← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း (၂၁၆) - အစီအစဉ်

စစ်မြေပြင်တွင် ကြီးမားလှသော လှုပ်ရှားမှုများ ရှိနေသည့်အတွက် လူပိုများလာကာ ကျူးလင် ဖုတ်ကောင်များနှင့် သန္ဓေပြောင်းတိရစ္ဆာန်များကို သတ်ဖြတ်နေသည်ကို ထွက်လာ၍ ကြည့်ရှုနေကြ၏။ အဝေးတစ်နေရာ တောင်ကုန်းထိပ်ရှိ ကြီးမားသော စစ်ဘက်သုံးတဲကြီးတစ်ခုအတွင်း၌ လူတစ်စု အလုပ်လုပ်နေကြလေသည်။

လက်ပ်တော့တစ်လုံးပေါ်တွင် စာရိုက်နေသော လူတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

"ဗိုလ်ကြီး... ခင်ဗျား ဒီကိုလာပြီး ဒါလေးကို ကြည့်သင့်တယ်လို့ ကျုပ်ထင်တယ်..."

ခေါင်းဆောင်ဖြစ်သူက သူ၏အနီးသို့ လျှောက်သွားကာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ..."

ထိုလူက လက်ပ်တော့စခရင်ကို လက်ညှိုးထိုးပြကာ ဆိုလိုက်လေသည်။

"ဒါကို ကြည့်ကြည့်ပါ..."

ခေါင်းဆောင်ဖြစ်သူသည် စခရင်ပေါ်မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ဆွံ့အသွားရရှာ၏။

လေထဲတွင် ဝဲပျံနေပြီး သူမ၏နောက်ကျော၌ မရေမတွက်နိုင်သော ရေခဲဓားများ ဆက်တိုက်ပေါ်ထွက်လာနေသည့် မိန်းမငယ်လေးကို ကြည့်ရင်း ခေါင်းဆောင်ဖြစ်သူက မေးလိုက်သည်။

"သူက ဘယ်သူလဲ..."

ထိုလူက ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။

"ကျုပ်လည်း မသိဘူး... ဒါပေမဲ့ ဒီမြင်ကွင်းကို ကျုပ်တို့ရဲ့ ထောက်လှမ်းရေးဂြိုဟ်တုကနေ ဖမ်းယူရရှိထားတာပါ..."

ခေါင်းဆောင်ဖြစ်သူက စခရင်ပေါ်ရှိ တိုက်ပွဲကို ကြည့်ကာ မေးလိုက်လေသည်။

"အဲဒီနေရာက ဘယ်နေရာလဲ..."

ထိုလူက ချက်ချင်းပြန်ဖြေလိုက်၏။

"ဝူလင်စခန်းပါ..."

ထိုအဖြေကို ကြားပြီးနောက် ခေါင်းဆောင်ဖြစ်သူသည် မျက်မှောင်ကြုတ်သွားကာ ဆိုလိုက်လေသည်။

"ဒါတော့ မဟန်ဘူး... ငါတို့က အဲဒီဖုတ်ကောင်တွေကို ဖမ်းဖို့ လိုသေးတယ်... တကယ်လို့ ဒီမိန်းကလေးကသာ ဝူလင်စခန်းကဆိုရင် ငါတို့ ဝူလင်စခန်းထဲ ခိုးဝင်ဖို့ ခက်ခဲသွားလိမ့်မယ်..."

ထိုစကားထွက်လာသည်နှင့် အားလုံး တိတ်ဆိတ်သွားကြပေသည်။ ခေါင်းဆောင်ဖြစ်သူသည် ကျူးလင်က ဖုတ်ကောင်များကို ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းသကဲ့သို့ ခေါင်းဖြတ်နေသည်ကို အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက် ပြောလိုက်၏။

"ပစ္စည်းတွေသိမ်းကြ... ဒီနေ့ ငါတို့ ဝူလင်စခန်းထဲ ခိုးဝင်ကြမယ်..."

သူ၏လက်အောက်ခံများထဲမှ တစ်ယောက်က ဗိုလ်ကြီးဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။

"ဗိုလ်ကြီး... ဒုတိယအကြိမ် ရေခဲကပ်ဘေးကြီးက နောက် ၄ နာရီနေရင် ကျရောက်လာတော့မှာ... ကျွန်တော်တို့မှာ သူတို့မသိအောင် ဖုတ်ကောင်တွေကို ဖမ်းဖို့ အချိန်အလုံအလောက် မရှိဘူး..."

