အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း (၂၁၂) - ကျန့်ရိမု၏ အကြံပြုချက်
ချန်ကျဲ့၏ ငြင်းဆန်မှုကိုကြားပြီးနောက် မော့ရန်က လက်ကို တင်းတင်းဆုပ်ထားလိုက်ပြီး ဘာမှမပြောဘဲ နေလိုက်၏။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အသက်ကြီးကြီး ဗိုလ်ချုပ်တစ်ဦးက မေးလိုက်လေသည်။
"စခန်းကို ကာကွယ်ဖို့အတွက် စွမ်းအားရှင်တွေကို ငှားရင်ရော ဘယ်လိုလဲ..."
ဤစကားကို ကြားသောအခါ ဖန်လျန်ချင်းက ဝင်ပြောလိုက်၏။
"ဒါကတော့ ဖြစ်နိုင်မယ် မထင်ဘူး..."
အသက်ကြီးကြီး ဗိုလ်ချုပ်က အကြောင်းရင်းကို မမေးနိုင်မီပင် သူမက ဆက်ပြောလိုက်လေသည်။
"လူတွေကို ကျွေးဖို့တောင် ကျွန်မတို့ဆီမှာ ထောက်ပံ့ရေးပစ္စည်း အလုံအလောက်မရှိတာ... ဒီစွမ်းအားရှင်တွေကို ကျွန်မတို့အတွက် အလုပ်လုပ်ပေးဖို့ ပေးရမယ့် ထောက်ပံ့ရေးပစ္စည်းတွေ ဘယ်ကနေ သွားရှာရမှာလဲ..."
ကြာရှည်စွာ တိတ်ဆိတ်သွားပြီးနောက် မော့ရန်က ဟန်တိန့်ဟယ်ကို ကြည့်ကာ မေးလိုက်၏။
"ပါမောက္ခဟန်... သီးနှံတွေရဲ့ တိုးတက်မှု အခြေအနေက ဘယ်လိုရှိလဲ... ဒီတစ်ခါရော အထွက်နှုန်း ကောင်းနိုင်ပါ့မလား..."
ဟန်တိန့်ဟယ်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ပြောရတာ ဝမ်းနည်းစရာပါပဲ... မျိုးစေ့တွေရဲ့ အရည်အသွေးက အရမ်းကောင်းပေမဲ့ ကျွန်တော်တို့က ရေစိုက်ပျိုးရေးစနစ်ကိုပဲ သုံးပြီး စိုက်ပျိုးနိုင်တဲ့အတွက် ရိတ်သိမ်းမှုရလဒ်တွေက မျှော်လင့်ထားသလောက် မကောင်းဘူးဖြစ်နေတယ်...”
“ရေမှာ သတ္တုဓာတ် လိုအပ်နေတဲ့အပြင် သီးနှံတွေအတွက် ဖန်တီးပေးရမယ့် အလင်းရောင်စွမ်းအင်လည်း မလုံလောက်ဘူး... ဒီအချက်နှစ်ချက်တည်းနဲ့တင် သီးနှံအထွက်နှုန်းက တစ်ဝက်လောက် ကျဆင်းသွားရတယ်..."
သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် မော့ရန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"စခန်းကို ကာကွယ်ဖို့ စွမ်းအားရှင်တွေကို မငှားရမ်းနိုင်မှတော့ ပြည်သူတွေကို လက်ရှိအခြေအနေကို အသိပေးပြီး သူတို့ဘာသာသူတို့ ဆုံးဖြတ်ခိုင်းတာပဲ ကောင်းပါတယ်..."
ထိုစကားထွက်လာသည်နှင့် တက်ရောက်လာသူတိုင်းက ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် တညီတညွတ်တည်း တိုက်တွန်းကြလေသည်။
တစ်နာရီခန့် ငြင်းခုံပြီးနောက် မော့ရန်က သူ၏ မျက်ခုံးများကို ပွတ်သပ်လိုက်ကာ သူတို့ကို ရပ်တန့်ရန် လက်ကာပြလိုက်ပြီး ပြောလိုက်တော့၏။
"တော်ကြပါတော့... ဒီသတင်းကို အမြန်ဆုံး ကြေညာလိုက်ပါ... ပြီးတော့ သူတို့ဘာသာသူတို့ ဆုံးဖြတ်ခွင့် ပေးလိုက်ပါ..."
