အခန်း ၅၅၃
Vol. 37 Ch. 553
အခန်း (၅၅၃) - ဆီးနှင်းတောင်ကို တက်ရန် ဖြတ်လမ်း
"ဆီးနှင်းတောင်ကို တက်ဖို့ ဖြတ်လမ်းတစ်ခု ရှာတွေ့ထားတယ်လို့ ပြောတာလား..."
ရွှီရှင်း၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။
အကယ်၍ သာမန်ရှင်ကျန်သူများပင် ဆီးနှင်းတောင်ကို အလွယ်တကူ တက်နိုင်မည့် နည်းလမ်းတစ်ခု အမှန်တကယ် ရှိနေမည်ဆိုလျှင်...
ထိုနည်းလမ်းဖြင့် နယ်မြေ ၁၈၈ တစ်ခုလုံးရှိ ဆီးနှင်းတောင်တယ်လီပို့စနစ်များအားလုံးကို ဆက်သွယ်နိုင်ရုံသာမက ဤရှည်လျားလှသော ပြင်းထန်သည့် ဆောင်းရာသီကိုလည်း စောစီးစွာ အဆုံးသတ်နိုင်မည် ဖြစ်သည်။
ကျိချောင်းယန်က ဆက်ပြော၏။
"ငါ အခု တယ်လီပို့စနစ်ရှိတဲ့ ဧရာမမြေကျင်းဘေးမှာ ရှိနေတယ်။ အသံနဲ့ဆိုရင် အသေးစိတ် ရှင်းပြဖို့ မလွယ်ဘူး။ မင်းဘက်က အလုပ်တွေ ပြီးသွားပြီ မဟုတ်လား။ ဒီဘက်ကို လာခဲ့၊ ငါ စောင့်နေမယ်"
"ကောင်းပြီ၊ ငါ အခုလာခဲ့မယ်"
ရွှီရှင်းသည် အနားယူချိန်ပင် မရသေးဘဲ ထရပ်လိုက်ပြီး ပုခုံးကို အသာလှုပ်ရှားလိုက်၏။
လုဖေးအာ၏ ပုခုံးနှိပ်နယ်ပေးသည့် လက်ရာက တကယ် ကောင်းလှပေသည်။
မိနစ်အနည်းငယ်သာ နှိပ်ပေးလိုက်သော်လည်း ပုခုံးတစ်ခုလုံး ပေါ့ပါးသွားသလို ခံစားရ၏။
ဒီမိန်းကလေးက ကျွမ်းကျင်တာ တကယ် များသားပဲ။
ထိုအချိန်တွင်...
ခဲခဲလေးသည် အောက်ထပ်မှ ပြေးတက်လာပြီး ဥကြီးကလည်း သစ်ပင်အိမ်လှေကားကို တစ်ဆင့်ချင်း လှိမ့်တက်လာသည်။
ကြည့်ရသလောက်...ဒီနှစ်ကောင် ကစားရတာ မောသွားပြီ ထင်သည်။
ငွေရောင်ဘုရင်ကတော့ နောက်ဆုံးမှ တက်လာ၏။
ခဲခဲလေးနှင့် ဥကြီးတို့နှင့် ယှဉ်လျှင် သူကတော့ မကစားရသေးသလို မကျေနပ်သေးသည့် ပုံစံဖြစ်နေလေသည်။
"အီး"
ရွှီရှင်း ထပ်ပြီး အပြင်ထွက်တော့မည့် ပုံစံကို မြင်လိုက်သည်နှင့် ခဲခဲလေးက ချက်ချင်း သူ၏ ပုခုံးပေါ်သို့ တက်ကာ လှဲချလိုက်၏။
ထိုအချိန်တွင်...
မီမီနှင့် ငွေရောင်ဘုရင်တို့လည်း သူ့အနားသို့ လျှောက်လာကြသည်။
"အူး..."
