← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း (၂၁၈) - အအေးလှိုင်း

ကြီးကြပ်ရေးမှူးက ကျူးလင်ကို ပြုံးပြလိုက်ပြီးနောက် စကားဆိုလေ၏။

"ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါပဲ..."

စိုက်ခင်းမှထွက်ခွာလာပြီးနောက် ကျူးလင်သည် ဗီလာဆီသို့ ပြန်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် သူမက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သော်လည်း ရှို့ဝူကို မတွေ့ရပေ။

ဤရက်ပိုင်းအတွင်း သူ အလုပ်များနေမည်ဟု တွေးမိလိုက်သဖြင့် သူမက သက်ပြင်းချလိုက်ပြီးနောက် ကျင့်ကြံရန် အိပ်ခန်းဆီသို့သာ ပြန်သွားတော့၏။

သူမ နတ်ဘုရားစွမ်းအင်ကို ပြန်လည်ဖြည့်တင်းနေချိန်တွင် ရှို့ဝူမှာ ဝူလင်စခန်းနှင့် မလှမ်းမကမ်းရှိ လူသူကင်းမဲ့သော နေရာတစ်ခု၌ ကျင့်ကြံနေလေသည်။

မိစ္ဆာနတ်ဘုရားအဖြစ် မှတ်ဉာဏ်များ ပြန်လည်ရရှိလာချိန်မှစ၍ ဤကမ္ဘာလောကမှ မိစ္ဆာစွမ်းအင်များကို စတင်စုပ်ယူနေခဲ့ခြင်းပင်။

လျှို့ဝှက်အဖွဲ့အစည်း ရှိနေကြောင်း သိရှိသွားပြီးနောက် ရှို့ဝူက သူတို့ကို စတင်စုံစမ်းစစ်ဆေးခဲ့လေ၏။

ဖုတ်ကောင်လေး၏ အကူအညီဖြင့် ထိုလျှို့ဝှက်အဖွဲ့အစည်းက ကမ္ဘာပျက်ဗိုင်းရပ်စ်ကို မတော်တဆ ဖန်တီးနိုင်ခဲ့ခြင်းမှာ မိစ္ဆာစွမ်းအင်များ ရှိနေသည်ကို ရှာဖွေတွေ့ရှိသွားသောကြောင့်ဖြစ်ကြောင်း သူ သိလာရသည်။

အရာအားလုံးက မိစ္ဆာစွမ်းအင်ကြောင့် စတင်ခဲ့ခြင်းဖြစ်ရာ သူလုပ်ရန်လိုအပ်သည်မှာ ဤလောကရှိ မိစ္ဆာစွမ်းအင်အားလုံးကို စုပ်ယူလိုက်ရန်သာ ဖြစ်သည်။

ဤကမ္ဘာလောကမှ မိစ္ဆာစွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက်တွင် လျှို့ဝှက်အဖွဲ့အစည်းမှာ ၎င်းတို့၏ စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။ ဖုတ်ကောင်များနှင့် သန္ဓေပြောင်းတိရစ္ဆာန်များ စွမ်းအားဆုံးရှုံးသွားမည့် အချိန်လည်း ရောက်လာနိုင်ပေသည်။

ရှို့ဝူနှင့် ကျူးလင်တို့ ကျင့်ကြံရန် အလုပ်များနေစဉ်အတွင်း အပူချိန်က ရုတ်တရက် အပြင်းအထန် ကျဆင်းသွားလေ၏။ ထန်ဝေ့က သူ၏လက်မောင်းများကို ပွတ်သပ်လိုက်ကာ ရန်ယွမ်ကို ကြည့်ပြီးနောက် မေးလိုက်သည်။

"ဗိုလ်ကြီးရန် ဒီနေ့ အရမ်းအေးတယ်လို့ မထင်ဘူးလား..."

ရန်ယွမ်က သူ၏ အနီရောင်ဝတ်ရုံကို ကြည့်လိုက်ပြီးနောက် အကူအညီမဲ့စွာဖြင့် မေးလိုက်လေ၏။

"အစ်ကိုထန် အဲဒီဝတ်ရုံကြီးကို ဝတ်ထားတာတောင် အေးနေတုန်းပဲလား..."

ထန်ဝေ့က ရန်ယွမ်၏ လက်တိုရှပ်အင်္ကျီနှင့် အကျီပါးလေးကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ဝေ့က သူ၏ခေါင်းကို ရှက်ကိုးရှက်ကန်း ကုတ်လိုက်ကာ စကားဆိုလေ၏။

"ဒါပေမဲ့ ဒီနေ့က မနေ့ကထက် ပိုအေးတယ်လို့ ခံစားရတယ်..."

သူ့စကားကို ကြားသောအခါ ရန်ယွမ်က သက်ပြင်းမှုတ်ထုတ်လိုက်ရာ သူ၏အသက်ရှူငွေ့များမှ ဖြစ်ပေါ်လာသော မြူခိုးထူထူများကို မြင်တွေ့လိုက်ရပြီးနောက် ပြောလိုက်သည်။

"ခင်ဗျားပြောတာ မှန်တယ်ထင်တယ်...ကျွန်တော်တို့ အမြန်ဆုံး အပြေးလေး ပြန်သွားမှရမယ်..."

