← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း (၂၁၇) - မြန်မြန်ကြီးထွားလာခြင်း

ကျူးလင်က ဝမ်ရှန့်ယဲ့ကို ခေါင်းညိတ်ပြလိုက်ပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်၏။ ထူထူ ပြန်ရောက်လာသည်ကို မြင်သောအခါ သူမက ထန်ဝေ့ကို ကြည့်ကာ ပြောလိုက်လေသည်။

"ကျွန်မ စိုက်ခင်းတွေကို သွားစစ်ဆေးလိုက်ဦးမယ်..."

ထန်ဝေ့သည် ဝမ်ရှန့်ယဲ့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး ကျူးလင်ကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ကောင်းပါပြီ... ရှောင်လင် အဲဒါပြီးရင် ပြန်နားသင့်ပြီနော်..."

"အင်း..."

ထွက်ခွာသွားသော ကျူးလင်၏ ကျောပြင်ကို ကြည့်ရင်း ဝမ်ရှန့်ယဲ့က လက်ပိုက်ကာ ပြောလိုက်လေသည်။

"မိန်းကလေးကျူးက စိတ်ဝင်စားစရာကောင်းတဲ့ မိန်းမတစ်ယောက်ပဲ... နှမြောစရာကောင်းတာက သူက ကျုပ်ကို စိတ်ဝင်စားပုံမရဘူး..."

ထိုစကားကို ကြားသောအခါ ထန်ဝေ့က ပြုံးလိုက်ပြီး ဝမ်ရှန့်ယဲ့၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။

"အစ်ကိုဝမ်က ဒါကို သိနေမှတော့ အသုံးမဝင်တဲ့ ကိစ္စတွေလုပ်ပြီး အချိန်မဖြုန်းပါနဲ့... ကျုပ် အလုပ်လုပ်စရာရှိသေးလို့ အရင်သွားနှင့်ပြီ... နောက်မှ တွေ့ကြတာပေါ့..."

ထိုသို့ပြောပြီးနောက် ထန်ဝေ့သည် အခြားစွမ်းအားရှင်များနှင့်အတူ ဖုတ်ကောင်များ၏ အလောင်းများကို မီးရှို့ရန် ထွက်သွားလေသည်။

သွေးနက်များနှင့် ပုပ်ဟောင်နေသော အသားများက မြေကြီးကို မညစ်ညမ်းစေမီ ၎င်းတို့အနေဖြင့် ဖုတ်ကောင်အလောင်းများကို အမြန်ဆုံး မီးရှို့ပစ်ရန် လိုအပ်ပေသည်။

ထန်ဝေ့နှင့် အခြားစွမ်းအားရှင်များက ဇုန်၅အပြင်ဘက် ဧရိယာကို ရှင်းလင်းနေချိန်တွင် ကျူးလင်ကမူ စိုက်ခင်းများဆီသို့ သွားရောက်ခဲ့၏။

စိုက်ခင်းထဲတွင် ကြီးထွားလာသော အပင်ပေါက်လေးများကို ကြည့်ရင်း ကျူးလင်၏ စိတ်အခြေအနေမှာ ကောင်းမွန်နေလေသည်။

နတ်ဘုရားစမ်းရေစင်ကို မြေဩဇာအဖြစ် အသုံးပြုခြင်းက မိစ္ဆာစွမ်းအင်များ ညစ်ညမ်းနေသော မြေကြီးထဲတွင် အပင်များကို ပုံမှန်အတိုင်း ပေါက်ရောက်ရှင်သန်စေနိုင်သည်ဖြစ်ရာ သူတို့အနေဖြင့် ဤသတင်းကို ဖြန့်ဝေနိုင်ပေသည်။

အဆိုပါ စခန်းများက သတင်းကို ကြားသောအခါ နတ်ဘုရားစမ်းရေကို လာရောက်ဝယ်ယူကြမည်မှာ သေချာကြောင်း သူမ ယုံကြည်ထား၏။

