုင်းမှာ အနည်းဆုံး စောင့်ရှောက်ပေးမယ့် လူတချို့တော့ ရှိထားဖို့ လိုတယ်။ အဲဒီလိုမှ မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာရင် အချိန်မီ တုံ့ပြန်နိုင်မှာ။"
"အဲဒီလူတွေက တိုက်ခိုက်ရေးမှာ ထူးချွန်နေဖို့ မလိုပါဘူး။ သတိပေးနိုင်တာ၊ အချိန်ဆွဲပေးနိုင်တာ၊ သစ်ပင်အိမ်ကို စောင့်ရှောက်ပေးနိုင်တာနဲ့တင် သူတို့ရဲ့ တာဝန်ကို ကျေပွန်နေပြီ။ အဲဒါကြောင့် မင်းတို့ရဲ့ ပတ်ဝန်းကျင်မှာ ယုံကြည်စိတ်ချရတဲ့ ရှင်ကျန်သူတချို့ အခြေချနေထိုင်ဖို့က မရှိမဖြစ် လိုအပ်တယ်လို့ ငါထင်တယ်။"
ချင်ယွန်ဟုသည် ထိုစကားများကို ကြားပြီးနောက် တိတ်တဆိတ် ခေါင်း အသာအယာ ညိတ်ပြလိုက်၏။
ဤနေရာတွင်လည်း ဆီးနှင်းထုများကြားမှ မြေပြင်အောက်သို့ မသိမသာ ချိုင့်ဝင်နေသည့် ဧရာမအဝိုင်းပုံစံ နယ်မြေတစ်ခုကို ထင်ထင်ရှားရှား မြင်တွေ့ရပေသည်။
မြင်ကွင်းအရဆိုလျှင် ထိုနေရာသည်လည်း ကြီးမားကျယ်ပြန့်သော ရေကန်တစ်ကန် ဖြစ်ခဲ့ဟန်တူပေသည်။
ချင်ယွန်လုံနှင့် ချင်ယွန်ဟုတို့၏ သစ်ပင်အိမ်များမှာလည်း ထိုရေကန်၏ ကမ်းစပ်တစ်လျှောက်တွင် တည်ရှိနေကြောင်း ရွှီရှင်းက အစောကတည်းက သတိပြုမိထားပြီးဖြစ်သည်။
ထို့နောက် သူတို့အားလုံးသည် ချင်ယွန်ဟု ကြိုတင်ရွေးချယ်ထားသည့် နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားကြ၏။
ရွှီရှင်းက လက်ကိုဆန့်ထုတ်ကာ တယ်လီပို့စက်ကို ချက်ချင်း အသက်သွင်းလိုက်၏။
ခရမ်းရောင်အလင်းတန်းများ လင်းသွားပြီးနောက် တယ်လီပို့စနစ်၏ နောက်ဆုံးပန်းတိုင်ကို ချင်ယွန်လုံ၏ သစ်ပင်အိမ်နှင့် တိုက်ရိုက်ချိတ်ဆက်ပေးလိုက်တော့သည်။
"ဒါနဲ့... ငါ မေးချင်တာတစ်ခုရှိတယ်။ မင်းတို့လက်ထဲမှာ ရှိတဲ့ သစ်ပင်အိမ်အူတိုင်တွေကို ဘယ်လိုအသုံးချနေကြလဲ။"
ရွှီရှင်းက အဝေးရှိ ကပ်ပါးသစ်ပင်အိမ်များကို တစ်ချက်လှမ်းကြည့်ပြီးနောက် ချင်ယွန်လုံနှင့် ချင်ယွန်ဟု ညီအစ်ကိုနှစ်ယောက်ဘက်သို့ လှည့်ကာ မေးလိုက်၏။
"ငါကြည့်ရသလောက်ဆိုရင် မင်းတို့နှစ်ယောက် ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာနဲ့ လက်နက်တွေက အခုထိ အပြာရောင်အဆင့်မှာပဲ ရှိနေသေးတယ်။"
ကျောက်ရှောင်ချွမ်းက ခေါင်းအသာခါလိုက်ပြီး အေးဆေးစွာ ရှင်းပြလေသည်။
"ငါကတော့ သစ်ပင်အိမ်အူတိုင်ရဲ့ အစွမ်းကို အသုံးပြုပြီး ကျောပိုးအိတ်ထဲမှာ အရည်အသွေးကောင်းတဲ့ အမဲဖျက်ဓားတစ်လက်ပဲ ဖန်တီးထားတယ်။"
"ငါ့ရဲ့ လက်ရှိစွမ်းရည်နဲ့ဆိုရင် အဆင့်မြင့် သံမဏိလက်နက်တွေ၊ ချပ်ဝတ်တန်ဆာတွေကို ကိုယ်တိုင် မဖန်တီးနိုင်သေးဘူး။ ဒါကြောင့် အစပိုင်းတုန်းက အစ်ကိုကျိချောင်းယန်ဆီ သွားပြီး ခရမ်းရောင်အဆင့် သံမဏိပစ္စည်းတွေ ကူဖန်တီးပေးဖို့ တောင်းဆိုဖို့တောင် စဉ်းစားခဲ့သေးတယ်။"
သူက ပြုံးလျက် ဆက်ပြော၏။