ခေါင်းဆောင်ဖြစ်သူသည် တဲအပေါက်ဆီသို့ လျှောက်သွားကာ အကာကို မတင်လိုက်၏။ သူက မှောင်မိုက်နေသော ကောင်းကင်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည်။

"ငါတို့ အခု သွားရမယ်... ဒုတိယအကြိမ် ရေခဲကပ်ဘေးကြီး ရောက်လာတဲ့အခါ တကယ်လို့ ငါတို့ ဒီမှာပဲ ဆက်နေမယ်ဆိုရင် သေသွားလိမ့်မယ်..."

သူ၏စကားကို ကြားပြီးနောက် သူတို့ ယနေ့ ဝူလင်စခန်းထဲသို့ မဖြစ်မနေ ဝင်ရောက်ရမည့် အကြောင်းရင်းမှာ ဖုတ်ကောင်များကို ဖမ်းဆီးရန်သာမက ဒုတိယအကြိမ် ရေခဲကပ်ဘေးကြီးကို ရှောင်တိမ်းရန်ဖြစ်ကြောင်း လက်အောက်ငယ်သားများက သဘောပေါက်သွားကြလေသည်။

သူတို့ခေါင်းဆောင်၏ တကယ့်ရည်ရွယ်ချက်ကို နားလည်သွားသဖြင့် လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ပစ္စည်းကိရိယာများနှင့် တဲများကို လျင်မြန်စွာ သိမ်းဆည်းလိုက်ကြ၏။

ဆယ်မိနစ်ခန့် ကြာပြီးနောက် သူတို့သည် အရာအားလုံးကို ကားထဲသို့ ရွှေ့ပြောင်းပြီးဖြစ်ကာ မြေပြင်ပေါ်ရှိ သဲလွန်စအားလုံးကိုလည်း ဖျောက်ဖျက်ပစ်လိုက်ကြသည်။

ထိုလူများထဲမှ တစ်ယောက်က မီးဓာတ်စွမ်းအားကို အသုံးပြု၍ ကားပေါ်ရှိ ရေခဲများကို အရည်ပျော်စေပြီးနောက် ဝူလင်စခန်းဆီသို့ မောင်းနှင်ထွက်ခွာသွားကြတော့သည်။

ထိုအချိန်တွင် ကျူးလင်သည် သူမ၏ ဓားသတ်ကွင်းအစီအရင်ဖြင့် ဖုတ်ကောင်များနှင့် သန္ဓေပြောင်းတိရစ္ဆာန်များကို သတ်ဖြတ်နေဆဲပင်။

သုံးနာရီခန့် ကြာပြီးနောက် ထန်ဝေ့ အိပ်ရာမှနိုးလာကာ ပြန်ရောက်လာချိန်၌ တံတိုင်းတစ်ဝိုက်တွင် ဖုတ်ကောင်အနည်းငယ်မျှသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရလေသည်။

လူအများစုမှာ ကောင်းကင်သို့ မော့ကြည့်နေကြသည်ကို မြင်လိုက်ရသဖြင့် သူလည်း မော့ကြည့်လိုက်ရာ ကျူးလင်သည် ဧရာမရေခဲပြာရောင် အစီအရင်ကြီးတစ်ခုနှင့်အတူ လေထဲတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရသဖြင့် ဆွံ့အသွားရရှာ၏။

စက္ကန့်တိုင်းတွင် ဧရာမအစီအရင်ကြီးထဲမှ မရေမတွက်နိုင်သော ရေခဲဓားများ ထွက်ပေါ်လာပြီးနောက် ဒုံးကျည်များကဲ့သို့ ဖုတ်ကောင်များနှင့် သန္ဓေပြောင်းတိရစ္ဆာန်များနောက်သို့ လိုက်လံတိုက်ခိုက်နေကြသည်။

သူ တိုက်ပွဲကို စောင့်ကြည့်နေစဉ်မှာပင် မရေမတွက်နိုင်သော ဖုတ်ကောင်များမှာ ရေခဲဓားများဖြင့် သတ်ဖြတ်ခံလိုက်ရပေသည်။

သူ ဆွံ့အလျက် ခေတ္တမျှ ရပ်နေမိစဉ် သူ၏ဘေးဘက်မှ ဝမ်ရှန့်ယဲ့၏အသံ ထွက်ပေါ်လာလေသည်။

"အစ်ကို... ခင်ဗျားအဖွဲ့ထဲက လူတွေအကုန်လုံးက တစ္ဆေတွေချည်းပဲလား..."