ထို့ပြင် ရိက္ခာများ ပိုမိုရရှိရန်အတွက် နတ်ဘုရားစမ်းရေနှင့် မညစ်ညမ်းသော မျိုးစေ့များကို လဲလှယ်အသုံးပြုခြင်းက သူတို့ကိုယ်တိုင် ရိက္ခာရှာဖွေရန် အချိန်များစွာကို သက်သာစေနိုင်ပေသည်။

သူမ၏ အစီအစဉ်များသာ အောင်မြင်ခဲ့ပါက လူအတော်များများက သူတို့၏ အစားအစာများကို စိုက်ပျိုးနိုင်ပြီး ငတ်မွတ်မှုကြောင့် သေဆုံးရခြင်းကို လျှော့ချနိုင်မည် ဖြစ်သည်။

ကျူးလင်သည် စိုက်ခင်းတစ်ဝိုက် လမ်းလျှောက်သွားခဲ့ပြီး ထိုနေရာတွင် အလုပ်လုပ်နေသူ အများစုမှာ သာမန်လူများဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ စူးစမ်းလိုစိတ်ဖြင့် သူမသည် အနီးဆုံးစိုက်ခင်းတွင် အလုပ်လုပ်နေသော သက်ကြီးရွယ်အို သုံးဦးထံသို့ လျှောက်သွားလိုက်၏။

သူမ လာနေသည်ကို မြင်သောအခါ သူတို့ထဲမှ တစ်ဦးက သူမကို ပြုံး၍ကြည့်ကာ မေးလိုက်လေသည်။

"မိန်းကလေး ဘာများလိုအပ်လို့လဲ..."

ကျူးလင်က အဘိုးအိုကို ပြုံး၍ကြည့်ကာ မေးလိုက်၏။

"အဘိုး... ဘာလို့ အခု ရှင်တို့ သုံးယောက်ပဲ အလုပ်လုပ်နေရတာလဲ... တခြားအလုပ်သမားတွေကော ဘယ်ရောက်သွားလဲ..."

အဘိုးအိုက သူ၏ အင်္ကျီလက်ဖြင့် ချွေးများကို သုတ်လိုက်ပြီး ပြောလိုက်လေသည်။

"စွမ်းအားရှင်တွေက မြောက်ပိုင်းဒေသကို ကူညီဖို့ အခေါ်ခံလိုက်ရတယ်လေ... အခု စိုက်ခင်းတွေထဲက အလုပ်သမားတွေက သာမန်လူတွေချည်းပါပဲ..."

စကားပြောဆုံးသည်နှင့် အခြားအဘိုးအိုတစ်ဦးက ဖြည့်စွက်ပြောလိုက်၏။

"လူတိုင်း အလုပ်အကိုင်ရရှိပြီး အစားအစာနဲ့ ရေတွေ ရနိုင်စေဖို့ စခန်းခေါင်းဆောင်တွေက အရေးပေါ်ဆုံးဖြတ်ချက် ချလိုက်တာလို့ ကြားတယ်..."

အဘွားအိုတစ်ဦးက ခေါင်းညိတ်ပြလိုက်ပြီး ပြောလာလေသည်။

"ဟုတ်တယ်... ဟုတ်တယ်... အဖွားရဲ့ မြေးလေးကလည်း စွမ်းအားရှင်တစ်ယောက်ပါ... သူက စစ်မြေပြင်မှာ ရိက္ခာတွေ ဝေငှပေးတဲ့ ထောက်ပို့တစ်ယောက်လေ..."

“စစ်မြေပြင်မှာ အလုပ်လုပ်ရင် ရိက္ခာတွေနဲ့ သလင်းကျောက်အမြု‌တေတွေ အများကြီးရနိုင်တယ်လို့ သူက အဖွားကို ပြောတယ်... ဒါပေမဲ့ အန္တရာယ်တော့ အရမ်းများတာပေါ့..."