"ဒါပေမယ့် အစ်ကိုကျိချောင်းယန်က မင်းလက်ထဲမှာ အဆင့်မြင့်သံမဏိတွေ လုံလုံလောက်လောက် ရှိနေပြီးသားဖြစ်လို့၊ နောက်ပိုင်းရောက်ရင် မင်းကိုယ်တိုင် ငါတို့အားလုံးအတွက် ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာတွေနဲ့ လက်နက်တွေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ပြောခဲ့တယ်။"
"အဲဒီအချိန်မှာ သံမဏိကုန်ကြမ်းတွေက အရမ်းရှားပါးနေသေးတော့ မလိုအပ်ဘဲ မဖြုန်းတီးတာက ပိုကောင်းမယ်လို့လည်း အကြံပေးခဲ့တယ်။"
"ဒါကြောင့် ငါလည်း သူ့အကြံအတိုင်း လုပ်လိုက်တယ်။ လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ ဖန်တီးရာမှာ အရည်အသွေးမြင့် သစ်သားတွေကိုလည်း အသုံးပြုရတာဆိုတော့ လတ်တလောမှာ ငါ့သစ်ပင်အိမ်ထဲက သစ်သားကုန်ကြမ်းတွေရဲ့ အရည်အသွေးကို အရင်ဆုံး အဆင့်မြှင့်တင်ထားဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ။"
သူသည် ထိုစကားကို အားတက်သရော ပြောလိုက်ပြီးနောက် ကျောပိုးအိတ်ထဲမှ ခရမ်းရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည့် သစ်သားတစ်တုံးကို ထုတ်ပြလိုက်ချေသည်။
"အစ်ကိုရှင်း... ဒီသစ်သားကို ကြည့်လိုက်ပါဦး။ အခုဆိုရင် အရည်အသွေးက ခရမ်းရောင်အဆင့်ကို ရောက်သွားပြီဆိုတာ သိသာတယ် မဟုတ်လား။"
ရွှီရှင်းက ခေါင်းအသာညိတ်လိုက်၏။
သူ့ရှေ့ရှိ သစ်သားကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုပစ္စည်းသည် စနစ်၏ သတ်မှတ်ချက်အရ ခရမ်းရောင်အဆင့် သစ်သားကုန်ကြမ်း ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။
အရည်အသွေးမြင့် သစ်သားဖြစ်ကြောင်းမှာ ငြင်းစရာပင် မရှိချေ။
ချင်ယွန်လုံကလည်း ရွှီရှင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ရှင်းပြလာသည်။
"ငါ့ရဲ့ သစ်ပင်အိမ်အူတိုင်ကို အသုံးပြုထားတဲ့ အခြေအနေကလည်း ကျောက်ရှောင်ချွမ်းနဲ့ အတူတူပါပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အစ်ကိုကျိချောင်းယန်က ချန်နယ်ထဲမှာ ရှင်းပြခဲ့တာကို မှတ်မိသေးတယ်။ အစ်ကိုရှင်းဆီမှာ အဆင့်မြင့် သံမဏိတုံး အများကြီး စုဆောင်းထားပြီးသားဖြစ်လို့၊ အနာဂတ်မှာ ကျွန်တော်တို့အားလုံးအတွက် လိုအပ်တဲ့ ချပ်ဝတ်တန်ဆာနဲ့ လက်နက်တွေကို တိုက်ရိုက် ဖန်တီးပေးနိုင်မယ်လို့ ပြောခဲ့တာပါ။
ဒါပေမယ့် အခုအချိန်မှာ တယ်လီပို့စက်အသစ်တွေ ဖန်တီးဖို့ အပြာရောင်အဆင့် သံမဏိတုံး အမြောက်အမြား လိုအပ်နေသေးတယ်။ အဲဒါကြောင့် ကျွန်တော့်ကြောင့် အစ်ကိုရှင်းနဲ့ လီဝမ်ရှီးတို့ရဲ့ အရေးကြီးတဲ့ အလုပ်တွေကို အနှောင့်အယှက် မဖြစ်စေချင်လို့ ဒီကိစ္စကို မပြောခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် အခု ကျွန်တော်တို့ ဝတ်ဆင်ထားတဲ့ အပြာရောင်အဆင့် ချပ်ဝတ်တန်ဆာတွေ က လက်ရှိတိုက်ပွဲတွေအတွက်တော့ လုံလောက်နေပါသေးတယ်။
