အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း (၂၁၃) - အဆိုပြုချက်
အရေးပေါ် စာရွက်စာတမ်းအချို့ကို စစ်ဆေးဆောင်ရွက်ပြီးနောက် ကျန့်ရိမုသည် သူ၏ ရုံးခန်းငယ်လေးထဲသို့ လျှောက်သွားကာ ဆက်သွယ်ရေးကိရိယာပေါ်ရှိ လျှို့ဝှက်ကုဒ်များကို နှိပ်လိုက်၏။
စက္ကန့်အနည်းငယ်မျှ စောင့်ဆိုင်းပြီးနောက် တစ်ဖက်မှ ထန်ပိုင်၏အသံနှင့်အတူ သတ္တုခေါက်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
"ဘာဖြစ်လို့လဲ..."
ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ဖုတ်ကောင်များ၏ ဟိန်းဟောက်သံများကို ကြားလိုက်ရသဖြင့် ကျန့်ရိမုသည် လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်၏။
"အစ်ကိုထန်... ဗိုလ်ချုပ်မော့က ခင်ဗျားကို ဝူလင်စခန်းဆီ သွားစေချင်နေတယ်... ဗိုလ်ကြီးရှို့နဲ့ ညှိနှိုင်းစေချင်လို့တဲ့..."
စစ်မြေပြင်၏ အလယ်ဗဟိုတွင် ထန်ပိုင်သည် ဖုတ်ကောင်တစ်အုပ်ကို သတ္တုကျည်ဆန်များဖြင့် ပစ်ခတ်လိုက်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။
"ဗိုလ်ကြီးရှို့နဲ့ ဘာအကြောင်း ညှိနှိုင်းရမှာလဲ..."
"ကျုပ်တို့စခန်းကို ဝူလင်စခန်းနဲ့ ပူးပေါင်းမယ့်ကိစ္စပါပဲ..."
ကျန့်ရိမုက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
ဤစကားများ ထွက်ပေါ်လာသည်နှင့် ထန်ပိုင်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားလေသည်။
ကျန့်ရိမုသည် ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာသော ပစ်ခတ်သံများနှင့် ရိုက်ခတ်သံများကို နားထောင်ရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။ နှစ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ထန်ပိုင်က ပြန်ပြောလာသည်။
"ဦးလေးက ကျုပ်တို့ကို ဝူလင်စခန်းနဲ့ ပူးပေါင်းစေချင်တာလား..."
"ဟုတ်တယ်... ကျုပ်တို့ဆီမှာရှိတဲ့ လူအင်အား၊ ရိက္ခာအင်အားနဲ့ဆိုရင် သာမန်ပြည်သူတွေကို ကာကွယ်ပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး...”
“ဗိုလ်ချုပ်က သာမန်ပြည်သူတွေရဲ့ အကျိုးနဲ့ စစ်သားတွေရဲ့ လုံခြုံရေးအတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစားပြီး ဒီဆုံးဖြတ်ချက်ကို ချလိုက်တာပါ..."
ကျန့်ရိမုက သက်ပြင်းချရင်း ပြန်ဖြေလိုက်လေသည်။
ဤဆုံးဖြတ်ချက်သည် အမှန်ကန်ဆုံးဖြစ်ကြောင်း သိနေသဖြင့် ထန်ပိုင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"ကောင်းပြီလေ... ဒီကိစ္စအတွက် ဗိုလ်ကြီးရှို့နဲ့ သွားပြောပေးမယ်... ဝူလင်စခန်းကို ပူးပေါင်းဖို့ ဘယ်နှစ်ယောက်လောက် လိုက်လာကြမလဲ..."
ကျန့်ရိမုသည် ပြတင်းပေါက်ငယ်လေးမှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ လူအုပ်ကြီးကို မြင်လိုက်ရသည်။ သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။
"အများဆုံးမှ စစ်သားတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ သိပ္ပံပညာရှင် ၇၀% လောက်ပဲ ကျုပ်တို့နဲ့ ပူးပေါင်းလိမ့်မယ်... စွမ်းအားရှင်တွေနဲ့ သာမန်ပြည်သူတွေကတော့ ထွက်သွားဖို့ ရွေးချယ်ခဲ့ကြတယ်..."
ထိုအရေအတွက်ကို ကြားသောအခါ ထန်ပိုင်က မဆဲဘဲ မနေနိုင်တော့ချေ။ သူက အံကြိတ်ကာ ပြောလိုက်၏။
"နားလည်ပြီ... ဗိုလ်ကြီးရှို့နဲ့ သေသေချာချာ ရှင်းပြပြီးရင် ပြန်ဆက်သွယ်လိုက်မယ်... ငါ အခု အရမ်းအလုပ်များနေလို့ မင်းနဲ့ စကားဆက်မပြောတော့ဘူး..."