စကားဆုံးသည်နှင့် ဝေ့ပိုင်က အဝေးမှ အော်ဟစ်နေသံကို သူ ကြားလိုက်ရလေ၏။

"အားလုံးပြေးကြ... ဒုတိယအကြိမ် အအေးလှိုင်းဝင်လာပြီ... စခန်းထဲကို အမြန်ပြန်ကြ..."

ထိုစကားထွက်လာသည်နှင့် စွမ်းအားရှင်များအားလုံးက သူတို့လုပ်နေသည့် အလုပ်များကို ရပ်တန့်လိုက်ကြပြီး စခန်းဆီသို့ ပြန်ပြေးကြတော့သည်။

ဇုန်၅မှာ တံတိုင်းအနောက်ဘက်ရှိ စခန်းကဲ့သို့ နွေးထွေးမှုမရှိသော်လည်း ထိုနေရာရှိ အပူချိန်မှာ သက်တောင့်သက်သာရှိသော အတိုင်းအတာတစ်ခုအတွင်း၌ ရှိနေဆဲဖြစ်သည်။

စခန်းဆီသို့ ပြန်ပြေးနေစဉ်အတွင်း ထန်ဝေ့က လှည့်ကြည့်လိုက်ရာ အပူချိန်က အလွန်အမင်း ပြောင်းလဲသွားသောကြောင့် မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်ကို မြင်လိုက်ရလေ၏။

ထန်ဝေ့ မပြေးတော့ဘဲ ရပ်တန့်လိုက်သည်ကို မြင်သောအခါ ရန်ယွမ်က သူ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ အော်ပြောလိုက်သည်။

"ဘာလုပ်နေတာလဲ... ပြေးလေ..."

ခြေအောက်ရှိမြေပြင်က လျင်မြန်စွာ အေးခဲလာသည်ကို မြင်သောအခါ ထန်ဝေ့သည် သူ၏မီးဓာတ်စွမ်းအားကို အမြန်သုံးကာ အေးခဲမှုဖြစ်စဉ်ကို နှေးကွေးသွားစေရန် သူ့နောက်ရှိမြေပြင်ကို ချိန်ရွယ်လိုက်ပြီး စခန်းဆီသို့ ပြန်ပြေးလေ၏။

သူတို့ တံတိုင်းကို ကျော်ပြေးလိုက်သည်နှင့် ထန်ဝေ့နှင့် ရန်ယွမ်တို့မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်လုရှူရတော့သည်။

တံတိုင်းအပြင်ဘက်ရှိ ရေခဲနှင့် နှင်းများဖုံးလွှမ်းနေသော ကမ္ဘာအဖြူရောင်ကြီးကို ကြည့်ကာ ထန်ဝေ့က အမောတကောဖြင့် စကားဆိုလေ၏။

"ဒါ... ဒါက တကယ်... ကြောက်စရာကောင်းတယ်... ဗိုလ်ကြီးရန် ကျေး... ကျေးဇူးပဲ..."

ရန်ယွမ်က ခေါင်းခါယမ်းလိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်ကာ မျက်လုံးများကို မော့ကြည့်လိုက်သည်။ သူ၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူက မတွေးဘဲမနေနိုင်တော့ပေ။

’ဗိုလ်ကြီးရှို့တို့က အပူချိန်ကို ဘယ်လိုများ ထိန်းချုပ်ထားလဲ မသိဘူး... ဒါပေမဲ့ ဒီလိုလုပ်ပေးတဲ့အတွက် သူတို့ကို တကယ် ကျေးဇူးတင်ချင်တယ်... မဟုတ်ရင် အခုလောက်ဆို လူတိုင်း သေနေလောက်ပြီ...'

စွမ်းအားရှင်များ၏ ဆူညံသံများကို ကြားပြီးနောက် သာမန်လူများက အခွံမာအိမ်များထဲမှ ထွက်လာကြပြီး တံတိုင်းအပြင်ဘက်ရှိ ရေခဲနှင့်နှင်းကမ္ဘာကြီးကို မြင်လိုက်ရချိန်တွင် သူတို့မှာ တုန်လှုပ်သွားကြလေ၏။

တံတိုင်းဖြင့်ခြားထားသော မတူညီသည့် ကမ္ဘာနှစ်ခုကို ကြည့်ကာ သူတို့မှာ ကြက်သီးမွေးညင်း ထသွားသည်။ ဤအခိုက်အတန့်တွင် သူတို့အားလုံးက ဤစခန်း၌ နေထိုင်ခွင့်ရခြင်းမှာ အလွန်ကံကောင်းလှကြောင်းကို သဘောပေါက်သွားကြတော့၏။

စိတ်တည်ငြိမ်သွားပြီးနောက် ရန်ယွမ်က မြေပြင်ပေါ်မှ မတ်တတ်ထရပ်လိုက်ကာ ပြောလိုက်သည်။

"ဒီဒုတိယအကြိမ် အအေးလှိုင်းဒဏ်ကနေ လူဘယ်နှစ်ယောက်လောက် အသက်ရှင်ကျန်ရစ်မလဲဆိုတာ မသိဘူး..."

