အခန်း ၅၅၁
Vol. 37 Ch. 551
အခန်း (၅၅၁) - အစီစဉ်သစ်တစ်ခုနှင့် နိမိတ်အသစ်
ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်သွားသလို ခံစားလိုက်ရပြီးနောက် ရွှီရှင်းသည် မိမိ၏ သစ်ပင်အိမ်ဘေးတွင် ပြန်ရောက်နေခဲ့၏။
"အီး..."
ခဲခဲလေးက အိပ်ရာမှ နိုးလာပြီး ခေါင်းလေးထောင်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
မိမိတို့အိမ်ရှေ့သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် မျက်လုံးလေးများ တောက်ပသွားလေသည်။
ရွှီရှင်းလည်း သစ်ပင်အိမ်အတွင်းသို့ ပြန်ဝင်လာခဲ့၏။
ငွေရောင်ဘုရင်နှင့် မီမီတို့ကို သူ အပြင်သို့ ခေါ်မသွားခဲ့သဖြင့် နှစ်ကောင်စလုံး မီးဖိုဘေးတွင် ပျင်းရိစွာ လှဲလျောင်းနေဆဲပင်။
မိမိဘာသာ လှုပ်ရှားနိုင်သည့် ထိုဥကြီးကတော့ မီးဖိုဘေးတွင် အရုပ်လေးတစ်ရုပ်လို တလှုပ်လှုပ် လှိမ့်နေရာမှ ရွှီရှင်း ပြန်ရောက်လာသည်ကို မြင်သည်နှင့် သူ့ဘက်သို့ ချက်ချင်း လှိမ့်လာတော့သည်။
"အီး"
ခဲခဲလေးလည်း ဥကြီးကို မြင်သည်နှင့် တန်းပြီး ခုန်အုပ်လိုက်တော့သည်။
ထို့နောက် ပန်ဒါပေါက်လေးနှင့် ဥကြီးတို့သည် သစ်ပင်အိမ်အတွင်း၌ အချင်းချင်း လိုက်တမ်းကစားသည့် ဂိမ်းကို ထပ်မံ စတင်လိုက်ကြတော့သည်။
ရွှီရှင်း ဆိုဖာပေါ်တွင် ထိုင်ကာ အနားယူမည်အလုပ် လက်ပတ်နာရီက ရုတ်တရက် တုန်ခါလာ၏။
ကြည့်လိုက်တော့ လုဖေးအာထံမှ မက်ဆေ့ချ် ဖြစ်နေသည်။
"အခုမှ ပြန်ရောက်တာလား။ နယ်မြေ ၁၈၇ အကြောင်း ပြောစရာရှိတယ်။ အခု လာလို့ရမလား။"
ရွှီရှင်း အနည်းငယ် အံ့ဩသွားပေသည်။
လုဖေးအာ၏ လက်ပတ်နာရီမှာ နယ်မြေ ၁၈၇ နှင့် ချိတ်ဆက်ထားသောကြောင့် သူမက မက်ဆေ့ချ်ပို့နိုင်သည်ဆိုသည်မှာ ယခုအချိန်တွင် သူမသည် ကိုယ်ပိုင် ကပ်ပါးသစ်ပင်အိမ်ထဲ၌ ရှိနေကြောင်း ဆိုလိုခြင်းပင်။
ရွှီရှင်းက ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အပြင်ကို ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း လုဖေးအာသည် ပြတင်းပေါက်အပြင်ဘက်မှ သူ့ဘက်ကို လှမ်းကြည့်နေ၏။
သူမက ရှင်ကျန်သူတွေကို သွားကြိုနေရမယ့်သူ မဟုတ်ဘူးလား...။
"တက်လာခဲ့။"
ရွှီရှင်းက ပြန်ဖြေလိုက်၏။
လူဖေးအာက ချက်ချင်း သစ်ပင်အိမ်ပေါ် တက်လာပြီး ရွှီရှင်းက သူမကို အတွင်းသို့ ဆွဲခေါ်လိုက်လေသည်။
"မင်းကို ရှင်ကျန်သူတွေကို သွားကြိုခိုင်းထားတာ မဟုတ်ဘူးလား။"
ရွှီရှင်းက ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ကိုယ်ကို အနည်းငယ် လျှောချကာ သူမကို ကြည့်လိုက်၏။
"ဘာလို့ အိမ်ထဲမှာပဲ ရှိနေတာလဲ။"
လုဖေးအာက ဧည့်ခန်းထဲတွင် လှိမ့်နေသည့် ဥကြီးကို ငေးကြည့်နေရာမှ ရွှီရှင်း၏ စကားကို ကြားမှသာ သတိပြန်ဝင်လာပေသည်။
"ကျွန်မ သွားခဲ့ပြီးသားပါ။"
သူမက ချက်ချင်းပင် ရှင်းပြတော့သည်။
"မနက်မိုးလင်းတာနဲ့ ကျောက်ရုပ်တွေကို အရင် သွားကြည့်ခဲ့တယ်။"
"ဟုတ်လား။"
ရွှီရှင်းက မျက်လုံးကို အနည်းငယ် မှေးလိုက်ကာ "အခု ကျောက်ရုပ်တွေ ဘယ်လို အခြေအနေ ရှိလဲ။ ထိုင်ပြီး ပြော။"
"အပြင်ပန်းကတော့ အရင်အတိုင်းပဲ..."