စကားဆုံးသည်နှင့် ကျန့်ရိမုသည် ‘တီတီ’မည်သံကို ကြားလိုက်ရသည်။
ဆက်သွယ်ရေးကိရိယာကို ချထားလိုက်ပြီးနောက် သူသည် မထွက်ခွာမီ နောက်ဆုံးရိက္ခာများကို ရယူရန် အပြင်ဘက်၌ တန်းစီနေကြသော လူများကို ရပ်ကြည့်နေမိ၏။ ထို့နောက် ခေါင်းခါယမ်းလိုက်ပြီး ရေရွတ်လိုက်လေသည်။
"ဒီလူတွေအတွက် အသက်စွန့်ရတာ တကယ်ကို တန်ဖိုးမရှိတာပဲ..."
စစ်ဘက်ဆိုင်ရာစခန်းမှ စစ်သားများ အလုပ်များနေချိန်တွင် အက်စ်မြို့အနီးရှိ အခြားသော စခန်းများသည်လည်း ဖုတ်ကောင်လှိုင်းလုံးကြီးကို ကာကွယ်ရန် ပြင်ဆင်နေကြသဖြင့် အလုပ်များနေကြသည်။
ထိုအချိန်တွင် ကျူးလင်နှင့် အခြားသူများသည်လည်း ဖုတ်ကောင်များနှင့် သန္ဓေပြောင်းတိရစ္ဆာန်များကို တိုက်ခိုက်ရာ၌ အလုပ်များနေကြ၏။ လူတိုင်း အလုပ်များနေကြသဖြင့် အချိန်ကုန်သွားမှန်းပင် မသိလိုက်ကြချေ။
ငါးရက်ကြာပြီးနောက် အိပ်ခန်းထဲတွင် ကျူးလင်သည် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်လေသည်။
မသန့်စင်သော လေဆိုးများကို ရှူထုတ်လိုက်ပြီးနောက် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော မှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်ကြီးက မှောင်မိုက်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရ၏။
ကုတင်ဘေးရှိ စားပွဲခုံပေါ်မှ နာရီကို လှည့်ကြည့်လိုက်သောအခါ မနက်ရှစ်နာရီပင် ထိုးနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမ မျက်မှောင်ကြုတ်သွားလေသည်။
ကော်ဇောခင်းထားသော ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေစဉ် ထူထူသည် ကျောက်စိမ်းအိုးတစ်လုံးကို သယ်ဆောင်ကာ သူမ၏ ဝိညာဉ်နန်းတော်ထဲမှ ရုတ်တရက် ထွက်ပေါ်လာ၏။
ကျောက်စိမ်းအိုးကို ကြမ်းပြင်ပေါ် ချထားလိုက်ပြီးနောက် ထူထူက သူမကို ကြည့်ကာ ပြောလိုက်သည်။
"သခင်မ... ဒါက သခင်မအတွက် ကျွန်တော် လုပ်ထားတဲ့ ချီသစ်သီးချဉ်ပါ..."
ကျူးလင်က ထူထူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး အိုးအဖုံးကိုဖွင့်ကာ ချီသစ်သီးချဉ် တစ်လုံးကို ယူလိုက်၏။ ခေတ္တမျှ မြည်းစမ်းကြည့်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"အရမ်းစားလို့ကောင်းတာပဲ... ကျေးဇူးပါ ထူထူရေ..."
ထူထူက ၎င်း၏ ရှေ့လက်ဖဝါးများကို သူမ၏ ခြေထောက်များပေါ် တင်လိုက်ပြီး ပြောလိုက်သည်။
"သခင်မ သဘောကျတယ်ဆို ကျွန်တော် အမြဲလုပ်ပေးပါ့မယ်..."
ကျူးလင်က သူမ၏ ယုန်လေးကို ပြုံးပြကာ ပြောလိုက်၏။
"ဒီရက်ပိုင်း နင် အလုပ်တွေ အရမ်းကြိုးစားထားလို့ ဆုချတဲ့အနေနဲ့ ဒါလေး ပေးမယ်..."
ထိုသို့ပြောပြီးနောက် ကျူးလင်သည် လက်ညှိုးနှင့် လက်ခလယ်ကို အသုံးပြု၍ ထူထူ၏ နဖူးအလယ်တည့်တည့်ကို ထိလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် နတ်ဘုရားစွမ်းအင်များသည် ထူထူ၏ နဖူးထဲသို့ စီးဝင်သွားပြီး ၎င်း၏ ဒန်တျန်ထဲသို့ ဝင်ရောက်သွား၏။ ဆယ်မိနစ်အကြာတွင် ကျူးလင်သည် လက်ချောင်းများကို ရုပ်သိမ်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
ထူထူက ၎င်း၏ ဒန်တျန်ကို စစ်ဆေးကြည့်လိုက်ပြီး သူမကို အံ့ဩတကြီး ကြည့်ကာ ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် သခင်မ..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျောက်စိမ်းအိုးကို သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ထည့်ကာ အိပ်ခန်းထဲမှ ထွက်လာခဲ့၏။ သူမ၏ အနောက်မှနေ၍ ထူထူက လိုက်ပါလာရင်း မေးလိုက်သည်။
"သခင်မ... အပြင်ဘက်မှာ ဘာလို့ အဲဒီလောက်တောင် မှောင်နေရတာလဲ..."
ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ငါလည်း မသိဘူး..."
သူတို့နှစ်ယောက် စကားပြောနေစဉ် ရှို့ဝူက သူတို့ကို မြင်သွားပြီး အောက်ထပ်မှနေ၍ လက်လှမ်းပြလေသည်။ ဆိုဖာပေါ်တွင် ထိုင်နေသော ထန်ပိုင်နှင့် စုန့်ချန်စုတို့ကို ကြည့်ကာ ကျူးလင်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်၏။
"ဒီရက်ပိုင်း ဧည့်သည်လာတာ ရှားပါလား..."
ရှို့ဝူ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် ကျူးလင်က ထန်ပိုင်ကို ကြည့်ကာ မေးလိုက်သည်။
"ဗိုလ်ကြီးထန်... ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းတိရစ္ဆာန်တွေ ဝိုင်းရံထားခံရတဲ့ အချိန်မျိုးမှာ ကျွန်မတို့ဆီ လာလည်ဖို့ဆိုတာ အရမ်းကို ခက်ခဲမှာပဲနော်..."
ထန်ပိုင်က ပြုံးလိုက်ပြီး ပြောလိုက်၏။
"တကယ်ကို မလွယ်ကူပါဘူး... ဒါပေမဲ့ ဗိုလ်ကြီးရှို့နဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စလေးတစ်ခု ရှိနေလို့ပါ..."
ကျူးလင်က မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး မေးလိုက်လေသည်။
"ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်တို့က အသက်အန္တရာယ်ကိုတောင် အလေးမထားဘဲ ဗိုလ်ကြီးရှို့နဲ့ လာတွေ့ရလောက်အောင် ဘယ်လိုအရေးကြီးကိစ္စမျိုးများ ရှိနေလို့လဲ..."
သူမ၏ အမေးစကားကို ကြားသောအခါ စုန့်ချန်စုက ပြုံးလိုက်ပြီး ပြောလိုက်၏။
"ကျုပ်တို့က ဝူလင်စခန်းနဲ့ ပူးပေါင်းဖို့ အဆိုပြုချင်လို့ စစ်ဘက်ဆိုင်ရာစခန်းရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဒီကိုလာခဲ့တာပါ..."
ထိုစကားထွက်လာသည်နှင့် ရှို့ဝူနှင့် ကျူးလင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
မော့ရန်က သူတို့စခန်းကို စွန့်လွှတ်ကာ ဤနေရာနှင့် ပူးပေါင်းရန် အဆိုပြုလာလိမ့်မည်ဟု ကြားသောအခါ ရှို့ဝူ အနည်းငယ် အံ့ဩသွားလေသည်။
အကယ်၍ သူတို့သာ စစ်ဘက်ဆိုင်ရာစခန်းထံမှ စစ်သုံးယာဉ်များကို ရရှိနိုင်မည်ဆိုပါက သူတို့၏ လုပ်ငန်းစွမ်းဆောင်ရည်သည် များစွာ တိုးတက်လာပေလိမ့်မည်။
သူတို့၏ မျက်လုံးများထဲမှ အံ့ဩမှုနှင့် မေးခွန်းထုတ်မှုများကို မြင်သောအခါ ထန်ပိုင်က ပြောလိုက်၏။
"ဒါက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးဆိုတာ ကျုပ် သိပါတယ်... ပြီးတော့ ဗိုလ်ကြီးရှို့ကိုလည်း ချက်ချင်း သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး... ဒါပေမဲ့ ကျုပ်တို့ရဲ့ အဆိုပြုချက်ကို အရင်ဆုံး စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်..."
ရှို့ဝူသည် သူနှင့် စုန့်ချန်စုတို့ကို ခေတ္တမျှ အကဲခတ်ကြည့်လိုက်ပြီး မေးလိုက်လေသည်။
"ဒီလိုပူးပေါင်းခြင်းကနေ ကျုပ် ဘာအကျိုးအမြတ်တွေ ရနိုင်မလဲ..."
“ဗိုလ်ချုပ်မော့က ကျုပ်တို့နဲ့ ပူးပေါင်းချင်နေတယ်ဆိုကတည်းက ခင်ဗျားတို့က ကျုပ်တို့ကို လိုအပ်နေလို့ပဲ..."
“ဒါက စီးပွားရေးကိစ္စတစ်ခုဖြစ်နေတော့ ဒီအရောင်းအဝယ်ကနေ ကျုပ် ဘာအကျိုးအမြတ်တွေ ရနိုင်မလဲဆိုတာကို သိဖို့ လိုတယ်..."