သူ၏မေးခွန်းကို ကြားသောအခါ ထန်ဝေ့ သတိပြန်ဝင်လာ၏။ သူက ဝမ်ရှန့်ယဲ့ကို ကြည့်ကာ မေးလိုက်သည်။

"ဗိုလ်ချုပ်ဝမ်... ဘာလို့ ဒီရောက်နေတာလဲ... ဒီနေ့ ခင်ဗျားတာဝန်က ညဘက်လို့ ထင်နေတာ..."

ဝမ်ရှန့်ယဲ့က လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။

"ကျုပ်ကိုနာမည်ပဲ ခေါ်ပါ... စစ်ဘက်စခန်းကနေ ထွက်လာကတည်းက ကျုပ်က ဘာစစ်ဘက်ဆိုင်ရာ ရာထူးမှ မယူထားတော့ဘူး..."

ထန်ဝေ့က သူ့ကို စက္ကန့်အနည်းငယ်မျှ ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အစ်ကိုဝမ်... ခင်ဗျား ကျုပ်မေးခွန်းကို မဖြေရသေးဘူးနော်..."

ဝမ်ရှန့်ယဲ့က သွားစုပ်သပ်လိုက်ပြီး မေးဆတ်ကာ ကျူးလင်ကို ညွှန်ပြရင်း ပြောလိုက်လေသည်။

"အခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စမျိုး ဖြစ်ပျက်နေတာလေ... ဒါပေါ့ ကျုပ်ကိုယ်တိုင်လာပြီး မျက်မြင်ကိုယ်တွေ့ လာကြည့်ရမှာပေါ့..."

ထန်ဝေ့သည် သူ၏မျက်လုံးများထဲမှ စိတ်ဝင်စားမှုနှင့် သိချင်စိတ်များကို သတိပြုမိသွားကာ ပြောလိုက်၏။

"အစ်ကိုဝမ်... ရှောင်လင်က လောင်ရှို့ရဲ့ ရည်းစားနော်..."

ထန်ဝေ့၏စကားကို ကြားသောအခါ ဝမ်ရှန့်ယဲ့က ရယ်မောလိုက်ပြီး ဆိုလေသည်။

"သူတို့ လက်ထပ်ပြီးသားဖြစ်နေရင်တောင်မှ သူမသာ ကျုပ်ကို သဘောကျမယ်ဆိုရင် ကျုပ်က သူ့ကို ဗိုလ်ကြီးရှို့ဆီကနေ လုယူပစ်လို့ ရသေးတယ်..."

သူ၏ ယုံကြည်မှုအပြည့်ရှိသော စကားများကို ကြားလိုက်ရသဖြင့် ထန်ဝေ့ မျက်လုံးလှန်ပြလိုက်၏။

၁၅ မိနစ်ခန့် ကြာပြီးနောက် နောက်ဆုံးကျန်ရှိနေသော ဖုတ်ကောင်မှာ ရေခဲဓားများကြောင့် အသားစင်းကောအဖြစ် ပြောင်းလဲသွားလေသည်။

ဖုတ်ကောင်များနှင့် သန္ဓေပြောင်းတိရစ္ဆာန်များ အားလုံးသေဆုံးသွားသည်ကို မြင်သောအခါ ကျူးလင်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဧရာမအစီအရင်ကြီးသည် ရေခဲဓားများအားလုံးနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

နောက်တစ်စက္ကန့်တွင် ပင်းကျန့်သည် ဓားထဲမှထွက်ပေါ်လာကာ ကျူးလင်၏ပခုံးကို မှီလိုက်ပြီး အားနည်းသောအသံဖြင့် ပြောလိုက်သည်။

"သခင်မ... ကျွန်တော် အရမ်းပင်ပန်းနေပြီ..."

