ဖြောင့်မတ်တဲ့ ‘ရန်ကျောက်ကဲ’
Vol. 36 Ch. 509
အခန်း (၅၀၉) ဖြောင့်မတ်တဲ့ ‘ရန်ကျောက်ကဲ’
ကြည်လင်သန့်စင်သောရေစီးကြောင်းကို စူးစိုက်ကြည့်နေသည့်ရန်ကျောက်ကဲက ဖူအန်းစုမေးခွန်းကိုကြားတော့ ပြုံးလိုက်သည်။
“ဝင်္ကပါပင်လယ်မှာ ကျွန်တော်ရခဲ့တဲ့ပစ္စည်း အမြန်ဆုံး သက်ရောက်မှုရှိစေဖို့ ဒီ ကန်းလင်မိုးရေစက်တွေ လိုအပ်တယ်လေ”
ရန်ကျောက်ကဲက စကားပြောရင်း သူ့အလုပ်သူ မရပ်မနားဆက်လုပ်နေလေရာ ပင်လယ်ရေနက်ပိုင်းမှ ရေအောက်စီးကြောင်းများက အဆက်မပြတ် တုန်ခါနေသည်။
နောက်ဆုံးမှာတော့ ပတ်ဝန်းကျင်ရေပြင်တစ်ခုလုံး ညစ်ညမ်းမှုလျော့ကျသွားပြီး ပင်လယ်သုံးစင်းဆုံစည်းရာနေရာသည် ကြည်လင်သန့်စင်သော ရေကန်တစ်ခုပမာ ပြောင်းလဲသွားသည်။ ရေပြင်အောက်ခြေတွင် တဖွဲဖွဲကျဆင်းနေသော မိုးရေစက်များက ရေနက်ထဲတွင် အေးဆေးစွာစီးဆင်းလျှက် ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို သိမ်းဆည်းလိုက်ပြီး ကြည်လင်သောရေစီကြောင်းကို အဝေးဆီသို့ ဆက်လက်စီးဆင်းစေလိုက်သည်။
ကန်းလင်မိုးရေစက်များနှင့် ဖွဲ့စည်းထားသည့် ပကတိရေသွေးကြောကိုကြည့်ရင်း ဖူအန်းစု၏နှလုံးသား အနည်းငယ် တုန်ခါသွားသည်။
“ဒီ ပကတိရေသွေးကြောက ကြံ့ဝိညာဉ်ပင်လယ်နဲ့ လိပ်ပျံပင်လယ်ကြား နယ်နိမိတ်မှာ စီးဆင်းနေတာပဲ”
သူမက ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများနှင့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားများကို တစ်ချက်လှမ်းပြီး အကဲခတ်လိုက်သည်။
ထို့နောက် ရန်ကျောက်ကဲကို လည့်ကြည့်ရင်း...
“ကောင်စုတ်လေး... မင်းက သူတို့နှစ်ဂိုဏ်းကို ရန်တိုက်ပေးဖို့ ကြံစည်နေတာလား”
ရန်ကျောက်ကဲက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“ဆရာ ဒေါ်လေးစကားက ဘာအဓိပ္ပါယ်လဲဗျာ ၊ ဒီနေရာက ပကတိရေသွေးကြောကို ကျွန်တော့်လိုအပ်ချက်အရ အသုံးပြုပြီးရင်တောင်... သဘာဝပတ်ဝန်းကျင် ပြောင်းလဲသွားတာမို့လို့ ကျွန်တော် ယူသွားလို့မရဘူးလေ ၊ ဒီတော့ ဒီနေရာမှာ ဒီအတိုင်းထားခဲ့ရမှာပဲ ၊ အင်း... သမုဒ္ဒရာကမ္ဘာကို ရောက်တုန်းရောက်ခိုက် ကမ္ဘာ့ကောင်းကျိုးပြုတယ်လို့ပဲ ယူဆရမှာပေါ့”
ဖူအန်းစုက သူ့ကို မယုံသင်္ကာဟန်ဖြင့် စိုက်ကြည့်ရင်း...
