အခန်း ၅၅၄
Vol. 37 Ch. 554
အခန်း (၅၅၄) - ဆီးနှင်းတောင်ကို တက်ရန် ဖြတ်လမ်း ၂
တောအုပ်အတွင်း မူလ သုံးမီတာခန့် ထူထပ်နေသော နှင်းထုကြီးသည် နေရောင်အောက်တွင် နာရီအနည်းငယ်သာ ထိတွေ့ခံလိုက်ရပြီးနောက် စင်တီမီတာ ဆယ်ဂဏန်းခန့်အထိ အရည်ပျော်သွားခဲ့၏။
လက်ရှိ နှင်းမျက်နှာပြင်သည် သိသိသာသာ နိမ့်ကျသွားပြီး စိုစွတ်နေကာ နေရာအချို့တွင် ချိုင့်ခွက်များနှင့် ဖုဖောင်းနေရာများလည်း ပေါ်လာခဲ့သည်။
ဤအရည်ပျော်နှုန်းက အမှန်တကယ် မြန်ဆန်လွန်းလှပေသည်။
ဟုတ်ပါသည်။
နေ့အချိန်တွင် နေရောင်တိုက်ရိုက်ကျရောက်နေပြီး အပူချိန်လည်း မြင့်မားနေသောကြောင့်သာ ဤမျှ မြန်ဆန်စွာ အရည်ပျော်နေခြင်းသာ ဖြစ်သည်။
နေဝင်သွားသည်နှင့် အရည်ပျော်နှုန်းမှာ သိသိသာသာ နှေးကွေးသွားမည် ဖြစ်သည်။
သို့သော် ယခုနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုလျှင် တစ်ရက်အတွင်း နှင်းထုသည် တစ်မီတာကျော်ခန့်အထိ အရည်ပျော်သွားနိုင်၏။
နောက်ဆုံး...
သဘက်ခါ ရောက်သည့်အချိန်တွင် နှင်းထုသည် ပြေးလွှားသွားနိုင်သည့် အနေအထားအထိ အရည်ပျော်သွားပေလိမ့်မည်။
မဆိုးပါဘူး...။
ရွှီရှင်းသည် နှင်းလျှောစီးဘုတ်ကို ထုတ်ယူလိုက်ပြီး ခရမ်းနက်ရောင် အလင်းတိုင်ကြီးရှိရာသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့တော့သည်။
သူ၏ ပုခုံးပေါ်တွင် မှေးစက်နေသော ခဲခဲလေးက ခေါင်းလေးကို ရေအိုင်ဘက်သို့ လှည့်လိုက်၏။
"အီး..."
ကောင်းကင်၌ ခရမ်းနက်ရောင် အလင်းတိုင်ကြီးသည် တစ်ဖက်နယ်မြေနှင့် ဆက်လက်ချိတ်ဆက်နေဆဲဖြစ်ပြီး ကြည်လင်နေသော ကောင်းကင်အောက်တွင် ဧရာမ ခရမ်းနက်ရောင် တံတားခုံးကြီးတစ်စင်းကဲ့သို့ ထင်ရှားစွာ ပေါ်လွင်နေသည်။
နှစ်မိနစ်ခန့်အကြာတွင်...
သူသည် ဧရာမမြေကျင်းကြီး၏ အစပ်သို့ ရောက်ရှိလာခဲ့၏။
ကျိချောင်းယန်ကတော့ မြေကျင်းအစပ်တွင် ရပ်နေပြီး တိုက်ခိုက်ဟန် ပြင်ထားသော်လည်း မလှုပ်ရှားနိုင်သည့် ကျောက်ရုပ်များကို စိုက်ကြည့်ရင်း တစ်စုံတစ်ရာကို စဉ်းစားနေမိသည်။
အသံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ ရွှီရှင်းကို မြင်သည်နှင့် ခေါင်းညိတ်ပြလိုက်၏။
"ငါနောက်လိုက်ခဲ့။ ဒီနားလေးမှာပဲ"
ဧရာမမြေကျင်းပတ်လည် မီတာနှစ်ဆယ်အတွင်းတွင်တော့ နှင်းမရှိသည့် နယ်မြေတစ်ခု ရှိနေခဲ့၏။
ကျိချောင်းယန်၏ နောက်သို့ လိုက်လာရင်း...