သူမ၏ စိုးရိမ်နေသော အမူအရာကို မြင်သောအခါ အဘိုးအိုတစ်ဦးက ပြောလိုက်၏။

"အဖွားကြီး... ခင်ဗျား နေ့တိုင်း ခင်ဗျားရဲ့ မြေးအတွက် အရမ်းစိုးရိမ်နေရမှာပဲ..."

အဘွားအိုက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ရှာသည်။ သူမ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ အခြားအဘိုးအိုတစ်ဦးက စုပ်သပ်လိုက်ပြီး ပြောလာလေ၏။

"ခင်ဗျားက ဘာလို့ သက်ပြင်းချနေတာလဲ... ခင်ဗျားရဲ့ မြေးက စွမ်းအားရှင်ဆိုတော့ ခင်ဗျား ကံကောင်းနေတာပေါ့... လောင်လီနဲ့ ကျုပ်ကို ကြည့်ဦး... ကျုပ်တို့ နှစ်ယောက်စလုံး မိသားစုတွေ ဆုံးရှုံးခဲ့ရပြီး ကိုယ့်ဘာသာ နည်းနည်းပါးပါးလေးပဲ ရိက္ခာရှာနိုင်ကြတာ..."

သူတို့၏ စကားဝိုင်းကို နားထောင်ပြီးနောက် ကျူးလင်သည် ခေတ္တမျှ တွေးတောလိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်မရဲ့ မေးခွန်းကို ဖြေပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..."

သူမ ထွက်သွားပြီးနောက် အဘိုးအိုက သူမ၏ ကျောပြင်ကို ကြည့်ကာ ပြောလိုက်၏။

"အရမ်းလှတဲ့ မိန်းကလေးပဲ..."

သူ၏စကားကို ကြားသောအခါ အဘွားအိုက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။

"သူက သနားစရာကောင်းတဲ့ သူတစ်ယောက်ပါ..."

သူမ အဘယ်ကြောင့် ထိုသို့ပြောလိုက်သည်ကို အဘိုးအိုက နားမလည်နိုင်ဖြစ်သွားရှာ၏။ သူက အဘွားအိုကို ကြည့်ကာ မေးလိုက်လေသည်။

"အဖွားကြီး... ခင်ဗျားစကားက ဘာအဓိပ္ပာယ်လဲ... ကျုပ်ကတော့ အဲဒီမိန်းကလေးက ဘဝကောင်းလေး ပိုင်ဆိုင်ထားတဲ့သူလို့ ထင်တာပဲ..."

အဘွားအိုက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"အခု လက်ရှိလောကကြီးမှာ မိန်းမတစ်ယောက်က ပိုလှလေလေ သူ့ဘဝက ပိုခက်ခဲပြီး သနားစရာကောင်းလေလေပဲ...”

“မနေ့ညကတင် လူတစ်ယောက်က သူ့သမီးကို အစားအစာနဲ့ လဲပြီး ရောင်းစားတာ တွေ့ခဲ့တယ်လို့ အဖွားရဲ့ မြေးပြောတာ ကြားလိုက်သေးတယ်...”

“ကောင်မလေးက နည်းနည်းလေး လှနေလို့ဆိုပြီး သက်လတ်ပိုင်းအရွယ် စွမ်းအားရှင်တစ်ယောက်ဆီကို ဈေးကြီးကြီးနဲ့ ရောင်းလိုက်တာတဲ့... အဲဒီလူက သူ့အဖေအရွယ်တောင် ရှိနေပြီလေ..."