“ဟုတ်လို့လား...”
ထိုအခါမှ ရန်ကျောက်ကဲက ရယ်မောရင်း...
“အဲဒီ ကြံ့ဝိညာဉ်ကျွန်းကလူတွေက ကျွန်တော့်ကို မိစ္ဆာသူတော်စင်ဂိုဏ်းကတပည့်လို့ စွပ်စွဲနေကြတာလေ ၊ အဲဒီတော့ မိစ္ဆာဆန်ဆန်လေး လုပ်ပေးလိုက်ရုံပေါ့ ၊ အဟက်... ဒီ ပကတိရေသွေးကြောက ဒီနယ်ခြားနေရာမှာရှိနေရင် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းက ကြံ့ဝိညာဉ်ကျွန်းကို ပေးမယ်ထင်သလား”
သူက ဆက်ပြောသည်။
“ကျွန်တော်သိသလောက်... သမုဒ္ဒရာကမ္ဘာမှာ လက်နက်ပစ္စည်းတွေ ပြုလုပ်တဲ့အခါ ချွမ်ချင်းကြေးနီအမြုတေနည်းလမ်းနဲ့ ပြုလုပ်ကြတာတဲ့ ၊ ဆိုတော့... ဒီ ကန်းလင်မိုးရေစက်တွေက သူတို့အတွက် အရမ်းအကျိုးရှိတယ်လေ”
“ဒါပေမဲ့ ပင်လယ်သုံးစင်းဆုံတဲ့နေရာမှာဖြစ်ပေါ်လာတဲ့ ပကတိရေသွေးကြောဆိုတာက ယူသွားလို့ရတဲ့အရာမဟုတ်ဘူး ၊ ယူသွားချင်ရင်လည်း အထူးပြုလုပ်ထားတဲ့ ကိရိယာတွေ လိုအပ်နိုင်တယ် ၊ ဒါပေမဲ့ သမုဒ္ဒရာကမ္ဘာမှာ အဲဒီလို အထူးကိရိယာမျိုးရှိတယ်လို့ မကြားမိဘူး ၊ ဒီတော့ ကန်းလင်မိုးရေစက်တွေကို အသုံးပြုချင်တယ်ဆိုရင် ဒီနေရာမှာ လာအသုံးပြုမှပဲ ရလိမ့်မယ်”
ဖူအန်းစုက မျက်မှောင်အနည်းငယ် ကြုံ့ရင်း...
“ဒါပေမဲ့ ကြံ့ဝိညာဉ်ကျွန်းနဲ့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းက ဒီ ပကတိရေသွေးကြောကို သဘောတူညီမှုနဲ့ မျှဝေသုံးစွဲမယ် ဆိုရင်ရော... မင်းပြောသလို ကန်းလင်မိုးရေစက်တွေက ကြံ့ဝိညာဉ်ကျွန်းနဲ့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းရဲ့ လက်နက်ပစ္စည်းတွေကို အဆင့်မြှင့်တင်ပေးနိုင်မယ်ဆိုရင်... မျှဝေသုံးစွဲလိုက်ရင် နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး သူတို့နှစ်ဂိုဏ်းလုံး တဖြည်းဖြည်း အားကောင်းလာမှာပဲလေ”
ရန်ကျောက်ကဲက...
“နိယာမကျကျပြောရင် အဲဒါက မှန်နိုင်ပါတယ် ၊ ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး”
“သာမန်လူတွေတောင်မှ ရွာနှစ်ရွာကြားမှာရှိတဲ့ ရေအရင်းအမြစ်အတွက် ပဋိပက္ခတွေ ဖြစ်ကြသေးတာပဲ ၊ ဒီလို ပင်လယ်နှစ်စင်းနယ်နိမိတ်က သယံဇာတကို ဘယ်သူမှစွန့်လွှတ်ချင်မှာမဟုတ်ဘူး ၊ နှစ်ဦးနှစ်ဖက်အကျိုးရှိရှိ မျှဝေမယ်ဆိုတဲ့ အခြေအနေကနေ ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခု ၊ ဒါမှမဟုတ် အခွင့်အရေးရှိနေသရွေ့တော့ လူတွေက အားလုံးကို သူတို့ပဲ ပိုင်ဆိုင်ချင်ကြတာလေ”
ရန်ကျောက်ကဲ နှုတ်ခမ်းများတွန့်ကွေးသွားပြီး...