လုဖေးအာက လက်နှစ်ဖက်အား လက်သည်းကိုဖြန့်ထားသလို လုပ်ပြရင်း ပြောလိုက်၏။
"ဒါပေမယ့်... အကုန်လုံး တိုက်ခိုက်ဖို့ အသင့်အနေအထားနဲ့ ရပ်နေကြတယ်။"
သူမက ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်လိုက်ပြီး ဆက်ပြော၏။
"ဒါပေမယ့် မလှုပ်ရှားကြဘူး။"
"ရှူးပျံ ကျောက်ရုပ်နှစ်ရုပ်တောင် နေရာက မရွေ့ဘူး။"
"ကျွန်မတို့က အဲဒီနေရာထဲ မဝင်သရွေ့တော့ သူတို့ကလည်း ကျွန်မတို့ကို လုံးဝ ဂရုမစိုက်ဘူး ထင်တယ်။"
ရွှီရှင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။
ဤသည်မှာ အကောင်းဆုံး အခြေအနေပင် ဖြစ်သည်။
သို့သော်...
ထိုကျောက်ရုပ်များကို ထာဝရ ဒီအတိုင်း ထား၍တော့ မရနိုင်ချေ။
ဒီနေ့ ကိစ္စအားလုံး ပြီးသွားသည်နှင့် သူတို့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စဉ်းစားရပေမည်။
အကြောင်းမှာ ထိုကျောက်ရုပ်များသည် သူ၏ သစ်ပင်အိမ်နှင့် တစ်ကီလိုမီတာသာ ကွာဝေးပြီး ကြီးမားသည့် လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
"ဒါနဲ့..."
ရွှီရှင်းက လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့ ချိတ်ထားရင်း မေးလိုက်၏။
"အဲဒါဆို မင်း ပြန်လာခဲ့တာပေါ့"
ဒီကောင်မလေးက အလုပ်ကိုရှောင်တတ်တာတော့ တကယ်ပဲ...
"ဟို..."
လုဖေးအာက ချက်ချင်း အမြန် ရှင်းပြလိုက်တော့သည်။
"ကျောက်ရုပ်တွေက မလှုပ်တော့ လောလောဆယ် အန္တရာယ်မရှိဘူးလေ..."
"ကျွန်မ အလုပ်ရှောင်တာ မဟုတ်ဘူးနော်"
"ကျွန်မ ပြန်လာတာက နယ်မြေ ၁၈၇ ကိစ္စကို စီစဉ်ဖို့ပါ။"
"ပြီးတော့ ဝမ်ရှီးကိုလည်း နယ်မြေချန်နယ်ထဲမှာ ကြေညာခိုင်းလိုက်တယ်။"
"တယ်လီပို့စနစ် ရှိတဲ့ ဧရာမမြေကျင်းဆီကို မသွားကြဖို့နဲ့။ကျောက်ရုပ်တွေကို ရှောင်ပြီး အနီးဆုံး သစ်ပင်အိမ်ကို တိုက်ရိုက် သွားကြဖို့ ပြောထားတယ်။"
ရွှီရှင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
ထိုကျောက်ရုပ်များမှာ အလွန် ထူးဆန်းလွန်းပေသည်။
သူတို့လို စူးစမ်းရှာဖွေသူများပင် မသေချာသေးသည့် အရာမှာ သာမန်ရှင်ကျန်သူများအတွက် ပို၍ပင် အန္တရာယ်ကြီးပေသည်။
"သူတို့ကို အရမ်း အထင်သေးမနေပါနဲ့ သခင်ရယ်"
လူဖေးအာက ရယ်လျက် "ဒီလောက်ဝေးတဲ့ ခရီးကို တစ်ယောက်တည်း လာနိုင်တဲ့သူတွေဆိုတာ အားနည်းတဲ့သူတွေ မဟုတ်ဘူးလေ။"
"အခုထိ အသက်ရှင်ကျန်နေတဲ့သူတွေ ဖြစ်တဲ့အတွက် သစ်ပင်အိမ်တစ်လုံး ရှာတာလောက်တော့ မခက်ပါဘူး။"
ရွှီရှင်းက စဉ်းစားလိုက်ရင်း...။
ဒါလည်းမှန်ပေသည်။
သူတို့သည် ကီလိုမီတာ တစ်ရာကျော် ခရီးနှင်လာနိုင်သူများ ဖြစ်ရာ နောက်ဆုံး တစ်ကီလိုမီတာလေးလောက်က ပြဿနာတက်ဖို့ မဖြစ်နိုင်လောက်ပေ။
သူတို့ အကြံပေးသည့်အတိုင်းသာ လိုက်နာပြီး တယ်လီပို့စနစ်ကို မဆင်မခြင် မစမ်းသပ်သရွေ့တော့ ပြဿနာ မရှိနိုင်ချေ။
မလိုက်နာသူများ သေသွားလျှင်လည်း ကိုယ့်တာဝန်သာ ဖြစ်ချေသည်။
အခြားသူများကိုသာ မထိခိုက်စေရင် ရလေပြီ။
"ဒီအချိန်အတွင်း ရောက်လာတဲ့သူ ရှိသေးလား"
ရွှီရှင်းက ထပ်မေးလိုက်၏။
လူတွေက မနေ့ညကမှ သစ်ပင်အိမ်တွေ ဖျက်ပြီး ထွက်လာကြခြင်းပင်။
လူဖေးအာက ခေါင်းခါလိုက်ကာ"မရှိသေးဘူး။"
"ဒီမနက် ထွက်လာတဲ့သူတွေက ကိုးနာရီလောက်မှ စထွက်တာ"
"အခု နှစ်နာရီကျော်ပဲ ရှိသေးတော့ ဒီလောက် မြန်မြန် ရောက်လာဖို့ မဖြစ်နိုင်ဘူး။"
"မနေ့ညက ထွက်လာတဲ့သူတွေကတော့..."
