← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း (၂၁၅) - သူက အရမ်းမိုက်တာပဲ

သူမ၏ ယုံကြည်မှုရှိသော မျက်နှာထားကိုကြည့်ကာ ထန်ဝေ့သည် အချိန်အတော်ကြာ တုံ့ဆိုင်းနေရရှာ၏။ သူ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ သူမက မြေပြင်ပေါ်တွင် ထိုင်နေကြသော ဖြူလျော့နွမ်းနယ်နေသည့် စွမ်းအားရှင်များကို လက်ညှိုးထိုးပြလိုက်ပြီးနောက် စကားဆိုလိုက်လေသည်။

"သူတို့ကို ကြည့်လိုက်ပါဦး... ဒီတိုင်း ဆက်သွားနေရင် သူတို့ ပင်ပန်းပြီး သေကုန်ကြလိမ့်မယ်..."

သူမ၏စကားကို ကြားသောအခါ ထန်ဝေ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လက်ကို တင်းကျပ်စွာ ဆုပ်ထားလိုက်၏။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းပြီလေ... သုံးနာရီပဲ... နောက်သုံးနာရီနေရင် ငါတို့ပြန်လာပြီး ဆက်လုပ်ကြမယ်... မင်းကိုယ်မင်း ဖိအားအရမ်းမပေးမိအောင် သတိထားပါဦး..."

ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"အင်း... ငါသိပါတယ်..."

ထိုသို့ပြောပြီးနောက် သူမက ဝိညာဉ်နန်းတော်ထဲသို့ လှမ်းကြည့်လိုက်ပြီး စကားဆိုလိုက်၏။

'ပင်းကျန့်... ထွက်လာခဲ့တော့...'

သူမ၏ အမိန့်ကို ကြားပြီးနောက် ပင်းကျန့်သည် ဝိညာဉ်နန်းတော်ထဲမှ ထွက်လာကာ သူမအနီးတွင် ပေါ်လာလေသည်။ ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောသော အမျိုးသားကို မြင်လိုက်ရသောအခါ ထန်ဝေ့သည် အံ့ဩသွား၏။

ထန်ဝေ့က ပင်းကျန့်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

"ရှောင်လင်... သူက ဘယ်သူလဲ... ဘာလို့ တစ္ဆေတစ်ကောင်လို ဒီနေရာမှာ ရုတ်တရက်ကြီး ပေါ်လာရတာလဲ..."

ထန်ဝေ့က သူ့ကို တစ္ဆေဟုခေါ်သည်ကို ကြားလိုက်ရသောအခါ ပင်းကျန့်က မျက်ခုံးပင့်လိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်လေသည်။

"ဘယ်သူ့ကို တစ္ဆေလို့ခေါ်နေတာလဲ... ငါက နတ်ဘုရားဓားဝိညာဉ်ကွ... မင်းက ငါ့ကို တစ္ဆေလို့ခေါ်ရဲတယ်ပေါ့လေ..."

ပင်းကျန့်၏ စကားကို ကြားပြီးနောက် ထန်ဝေ့က ကျူးလင်ကို ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။

"ရှောင်လင်... သူက တကယ်ကြီး ဓားဝိညာဉ်လား..."

ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်... သူက ငါ့ရဲ့ ဓားဝိညာဉ်ပဲ..."

ထန်ဝေ့၏ လက်ညှိုးက သူ့ထံ ထိုးချိန်နေဆဲဖြစ်သည်ကို မြင်သောအခါ ပင်းကျန့်က ထိုလက်ကို ရိုက်ချလိုက်ပြီး ပြောလိုက်လေ၏။

"ရိုင်းစိုင်းလိုက်တာ... ငါ့ကို လက်ညှိုးလာမထိုးနဲ့..."

သူမ၏ ဓားဝိညာဉ်သည် ဒေါသကြီးကြောင်း ကျူးလင်က သိထားသဖြင့် ထန်ဝေ့ကို အားနာစွာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"သူ့ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်... ပင်းကျန့်က ဓားဝိညာဉ်ဆိုတော့ ဒေါသနည်းနည်းကြီးတတ်တယ်..."

ထန်ဝေ့က ခေါင်းခါယမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်၏။

"ရှောင်လင်... ငါ့ကို တောင်းပန်စရာမလိုပါဘူး... ငါ စိတ်ထဲမထားပါဘူး..."

ပင်းကျန့်၏ ရိုင်းစိုင်းသော အပြုအမူကို သူ တကယ်ပင် စိတ်ဆိုးခြင်းမရှိသည်ကို မြင်သောအခါ ကျူးလင်က စကားဆိုလိုက်လေသည်။

"ဒါဆိုရင် ရှင်တို့ ပြန်ပြီး အနားယူသင့်ပြီ..."

ထိုသို့ပြောပြီးနောက် ကျူးလင်က ပင်းကျန့်ကို ကြည့်ကာ ပြောလိုက်သည်။

"ပင်းကျန့်... နင့်ဒေါသကို ထိန်းနိုင်အောင် လေ့ကျင့်ဖို့ လိုသေးတယ်... ဒီနေ့တော့ ဒီဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ငါတို့ ရှင်းလင်းရမယ်..."