“ပြီးတော့ ခဏနေလို့ ကျွန်တော်ရေထဲဝင်သွားပြီး အဲဒီထဲကအနှစ်သာရတွေကို သုံးစွဲလိုက်ရင် အများကြီး ကုန်ဆုံးသွားလိမ့်မယ်”
သူက ဆက်ပြောသည်။
“ကျွန်တော် သုံးပြီးလို့ ကျန်တာတွေကလည်း တဖြည်းဖြည်း အားလျော့ပြီး ကုန်ဆုံးသွားမှာပါ ၊ ပကတိရေသွေးကြောကို နောက်တစ်ကြိမ်သန့်စင်မပေးဘူးဆိုရင် အချိန်ကြာတဲ့အခါ ကြည်လင်တဲ့ရေစီးကြောင်းက သူ့အလိုလိုခမ်းခြောက်သွားပြီး ညစ်ညမ်းတဲ့ရေတွေအဖြစ် အရင်အတိုင်း ပြန်ပြောင်းလဲသွားလိမ့်မယ်”
“ဒါပေမဲ့ အဲဒီအချိန်ကာလအတွင်း ကြံ့ဝိညာဉ်ကျွန်းနဲ့ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းတို့ ပြဿနာဖြစ်ဖို့ လုံလောက်နေပါပြီ ၊ ပြီးတော့ အဲဒါကို ကြံ့ဝိညာဉ်ကျွန်းက ရရှိသွားရင်တောင်မှ ကျန်ရှိနေတဲ့ ကန်းလင်မိုးရေစက်ပမာဏက သူတို့ဂိုဏ်းကို ကြီးကြီးမားမား ပြောင်းလဲမှုတွေဖြစ်ဖို့ မလုံလောက်တော့ပါဘူး”
ဖူအန်းစုက ခေါင်းခါယမ်းကာ ရယ်မောရင်း..
“မင်းခေါင်းထဲမှာ အယုတ်တမာစိတ်တွေနဲ့ ပြည့်နေတာပဲ”
ရန်ကျောက်ကဲက ချောင်းတစ်ချက်ဟန့်ရင်း...
“ဆရာဒေါ်လေးကလည်းဗျာ... ကျွန်တော့်လောက်ဖြောင့်မတ်တဲ့လူကို ဒီလိုပြောရသလား”
ကြည်လင်ရှင်းသန့်နေသော ရေစီးကြောင်းကိုကြည့်ရင်း ပတ်ဝန်းကျင်မှ သိုင်းသမားများ၏ မျက်နှာအမူအရာများ မျိုးစုံ ပြောင်းလဲသွားကြသည်။
လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းဖြစ်စေ ၊ မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းဖြစ်စေ သူတို့အားလုံးတွင် ရှည်လျားသောသမိုင်းကြောင်းများနှင့် ကြီးမြတ်သော တန်ခိုးစွမ်းအားများပိုင်ဆိုင်ကြသလို သာမန်ထက်ထူးခြားသော အမွေအနှစ်များလည်း ရှိကြသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် အဆုံးမဲ့တောင်တန်းများကဲ့သို့ပင် သမုဒ္ဒရာကမ္ဘာမှ သိုင်းဂိုဏ်းကြီးများသည်လည်း မဟာကပ်ဘေးမတိုင်ခင် တူးဖော်တွေ့ရှိခဲ့သော အမွေအနှစ်များမှတစ်ဆင့် သိုင်းပညာများတီထွင်စမ်းသစ်ခဲ့ကြပြီး တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်မှု မြင့်တက်လာစေခဲ့သည်။
ဤသိုင်းဂိုဏ်းကြီးများအားလုံးက သိုင်းစွမ်းမြင့်မားကြပြီး မဟာကပ်ဘေးမတိုင်ခင် သတင်းအချက်အလက်များကို လုံ့လစိုက်ထုတ် ရှာဖွေခဲ့ကြသည်။
ထို့ကြောင့် သိုင်းဂိုဏ်းကြီးများမှ တပည့်များအနေဖြင့် ကန်းလင်မိုးရေစက်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ဖူးခြင်း မရှိကြသည့်တိုင် ထိုအရာ၏ သွင်ပြင်လက္ခဏာ ၊ အစွမ်းထက်ခြင်းနှင့် အသုံးပြုပုံများကို ရှေးဟောင်းစာပေများထဲတွင် ယခင်ကပင် ကြားဖူးနားဝ ရှိခဲ့ကြသည်။