ရွှီရှင်းသည် မြေကျင်းနှင့် အနည်းငယ်ဝေးသော နှင်းထုအစပ်သို့ ရောက်လာခဲ့၏။
"ဘာတွေ့ထားလို့လဲ"
သူ အံ့ဩစွာ မေးလိုက်၏။
"အီး"
ခဲခဲလေးသည် တစ်စုံတစ်ရာကို သတိထားမိသလို ရုတ်တရက် ရွှီရှင်း၏ ပုခုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး နှင်းထုအစပ်တစ်လျှောက် ဆယ်မီတာခန့် ပြေးသွားကာ နေရာတစ်ခုတွင် ရပ်လိုက်ပေသည်။
"အီး"
၎င်းက ရွှီရှင်းကို လှမ်းခေါ်ရင်း မြေပြင်ကို လက်သည်းဖြင့် တူးဆွနေလေသည်။
"ဒီနေရာလား..."
ကျိချောင်းယန်သည် ခဲခဲလေးဘေးတွင် ရပ်လိုက်ပြီး"ဒီကောင်လေးပါ တွေ့သွားမယ်လို့ မထင်ထားဘူး။ဒီနေရာပဲ။"
"မင်းရဲ့ ခွဲခြားသိမြင်နိုင်စွမ်းနဲ့ စမ်းကြည့်လိုက်"
ရွှီရှင်းက ခဲခဲလေး ရပ်နေသောနေရာကို ကြည့်လိုက်ရာ..
"ဟင်..."
သူ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားလေသည်။
မြေပြင်ထဲသို့ တစ်စင်တီမီတာခန့်သာ ချိုင့်ဝင်နေသော စက်ဝိုင်းပုံစံ ချိုင့်လေးတစ်ခု ရှိနေ၏။
အရွယ်အစားမှာ လူတစ်ယောက်ဆံ့သောအဖုံးတစ်ခုခန့်သာ ရှိပေသည်။
မြေမျက်နှာပြင်က မညီညာသောကြောင့် သာမန်ကြည့်ရုံဖြင့် ဤစက်ဝိုင်းပုံ ချိုင့်လေးကို သတိထားမိရန် အလွန်ခက်ခဲလှပေသည်။
ရွှီရှင်းသည် ချက်ချင်း ဒူးထောက်ထိုင်လိုက်ပြီး ခဲခဲလေးကို ပုခုံးပေါ်သို့ ပြန်တင်လိုက်၏။
ထို့နောက်စက်ဝိုင်းပုံ ချိုင့်အတွင်း၌ ဖျော့တော့သော လိုင်းပုံစံများကို မြင်လိုက်ရလေသည်။
ထိုပုံစံကို မြင်သည်နှင့် သူ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည်မှာ...တယ်လီပို့စက်ဝိုင်းပင် ဖြစ်သည်။
အလွန်ဆင်တူနေကာ တယ်လီပို့စနစ်နှင့် ဆက်စပ်နေဖွယ် ရှိပေသည်။
ပြီးနောက် သူ လက်ဖြင့် ထိလိုက်ရာ...
[ဆီးနှင်းတောင် အတွင်းပိုင်းတက်လမ်းဝင်ပေါက် (ပိတ်ထားသည်)]
ဆီးနှင်းတောင်၏ အတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည့် တယ်လီပို့ဝင်ပေါက်ပင်။
ဆီးနှင်းတောင်တစ်လုံး၏ ထိပ်သို့ ပထမဆုံး တက်ရောက်အောင်မြင်ခဲ့သူအတွက်သာ ဖွင့်ပေးသော လမ်းကြောင်းဖြစ်၏။
ရှင်ကျန်သူများသည် ဤနေရာမှတစ်ဆင့် ဆီးနှင်းတောင်အတွင်းသို့ ဝင်ရောက်နိုင်ပြီး အပူချိန်ပြောင်းလဲမှု မရှိသော လှေကားလမ်းကြောင်းမှတစ်ဆင့် တောင်ထိပ်သို့ တက်ရောက်နိုင်ပေသည်။
ဆီးနှင်းတောင်တစ်လုံးစီ၏ ပတ်ဝန်းကျင်တွင် ဤကဲ့သို့သော လျှို့ဝှက်ဝင်ပေါက် နှစ်ခုစီ ရှိ၏။
ယင်းဝင်ပေါက်များသည် ဆီးနှင်းတောင်တက်ရန် အခက်အခဲကို များစွာ လျှော့ချပေးနိုင်ပေသည်။
သို့သော်...