သူမ၏စကားကို ကြားပြီးနောက် ပင်းကျန့်သည် ခြံစည်းရိုးကို ကပ်ထားသော အရုပ်ဆိုးပြီး ရွံရှာဖွယ်ကောင်းသည့် မျက်နှာများရှိသော ဖုတ်ကောင်များကို လှည့်ကြည့်လိုက်၏။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။

ပင်းကျန့်က ခေါင်းခါယမ်းလိုက်ပြီး အော်ပြောလိုက်လေသည်။

"ဟင့်အင်း... အဲဒီရွံစရာကောင်းတဲ့ ရုပ်သေးရုပ်တွေကို မထိချင်ဘူး..."

ကျူးလင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"ငါလည်း ဘာမှမတတ်နိုင်ဘူးလေ..."

ထိုသို့ပြောပြီးနောက် သူမသည် ပင်းကျန့်၏ ပင်ကိုသဏ္ဌာန်ဖြစ်သော ဓားကို ထုတ်ယူလိုက်ပြီး လထောင်ချီခြေလှမ်းကို အသက်သွင်းလိုက်လေသည်။

ပင်းကျန့် တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ကျူးလင်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ခြံစည်းရိုးအပြင်ဘက်တွင် ပေါ်လာကာ ဖုတ်ကောင်အုပ်စုများကြား၌ လျင်မြန်စွာ လှုပ်ရှားနေတော့သည်။

ဖုတ်ကောင်များ၏ ခေါင်းများကို ခြေနင်းရာအဖြစ် အသုံးပြုကာ ကျူးလင်သည် ဖုတ်ကောင်များ၏ လက်သည်းများနှင့် သွားများကို ရှောင်ရှားရင်း လွတ်လပ်စွာ လှုပ်ရှားသွားလာနေ၏။

သူမသည် လေထဲတွင် လှည့်ပတ်လှုပ်ရှားကာ ဓားကို ဝှေ့ယမ်းလိုက်ပြီး ဖုတ်ကောင်တစ်စုကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်လေသည်။

တံတိုင်းနောက်တွင် ရပ်နေသော ပင်းကျန့်မှာ တစ်ကိုယ်လုံး အေးစက်စေးကပ်ပြီး ရွံရှာဖွယ်ခံစားချက်ကို ခံစားလိုက်ရသဖြင့် မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ သူသည် အံကို တင်းတင်းကြိတ်ကာ ကျူးလင်ကို ကြည့်ပြီး အော်ပြောလိုက်လေ၏။

"သခင်မ... ခင်ဗျား အရမ်းလွန်သွားပြီ..."

သူ၏ သခင်အပေါ် မကျေနပ်မှုကို ဖော်ပြပြီးနောက် ပင်းကျန့်သည် လေထဲသို့ ခုန်တက်ကာ မြင့်မားသော တံတိုင်းကို လွယ်ကူစွာ ကျော်ဖြတ်သွားလေသည်။ သူ၏ ချောမွေ့ပြီး ကျွမ်းကျင်လှသော လှုပ်ရှားမှုများကို ကြည့်ကာ ထန်ဝေ့က နှုတ်ခမ်းသပ်လိုက်ပြီး အားကျစွာဖြင့် ရေရွတ်လိုက်၏။

"သူက အရမ်းမိုက်တာပဲ..."

စစ်မြေပြင်တွင် ထူထူသည် ကျူးလင်၏ ပခုံးပေါ်၌ တည်ငြိမ်စွာ ထိုင်နေပြီး စကားဆိုလိုက်လေသည်။

'သခင်မ... ကျွန်တော် သလင်းကျောက်အမြုတေ သွားကောက်လိုက်ဦးမယ်...'

ကျူးလင်သည် ဖုတ်ကောင်တစ်ကောင်၏ ခေါင်းကို ကန်ချလိုက်ပြီး ပခုံးပေါ်မှ ခေါင်းပြတ်ထွက်သွားစေရင်း သဘောတူလိုက်၏။

'အင်း... သွားလေ...'

သူမ၏ ခွင့်ပြုချက်ရသည်နှင့် ထူထူသည် ပခုံးပေါ်မှ ခုန်ဆင်းသွားပြီး ဖုတ်ကောင်အုပ်စုကြီးထဲသို့ ပျောက်ကွယ်သွားလေသည်။ စက္ကန့်အနည်းငယ်အကြာတွင် ပင်းကျန့်သည် သူမအနားသို့ ရောက်လာပြီး မေးလိုက်၏။

"သခင်မ... ဒီရုပ်သေးရုပ်တွေ အားလုံးကို တကယ်ကြီး ရှင်းလင်းပစ်ချင်တာလား..."

ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ဒီနေရာမှာ ဖုတ်ကောင်တွေ ထပ်ပြီး စုဝေးခွင့် ပေးလို့မဖြစ်တော့ဘူး... တခြားဖုတ်ကောင်တွေကို ဆက်ပြီး ခေါ်နေခွင့်ပြုတာက အန္တရာယ်များတယ်..."