ယခု ရန်ကျောက်ကဲက ပင်လယ်ကို လှုပ်ခါစေလျှက် ကန်းလင်မိုးရေစက်များ ဖန်တီးပေးနေကြောင်း တွေ့ရသည့်အခါ သူတို့အားလုံးစိတ်ထဲ တုန်လှုပ်သွားကြ၏။ ထို့ပြင် ပကတိရေသွေးကြော စီးဆင်းမှုလမ်းကြောင်းကို တွေ့မြင်ပြီးနောက် ကြံ့ဝိညာဉ်ကျွန်းမှလူများနှင့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှလူများမှာ တုန်လှုပ်အံ့သြနေသည့်ကြားမှ ပျော်ရွှင်ခြင်းကိုလည်း ခံစားလိုက်ကြရသည်။
သူတို့သာ ဤ ပကတိရေသွေးကြောနေရာကို ပိုင်ဆိုင်မည်ဆိုလျှင် သူတို့ဂိုဏ်း၏ အလုံးစုံကြံ့ခိုင်မှုအတွက် မည်မျှအကျိုးရှိမည်ကို ပြောနေစရာပင် မလိုပေ။
ပုံမှန်ဆိုရလျှင် ထိပ်သီးသိုင်းဂိုဏ်းကြီးများအနေဖြင့် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း တည်ရှိမှုပိုမိုနီးကပ်လေ သူတို့ကြားမှ တင်းမာမှုများ ပိုမိုများပြားလေ ဖြစ်သည်။ အိမ်နီးချင်းသိုင်းဂိုဏ်းများကြားတွင် အသေးအဖွဲကစ ပဋိပက္ခဖြစ်ရန် လွယ်ကူသည် မဟုတ်ပါလား။
လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းတွင် ကြံ့ဝိညာဉ်ကျွန်းက ဓားအသင်္ချေရေကန်နှင့် နီးစပ်ပြီး ပြန်လမ်းမဲ့ဝိညာဉ်ကျွန်းကတော့ ရေသလင်းနန်းတော်နှင့် နီးစပ်သည်။ ဤသည်က အခြေအမြစ်မရှိဘဲ ဖြစ်ပွားခဲ့ခြင်း မဟုတ်ပေ။
ကြံ့ဝိညာဉ်ပင်လယ်နှင့် လိပ်ပျံပင်လယ်တို့က တစ်ခုနှင့်တစ်ခု ထိစပ်နေပြီး ကြံ့ဝိညာဉ်ကျွန်းနှင့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းတို့၏ ဆက်ဆံရေးသည်လည်း ဘယ်သောအခါမှ သဟဇာတမရှိခဲ့ကြပေ။ မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းနှင့် တိုက်ခိုက်ရသည့်အခါ အချင်းချင်းပူးပေါင်းသွားကြသော်လည်း မိစ္ဆာဂိုဏ်းရန်ခြိမ်းခြောက်မှုမရှိသည့်အခါ နှစ်ရှည်ရန်သူများပမာ ဖြစ်ကြ၏။
ယခု ပင်လယ်နှစ်စင်း နယ်နိမိတ်တစ်လျှောက် ဤသို့သော ပကတိရေသွေးကြော ပြောင်းလဲသွာသည့်အခါ ထိုသိုင်းဂိုဏ်းနှစ်ဂိုဏ်းလုံးစိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်လာသည်။
သူတို့အားလုံး အကြည့်ချင်းဖလှယ်မိကြသည့်အခါ တူညီသောအရိပ်အငွေ့များကို တွေ့မြင်ကြရသည်။
ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားတစ်ယောက်က ကောင်းကင်ထက်သို့မော့ကြည့်ကာ ရယ်မောလိုက်ရင်း...