ဝင်ပေါက်တစ်ခုစီသည် ရှင်ကျန်သူတစ်ဦးသာ အသုံးပြုနိုင်ပြီး
ဝင်ရောက်ပြီးသည်နှင့် ချက်ချင်း ပိတ်သွားပေမည်။
တောင်အတွင်းပိုင်းသည် စမ်းသပ်နယ်မြေ နှင့် တူညီပြီး ပြင်းထန်သည့် ရာသီဥတု မရှိသော်လည်း အန္တရာယ်အချို့ ရှိနေဆဲဖြစ်သည်။
လက်ရှိ ဆီးနှင်းတောင်တယ်လီပို့စနစ် အသက်ဝင်နေပြီဖြစ်သဖြင့် ဤဝင်ပေါက်မှာ အပြီးတိုင် ပိတ်သွားခဲ့လေပြီ။
ဤရှင်းလင်းချက်များကို ဖတ်ပြီးနောက် ရွှီရှင်း၏ စိတ်ထဲတွင် ပို၍ပင် အံ့ဩမှုများ တိုးလာခဲ့၏။
"ဘယ်လိုလဲ... ဘာတွေ မြင်လိုက်ရလဲ"
ကျိချောင်းယန်က မေးလိုက်၏။
"ငါမြင်ရတာကတော့... ဒီဟာက ဆီးနှင်းတောင်အတွင်းကို ဝင်ပြီး တောင်ထိပ်တက်နိုင်တဲ့ ဝင်ပေါက်ဆိုတာလောက်ပဲ"
"တခြားအချက်အလက် မပေါ်ဘူး"
သူလည်း လက်ဖြင့် ထိုချိုင့်လေးကို ထိကြည့်ခဲ့သော်လည်း
ရွှီရှင်းမြင်သည့် အချက်အလက်၏ ပထမစာကြောင်းတစ်ကြောင်းသာ မြင်ရခဲ့၏။
ရွှီရှင်းသည် ရင်ထဲမှ အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပြီး
မိမိ မြင်တွေ့ခဲ့သည့် အချက်အလက်အားလုံးကို ကျိချောင်းယန်အား အသေးစိတ် ပြောပြလိုက်လေသည်။
"ဝင်ပေါက်နှစ်ခုလား..."
"စမ်းသပ်နယ်မြေတဲ့လား..."
ကျိချောင်းယန်က တိုးတိုးလေး ရေရွတ်လိုက်ပြီး အတွေးနက်သွားချေသည်။
ရွှီရှင်းလည်း စဉ်းစားနေမိ၏။
ဆီးနှင်းတောင်ပတ်လည်တွင်တကယ်ပဲ ဖြတ်လမ်း ရှိနေပေသည်။
တောင်အတွင်းသို့ ဝင်ပြီး စမ်းသပ်နယ်မြေ တက်သလို လှေကားမှတစ်ဆင့် တောင်ထိပ်ကို ရောက်နိုင်ပေသည်။
တောင်တက်ရသည်ချင်း အတူတူပင် ဖြစ်သော်လည်း မီတာ ၁၈၀၀ မြင့်သော မတ်စောက်သည့် ကျောက်ကမ်းပါးကို တက်ရခြင်းနှင့် ပြင်းထန်သော အပူချိန်ပြောင်းလဲမှုများကို ကြံ့ကြံ့ခံရခြင်းအပြင် ဆယ့်နှစ်နာရီအတွင်း အပြီးတက်ရခြင်းတို့နှင့် ယှဉ်လျှင်
ဤနည်းလမ်းသည် များစွာ ပိုမိုလွယ်ကူပြီး ဖြတ်လမ်း ဟု ခေါ်ဆိုထိုက်ပေသည်။
ထို့အပြင်...