"ကျွန်မဘက်မှာတော့ တစ်ယောက်မှ မတွေ့သေးဘူး။"
"တခြားဘက်မှာ ရောက်မရောက်တော့ မသိဘူး။"
ရွှီရှင်းက ခေါင်းညိတ်ရင်း မေးလိုက်၏။
"ဒါနဲ့ မင်းပြောမယ့် နယ်မြေ ၁၈၇ ကိစ္စက ဘာလဲ"
"ဟိုကနှစ်ယောက်..."
သူက ခဲခဲလေးနှင့် ဥကြီးကို ကြည့်ရင်း"ဧည့်ခန်းထဲမှာ မဆော့တော့နဲ့။ အောက်ထပ်က အခန်းကြီးထဲ သွားဆော့။"
ထိုစကားမှာ ခဲခဲလေးနှင့် ဥကြီးကို ပြောခြင်း ဖြစ်သည်။
"ဂလုံး... ဂလုံး..."
ဥကြီးက စကားနားလည်သလို လှေကားပေါ်မှ အောက်ထပ်သို့ လှိမ့်ဆင်းသွားလေသည်။
ခဲခဲလေးကလည်း "အီး" ဟု အသံထွက်ကာ အနောက်မှ လိုက်သွား၏။
ငွေရောင်ဘုရင်ပင် မနေနိုင်တော့ဘဲ သူတို့နှင့်အတူ ဒုတိယထပ်ရှိ ကျယ်ဝန်းသည့် အခန်းကြီးထဲသို့ ပြေးဆင်းသွား၏။
ဝံပုလွေများသည် မူလကတည်းက တက်ကြွသည့် သတ္တဝါများ ဖြစ်သောကြောင့်ပင်။
မီမီကတော့ သူတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီး မီးဖိုဘေးတွင် ဆက်လက် လှဲနေကာ ငြိမ်သက်မှုကို ဆက်လက် ခံစားနေဆဲပင်။
လုဖေးအာက ထိုသုံးကောင် အောက်ထပ်ဆင်းသွားသည်ကို ကြည့်ပြီးမှ စကားဆက်ပြောလေသည်။
နယ်မြေ ၁၈၇ အကြောင်းကို ပြောရာတွင် သူမ၏ မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသည့် အပြုံးတစ်ခု ချက်ချင်း ပေါ်လာချေသည်။
"ဟီးဟီး..."
"ကျွန်မရဲ့ လှုပ်ရှားမှုက အကျိုးမရှိဘူးလို့ ထင်နေလား။"
"ကျန်းတောက်ကွမ်က ကျွန်မကို နယ်မြေ ၁၈၇ က အဓိကလူတွေရဲ့ အဖွဲ့ထဲ ထည့်ထားတာ မှတ်မိတယ် မဟုတ်လား..."
ထို့နောက် သူမက အစီအစဉ်ကို တစ်ခုချင်း ရှင်းပြတော့သည်။
ယခုအချိန်တွင်နယ်မြေ ၁၈၇ အတွင်း လုဖေးအာ၏ သြဇာလွှမ်းမိုးနိုင်စွမ်းမှာ ကျန်းတောက်ကွမ်နှင့် သိပ်မကွာတော့ပေ။
သို့သော်...
သူမသည် ကျန်းတောက်ကွမ်ကို ကျော်လွန်၍ ခေါင်းဆောင် မဖြစ်သေးသည့် အကြောင်းရင်းမှာ...
ကျန်းတောက်ကွမ်သည် နယ်မြေအတွင်း အမြဲတမ်း အဆင့် ၁ ကို ဆုပ်ကိုင်ထားသူ ဖြစ်ခဲ့ပြီး ယခု အသက်ရှင်ကျန်နေသူ အများစုသည်လည်း ခံတပ်ကာကွယ်ရေးတိုက်ပွဲအတွင်း သူ၏ ကယ်တင်မှုကို တစ်ကြိမ် ခံခဲ့ရဖူးသူများ ဖြစ်ကြသောကြောင့်ပင်။
အခန်း ၅၅၁ ပြီး။