ထိုသို့ ပြောပြီးနောက် စားပွဲပတ်လည်တွင် ထိုင်နေသော လူများကို ကြည့်ကာ လေးနက်စွာ ပြောလိုက်လေသည်။
"ခင်ဗျားတို့ထဲက တစ်ယောက်ယောက် ထွက်သွားချင်တယ်ဆိုရင် ထောက်ပံ့ရေးဌာနကနေ ပစ္စည်းတချို့ကို ယူသွားနိုင်ပါတယ်... ခင်ဗျားတို့ရဲ့ တာဝန်ထမ်းဆောင်မှုတွေအတွက် ကျုပ်ရဲ့ ကျေးဇူးတင်စကားအဖြစ် မှတ်ယူပေးပါ..."
ထို့နောက် သူသည် ကျန့်ရိမုဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဗိုလ်ကြီးကျန့်... ဒီကိစ္စကို ခင်ဗျားဆီပဲ အပ်လိုက်မယ်..."
ကျန့်ရိမုက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ... ဗိုလ်ချုပ်..."
မော့ရန်က ကုလားထိုင်မှ မတ်တပ်ရပ်လိုက်ကာ ရှိနေသူအားလုံးကို ကြည့်၍ ပြောလိုက်၏။
"ကျုပ်မှာ လုပ်စရာလေးတွေ ရှိသေးတယ်... ခွင့်ပြုပါဦး..."
ထိုစကားကို ချန်ရစ်ခဲ့ပြီးနောက် မော့ရန်သည် အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားလေသည်။
ကျန့်ရိမုက သူ၏ ကျောပြင်ကို တွေဝေစွာ ကြည့်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့၏။ မော့ရန်က အရေးပေါ်တံခါးကို ဖွင့်လိုက်သည်ကို မြင်သောအခါ ကျန့်ရိမုလည်း နောက်မှ လိုက်သွားတော့သည်။
သူက တံခါးကို တွန်းဖွင့်လိုက်ပြီး မော့ရန်ကို ကြည့်ကာ ပြောလိုက်လေသည်။
"ဗိုလ်ချုပ်မော့... ခဏလောက် စောင့်ပါဦး..."
မော့ရန်က ခြေလှမ်းတန့်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ ကျန့်ရိမုက လှေကားထစ်များကို တစ်ခါတည်း နှစ်ထစ်ကျော် တက်လာသည်ကို မြင်လိုက်ရ၏။ မော့ရန်က သူ၏ လေးနက်သော အမူအရာကို ကြည့်ကာ မေးလိုက်လေသည်။
"ကျုပ်ကို တင်ပြစရာ တစ်ခုခုများ ရှိနေလို့လား... ဗိုလ်ကြီးကျန့်..."
ကျန့်ရိမုက သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဗိုလ်ချုပ်မော့... ကျွန်တော် ဗိုလ်ချုပ်ကို ပြောစရာတစ်ခု ရှိပါတယ်... ဒါပေမဲ့ ကျွန်တော့်စကားတွေက ဗိုလ်ချုပ်ကို စိတ်မဆိုးစေဖို့ မျှော်လင့်ပါတယ်..."
မော့ရန်က သူ့ကို ပင်ပန်းနွမ်းနယ်စွာ ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။
"ပြောပါ..."
သူ၏ စကားများကို ဂရုတစိုက် စဉ်းစားပြီးနောက် ကျန်ရိမုက ပြောလိုက်၏။
"ဗိုလ်ချုပ်မော့... လက်ရှိအခြေအနေက အရမ်းအရေးကြီးနေတယ်ဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိပါတယ်...”
“လူအင်အားနဲ့ ထောက်ပံ့ရေးပစ္စည်း အလုံအလောက်မရှိဘဲနဲ့ ကျွန်တော်တို့တွေ ဖုတ်ကောင်လှိုင်းလုံးကြီးဆီကနေ အသက်ရှင်နိုင်မှာ မဟုတ်ဘူး..."