ငွေရောင်ဘုရင်က အော်လိုက်ပြီး မီမီကတော့ ရွှီရှင်း၏ လက်ကောက်ဝတ်ကို လက်ဖဝါးဖြင့် တွန်းဖယ်လိုက်လေသည်။
ရွှီရှင်းက သူတို့၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်၏။
သူတို့က သူနှင့်အတူ လိုက်ချင်နေကြသည်။
သို့သော်...
သားရဲသိုလှောင်လက်ကောက်ထဲသို့ ဝင်ရတာကိုတော့ မလိုချင်ကြချေ။
သူတို့ လိုချင်သည်မှာ ယခင်ကလို တောအုပ်ထဲတွင် သူနှင့်အတူ လွတ်လပ်စွာ ပြေးလွှားလိုခြင်းသာ ဖြစ်သည်။
တိုက်ပွဲဖြစ်မှသာ ခေါ်ထုတ်ခံရသည့် အခြေအနေကို မကြိုက်ကြပေ။
ရွှီရှင်းက လက်နှစ်ဖက်ဖြင့် သူတို့၏ ခေါင်းကြီးများကို ပွတ်သပ်ပေးလိုက်ရင်း "အပြင်ဘက် အပူချိန်က တက်လာပြီ။နောက်ထပ် သုံးရက်လောက်ဆို နှင်းတွေ အရည်ပျော်သွားလိမ့်မယ်။"
"အဲဒီအချိန်ကျရင် မင်းတို့လည်း အရင်လို တောအုပ်ထဲမှာ ပြန်ပြေးလို့ ရပြီ"
"အခုတော့ နည်းနည်းလောက် သည်းခံလိုက်ဦး။"
"အူး..."
ငွေရောင်ဘုရင်က ခပ်တိုးတိုး အော်လိုက်၏။
ဝံပုလွေများသည် မူလကတည်းက အားအင်ပြည့်ဝသည့် သတ္တဝါ ဖြစ်၏။
အိမ်မွေးခွေးများပင် နေ့တိုင်း လမ်းလျှောက်ပေးရပေသည်။
မဟုတ်လျှင် အိမ်ထဲတွင် ဆူပူဖျက်ဆီးတတ်ကြ၏။
ထို့အပြင်...
ငွေရောင်ဘုရင်က ယခင်က ဝံပုလွေဘုရင် ဖြစ်ခဲ့ဖူးသူ ဖြစ်ရာယခုလို အိမ်ကို မဖျက်ဘဲ ငြိမ်ငြိမ်နေနိုင်ခြင်းကပင် သူ၏ ထိန်းချုပ်နိုင်စွမ်း အလွန်ကောင်းကြောင်း ပြသနေပေသည်။
မီမီကတော့ မကျေနပ်သည့် အသံတစ်ချက် ပြုလိုက်ပြီး မီးဖိုဘေးသို့ ပြန်သွားကာ လှဲချလိုက်၏။
ရွှီရှင်းက သူတို့ကို မခေါ်သွားတော့ဘဲ ခဲခဲလေးကိုသာ ခေါ်၍ သစ်ပင်အိမ်အောက်သို့ ဆင်းလာခဲ့လေသည်။
အာဖုကတော့ အပြင်ဘက် သစ်ပင်အိမ်အမိုးပေါ်တွင် ဇောက်ထိုးတွဲလောင်း ချိတ်နေချေသည်။
ရွှီရှင်း ထွက်လာသည်ကို မြင်သည်နှင့် ခပ်တိုးတိုး အသံပြုလိုက်၏။
ဒီကောင်လေးလည်း..ရာသီဥတု နွေးလာတာနဲ့ သစ်ပင်အိမ်ထဲမှာ မနေချင်တော့တဲ့ ပုံပဲ။
ရွှီရှင်း မြေပြင်ပေါ်တွင် ရပ်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်တော့၏။
အခန်း ၅၅၃ ပြီး။