ဒါပေမယ့် အခုတော့ အခြေအနေ မတူတော့ဘူး။ ကျွန်တော့် သစ်ပင်အိမ်အူတိုင် ရဲ့ အထူးစွမ်းအားက ဒုတိယအကြိမ် ပြန်လည်အားဖြည့်ပြီးသွားပြီ။ စနစ်ရဲ့ စည်းမျဉ်းအရ အူတိုင်ထဲမှာရှိတဲ့ စွမ်းအင်လည်း အပြည့်အဝ ပြန်လည်ဖြည့်တင်းပြီး နေပါပြီ။"
အမှန်ပင် ခရမ်းရောင်အဆင့် သံမဏိလက်နက်များ နှင့် ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာများ ကို ဖန်တီးရာတွင် အဖိုးတန်ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ကုန်ကျခံရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
ထို့ပြင် ထိုချပ်ဝတ်တန်ဆာအစုံလိုက်၏ အဓိကအစိတ်အပိုင်း လေးခုစလုံးတွင် အနည်းဆုံး ခရမ်းရောင်အဆင့် သံမဏိတုံး တစ်တုံးစီ အသုံးပြုရမည်ဖြစ်ပြီး ထို့အပြင် အပြာရောင်အဆင့် သံမဏိတုံး အမြောက်အမြားကိုလည်း တွဲဖက်အသုံးပြုရန် လိုအပ်သေးသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့အဖွဲ့၌ အချင်းချင်း သွားလာနိုင်ရန် အသုံးပြုသည့် တယ်လီပို့အမှတ်အသား သင်္ကေတ များပင် လုံလောက်စွာ မရှိသေးပေ။
အဲ့တာကြောင့် ထိုအချိန်က အခြေအနေအရ ချင်ယွန်လုံနှင့် ချင်ယွန်ဟုတို့ ညီအစ်ကိုနှစ်ဦးအတွက် ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာအစုံ ကို တိုက်ရိုက် ဖန်တီးပေးရန်ဆိုသည်မှာ လက်တွေ့မကျသည့် စိတ်ကူးတစ်ခုသာ ဖြစ်နေခဲ့သည်။
အကယ်၍ အရင်က သူတို့၏ သစ်ပင်အိမ်များကြားတွင် တယ်လီပို့စနစ် ချိတ်ဆက်မှု ပြဿနာ မရှိခဲ့ပါက ရွှီရှင်းသည်ပင် ယခု မိမိဝတ်ဆင်ထားသော ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာအစုံ ကို အလောတကြီး ဖန်တီးဖြစ်မည် မဟုတ်ပေ။
အကြောင်းမှာ ထိုအချိန်က ချပ်ဝတ်တန်ဆာများကို ဖန်တီးထားခဲ့သော်လည်း ချင်ယွန်လုံနှင့် ချင်ယွန်ဟုတို့၏ လက်ထဲသို့ အချိန်မီ လွှဲပြောင်းပေးနိုင်မည့် နည်းလမ်း မရှိခဲ့သောကြောင့် ဖြစ်၏။
သို့သော် ယခုအခါတွင် အခြေအနေမှာ မတူတော့ပေ။
စူးစမ်းရှာဖွေသူ အဖွဲ့ဝင်တိုင်း၏ လက်ထဲတွင် ကိုယ်ပိုင် တယ်လီပို့အမှတ်အသား သင်္ကေတ တစ်ခုစီ ရှိနေပြီဖြစ်ရာ ယခင်ကကဲ့သို့ တယ်လီပို့စက်အသစ်များကို အလျင်စလို ဆက်တိုက်ဖန်တီးနေရန် မလိုအပ်တော့ချေ။
ထို့ကြောင့် ယခုမှစ၍ သူတို့အဖွဲ့သားများအတွက် ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာအစုံများ နှင့် ခရမ်းရောင်အဆင့် လက်နက်များ ကို ဦးစားပေး ဖန်တီးပေးနိုင်ပြီဖြစ်သည်။
ယခင်က မဖြစ်နိုင်ဟု ထင်ရသည့် အစီအစဉ်သည်လည်း ယခုအခါ လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အခြေအနေသို့ တရားဝင် ရောက်ရှိလာခဲ့ပေတော့သည်။
အခန်း ၅၄၇ ပြီး။