မော့ရန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
"ခင်ဗျားပြောတာ မှန်ပါတယ်..."
သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်ကာ ကျန့်ရိမုက ဆက်ပြောလိုက်၏။
"ကျွန်တော့်မှာ အကြံပြုချက်တစ်ခု ရှိပါတယ်... ဗိုလ်ချုပ် စဉ်းစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
မော့ရန်က သူ့ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် မေးလိုက်လေသည်။
"ခင်ဗျားမှာ ဘယ်လိုအကြံပြုချက်မျိုးရှိလို့လဲ... အရင်ဆုံး နားထောင်ကြည့်ရအောင်..."
စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းနေပြီးနောက် ကျန့်ရိမုက ပြောလိုက်၏။
"ဗိုလ်ချုပ်... ကျွန်တော်တို့ ဝူလင်စခန်းနဲ့ ပူးပေါင်းလိုက်ရအောင်... သူတို့ရဲ့ လက်ရှိအင်အားနဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ စစ်သားတွေနဲ့ သာမန်ပြည်သူတွေကို ဒီကပ်ဘေးကနေ ကယ်တင်နိုင်မှာပါ..."
ကျန်ရိမု၏ စကားကို ကြားပြီးနောက် မော့ရန်မှာ အတွေးထဲသို့ နစ်မြုပ်သွားလေသည်။
သာမန်ပြည်သူများနှင့် ပြည်သူများကို စေတနာအစစ်အမှန်ဖြင့် အလုပ်အကျွေးပြုနေသော စစ်သားများကို ကယ်တင်နိုင်မည်ဆိုပါက သူ၏ အဆင့်အတန်းနှင့် နိုင်ငံရေးအာဏာကို သူ ဂရုမစိုက်ပေ။
ယခုအခါတွင် သူသည် မည်သူ့ကိုမျှ ကာကွယ်နိုင်စွမ်း မရှိတော့သည့်အတွက် သူတို့ကို ကာကွယ်ပေးနိုင်မည့် အခြားသူတစ်ဦးကို ရှာဖွေရပေမည်။
စဉ်းစားပြီးနောက် မော့ရန်က မျက်လုံးများကို ပင့်ကာ ကျန့်ရိမုကို ကြည့်၍ မေးလိုက်၏။
"ခင်ဗျားက ဘာလို့ တခြားစခန်းတွေကို မရွေးချယ်ဘဲ ဝူလင်စခန်းကို ရွေးချယ်ရတာလဲ... အားလုံးကို ကာကွယ်ပေးနိုင်တဲ့ အင်အားရှိတဲ့ ကွေ့မိသားစု စခန်းလိုမျိုး စခန်းကြီးတွေလည်း ရှိနေတာပဲကို..."
ကျန်ရိမုက မော့ရန်သည် သာမန်ပြည်သူများကို ဂရုစိုက်ကြောင်း သိထားသဖြင့် ပြောလိုက်လေသည်။
"ဗိုလ်ကြီးရှို့က ဝူလင်စခန်းရဲ့ ပိုင်ရှင်ပါ... သူ့မှာ ကောင်းမွန်တဲ့ စရိုက်ရှိပြီး ကျွန်တော်တို့လိုပဲ သာမန်ပြည်သူတွေကို ဂရုစိုက်ပါတယ်...”
“သူတို့နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် သူက သာမန်ပြည်သူတွေကို တခြားစခန်းခေါင်းဆောင်တွေထက် ပိုကောင်းကောင်း ဆက်ဆံလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်တယ်...”
“ပြီးတော့ ကွေ့မိသားစုက နောက်ခံအင်အား တောင့်တင်းပေမဲ့ သူတို့က အရမ်းကို လျှို့ဝှက်လွန်းတယ်...”