သူမပြောသည်ကို ကြားသောအခါ ပင်းကျန့်က မျက်လုံးလှန်ကြည့်လိုက်ပြီး တိုးညင်းသော အသံဖြင့် ရေရွတ်လိုက်လေ၏။

"ခင်ဗျားက အရမ်းစိတ်ထားနူးညံ့လွန်းတယ်..."

ကျူးလင်က သူ့ကို တစ်ချက်ကြည့်လိုက်ကာ ပြုံးပြီး ပြောလိုက်သည်။

"နတ်ဘုရားတစ်ပါးအနေနဲ့ သက်ရှိတွေ အားလုံးကို ကာကွယ်စောင့်ရှောက်ဖို့က ငါ့ရဲ့တာဝန်ပဲလေ..."

သူမကို ဘာပြောပြော အချည်းနှီးသာဖြစ်မည်ကို ပင်းကျန့် သိထားသဖြင့် သူ၏ မကျေနပ်ချက်များကို ဖွင့်ထုတ်ရန်အတွက် ဖုတ်ကောင်များကို သဲအိတ်များအဖြစ် အသုံးပြုလိုက်လေသည်။

တစ်နာရီကျော်ခန့် တိုက်ခိုက်ပြီးနောက် ဝူလင်စခန်းသို့ ချဉ်းကပ်လာသော ဖုတ်ကောင်အရေအတွက်သည် သူတို့သတ်ဖြတ်ခဲ့သော ဖုတ်ကောင်အရေအတွက်ထက် ပိုများနေသည်ကို ကျူးလင် သတိပြုမိသွား၏။

ဤအတိုင်းသာ ဆက်သွားနေပါက တံတိုင်းသည် ဤဖုတ်ကောင်များ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။

သူမသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လေထဲသို့ ခုန်တက်လိုက်သည်။

လေထဲတွင် မျောလွင့်နေစဉ် ကျူးလင်သည် ဘယ်ဘက်လက်ဖြင့် လက်သင်္ကေတတစ်ခုကို ဖော်ဆောင်လိုက်ပြီး ညာဘက်လက်ဖြင့် သူမ၏ဓားကို အလျားလိုက် ကိုင်ဆောင်ထားလိုက်၏။ လက်သင်္ကေတ ဖော်ဆောင်ပြီးစီးသွားသောအခါ သူမသည် လက်ညှိုးနှင့် လက်ခလယ်ဖြင့် ဓားကို ပွတ်ဆွဲလိုက်လေသည်။

“ရွှစ်... ဝှစ်...”

တစ်ချိန်တည်းမှာပင် ပင်းကျန့်သည် အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ မူလကိုယ်ထည်ထဲသို့ ပျံသန်းဝင်ရောက်သွား၏။

နောက်တစ်စက္ကန့်တွင် ကြီးမားသော ရေခဲပြာရောင် အစီအရင်တစ်ခုသည် ကောင်းကင်ယံ၌ ထွက်ပေါ်လာလေသည်။ အစီအရင် လင်းလက်လာသည်နှင့်အမျှ ပုံစံများ ပြောင်းလဲသွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် အစီအရင်မှာ ပြီးပြည့်စုံသွားတော့သည်။

ကျူးလင်သည် လက်သင်္ကေတကို ထပ်မံဖော်ဆောင်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ရေခဲဓားရာပေါင်းများစွာသည် ကောင်းကင်ယံ၌ ပေါ်လာလေ၏။ အောက်ဘက်ရှိ ဖုတ်ကောင်များကို ကြည့်ကာ ကျူးလင်က တည်ငြိမ်စွာ စကားဆိုလိုက်သည်။

"သတ်ဖြတ်ခြင်း ဓားအစီအရင်... ပထမကွက်... ဓားမိုးရေစက်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် ရေခဲဓားများသည် အောက်ဘက်ရှိ ဖုတ်ကောင်များနှင့် သန္ဓေပြောင်း သတ္တဝါများအပေါ်သို့ သဲကြီးမဲကြီး ရွာသွန်းနေသော မိုးရေများကဲ့သို့ ပစ်ချလာပြီး ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

“ရွှပ်... ရွှပ်... ရွှပ်...”

ရေခဲဓားများက ဖုတ်ကောင်များနှင့် သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်နေစဉ် ကောင်းကင်ယံ၌ ရေခဲဓားများ ပိုမိုထွက်ပေါ်လာ၏။

ကျူးလင်သည် သတ်ဖြတ်ခြင်း ဓားအစီအရင်ဖြင့် ဖုတ်ကောင်များကို သတ်ဖြတ်နေစဉ် ထူထူသည်လည်း အောက်ဘက်တွင် လျင်မြန်စွာ လှုပ်ရှားနေလေသည်။

ထူထူသည် ရေခဲဓားများကို ရှောင်ရှားရင်း သလင်းကျောက်အမြု‌တေများကို ကောက်ယူကာ သိုလှောင်အိတ်ထဲသို့ ထည့်ရန်လည်း အလုပ်များနေတော့သည်။

All Chapters