လက်ရှိ ရှင်ကျန်သူများအားလုံးသည် စမ်းသပ်နယ်မြေ များကို ဖြတ်သန်းအောင်မြင်ခဲ့သူများ ဖြစ်ကြပြီး အားနည်းသူ မရှိသလောက်ပင် ဖြစ်သည်။
စမ်းသပ်နယ်မြေ တစ်ခုကို ဖြတ်ကျော်နိုင်ခြင်းမှာ ကြီးမားသည့် ပြဿနာ မဟုတ်ချေ။
သို့သော်...
ဤဝင်ပေါက်၏ လုပ်ဆောင်ပုံက ရွှီရှင်း ထင်ထားသလိုတော့ မဟုတ်ပေ။
သူ ထင်ထားသည်မှာဖြတ်လမ်းကို တွေ့ရုံနှင့် လူသုံးယောက် တိုက်ရိုက် တက်ကာ တယ်လီပို့စနစ်ကို ဖွင့်နိုင်မည်ဟု ဖြစ်သည်။
သို့သော်...
လူတစ်ယောက်ကတော့ မူလလမ်းအတိုင်း တောင်ထိပ်ကို အရင်ဆုံး တက်ပြီးအောင်မြင်ရမည် ဖြစ်သည်။
ဆိုလိုသည်မှာ ဆီးနှင်းတောင်တစ်လုံးစီတွင် အနည်းဆုံး လူတစ်ယောက်က အပြင်ဘက်မှ တက်ရပေဦးမည်။
ထို့ကြောင့်...ဤဖြတ်လမ်းက ပြဿနာကို လုံးဝ မဖြေရှင်းနိုင်သေးပေ။
သို့သော်...
တယ်လီပို့စနစ် အသက်ဝင်နိုင်မည့် အခွင့်အရေးကိုတော့ များစွာ မြှင့်တင်ပေးထား၏။
လက်ရှိနယ်မြေ ၁၈၈ တစ်ခုတည်းသာ ဆီးနှင်းတောင်တယ်လီပို့စနစ်ကို ဖွင့်နိုင်ပြီး အခြားနယ်မြေများ မဖွင့်နိုင်သေးသည့် အဓိကအကြောင်းရင်းမှာနယ်မြေ ၁၈၈ တွင် အင်အားကောင်းသူများ စုပုံနေခြင်းကြောင့်သာ ဖြစ်သည်။
သူတို့ ဖွင့်ခဲ့သော ဆီးနှင်းတောင်နှစ်လုံးစလုံးတွင် တောင်တက်နိုင်သူ သုံးဦးစီ ရှိခဲ့၏။
သို့သော်...အခြားနယ်မြေများ၏ အင်အားကောင်းသူများမှာ နေရာအနှံ့ ပြန့်ကျဲနေကြပေသည်။
ဧရိယာကလည်း ကျယ်ပြောလွန်းသောကြောင့် အချင်းချင်း စုစည်းရန် မလွယ်ကူလှပေ။
လူဖေးအာက နယ်မြေ ၁၈၇ မှ လူများကို ခေါ်လာနိုင်ခြင်းမှာ
နယ်မြေ ၁၈၈ ၏ ဆုလာဘ်များကို မျှဝေရရှိထားသောကြောင့် အန္တရာယ်နယ်မြေ ယာယီ လုံခြုံလာပြီး အပူချိန်လည်း သင့်တော်နေသောကြောင့်သာ ဖြစ်သည်။
အခြားနယ်မြေများတွင် ထိုအခြေအနေမျိုး မရှိချေ။
အနီးအနားတွင် ရှိနေကြသော်လည်းမစုစည်းနိုင်ကြချေ။
ထို့ကြောင့်ဆီးနှင်းတောင်ကို အတူတက်ရန် မဖြစ်နိုင်ကြပေ။
သို့သော် ယခု ဖြတ်လမ်း ရှိလာသဖြင့် အခြေအနေ ပြောင်းလဲသွားလေပြီ။
ထိပ်တန်းရှင်ကျန်သူက အရင်ဆုံး တောင်ထိပ်ကို တက်ပြီး ဖြတ်လမ်းကို ဖွင့်ကာအနီးအနားရှိ ယုံကြည်စိတ်ချရသော လူနှစ်ယောက်ကို အတွင်းလမ်းမှတစ်ဆင့် အလွယ်တကူ တောင်တက်ခိုင်းနိုင်သည်။
ယင်းကြောင့် တယ်လီပို့စနစ် ဖွင့်ရန် လိုအပ်သည့် အခက်အခဲသည် သုံးပုံနှစ်ပုံခန့် လျော့နည်းသွားပေမည်။