“ကောင်းလား၊ ဆိုးလားဆိုတာ မသိရတဲ့သူတွေအပေါ် ကျွန်တော်တို့ရဲ့ စစ်သားတွေနဲ့ ပြည်သူတွေရဲ့ အသက်ကို လောင်းကြေးထပ်သင့်တယ်လို့ ကျွန်တော် မထင်ဘူး..."
သူ၏ အဖြေကို နားထောင်ပြီးနောက် မော့ရန် စဉ်းစားလိုက်၏။ ကြာရှည်စွာ တိတ်ဆိတ်သွားပြီးနောက် သူက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
"ဗိုလ်ကြီးရှို့ကို ကျွန်တော်တို့ ယုံကြည်နိုင်တယ်လို့ ခင်ဗျားပြောမှတော့ ဒီတစ်ကြိမ်မှာ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် ယုံကြည်ပေးလိုက်မယ်..."
ထိုသို့ပြောပြီးနောက် သူက လေးနက်စွာ ဆက်ပြောလိုက်၏။
"ဒီကိစ္စကို လောလောဆယ် တခြားလူတွေကို မသိစေနဲ့ဦး...”
“ရက်အနည်းငယ်ကြာရင် ဝူလင်စခန်းနဲ့ ပူးပေါင်းမယ့် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာမယ်...”
“ခင်ဗျားအနေနဲ့ ရှောင်ပိုင်ကို ဆက်သွယ်ပြီး ဝူလင်စခန်းနဲ့ ဒီကိစ္စကို ညှိနှိုင်းပေးဖို့ သူ့ကို တောင်းဆိုလိုက်ပါ..."
မော့ရန်က သူ၏ အကြံပြုချက်ကို သဘောတူလိုက်သည်ကို မြင်သောအခါ ကျန့်ရိမု သက်ပြင်းချနိုင်သွား၏။ သူက မော့ရန်ကို အလေးပြုလိုက်ပြီး ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ... ဗိုလ်ချုပ်..."
မော့ရန်ကို ရုံးခန်းသို့ ပြန်လည်ပို့ဆောင်ပြီးနောက် ကျန့်ရိမုသည် ထောက်ပံ့ရေးဌာနသို့ အလျင်စလို ပြန်သွားခဲ့၏။
သူ ရောက်လာချိန်တွင် စစ်သားများသည် လူများကို နေရာချပေးကာ ထွက်ခွာရန် ရွေးချယ်သူများကို ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးနေ၍ အလုပ်ရှုပ်နေကြသည်ကို မြင်လိုက်ရသည်။ သူသည် အတန်ကြာ စောင့်ကြည့်နေပြီးနောက် ရုံးခန်းထဲသို့ ဝင်သွားလေသည်။
အပြင်ဘက်မှ ရှုပ်ထွေးနေသော အခြေအနေနှင့်မတူဘဲ ရုံးခန်းထဲတွင် အလုပ်လုပ်နေသော စစ်သားများသည် အလွန်အလုပ်ရှုပ်နေသော်လည်း တည်ငြိမ်ပြီး စနစ်တကျ အလုပ်လုပ်နေကြ၏။ သူ လာသည်ကို မြင်သောအခါ စစ်သားတစ်ဦးက အမြန်လျှောက်လာပြီး ပြောလိုက်လေသည်။
"ဗိုလ်ကြီး... ဒါက ထွက်သွားမယ့်သူတွေကို ဝေငှပေးမယ့် ထောက်ပံ့ရေးပစ္စည်းစာရင်းပါ... ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး..."
ကျန့်ရိမုက ရှည်လျားသော စာရင်းကို စစ်ဆေးကာ သူ၏ နာမည်ကို လက်မှတ်ရေးထိုးလိုက်ပြီးနောက် ပြောလိုက်၏။
"ထွက်သွားတဲ့သူတွေရဲ့ နာမည်စာရင်းကို မိတ္တူကူးထားလိုက်... ဂိတ်တံခါးကို စောင့်နေတဲ့ စစ်သားတွေက သူတို့ကို ထွက်မသွားခိုင်းခင် စာရင်းကို သေချာစစ်ဆေးခိုင်းလိုက်..."
စစ်သားက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ... ဗိုလ်ကြီး..."