သူ၏ ပင်ပန်းနေသော ပုံရိပ်ကိုကြည့်ရင်း ကျူးလင်က ပင်းကျန့်၏ကျောကို ညင်သာစွာပုတ်ပေးကာ ပြောလိုက်၏။

"ကြိုးကြိုးစားစားလုပ်ပေးလို့ ကျေးဇူးပါပဲ... ပြန်သွားပြီး အနားယူလိုက်ပါဦး..."

သူမ၏ခွင့်ပြုချက်ဖြင့် ပင်းကျန့်က ခေါင်းညိတ်လိုက်ပြီး သူ၏မူလကိုယ်ထည်ထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။

သူမ၏ဓားကို သန့်စင်စေရန် သန့်စင်ခြင်းဂါထာကို အသုံးပြုပြီးနောက် ကျူးလင်သည် ဓားကို သူမ၏ ဝိညာဉ်နန်းတော်ထဲသို့ ပြန်လည်သွင်းယူလိုက်၏။

ပင်းကျန့်ကို နတ်ဘုရားစွမ်းအင်များ ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်ရန် ကူညီပေးသည့်အနေဖြင့် သူမသည် ဓားကို နတ်ဘုရားစမ်းရေစင်ကန်အောက်၌ သိမ်းဆည်းပေးထားလိုက်သည်။

ထူထူမှာ သလင်းကျောက်အမြု‌တေများကို ကောက်ယူနေဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။ ကျူးလင်သည် စခန်းဆီသို့ ပျံသန်းသွားကာ ထန်ဝေ့နှင့် စပ်စုချင်နေကြသော လူအုပ်ကြီးရှေ့တွင် ဆင်းသက်လိုက်လေသည်။ သူမ၏ အနီရောင်ဝတ်ရုံပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး ထန်ဝေ့ကိုကြည့်ကာ ပင်ပန်းနေဟန်ဖြင့် ပြောလိုက်၏။

"ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းတိရစ္ဆာန်တွေကို ကျွန်မ ရှင်းလင်းလိုက်ပါပြီ... လောလောဆယ်တော့ ဘာအန္တရာယ်မှ မရှိနိုင်တော့ပါဘူး..."

ထန်ဝေ့က သူမ၏ ပင်ပန်းနွမ်းနယ်နေပြီး ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။

"ရှောင်လင်... မင်း အဆင်ပြေရဲ့လား..."

ကျူးလင်က အနည်းငယ် ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်၏။

"ကျွန်မ အဆင်ပြေပါတယ်... နတ်ဘုရားစွမ်းအင်တွေ အများကြီး သုံးလိုက်ရလို့ အနားယူဖို့ လိုနေတာပါ..."

ထန်ဝေ့၏ဘေးတွင် ရပ်နေသော အမျိုးသားကို သတိပြုမိသွားသဖြင့် ကျူးလင်က မေးလိုက်လေသည်။

"ဒီသခင်လေးက ဘယ်သူလဲ..."

ထန်ဝေ့က သူတို့ကို မိတ်ဆက်ပေးရင်း ပြောလိုက်သည်။

"အိုး... ဒါက ဝမ်ရှန့်ယဲ့လေ... သူက အစ်ကိုကြီးရီရွှမ်ရဲ့ သူငယ်ချင်းပါ... အစ်ကိုဝမ်... ဒါက ကျတော့်သူငယ်ချင်း ကျူးလင်တဲ့..."

ဝမ်ရှန့်ယဲ့က ကျူးလင်ကို ပြုံးပြကာ ဆိုလိုက်လေသည်။

"ဒီကိုမလာခင်ကတည်းက မိန်းကလေးကျူးအကြောင်း အများကြီး ကြားဖူးပါတယ်...”

“ကောလာဟလတွေကို ကြားရတာက လူကိုယ်တိုင်တွေ့ရတာလောက်တော့ မကောင်းဘူးထင်တယ်...”

“မိန်းကလေးကျူးက ကောလာဟလတွေထဲကထက် ပိုလှပြီး ပိုသန်မာတယ်... ကျုပ် မိန်းကလေးကျူးကို သဘောကျတယ်... နောင်ကို ကျွန်တော်တို့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာနိုင်ဖို့ မျှော်လင့်ပါတယ်..."

All Chapters