သို့သော်...အဓိက ပြဿနာတစ်ခု ကျန်သေး၏။
ဖြတ်လမ်း ဝင်ပေါက်ကို ရှာတွေ့နိုင်ဖို့ပင် ဖြစ်သည်။
ထိုအရာက လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။
"ဒီဝင်ပေါက်က ရှာရတာ မလွယ်ဘူး"
ကျိချောင်းယန်က မျက်မှောင်ကြုတ်လိုက်၏။
"ဒီနားက နှင်းတွေ အရည်ပျော်သွားလို့သာ မြင်ရတာ"
"ငါ့ရဲ့ ကြိုမြင်နိုင်စွမ်း မရှိရင်လည်း ဒီဝင်ပေါက်ကို တွေ့မှာ မဟုတ်ဘူး"
"အမှတ်အသားက သိပ်ကို ဖျော့လွန်းတယ်"
ရွှီရှင်းက ခေါင်းညိတ်လိုက်၏။
ဟုတ်ပေသည်။ရှာရတာ အလွန်ခက်လှသည်။
အခြားနယ်မြေများတွင် နှင်းထုသည် လေးမီတာခန့် ထူနေပြီဖြစ်ရာထိုနှင်းအောက်တွင် မြှုပ်နေသော ဝင်ပေါက်ကို ရှာဖွေရခြင်းမှာ မိုးပေါ်တက်ဖို့နီးပါး ခက်ခဲလှ၏။
နှင်းအားလုံးကို ရှင်းထုတ်ရမည်လား...။
လေးမီတာထူသော နှင်းထုနှင့် မီတာနှစ်ရာကျယ်သည့် ဆီးနှင်းတောင်ပတ်လည်ကို ရှင်းလင်းရမည်ဆိုလျှင် လုံးဝ မဖြစ်နိုင်ပေ။
"နောက်ထပ် ဝင်ပေါက်တစ်ခု ရှာကြည့်ရအောင်"
"နေရာချထားတာက ပုံစံတစ်ခုခု ရှိမရှိ ကြည့်ရမယ်"
ရွှီရှင်းက ခဲခဲလေးကို ပြောလိုက်၏။
"ခဲခဲ... ဒီနားမှာ နောက်ထပ် ဝင်ပေါက် ရှာပေးနိုင်မလား"
"အီး"
ခဲခဲလေးက ချက်ချင်း ခုန်ဆင်းသွားပြီး သစ်တောထဲသို့ ပြေးဝင်သွားလေသည်။
သူတို့နှစ်ဦးလည်း အနောက်မှ လိုက်သွားကြရာမကြာမီ မြေကျင်းကြီးကို တစ်ဝက်ပတ်လိုက်သည့်အချိန်တွင်ဒုတိယ ဝင်ပေါက်ကိုလည်း တွေ့ခဲ့ကြ၏။
"...ကြည့်ရတာ ဒီဝင်ပေါက်တွေက တကယ်ပဲ ကျပန်းပေါ်နေတဲ့ပုံပဲ"
ကျိချောင်းယန်လည်း သက်ပြင်းချဖို့သာတက်နိုင်ပေတော့သည်။
အမှန်ပင် ပထမဝင်ပေါက်သည် မြေကျင်းအစပ်မှ မီတာနှစ်ဆယ်ခန့် အကွာတွင် ရှိ၏။
ဒုတိယဝင်ပေါက်ကတော့ မြေကျင်းနှင့် ဆယ်မီတာခန့်သာ ဝေးသည့် သစ်ပင်တစ်ပင်ဘေးတွင် ရှိနေ၏။
တူညီသည့် အချက်ဆို၍ ဆီးနှင်းတောင် သို့မဟုတ် မြေကျင်းနှင့် နီးကပ်နေခြင်း တစ်ခုတည်းသာ ရှိလေသည်။
ရွှီရှင်းက "ကြည့်ရတာ နယ်မြေ ၁ က ရှီဝမ်ယွင်က တုန်အာပေါင်ကို တောင်တက်ခိုင်းတုန်းကလည်း ဒီနည်းကိုပဲ သုံးခဲ့တာ ဖြစ်မယ်"
"ပထမဝင်ပေါက်ကို ဘယ်လိုရှာတွေ့ခဲ့လဲတော့ မသိဘူး"
"ဒါပေမယ့် ဒုတိယဝင်ပေါက်ကို မတွေ့သေးလို့...သူတို့ ဆီးနှင်းတောင်တယ်လီပို့စနစ်က အခုထိ မဖွင့်နိုင်သေးတာ ဖြစ်မယ်"
ခဏအကြာတွင်...