“ဒါက မိစ္ဆာသူတော်စင်ဂိုဏ်းက ငါတို့ကြားမှာ ပြဿနာဖြစ်အောင်လုပ်နေတဲ့ ဆိုးရွားတဲ့ အကြံအစည်တစ်ခု ဖြစ်နိုင်တယ် ၊ မိစ္ဆာတွေရှေ့မှာ ငါတို့ကိုယ်ငါတို့ ဟာသဖြစ်အောင်တော့ မလုပ်မိစေနဲ့”
ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားတစ်ယောက်ကလည်း ခြောက်ကပ်စွာရယ်မောရင်း...
“သေချာတာပေါ့...”
စကားများက မည်သို့ရှိစေ ၊ သူတို့စိတ်ထဲ ဘာတွေးနေသည်ကိုတော့ သူတို့သာလျှင် သိနိုင်ကြပေလိမ့်မည်။
ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားများက ရန်ကျောက်ကဲနှင့် ဖူအန်းစုကို အကဲခတ်လိုက်ပြီးနောက် ကြံ့ဝိညာဉ်ကျွန်းမှ လူအများကို ကြည့်လိုက်ကြပြီး စိတ်ထဲတွင် တွေးတောနေကြသည်။
ရန်ကျောက်ကဲက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်သော မိစ္ဆာသူတော်စင်ဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်သည်ဟု သေချာပေါက် မဆိုနိုင်သေးပေ။ ဤသည်က ကြံ့ဝိညာဉ်ကျွန်း၏ တစ်ဖက်သတ်စွပ်စွဲချက်သာ ဖြစ်သည်။
ထိုလူငယ်က ဤကမ္ဘာတွင် ရုတ်တရက်ထွက်ပေါ်လာသည့် ပင်လယ်ရပ်ခြားမှ သိုင်းသမားတစ်ယောက်ယောက်လည်း ဖြစ်နိုင်သည်။ ကြံ့ဝိညာဉ်ကျွန်းက ထိုလူငယ်နှင့် ရန်ငြိုးဖွဲ့ခဲ့ပြီး သူတို့ကိုပါဆွဲထည့်ရန်အတွက် မိစ္ဆာသူတော်စင်ဂိုဏ်းမှကျင့်ကြံသူဟု တမင်သက်သက် သတင်းဖြန့်ခြင်း ဖြစ်နိုင်၏။
ပြန်လမ်းမဲ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ တွက်ချက်မှုများစွာ ပြုလုပ်ခဲ့ပြီးနောက် ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့သာ ကြံ့ဝိညာဉ်ကျွန်းမှလူများနှင့်တိုက်ခိုက်ခဲ့လျှင် ကြံ့ဝိညာဉ်ကျွန်းအနေဖြင့် ကန်းလင်မိုးရေစက်များကို သူတို့နှင့်ပြိုင်ပြီးလုယူရန် အင်အားရှိတော့မည် မဟုတ်ဟု တွေးမိကြသည်။
ပြန်လမ်းမဲ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ၏ တောက်ပနေသောမျက်ဝန်းများကိုကြည့်ရင်း ကြံ့ဝိညာဉ်ကျွန်းမှသိုင်းသမားများ စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။
သို့သော် ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများတွင်လည်း ကိုယ်ပိုင်တွက်ချက်မှုများရှိကြသည်။ ကျွန်းသခင်’ဖန်းခန်း’ က ဤနေရာသို့ အလျှင်အမြန် ရောက်လာနေသည်ဖြစ်ရာ ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းချုပ်ထက် အချိန်စောပြီး ရောက်ရှိလာမည် ဖြစ်၏။
ထိုအချိန်ရောက်လျှင် သူတို့ကြံ့ဝိညာဉ်ကျွန်းက ရန်ကျောက်ကဲနှင့် ဖူအန်းစုကို ရှင်းပစ်ပြီး ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းသားများအပေါ်တွင်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး အခွင့်ကောင်းယူနိုင်မည် ဖြစ်သည်။
သူတို့က ရန်ကျောက်ကဲကို မုန်းတီးစွာလှမ်းကြည့်ရင်း...