အဘွားအို ပြောသည်ကို ကြားသောအခါ အဘိုးအိုနှစ်ဦးမှာ အံ့ဩသွားကြလေသည်။

မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများအနေဖြင့် ရိက္ခာအနည်းငယ်အတွက် မိဘတစ်ဦးက ကိုယ့်သားသမီးကို ရောင်းစားနိုင်သည်ကို သူတို့နှစ်ဦးစလုံး မယုံကြည်နိုင်ဖြစ်နေကြ၏။

အချိန်အနည်းငယ်ကြာပြီးနောက် သူတို့သုံးဦးသည် အဝေးမှ ကျူးလင်ကို ကြည့်လိုက်ကြပြီး ခေါင်းခါယမ်းကာ သူတို့၏ အလုပ်များကိုသာ ဆက်လုပ်နေကြတော့သည်။

သက်ကြီးရွယ်အို သုံးဦးက သူမကို သနားနေကြသည်ကို ကျူးလင်တစ်ယောက် မသိခဲ့ပေ။ သူမက စိုက်ခင်း၏ တာဝန်ခံကို ကြည့်ကာ ပြောလိုက်လေသည်။

"ပျိုးပင်တွေက အရမ်းကောင်းကောင်း ကြီးထွားနေတယ်... ပထမအသုတ် ဟင်းသီးဟင်းရွက်တွေကို ရိတ်သိမ်းဖို့ အချိန်ဘယ်လောက် ကြာမယ်ထင်လဲ..."

တာဝန်ခံက အချက်အလက်များကို ကြည့်လိုက်ပြီး ပြောလိုက်၏။

"ပုံမှန်ဆိုရင်တော့ မုန်လာဥဖြူတွေကို ရိတ်သိမ်းဖို့ အနည်းဆုံး တစ်လလောက် ကြာတတ်တယ်... ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ကျွန်တော်တို့ရဲ့ မုန်လာဥဖြူတွေ ကြီးထွားပြီး ရင့်မှည့်လာတာက အရင်ကထက် ပိုမြန်နေတယ်...”

“တခြားဟင်းသီးဟင်းရွက်တွေ ဆိုရင်လည်း ကြီးထွားမှုနဲ့ ရင့်မှည့်မှုက ပုံမှန်ထက် ပိုမြန်နေတာပဲ...”

“ဒီနှုန်းအတိုင်းဆိုရင် နောက်ရက်အနည်းငယ်အတွင်းမှာပဲ ပထမဆုံး ဟင်းသီးဟင်းရွက်အသုတ်ကို ကျွန်တော်တို့ ရိတ်သိမ်းနိုင်လောက်တယ်..."

သူပြောသည်ကို ကြားပြီးနောက် ကျူးလင်က အတွေးထဲတွင် ရေရွတ်လိုက်လေသည်။

'မျိုးစေ့တွေ ကြီးထွားပြီး ရင့်မှည့်တဲ့နှုန်းက နတ်ဘုရားစမ်းရေစင်ရဲ့ လွှမ်းမိုးမှုကြောင့်လား... ဒါမှမဟုတ် မျိုးစေ့တွေထဲမှာ ပါဝင်နေတဲ့ မိစ္ဆာစွမ်းအင်တွေကို သန့်စင်ဖို့အတွက် ငါ့ရဲ့ နတ်ဘုရားစွမ်းအင်ကို အသုံးပြုလိုက်လို့များလား...'

ခေတ္တမျှ စဉ်းစားပြီးနောက် ကျူးလင်က တာဝန်ခံကို ကြည့်ကာ မေးလိုက်၏။

"သီးနှံတွေရဲ့ ကြီးထွားမှု အချက်အလက်တွေကို မှတ်တမ်းတင်ထားလား..."

တာဝန်ခံက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

"ဟုတ်ကဲ့... ဗိုလ်ကြီးရှို့က အသေးစိတ် အစီရင်ခံစာလိုချင်လို့ ကျွန်တော်တို့ သီးနှံတွေအားလုံးရဲ့ အခြေအနေကို တစ်နာရီတစ်ကြိမ် မှတ်တမ်းတင်ထားပါတယ်..."

ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"ကောင်းပါပြီ... ရှင် အလုပ်ပြန်လုပ်လို့ရပါပြီ... အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

All Chapters