ရွှီရှင်းက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်၏။
"ဒါပေမယ့်...ဒီလိုဆိုရင်တော့ နယ်မြေ ၁၈၈ က အားသာချက် အများကြီး ရသွားပြီ"
"နောက်နှစ်ရက်လောက်ဆို ဒီနယ်မြေက နှင်းတွေ အကုန်အရည်ပျော်သွားမယ်။အဲဒီအချိန်ကျရင်...ငါတို့ နယ်မြေက ရှင်ကျန်သူတွေ ဒီဝင်ပေါက်ကို အလွယ်တကူ ရှာတွေ့နိုင်လိမ့်မယ်"
ကျိချောင်းယန်က ခေါင်းညိတ်လိုက်ကာ"ဟုတ်တယ်။ဒါပေမယ့် အရင်ဆုံး တောင်ထိပ်ကို တက်နိုင်တဲ့ လူတစ်ယောက်တော့ ရှိရမယ်။"
နောက်ဆုံးတွင်...သူတို့နှစ်ဦးသည် ဤသတင်းကို အခြားနယ်မြေများသို့ပါ အသိပေးရန် ဆုံးဖြတ်လိုက်ကြပေသည်။
ဆောင်းရာသီ စမ်းသပ်မှုကို အဆုံးသတ်နိုင်ရန် ဆီးနှင်းတောင်တယ်လီပို့စနစ် အနည်းဆုံး အခုသုံးဆယ် ဖွင့်ရပေမည်။
ထို့ကြောင့် အခြားနယ်မြေများ၏ အကူအညီကိုလည်း လိုအပ်နေ၏။
နယ်မြေ ၁၈၈ တစ်ခုတည်းအပေါ်သာ မှီခို၍ မရပေ။
ဖြတ်လမ်း ရှိလာသော်လည်း တောင်တက်နိုင်သူကတော့ မဖြစ်မနေ လိုအပ်ဆဲ ဖြစ်၏။
အကြောင်းမှာဤစမ်းသပ်မှု၏ နာမည်ကိုက"ဆီးနှင်းတောင်တက် စမ်းသပ်မှု" ဖြစ်နေသောကြောင့်ပင်။
ရွှီရှင်းသည် အခြားနယ်မြေများမှ လူများလည်း ဤဖြတ်လမ်းကို အမြန်ဆုံး ရှာတွေ့နိုင်ရန် စိတ်ထဲတွင် ဆုတောင်းနေမိပေသည်။
သူကိုယ်တိုင်လည်းဤဆောင်းရာသီ စမ်းသပ်မှုကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ချင်နေပေသည်။
လက်ရှိအခြေအနေအရနယ်မြေ ၁၈၈ သည် နှင်းများအောက် မြှုပ်သွားမည့် အန္တရာယ် မရှိတော့သည့်ပုံ ပေါ်နေသော်လည်းထိုအရာက အန္တရာယ် ကင်းသွားပြီဟု မဆိုလိုပေ။
မကြာသေးမီရက်များအတွင်း ခဲခဲလေးသည် ဖော်ပြမရသော အန္တရာယ်တစ်မျိုးကို အမြဲလိုလို အာရုံခံမိနေခဲ့သည်။
ထို့ကြောင့်..အန္တရာယ်အသစ်တစ်ခု မကြာမီ ရောက်လာနိုင်ပေသည်။
သူတို့သည်လည်း ဤဆောင်းရာသီ စမ်းသပ်မှုကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ရမည် ဖြစ်သည်။
အခန်း ၅၅၄ ပြီး။