ထိုစကားကို ကြားသောအခါ ထန်ဝေ့က မြေပြင်ပေါ်မှ မတ်တတ်ထရပ်လိုက်ပြီး အင်္ကျီနှင့် ဘောင်းဘီပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်ကာ ပြောလိုက်လေ၏။

"ပြောရခက်တယ်... တခြားစခန်းတွေက ခေါင်းဆောင်တွေ ဒီအတွက် ကြိုတင်ပြင်ဆင်ထားဖို့ပဲ မျှော်လင့်ပါတယ်... မဟုတ်ရင် သူတို့ နောက်ထပ်အအေးလှိုင်းဒဏ်ကို ရှင်သန်ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး..."

ဗီလာထဲတွင် ကျီယန်က ကျူးလင်၏ အိပ်ခန်းဆီသို့ အပြေးအလွှားသွားကာ စိုးရိမ်တကြီးဖြင့် တံခါးကို ခေါက်လိုက်သည်။

ဒေါက်... ဒေါက်... ဒေါက်...

တံခါးခေါက်သံကို ကြားလိုက်ရသဖြင့် ကျူးလင်က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး တံခါးသွားဖွင့်လေ၏။ တံခါးဖွင့်လိုက်သည်နှင့် ကျီယန်က ဝင်လာခဲ့သည်။ သူက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မေးလိုက်သည်။

"ရှောင်လင်... လောင်ရှို့က မင်းနဲ့အတူ ရှိနေတာလား..."

ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး သံသယဖြစ်စွာဖြင့် မေးလိုက်လေ၏။

"သူ ငါနဲ့အတူ မရှိဘူး... သူ ဘယ်သွားလဲဆိုတာ နင် မသိဘူးလား..."

ကျီယန်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

"မနက်ကတည်းက သူ့ကို မတွေ့ရသေးဘူး..."

ကျူးလင်က သူ၏အမူအရာကို ကြည့်ကာ မေးလိုက်လေ၏။

"ဘာဖြစ်လို့လဲ..."

သူမ ဘာမှမသိသေးသည်ကို မြင်သောအခါ ကျီယန်က ရှင်းပြလိုက်သည်။

"ဒုတိယအကြိမ် အအေးလှိုင်း ဝင်လာပြီ... အခု စခန်းအပြင်ဘက်က အပူချိန်က အနုတ်ငါးဆယ့်သုံး ဒီဂရီစင်တီဂရိတ်ကို ရောက်နေပြီ... ငါ စိုးရိမ်တာက..."

သူ့စကားကို ကြားသောအခါ ကျူးလင်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် စကားဆိုလေ၏။

"ဖြစ်နိုင်တာက..."

ကျီယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"မင်း ခန့်မှန်းတာ မှန်တယ်... လောင်ရှို့ကို ငါ သွားရှာတော့ မနက်က လောင်ရှို့ စခန်းထဲက ထွက်သွားတာကို တွေ့လိုက်တဲ့သူရှိပြီး အခုထိ ပြန်မလာသေးဘူးလို့ ပြောကြတယ်... ငါက သူ ဒီမှာရှိနေမယ် မျှော်လင့်ထားတာ... ဒါပေမဲ့ သူ မရှိဘူး..."

ထိုစကားထွက်လာသည်နှင့် ကျူးလင်သည် သူမ၏ အိပ်ခန်းထဲမှ အပြေးအလွှား ထွက်သွားတော့၏။ သူမ၏ စိုးရိမ်တကြီးဖြစ်နေသော အမူအရာကို မြင်သောအခါ ကျီယန်က သူမနောက်သို့ အမြန်လိုက်သွားပြီး ပြောလိုက်သည်။

"ရှောင်လင် မဆင်မခြင် မလုပ်နဲ့..."

သူမက အနီရောင်ဝတ်ရုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်ပြီးနောက် စကားဆိုလေ၏။

'ထူထူ ငါ ရှို့ဝူကို သွားရှာမလို့... အခုလောလောဆယ် အပြင်ကို ထွက်မလာနဲ့ဦး...'

သူမ၏ ဝိညာဉ်နန်းတော်ထဲတွင် သလင်းကျောက်အမြုတေများကို ခွဲထုတ်ရန် အလုပ်များနေသော ထူထူက အံ့ဩတကြီးဖြင့် မေးလိုက်သည်။

'သခင်မ... ရှို့ဝူ တစ်ခုခုဖြစ်လို့လား...'

ကျူးလင်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် စကားဆိုလေ၏။

'သူ ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ...'

ထိုသို့ပြောပြီးနောက် ကျူးလင်သည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ဓားပျံတစ်လက်ကို ထုတ်ယူလိုက်တော့သည်။

All Chapters