“ကျွန်းသခင်ရောက်လာမှ မင်းကို အချိန်ကြာကြာလေး ပညာပေးပစ်ဦးမယ်”
ရန်ကျောက်ကဲကတော့ ကြံ့ဝိညာဉ်ကျွန်းနှင့် ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းမှ သိုင်းသမားများ မည်သို့တွေးသည်ကို အရေးမစိုက်ပေ။
သူက ဖူအန်းစုကို ခေါင်းညိတ်ပြရင်း...
“ဆရာဒေါ်လေး’ဖူ’... ခဏစောင့်ပေးပါ”
ဖူအန်းစုက...
“ရတယ်... ဘာမှမဖြစ်ဘူး ၊ ငါ ဒဏ်ရာရထားတယ်ဆိုပေမယ့် မင်းကိုတော့ ကာကွယ်ပေးနိုင်ပါသေးတယ်”
ရန်ကျောက်ကဲကပြုံးရင်း...
“ကျွန်တော် သိပ်ကြာမှာ မဟုတ်ပါဘူး”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲပုံရိပ်က အလင်းတန်းတစ်ခုပမာ လက်ခနဲပြောင်းလဲသွားပြီး ပင်လယ်ရေပြင်နှင့် သီးခြားဖြစ်တည်နေသော ကြည်လင်သည့်ရေစီးကြောင်းအတွင်းသို့ ဝင်ရောက်ပေါင်းစပ်သွားသည်။
ကန်းလင်မိုးရေစက်များဖြင့် ဖန်ဆင်းထားသော ရေစီးကြောင်းထဲတင်ရောက်လိုက်သည်နှင့် လန်းဆန်းသောခံစားချက်ကို ရန်ကျောက်ကဲ ခံစားလိုက်ရ၏။
ထို့နောက် သူက အရိပ်ကျုံ့အိတ်ကို ထုတ်ယူလိုက်ပြီး ဝင်္ကပါပင်လယ်မှရရှိထားသော ကျောက်ရုပ်တုကြီးအား ထုတ်ယူလိုက်ပြီး ထိုရုပ်တုကြီးကို ဖိနှိပ်ထားသည့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို ဖယ်ရှားလိုက်သည်။
ရန်ကျောက်ကဲခန္ဓာကိုယ်မှ ကြည်လင်သောချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာပြီး ကျောက်ရုပ်တုကြီးအတွင်းသို့ စိမ့်ဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ကန်းလင်မိုးရေစက်များသည်လည်း ကြည်လင်သောချီစွမ်းအားစီးကြောင်းများဖြင့် လွှမ်းခြုံခံထားရသော ကျောက်ရုပ်တုကြီးအတွင်းသို့ စီးဆင်းဝင်ရောက်သွားကြသည်။
ကျောက်ရုပ်တုကြီး အနည်းငယ် တုန်လှုပ်သွား၏။
အချိန်အတန်ကြာသည့်အခါ ကျောက်ရုပ်တုမျက်နှာပြင် အက်ကွဲသွားပြီး အတွင်းမှ ကျောက်စိမ်းရောင်အလင်းတန်းတစ်ခု တောက်ပစွာ ထွက်ပေါ်လာလေသည်။